ဟိုးရှေးရှေးတုန်းက...... နှာခေါင်းချွှန်ချွှန် ဆံပင်ပါးပါး လိမ်ကောက်ကောက်လေးတွေ အသားကဖြူဖြူ အရပ်ကပုပု ခြေလက်လေးတွေကားကား နဲ့ ကောင်ကလေးတစ်ယောက် သူ့နာမည်က အောင်ဆန်း ။ အသားညိုညို မျက်လုံး မျက်ခုံးကောင်းကောင်း ပိန်ပိန်ပါးပါးနဲ့ ဆံပင်ရှည်ကြီးတွေ ဘီးစဘတ် ပတ်ထားတတ်တဲံ့ ပြုံး ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇတ်လမ်း ။ ကောင်ကလေးက အိမ်ထဲက အိမ်ပြင်မထွက်ရပဲ တစ်နေကုန် အလုပ်များနေတတ်တဲ့ ကောင်မလေး အိမ်မှာ သူ့အလုပ်ချိန်တွေပြီးတာနဲ့ တော်ရမယ့် ယောက်ဖကိုအကြောင်းပြပြီင်္း အလုပ်တွေ သွားဝိုင်းကူတတ်တယ် ။ပြီးတော့ ကောင်မလေးကို လျှိုးတာပေါ့ စကားနည်းတဲ့ သူက ဒါမျိုးကျတော့သွက်ပါ့ အဲ့ကောင်ကလေးက ကောင်မလေးကို ခိုးပြေးတဲ့နေ့ သူတစ်မိုးတွင်းလုံး စာရင်းငှားလိုက်ထားရတဲ့ပိုက်ဆံလေး ၃၅၀ ပဲ ပါတယ်တဲ့ ။ သူ့အချစ်တွေကိုတော့ သန်မာတဲ့ ခွန်အား ကျယ်ပြန့်တဲ့ ကျောပြင်ကြီးတွေနဲ့ အချစ်သက်သေပြမယ်ဆိုတာ ချစ်သူကလေးကလည်း အကြွင်းမယ့်ယုံကြည်ခဲ့ပါတယ်တဲ့ ။
ဒါကတော့ စိတ်လိုလက်ရ ရှိတဲ့အခါကျ အတင်းဂျီကျပြီး အဘနဲ့ အမေ့ အကြောင်းအတင်းမေးတဲ့ အခါကျပြောပြတဲ့ အချစ်ဇတ်လမ်းရိုးရိုးလေးတစ်ပုဒ်ပါ ။ အမေ နဲ့ အဘက တစ်ရွာသားချင်းပေမယ့် အဘက အမေ့ကိုတော်တော်ချစ်တာပါ စကားက နည်းတယ် ယောက်ဖတွေ အနိုင်ကျင့်လည်းခံတာပဲ ခယ်မတွေဆိုးလည်း ညှာတာပဲ ။ အမေက အိုးတွေ ပန်ကန်လေးတွေကို စုသိမ်းထားရတာ ပျော်တတ်တဲ့ ၀ါသနာပါ ပြီးတော့ အိမ်ရှေ့ကမှန်ဘီရိုးလေးထဲ ထည့်ထားတတ်ပါတယ် ရွာကလူတွေကတော့ အမေ့ရဲ့ အဲ့ဘီရိုလေးကို အရမ်းသဘောကျ ကြတာ အဲ့တော့ အမေတစ်ယောက် ၀မ်းသာပီတိဂွမ်းဆီထိပေါ့ ။ အဘက မူးရင်တော့ သွေးဆိုးတတ်ပါတယ် မူးလေလေ ပိုဂရုစိုက်ခံချင်လေလေ အနားမှာ ချစ်ဇနီးရှိနေမှ ထမင်းစားရင်လည်း ထမင်းတစ်လုတ်စားဖို့အရေး အဘရစ်သမျှကို အမေ့ခများ တော်တော် သည်းခံရတာ သည်းမခံနိုင်တဲ့နေ့ဆိုရင်တော့ အဘ ဆိုးချက်ပြောပါတယ် ပေါက်စိန်ကြီးကို ကိုင်ပြီး “ ငါ့ကိုချစ်လား ဒီပန်းကန်တွေကို ချစ်လား ” မဆိုင်တာတွေမေးတော့ အမေက ရွဲ့ပြီး ပန်းကန်ကို ချစ်တယ်ဖြေတော့ အဘက ပန်းကန်တွေကို တစ်ချပ်ချင်း “ ချစ်အုံးကွာ ချစ်အုံးကွာ ” ဆိုပြီး တစ်ချပ်ချင်း စိမ်ပြေတပြေထိုင်လို့ ပေါက်ဆိန်ကြီးနဲ့ ပေါက်ခွဲတတ်ပါတယ် ။
