Tuesday, March 15, 2011

လွမ်းလျှက်ပါ ...ဝေ

(image from wallcoo.net)
ဝေ.... မိုးတွေရွာနေပြီ နင်သိရဲ့လား မိုးရွာရင် ဘာကိုမှန်းမသိလွမ်းတယ်လို့ပြောတတ်တဲ့ ငါ့ကို နင်က အရူးကျနေတာပဲလို့ ပြောခဲ့ဖူးတာ မှတ်မိသေးလား ခုတော့ ငါ .နင့်ကို နင့်နင့်နဲနဲ လွမ်းနေမိတယ် ဝေ ရယ် ငါ့ကို နင် အရူးလို့ ထပ်ပြောနိုင်အုံးမလား ။ငယ်က ချစ်အနှစ်တရာတဲ့ အဲ့တာတော့နည်းနည်းပိုပြီး ငါ နင့်ကိုအငယ်တုန်းက သိပ်မချစ်ခဲ့ဘူးထင်တာပဲ ငါ့မုန့်တွေ လုလုစားတတ်တဲ့ စာအုပ်ငှားဖို့တွန့်တိုတတ်တဲ့ ငါ့အမေကို လာလာတိုင်တတ်တဲ့နင့် ကို ငါအရင်ကတော်တော်အမြင်ကတ်ခဲ့တာဟ ။ဒါပေမယ့် နင့်မှာစိတ်ကောင်းလေး ရှိတယ်ဆိုတာ ငါသိလိုက်တာက မိုးရေထဲ ရေဆော့တုန်းက ငါနေမကောင်းဖြစ်တဲ့အချိန် ငါ့အိမ်မှာ နင်စာတွေလာကူးပေးတုန်းကပေါ့ နင့်လက်ရေးဝိုင်းဝိုင်းလေးတွေက သိပ်လှတယ် ဝေ ... နင့်မျက်ဝန်းတွေလည်း လှနေတာပဲ ပြီးတော့ ပါးပေါ်က သနပ်ခါးလေးတွေ ၀ိုင်းနေအောင် လိမ်းထားတာပေါ့ နင့်ကိုစချင်တိုင်း ငါက နင့်ကို ဘဲကြားမလို့ ခေါ်ခဲ့တာလေးတွေ ပြန်စဉ်းစားမိတော့ ပိုလွမ်းမိတယ် ဝေ ။

ငါတို၈တန်းကျောင်းသားတွေဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက်ရှိန်သလိုလိုတွေဖြစ်သွားကြသေးတာလည်း မှတ်မိပါသေးတယ် တကယ်တော့ အဲ့တုန်းက ငါတို့လူကြီးမဖြစ်ကြသေးပါဘူး ငါတော့ နင်နဲ့ အရင်လိုရန်ဖြစ်ချင်တုန်း ငါ့စားမယ့် မုန့်လေးတွေကိုလည်း လုစားစရာမလိုပဲ နင့်အတွက် ၀ယ်ဝယ်လာပေးတဲ့ အချိန်တွေက လွမ်းမောစရာ။လူကြီးတွေပြောသလို နင်က အပျိုဖြစ်ပြီးဆိုတာတော့ဟုတ်မှာ နင့်နှုတ်ခမ်းလေးတွေက ဆေးရောင်မချယ်ပဲ သိပ်လှနေတယ် ဝေ ပြီးတော့ ကျစ်ဆံမြီးလေးကျစ်လို့ ဖဲကြိုးဝါလေးတွေနဲ့စီးထားတတ်တဲ့ နင့်ဆံပင်လေးတွေလည်း သိပ်လှနေတယ် ။ဟင်...နင် အပျိုဖြစ်ပြီဆိုရင် ငါလည်း လူပျိုဖြစ်ပြီပေါ့ ဝေ ရဲ့ ဒါပေမယ့် ငါဝက်ခြံမပေါက်သေးဘူးကော ငါ့အစ်ကိုကြီးပြောတာတော့ ၀က်ခြံပေါက်မှ လူပျိုဖြစ်တာတဲ့ အဲ့တုန်းက ငါ အရမ်းဝက်ခြံပေါက်ချင်ခဲ့တာ ဘာလို့မှန်းမသိပါဘူး နင့်ကို လိုက်မမှီမှာ နင်နဲ့ အလှမ်းဝေးသွားမှာတော့ ငါကြောက်တယ် အဲ့တာ ဘာလို့ခေါ်မလဲဝေ အချစ်တော့မဟုတ်သေးဘူးထင်တာပဲ ။