အဘ မူရင် အမေက ကြောက်ချင်ယောင်ဆောင်ထားပါတယ် ( စိတ်ထဲမှာတော့ ဒင်း အမူးမြန်မြန်ပြေစမ်းပါပေါ့ ) အမေပြောတာလည်းဟုတ်သား “ ဟဲ့....နင့်အဘမူးရင် ဘာမှသိတော့တာမဟုတ်ဘူး အဲ့အချိန် အမေက အပြိုင်ရန်ဖြစ်နေကြည့်ပါလား ပေါက်ဆိန်မင်းသားက ပန်းကန်ကိုမခွဲပဲ အမေ့ကို ဆော်ထည့်လိုက်မှာပေါ့ ” တဲ့ တော်လိုက်တဲ့အမေ ။ ညပိုင်းး အဘခွဲထားတဲ့ ပန်းကန်ကွဲစတွေကို အမေက မသိမ်းပါဘူး မနက်မိုးလင်းသက်သေအဖြစ်နဲ့ ထားထားပါတယ် ။ အဘ အိပ်ယာထရင် ညက မူုးထားတဲ့ အရှိန်ကပြေပြီး ကွက်တိ အကယ်ဒမီမင်းသမီး ကျနော့်အမေ ကတော့ “ အမလေးလေး ကုန်ပါပြီးတော် ငါ့မှာတော့ မစားရက်မသောက်ရက် ၀ယ်ထားရတဲ့ပန်းကန်လေးတွေ ဒါ ငါတန်ဖိုးထားမှန်းသိလို့ တမင်လုပ်တာ အမလေး အမေရဲ့ မပေါင်းဘူး ငါတော့ ဒင်းဒဏ်တွေခံရတာများပြီး မနေနိုင်တော့ဘူး ခလေးတွေ နင်တို့တော့ နင်တို့ဘနဲ့သာ နေခဲ့ကြတော့ ငါတော့ ဒီဝဋ်တွေမခံနိုင်တော့ဘူး သားငယ် ... လာ နင့်အဖွားအိမ်ပြန်မယ် အ၀တ်စားတွေသွားထုတ် ” အဲ့တာက အမေ့ရဲ့ အကယ်ဒမီရှော့ပါ အဲ့တုန်းက ကျနော်ကတော့ လွယ်အိတ်လေးထဲ အ၀တ်စားလေးတွေထည့် မျက်ရည်လေး စမ်းတမ်းတမ်းနဲ့ ခုမှ ပြန်စဉ်းစားတာ အမေ ဘယ်တော့မှ အိမ်က ဆင်းမှာမဟုတ်ပါဘူး ။
အမေ့ငိုသံကြားရင် အဘကတော့ မနေတတ်တော့ပါဘူး “ အဖွားကြီးရယ် ညက ငါ မူးသွားလို့ပါ မနေ့ညနေက ထမင်းစားကောင်းလေးဆိုပြီး ချထည့်လိုက်တာ များသွားတယ်ထင်တယ် ဟေ...ဘီရိုထဲက ပန်းကန်တွေ အကုန်ပဲလား အေးပါကွာ ငါပြန်ဝယ်ပေးမယ် တိတ်တိတ် သားငယ် နင့်မေ အ၀တ်စားတွေသွားပြန်သိမ်းလိုက် ခဏနေ ပြန်လိုက်ဝယ်ပေးမယ် တိတ်တော့ဆို ” အမေက အတိုးနဲ့ ပန်းကန်တွေ ၀ယ်ခဲ့အုံးမယ်ဆိုတာသိပါတယ် ။ “ဘယ်မှာတုန်း ပိုက်ဆံက မနေ့က အရက်သောက်ခဲ့လို့ ကုန်ပြီမှတ်လား” ၊ “မကုန်ပါဘူးဟ မနေ့က လှည်းတိုက်ခ ဒီမှာရှိသေးတယ် ” ပြီးတော့ အဘ လုံချည်လိပ်လေးထဲက ပိုက်ဆံကျစ်ကျစ်လေးတွေထွက်လာပါတယ် တကယ်ပါ ကျနော့်တစ်သက်မှာ အဘက ပိုက်ဆံကျပျောက်တယ်ဆိုတာ ကြားကိုမကြားဖူးတာ ပင်ပန်းပြီးမှ ရတဲ့ငွေဆိုတော့ တန်ဖိုးထားတာပါ အဘ ဘယ်လောက်မူးမူုး အဘလုံချည်လိပ်လေးထဲမှာ ခါချရင်တောင်မကျမယ့် ပိုက်ဆံလိပ်လေးတွေရှိနေတတ်တယ်။ ပန်းကန်လှလှလေးတွေပြန်ဝယ်ရတော့မှာမို့ အမေကလည်းစိတ်ပြေ အဘကမူးတိုင်း ပန်းကန်တွေခွဲလို့ အမေက ငိုပြ ပန်းကန်တွေပြန်ဝယ်ခိုင်းတာ ကျနော် ၈ တန်းကျောင်းသားလောက်ထိပါပဲ နောက်ပိုင်းတော့ အဘ အရက်ပြတ်ပြီး ။