ငါတို့ ၁၀တန်းအောင်တော့ နင်က သိပ်လှနေပြီ ဝေ ငါ့သူငယ်ချင်းတစ်ချို့တောင် နင့်ကိုရိသဲ့သဲ့နဲ့ နင်နဲ့ငါ သူငယ်ချင်းမှန်းသိလို့ အောင်သွယ်ဖို့ ငါ့ကိုလာပြောတိုင်း ငါ့မှာ ဒေါပွရတာအမြဲ ငါဘာကြောင့်စိတ်ဆိုးမိတာလည်း ဆိုတာ ငါ့ကိုငါမသိတော့ပါဘူး အမှန်တော့ ငါနင့်ကိုတွန့်တိုနေတာ အငယ်လေးတုန်းကလို ငါနေမကောင်းဖြစ်ရင် နင်စာလာကူးပေးသလိုမျိုး အခွင့်ရေးလည်း ငါရချင်နေသေးတယ် ငါ အူတိုတာများဖြစ်နေမလား အူတိုရအောင် နင်နဲ့ငါ ချစ်သူတွေမှာမဟုတ်သေးတာပဲ နော်...ဝေ ။ ဒါဆိုရင် ငါနင့်ကိုချစ်သူ ဖြစ်ခွင့်ရချင်တာများလား ။နင်နဲ့ငါ တက္ကသိုလ် တက်တော့ ကျောင်းတွေကွဲသွားတယ် ဒါပေမယ့် ကျောင်းပိရက်တိုင်း မိန်းထဲကိုလာလို့ နင့်ကို အလွမ်းပြေ လာလာကြည့်မိတာလည်း ငါတစ်ယောက်တည်း တိတ်တခိုးဖြစ်နေမိပြီ ဝေ ရယ် နင့်ကို ငါ ချစ်နေမိပြီး နင် ...ငါ့ကိုဟားတိုက်ရယ်မောလေအုံးမလား မရယ်နဲ့ ဝေ နင် မရယ်လိုက်နဲ့ အချစ်ဆိုတာ ဟားတိုက်မရယ်ကောင်းဘူးတဲ့ ကဗျာတစ်ပုဒ်မှာ ဖတ်ဖူးလိုက်တယ် ။

နင့်ကို ငါ ချစ်တယ်ပြောတဲ့နေ့က တကယ်ဆို နင့်ကိုကြည်ကြည်နူးနူးလေးပြောသင့်တာနော် အဲ့အချိန်တွေ အခုနေ ပြန်ပြောင်းခွင့်ရှိရင် ငါ့ချစ်သူနင့်ကို တကယ်ကိုကြင်နာယုယမိမှာပါ ဝေ ။ နင့်အတန်းဖော်တွေနဲ့ ဘာအံဘက် ဘုရားဖူးထွက်သွားတဲ့ရက် ဖုန်းကလေးတစ်ချက်မဆက်ပဲ ငါ့ကိုမပြောသွားတဲ့နင့်ကို ငါအရမ်းစိတ်ဆိုးနေမိတာပေါ့ စကားတစ်ခွန်းမှမပြောပဲ မျက်နှာကြီးနီနေတဲ့ ငါ့ကို နင်က ဇဝေဇ၀ါနဲ့ကြည့်လို နင် သိနေတယ်မှတ်လား ဝေ ငါနင့်ကိုချစ်နေမိပြီဆိုတာ နင်က ငါ့ကိုစကားနာထိုးနေသေးတယ် “ နင်နဲ့ငါသူငယ်ချင်းပဲ ငါအဲ့လောက်ထိ နင့်ကိုအစီရင်ခံဖို့လိုလို့လား ” ပြောတုန်းက ငါ့ရင်ထဲ အောင့်လိုက်တာ ဝေ ရယ် ။ ဘာမပြော ညာမပြောနဲ့ နင့်လက်ဖ၀ါးလေးကို အငမ်းမရ ဆုပ်ကိုင်လို့ “ ငါနင့်ကို ချစ်နေတာမသိဘူးလား ဘဲကြားမရ အဲ့တာကြောင့် ငါ့ကိုမပြောပဲသွားတာ စိတ်ဆိုးတာပေါ့ ငါနင့်ကိုချစ်တယ် ဝေ ” ဒေါနဲ့ မောနဲ့ ငါ့အသံက တကယ်ပဲကြောက်စရာကောင်းနေမယ်ထင်တယ် ဒါပေမယ့် နင်ပြုံးနေတယ် ပြီးတော့ အရယ်တစ်ဝက်နဲ့ နင်ပြန်ပြောတာ ငါမှတ်မိသေးတယ် “ မိန်းခလေး တစ်ယောက်ကိုချစ်တယ်ပြောတာ ဒီလိုနည်းနဲ့ပြောရတယ်လို့ကွယ် တစ်ခြားမိန်းခလေးတစ်ယောက်ဆို နင်တော့မလွယ်ဘူး ငါမို့လို့ပေါ့” အဲ့လိုပြန်ပြောပြီး နင်ရယ်နေတုန်းက ငါပျော်လိုက်တဲ့ဖြစ်ချင်း ဒါဆို နင်နဲ့ငါ ချစ်သူတွေဖြစ်ပြီပေါ့နော် ငါတကယ် လူပျိုဖြစ်ပြီပေါ့ ဟားး...ဟုတ်သား ငါ ၀က်ခြံပေါက်ပြီပဲ မှတ်မှတ်ရရ အဲ့နေ့က နင့်လက်သည်းရှည်ရှည်တွေနဲ့ အနာခံပြီး ငါ့ဝက်ခြံတွေ ညှစ်ခိုင်းခဲ့သေးတာ နင် နဲ့ငါ ချစ်သူတွေဖြစ်ပြီဆိုတာ အိပ်မက်မဟုတ်မှန်း ငါ ယုံချင်လို့ပေါ့ မနုညံ့လိုက်တာ ဝေ ရယ် နင့်လက်သည်းတွေ တအားဆူးတာပဲ ။