အသက်ကလေး ရတော့ အဘ က အမေ့ကိုပိုပြီးတွယ်တာတယ် အမေကတော့ အဘအစားမြေးတွေကိုပိုအချစ်ပိုခဲ့တယ် ။ အဘ က ဘာလေးစားစား နင့်မေ အတွက်သိမ်းထားအုံးလို့ပြောတတ်ပါတယ် တစ်ခါခါကျ ကျနော်တို့ကိုတောင် မကျွေးပဲ အမေ့အတွက် ဖွက်ထားတာမျိုးလေးတွေလည်းရှိပါတယ် ။ အဘနေမကောင်းရင် မြို့ကအစ်မ အိမ်ကိုခေါ် အဟာရရှိတာလေးတွေ ချက်ကျွေး ဆေးခန်းပို့ အဘက နလန်လေးထတာနဲ့ ရွာပြန်မယ်ပဲပြောတော့တာပဲ တစ်ရက်လောက်လေးထပ်နေပါအုံးဆိုရင်တောင်မရတော့ပါဘူး “ နင့်မေ ...တစ်ယောက်တည်း နွားတွေလည်းရှိသေးတယ် သူ့မြေးတွေနဲ့ အလုပ်တွေများနေတော့မှာ အဘပြန်မယ် ” လို့ပြောတတ်ပါတယ် အစ်မက စိတ်ဆိုးပြပြီး မပြန်ဖို့ပြောတဲ့အခါကျ အဘတစ်ယောက် လမ်းလျှောက်သလိုလိုနဲ့ ဘယ်သူ့မှမပြောပဲ ရွာကိုတိတ်တိတ်လေး ပြန်သွားတတ်ပါတယ် အဲ့တည်းက ကျနော်တို့ မောင်နှမတွေ သိလိုက်တာ အဘ က အမေမရှိပဲ မနေတတ်ဘူးဆိုတာ အမေစိတ်ညစ်လို့ မြို့မှာ ၂ ရက်လောက်လာနေရင်လည်း အဘက လာလိုက်ခေါ်ပါတယ် “ အိမ်က နွားမကြီး ဗိုက်နာနေပြီး ငါတစ်ယောက်တည်းမလုပ်တတ်ဘူး အဲ့တာပြန်လိုက်ခဲ့အုံး ” အမေက စိတ်ပူပြီး ပြန်လိုက်သွားရင်တော့ နွားမကြီးလည်း ဗိုက်နာတာမဟုတ်ပါ အဘက အမေ့ကို ညာခေါ်တာပေါ့ ။
ဒီမှာ ညီအစ်ကိုတွေ ဖုန်းပြောဖြစ်တိုင်း အခန်းခလည်း ဘယ်လောက်မှ မရှိ အစားသောက်လည်းပေါတော့ အခန်းလေးတစ်ခန်းငှားပြီး အမေ နဲ့ အဘကို ခေါ်နေဖို့တိုင်ပင်ဖြစ်ကြတယ် ။ အမေ နဲ့ ဖုန်းပြောတော့ “ အမေ ရွာမှာပဲ နေမယ် ငါ့မြေးတွေနဲ့လည်းမခွဲနိုင်ဘူး နင်တို့ဘကိုသာခေါ်နေ ” အဲ့လိုပြောပြီး အဘကိုဖုန်းပေးလိုက်ကော အမေသိပါတယ် သက်သက် စတာ အဘသွားမှာမဟုတ်တာ အမေကပိုသိတာပေါ့ ကိုယ်လည်းသိပေမယ့် ပြောကြည့်သေးတယ် “ အဘ အမေ မနေလည်း သားဆီမှာ တစ်လလောက်လာနေပါလား ” အဘ ပြန်ပြောတာက တိုတိုလေး “ နင့် မေ နဲ့ပဲ အဘနေမယ် မင်းတို့ကလည်း ခုချိန်ထိကို မသိသေးတာလား ငါ့မိန်းမကို တစ်ယောက်တည်း ထားပြီး ငါက ဘယ်ကိုသွားမှမသွားဘူးဆိုတာ ” အော်.... သူတို့ချစ်ခြင်း ခိုင်မြဲနေတာကို ကိုယ်လည်း လူကြမ်းကြီးမလုပ်ချင်တော့ အတင်းမခေါ်ဖြစ်တော့ပါဘူး ဒါပေမယ့် အတိုင်းမသိကြည်နူးမိပါတယ် အဘ နဲ့ အမေ့ ရဲ့ ချစ်ခြင်းတွေ ထာဝရ ခိုင်မြဲနေမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်မိပါတယ် ။

13 comments:
အာ:ကျနေတာမျာ:လာ:
ဖတ်ရတာ ကြည်နူးစရာလေး ...