ကျောင်းတစ်ပိုင်းတစနဲ့ ငါအလုပ်ထွက်လုပ်မယ်ဆိုတော့ လူကြီးလေးလိုဖြစ်နေတဲ့နင်က ရင့်ကျက်နေတဲ့ နင်က မျက်ရည်မကျပဲ ကြိုးစားဖို့ပြောခဲ့သေးတာ ။တကယ်ပါ ဝေ ငါ့ရဲ့ စွန့်စားခန်းအသစ်တွေထဲ နင်နဲ့ င်္နီးချင်တဲ့အကြောင်းတွေလည်းပါတယ်ဆိုတာ ငါ နင့်ကိုဖွင့်မပြောဖြစ်ခဲ့ဘူး ဒါပေမယ့် ဝေ ရယ် ငါ့မှာလည်းရည်ရွယ်ချက်တွေ ဇောက်ထိုး မိုးမျှော်ဖြစ်လို့ပေါ့ ငါအဆင်မပြေဘူးလို့ နင့်ကို ဘယ်လိုပြောရက်ပါ့မတုန်း ချစ်သူရယ် ။ နင့်သတင်းတွေ ငါကြားကြားနေတယ် ဝေ နင် ရွာမှာ ဆရာမပြန်လုပ်နေတယ်ဆိုတာရယ် စပ်ဟပ်တဲ့သူတွေများပြီး နင်သိပ်လှလာတဲ့အကြောင်းတွေပေါ့ ငါဝမ်းသာရမလား ဝေ နင် အခုထိ င့ါကိုချစ်နေတုန်းဆိုတာ ငါ့ကိုစောင့်နေပါလို့ မပြောခဲ့ပေမယ့် နင် င့ါကိုစောင့်နေစေချင်သေးတာတော့ ချစ်သူတစ်ယောက်ရဲ့ အခွင့်ရေးလို့ ငါတော့ထင်တယ် ။ ပြီးတော့ နင့်ကို အရမ်းလွမ်းတယ် ။

ဒီနေ့ နင်ရေးလိုက်တဲ့ လက်ရေးဝိုင်းဝိုင်းနဲ့ စာ ငါတစ်ယောက် မိုးတွေရွာရင်း နင့်ကို အရမ်းလွမ်းနေတုန်း နင်ပေးလိုက်တဲ့စာလေးဖတ်နေမိပြီး ။

“......

နင်အဆင်ပြေရဲ့လားဟင်.... ငါ နင့်ကိုလွမ်းနေတယ်ကွယ်
ချစ်တယ်လို့ပြောပြီး ခုချိန်ထိ ငါကလည်း ငါ့ချစ်သူပါလို့ ရင်ထဲကထင်မှတ်နေတုန်း ချစ်သူဆီက စာမလာ သတင်းမကြားရတဲ့ ချစ်သူမိန်းခလေးတစ်ယောက်လောက် ၀မ်းနည်းဖို့ကောင်းတာ ရှိနိုင်မယ်မထင်ဘူး ။နင်နဲ့ငါဝေးနေတဲ့ အချိန်တွေမှာ နင့်အသံကလေးကြားရတာ နင်ရေးတဲ့စာလေးတွေ ငါ့ဆီရောက်လာတဲ့အကြိမ်တွေကို လက်ချိုးရေတွက်လို့ရနေတာ နင်သိရဲ့လား မအားလို့ပါလို့ ဆင်ခြေတွေမပေးပါနဲ့ ချစ်သူတစ်ယောက်အတွက် နင့်အချိန်တွေထဲက နည်းနည်းလေးဖြစ်ဖြစ်တော့ ခွဲဝေပေးသင့်ပါတယ် တကယ်တော့ ငါက နင့်အတွက်အမြဲတမ်း ဒုတိယ ပါပဲ နင့်ရဲ့ ဦးစားပေး ပထမက နင့်မိသားစုလေ နင်သိပ်လွန်တယ် တစ်ခါတလေတော့ ကိုယ့်ချစ်သူ မိန်းမတစ်ယောက်ဟာလည်း သူချစ်တဲ့သူ နင်းတဲ့ စက်ဘီးကလေးကို နောက်ကလိုက်စီးလို ချစ်သူဆီက ကိုယ်နံ့သင်းသင်းလေးကို ရှူရှိုက်လို့ ချစ်သူရဲ့ကြင်နာစကားတွေကို နားထောင်လို့ ချစ်ခြင်းတွေ သီကုံးပန်ဆင်ချင်သေးတာပေါ့ ။ နင်သိပ်ကြိုက်တဲ့ ခရမ်းချဉ်သီးသုတ်တွေလည်း ငါ ခဏခဏ သုတ်စားဖြစ်တယ် နင်ကြိုက်တဲ့ မြေပဲစံများများ ပဲမှုန့်ပျစ်ပျစ်လေးဖြစ်အောင်သုတ်လို့ပေါ့ အဲ့တာနင်သိရဲ့လား ။ ခု မိုးနံ့လေးတွေသင်းတော့ အလွမ်းဓာတ်ခံရှိတဲ့နင် ငါ့ကိုကော လွမ်းနေသေးလား မလွမ်းလို့နေမှာပါ တကယ်သာ နင်လွမ်းတယ်ဆိုရင် ငါ့ဆီကိုတော့ တစ်ခေါက်လောက်ရောက်လာခဲ့အုံးမှာ အိမ်ရှေ့က ငုပင်ကြီးလည်း ၀ါနေအောင်ပွင့်နေပြီသိလား ကိုယ်တိုင်ခူးပြီး ပန်လို့ရပေမယ့် သိပ်ရူးတဲ့ ငါက ချစ်သူခူးပေးမယ့် ပန်းကိုမှ ပန်မယ်လို့ ဆုံးဖြတ်ထားတာကလည်း ရူးကြောင်ကြောင်အတွေးပါပဲ ငါ ပန်းမပန်ရတာကြာပြီ ဒီနွေနင် ပြန်လာအုံးမလားလို့ ငါမေးတုန်းက မပြန်လာဖြစ်ဘူးဆိုတဲ့ စကားကိုနင်က လွယ်လွယ်နဲ့ပြောလို့ထွက်ပေမယ့် ငါဝမ်းနည်းသွားရတဲ့ပုံကို နင့်ကိုမြင်စေချင်လိုက်တာ ဒါပေမယ့် နင့်အစား ဖုန်းဆိုင်က ၀၀ဦးလေးကြီးက ငါ့ကိုသနားတဲ့မျက်လုံးတွေနဲ့ကြည့်လို့ ငါ မျက်ရည်ကျမိသွားတယ်ထင်တယ် ။ငါ စာဆက်ရေးလို့မရတော့ဘူးကွယ် နင့်ကိုလွမ်းနေတယ် ပြီးတော့ ချစ်နေလျှက်ပါပဲ ငါအရင်လောက် မရင့်ကျက်တော့ပဲ ခု ခဏခဏ မျက်ရည်လွယ်မိနေပြီး အဲ့တာအချစ် ဆိုတဲ့ အိပ်မက်လှလှတစ်ခုကို ညတိုင်းထုတ်ထုတ်မက်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ညဉ်ဆိုးတစ်ခုကြောင့်ပေါ့ နင်ချစ်နေသေးတယ်လို့ထင်နေသေးတဲ့ နင့်ကိုချစ်နေသေးတဲ့ ....