အဆင်တန်ဆာ ပကာသန ဘာတခုမှမပါတဲ့ ရိုးရှင်းတဲ့ မေတ္တာဘွဲ့ စာလေးတပုဒ်ပါပဲ ... ။
"ငါ့မိန်းမကို တစ်ယောက်တည်း ထားပြီး ငါက ဘယ်ကိုသွားမှမသွားဘူးဆိုတာ ”
မောင်မျိုးအဘ ပြောတဲ့ စကားလေးကိုလဲ သဘောကျလွန်းလို့ ... ။
အင်း ကြည်နူးစရာလေးနော်။
ဖတ်ခွင့် ရလို့ ကျေးဇူးပါနော် အကို။
ကောင်းသောနေ့လေး ဖြစ်ပါစေ။
တကယ်ကို ချစ်စရာကောင်းတဲ့ မေတ္တာဖွဲ့လေးပါပဲဗျာ..၊ ငယ်စဉ်တုန်းက တစ်ယောက်အပေါ်တစ်ယောက် ဆိုးခဲ့၊ သည်းခံခဲ့တာတွေ ရှိနိုင်ပေမယ့် ကြီးလာတော့ ဆေးပေးမီးယူ တကယ်ပဲ သံယောဇဉ်တွေ ခိုင်မြဲသွား တော့တယ်၊ အဘပြောတာလေး သဘောကျတယ်၊ 'မင်းတို့ကလည်း ခုချိန်ထိကို မသိသေးတာလား' တဲ့..။း)
ဒီပိုစ့်လေးဖတ်ပြီး ရင်ထဲမှာ တစ်မျိုးပဲ။ မောင်မျိုးအဘနဲ့ အမေကို မြင်ယောင်ပြီး ကြည်နူးဖို့ ကောင်းသလို စိတ်ချမ်းသာဖို့ လည်းကောင်းတယ်။" ငါ့မိန်းမကို တစ်ယောက်တည်း ထားပြီး ငါက ဘယ်ကိုသွားမှမသွားဘူးဆိုတာ" ဘာကြောင့်မှန်းမသိ မျက်ရည်တောင်လည်မိတယ်,,,,
ဒါ ပညာပေးနေတာ...... ဟဲဟဲ။ ယူထားဦးမှ ဒီပညာမျိုးတွေ။ ကြည်နူးဖို့ကောင်းသကွယ်.....။
ခင်မင်လေးစားလျက်
ရိုမက်တစ်ပဲ ..း))
ပျော်စရာကောင်းလိုက်တာ .. တပြုံးပြုံးနဲ့ ဖတ်သွားတယ် ..း)
ကြည်နူးစိတ်နဲ့ ပြုံးမိသလို
မျက်ရည်လေးတောင်ဝဲမိသေး
ဒီလောက်ချစ်တတ်ကြတာ အားကျလေးစားမိပါတယ်..
မောင်မျိုးလဲ အဘထက်သာမဲ့ သားဖြစ်မယ် ထင်ရဲ့ :)
ကြည်နူးစွာ ဖတ်သွားပါတယ်...
မောင်မျိုး.....အဘကို နမူနာယူပါ။ ဒါပဲ....:)
တို့မျိုးမျိုးက ဘမျိုးဘိုးတူပါ
ချစ်အုံးကွာ ချစ်အုံးကွာ..ဆိုတာထက်
သာမှာ သေချာတယ်..။
(ကြည်နူးစရာ မောင်နှံလေးပါဗျာ)
အဘတို့ချစ်ခြင်းကတော့ တကယ့်ကို စံနမူစရာထားစရာ
လေးစားစရာပဲနော်..၊ကြည်နူးစရာလေး...။
ကဲ မျိုးမျိုးရေ....အမျိုးဂုဏ်ကိုမဖျက်ဘူးဟုတ်....:)))
အဘွားကြီးမင်းက အဘိုးကြီးငါ့ကို မောင်တွေဘာတွေ ခေါ်ပါဦး ဆိုတာမျိုး နေမှာ။ :)
Post a Comment