တစ်ချိန်က ဘဲကြားမ

14/3/2011
ဆရာမ သင်းသင်းဝေ ”


နင့်စာကိုဖတ်လို့ ငါတစ်ယောက် ဆောက်တည်ရာမရဖြစ်နေမိပြီ ဝေ ။တို့တွေရဲ့ အချစ်ဆိုတာ နေလောင်ခံပန်းတစ်ပွင့်နဲ့တူပါတယ် အခြေနေဆိုတဲ့ နေမင်းကြီးက တို့အချစ်တွေကို လောင်ကျွမ်းနေလိုက်ပုံများ ငါ့ရင်ထဲ ပူလောင်လိုက်တာ ဝေ ရယ် ။.ငါလည်း နင့်ကို လွမ်းလျှက်ပါ ဝေ ။ တကယ်ကို လွမ်းလျှက်ပါ ။

17 comments:

မိုးယံ said...

သူများတွေက အိမ်ခြေ ယာခြေမဲ့ပြီး အတိဒွတ်ခရောက်နေတာကို သူက လွမ်းကောင်းနေတယ်..


ကမ္ဘာစစ်ကြီးဖြစ်တာ ငါ့ခြေသည်းခွံလန်တာလောက်အရေးမကြီးဘူးဆိုတဲ့ မောင်မျိုး..နင့်အလွမ်းတွေ ခံစားသွားတယ်..

အံမယ် ဂျပန်က လူတွေအတွက် ငါဘာလုပ်ပေးလဲ မမေးနဲ့ (ဘာမှလုပ်မပေးဘူး)
ဟီးဟီး

ဆွေလေးမွန် said...

လွမ်းတဲ့ အချစ်တွေကို ..ဖတ်ပြီးသွားတော့..
မျှော်နေတဲ့ ချစ်သူရှိတာပဲ ပြန်လိုက်ပါလားဟယ်...

ဒါဆို လွမ်းစရာမလိုတော့ဘူးပေါ့။

ဖတ်ရတာ နှစ်သက်မိတယ်။

Anonymous said...

ခံစားချက်တွေ လား ...
အမှန်တွေ လား ...
ဘာတွေလဲတော့ သိဘူး ..
ရေးထားတာတော့
တကယ် ကြွေတယ် ...:D

စာလုံးတွေ
သေးပြီး စိတ်တယ် ထင်ဘူးလား ..
မျက်လုံးအာရုံအရမ်း
စိုက်ပြီး ဖတ်ရတယ် ..း((

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

အကိုရေ...
အလွမ်းတွေကိုကူလွမ်းသွားတယ်နော်။
အလွမ်းခံရှိသူတွေအဖို့ အရမ်းလွမ်းလို့ကောင်းတယ်နော်အကို:P:P:P
အားပေးသွားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

မေသိမ့်သိမ့်ကျော် said...

တစ်ချိန်က ဘဲကြားမ....... အဲဒါကို တော်တော် သဘောကျတယ်။ သူများတွေလွမ်းတာကျတော့ တော်တော်ဖတ်လို့ကောင်းတာ။ ဒါပေါ့ စာအရေးအသားလေးက ဆွဲဆောင်မှုရှိတာကိုး။း)


ခင်မင်လေးစားလျက်

တင့်ထူးရွှေ said...

ရည်းစားဖြစ်တဲ့နေ့မှာ ဝက်ခြံညှစ်ခိုင်းရတယ်လို့ ငါ့ညီရဲ့ မပါမဖြစ် အလွဲ၊ ဘဲကြားမလေးက စောင့်မျှော်နေသေးတယ် ကိုယ့်ညီ ...။

...အလင်းစက်များ said...

ချစ်သူဆီကကိုယ်နံ့ သင်းသင်းလေးတော့ မသိဘူး ကိုမောင်မျိုးရေ.... ဆိုင်ကယ်နောက်က လိုက်စီးခဲ့ဖူးသူတစ်ယောက်ကတော့ “ချွေးနံ့ နံတယ်.. ရေမချိုးခဲ့ဖူးလား... အိပ်မှုန်စော်ဝါးနဲ့  ... နောက်နေ့  ရေမချိုးလာရင် နောက်ကမလိုက်ဘူးတဲ့...” လို့ ပြောပြီး သူပဲ ဆိုင်ကယ်မောင်းတယ်...။

အဲ့နေ့ ကစပြီး ကျနော် ဘယ်တော့မှ ရေချိုးပြီးမသွားတော့ဘူး အဟီး။

ချစ်သူတိုင်းညားကြပါစေ။

ညီလင်းသစ် said...

တကယ်ကို လွမ်းနေခဲ့ပုံပါပဲ..၊ မဟုတ်ရင်တော့ စာထဲ တော်တော်စိတ်နှစ်ပြီး ရေးတာပဲလို့ ပြောရမှာပဲ ညီရေ..၊ ဘဲကြားမ ဆိုတဲ့ အသုံးလေး ကြိုက်တယ်၊ ကျေးလက် ဆန်တယ်၊ ရင်နှီးကျွမ်းဝင် လှတယ်၊ ဒဲ့တိုး ကျတယ်၊ ပကာသန မဖက်ဘူး...။

ကိုထွဋ် said...

အတူလွမ်းသွားတယ်ဗျာ...

Yadanar Soe said...

ရတနာ့မှာလည်း မိုးရွာရင် ဘာမှန်းမသိလွမ်းတတ်တဲ့ အကျင့်လေးရှိတယ်။

ဝေတစ်ယောက် စာကိုမျှော်နေရတဲ့အဖြစ်မျိုး မဖြစ်စေနဲ့ပေါ့ အစ်ကိုရယ်။

ဖတ်ရတာ အရမ်းကောင်းတယ်။ စာသွက်သွက်လေး။

Su Myat Htar said...

ပုံရိပ်လေးတွေကို တစ်ဖျတ်ဖျတ်မြင်လာမိတယ်။ ဖတ်လို့ကောင်းလိုက်တာ။ ရင်တွင်းခံစားချက်တွေမို့ ထင်ပါရဲ့

Aye Chan Phyu said...

မိုးရွာရင် လွမ်းတတ်တာ .....နှလုံးသား ရှိ တဲ့ သူတိုင်း နဲ့တူ တယ် ......

Than Lae said...

အလွမ်းတွေနဲ့  ဝေ,,,,လို့ ပါလား မောင်မျိုး။ အင်း ဖတ်ရင်းနဲ့  နှစ်ယောက်လုံးအတွက် ရင်မောရပါလားနော်,,,,,

Thiha Bala said...

ကောင်းတယ်ဗျာ။ မျိုးကြီးရဲ့ မိုးသီချင်းနားထောင်နေတုန်း ဒီစာလေးဖတ်လိုက်ရတာ။ ကွက်တိကို ဟတ်ထိသွားတယ်။ ဝေ သနားပါတယ် နွေမှာပြန်ပြီး ပန်းခူးပေးလိုက်နော်။ အဟီး :D

Anonymous said...

လွမ်းတယ်ဗျာ...
ဘာကိုလွမ်းမှန်းမသိတော့ဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးအုံ့လို့ နေရထိုင်ရခက်နေတာ
သူ့စာဖတ်မှ လွမ်းရကောင်းမှန်းသိတော့တယ်
ကဲ.. ဒီတော့ ထိုင်လွမ်းတာ ကောင်းပါတယ်.
ဟမ်.. ဘာကိုလွမ်းရမှာပါလိမ့်.. သူများတွေက လွမ်းစရာဘဲကြားမ ရှိတယ်.. ကိုယ်တွေမှာ ဘဲကြားထီးမရှိတော့ ခက်း(း(

Anonymous said...

kd shoes
bape hoodie
supreme outlet
off white
travis scott jordan
off white clothing
palm angels
golden goose sneakers
air jordan
air jordan

LinkWithin

Related Posts Plugin for WordPress, Blogger...