ကျနော့်ဘ၀ အငယ်လေးထဲက ရင်ခွင်စစ်တွေ စွန့်ပစ်ခံခဲ့ရတယ် ။ အမေ က အဖေ့ ကိုမုန်းတယ်။ အဖေက အမေ့ ကိုလည်းချစ်တယ် ပြီးတော့ မကုန်ခမ်းနိုင်တဲ့ သူ့အချစ်တွေက တစ်ခြားအမျိုးသမီးအများကြီးကို အချစ်တွေ ဝေမျှနိုင်လွန်းတယ်ဆိုတဲ့ အမေ့ရဲ့ ခံယူချက်တွေကြားမှာ ကျနော် မြေစာပင်ပေါ့။ လူသားနှစ်ယောက်ကြောင့် လောကကြီးထဲ ရောက်ရှိလာတဲ့ နောက်ထပ်လူသားလေး ကျနော့်ကို ဘာကြောင့် မေ့သွားကြ ( မေ့ဟန်ဆောင်တာလည်းဖြစ်နိုင်တယ် ) တာလည်း ဆိုတာ ကျနော့်လို ဦးနှောက်သေးသေးလေးနဲ့ မစဉ်းစားတက်ဘူး။ တစ်နေ့ တော့ ကျနော့် ခြေတောက်ပေါ်ကျနော်ရပ်တည်နိုင်တဲ့တစ်နေ့ နာကျည်မှုတွေမပါ စော်ကားမှုတွေလည်းမ ဟုတ်တဲ့ နှစ်ပေါင်းများစွာ သိချင်လွန်းတဲ့အဖြေကို မေးဖြစ်အောင်မေးမှာပါ ။
အဖွားပြောပြောနေကျ ပုံပြင်တစ်ပုဒ်အလား ကျနော့်ငယ်ဘ၀က စိတ်ဝင်းစားစရာတွေ ပြည့်နေခဲ့တယ် ။ အဖွားသိပ်ချစ်တဲ့ ကျနော့် အဖေကြောင့်သာ အဖေ့ရဲ့ ကိုယ်ပွားလေးတစ်ခုမို့ အဖွားက ခေါ်ယူစောင့်ရှောက်ပေးခဲ့ ။အဖွားကြောင့်သာမဟုတ်ရင် သူစိမ်းတွေလက်ထဲမှာများ ဒါမှမဟုတ် အသက်ဆက်ရှင်နေနိုင်ပါ့မလားဆိုတာ မတွေးချင်လောက်အောင်ပါပဲ ။ အိမ်မှာ ချိတ်ထားတဲ့ အဖေ့ ဓာတ်ပုံထဲမှာ ကျနော့်နဲ့မတူခြားနာစွာနဲ့ လူချောတစ်ယောက်ပဲ ကျနော်ကတော့ လောကထဲကို ရုပ်ဆိုးလေးတစ်ယောက်အဖြစ်နဲ့ရောက်လာခဲ့တာပါ သူ့ဆီက အမွေတစ်ခုမှ မရခဲ့တာ ကံဆိုးမှု တစ်ခုလား ကံကောင်းမှုတစ်ခုလားဆိုတာကိုတော့ ကျနော် ဘယ်တော့မှ အဖြေထုတ်မှာမဟုတ်ပါဘူး ။ကျနော် ၃ နှစ်သား မှာ အဖေ နဲ့ အမေက ထာဝရ ပြတ်စဲတာလား သူတို့ရဲ့ မာနတွေကိုပဲ မစွန့်လွှတ်နိုင်တာလား ဒါမှမဟုတ် သူတို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အချစ်ဆိုတဲ့ အရာတစ်ခုကို မျက်ကွယ်ပြုထားတာလား ရင်သွေး ကျနော့်ကိုပဲ ရှိတယ်လို့မထင်ကြတာလားတော့မသိ သူတို့တွေကျနော်နဲ့ ဟိုးး အဝေးကြီးမှာ တစ်ယောက်တစ်နေရာစီ ခုချိန်ထိ အဖေ နဲ့ အမေ့ရင်ခွင့်ကြားမှာ မအိပ်စက်ခဲ့ရတာ မှတ်မိစအရွယ်ထဲကပါပဲ ။
ဦးငယ်ကတော့ တစ်ခါခါ ကျနော့်ကိုပြောတယ် “မင်း အဖေက မိန်းမကျမ်းပြုစုနေတာ သေမှပဲ အဲ့ကျမ်းကပြီးမယ်ထင်တယ် ” တဲ့ ဘာလဲ ဆိုတာ နားမလည်ပေမယ့် ကြားပါများနေတဲ့ ကျနော့်နားကတော့ အဖေ့အကြောင်းတွေ အလွတ်ရနေပြီး အခု ဘယ်မှာ ဘယ်က မိန်းမ နဲ့ သိပ်မကြာသေးလိုက်ဘူး နောက်တစ်ယောက်နဲ့ ဆိုတာတွေ အဖွားရှေ့မှာသာ မပြောရဲကြတယ် အဒေါ် နဲ့ ဦးငယ်ကတော့ စိတ်ညစ်ဒေါသ ဖြစ်နေရတာ အကြိမ်ကြိမ်ပါပဲ ။ တစ်ခါခါ တမ်းတမ်းတတ နဲ့ကို မျှော်လင့်မိတာပေါ့ အဖေ့ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုတွေ အောက်မှာ အမေ့ရဲ့ ဂရုဏာ ဆုံးမသံတွေကြားမှာ။ ဒါတွေ တစ်ခုမှ မရခဲ့တာ ကျနော့်ရဲ့ ကံဆိုးမှုတစ်ခုပါပဲ ။ ကျောင်းမှာ စာစီစာကုံး “ တို့ဖေဖေ” ၊ “ တို့မေမေ” အကြောင်း ရေးခိုင်းတဲ့နေ့တွေဆို ဟော့ဒီအရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာတွေက နာကျည်လာလိုက်တာ အဖေ့ ကိုလား အမေ့ ကိုလား မသိဘူး ။ ဟုတ်ကဲ့...ကျနော်က ဆိုးပါတယ် အဖေ နဲ့ပက်သက်တဲ့ ခံစားချက်တွေတိုင်းအတွက် အထိမခံနိုင်တာ ၊ မင်း အဖေ က ဘာဆိုတဲ့ အသုံးတွေကြားမိရင် ဖြစ်လာတဲ့ ဒေါသတွေကို မထိန်းချုပ်တက်လို့ဆိုးတဲ့ ကျောင်းသားအဖြစ် နာမည်တပ်ခံခဲ့ရတယ် ။
ကျနော်ရှင်ပြုတော့ အဖေက မရောက်လာခဲ့သလို အဝေးက အမေကလည်း ဆံချတဲ့နေ့မှ ရောက်လာခဲ့တယ် ကိုရင်လေး သင်္ကန်စီးတော့ အဖွားက ကျနော့်ကို သနားလွန်းလို့တဲ့ မျက်ရည်တွေက ဖြိုးဖြိုးဖြိုက်ဖြိုက် ။ ကျနော်က သနားစရာကောင်းနေလားဗျာ သေချာတော့မသိပေမယ့် ရှင်လောင်းလေးတွေ ဓာတ်ပုံရိုက်ကြတော့ အဖေဖြစ်သူက သပိတ်ကိုကိုင် အမေဖြစ်သူက အပြုံးမျက်နှာနဲ့ သင်္ကန်ကို ကိုင်လို့ ဓာတ်ပုံတွေရိုက်နေလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။ ကျနော့် အမေကကော အနေဝေးခဲ့လို့ အနေစိမ်းခဲ့ပေမယ့် ကျနော့် အမေ့ကို မမုန်းပါဘူး ။ အမေ့ မျက်နှာပေါ်မှာတော့ အမည်ဖော်ရခက်တဲ့မျက်ဝန်းတစ်စုံ ကျနော်ကိုကြည့်ပြီး ရီဝေလာတဲ့ မျက်လုံးတွေကို ပုတ်ခတ်နေတာ မျက်ရည်တွေကို အဝေးမောင်းထုတ်လိုက်တာ ကျနော်သိတာပေါ့ အမေ ရယ် ။
ဆယ်စုနှစ် တစ်ခုကျော် ရင်ခွင်ပျောက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတဲ့ စကားက သူ့ဘ၀ အဘိဓမ္မာမှာမပါခဲ့ဘူး ။ ရှင်သန့်ခဲ့ရတဲ့ ဘ၀နေ့ရက်တွေမှာ “ဒီကောင်လေး ဖင်ပေါ့တယ် ” ၊ “ သွက်သွက်လက်လက်ရှိတယ် ” ဆိုတဲ့ စကားတွေကြားမှာ ကျနော်ကဘ၀ ကိုရှင်သန်ခဲ့တာ ကျနော် အခု လူပျိုပေါက်လို့ ပြောလို့ရတဲ့ ( 7) တန်းကျောင်းသား တောင်ဖြစ်နေပြီး ။တစ်ခါခါတော့ လူကြုံဆိုတဲ့ သူတွေက အဖွားအိမ်ကိုရောက်ရောက်လာတက်တယ် “မင်းအဖေ ကို ဘာမှာမလဲ ” ၊ “မင်းအမေကို ဘာပြောပေးရမလဲ ” ဆိုတဲ့စကားတွေမှာ ကျနော့်ရဲ့ လူငယ်လောဘလေးက ကြွကြွလာတက်တယ် စက်ဘီးအသစ်လေး တစ်စီးလောက်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဘောကန်ဖိနပ်ကောင်းကောင်းလေ တစ်ရံလောက်ဖြစ်ဖြစ် ။ သူတို့တွေဆီက မျှော်လွန်းလို့လေ မျှော်လင့်ခဲ့ရတဲ့ အရေတွက်တွေများလာတော့ မျှော်လင့်ချက်တွေက အသံတိတ်သေဆုံးသွားခဲ့ပြီး ။ စာတစ်တမ် ပေတစ်ဖွဲ့ မရေးဖွဲ့ချင်တော့သလို ဘာကိုမှလည်း စိတ်ကူးမယဉ်ခဲ့တော့ဘူး ။ ဒါပေမယ့်ဗျာ စိတ်ရှိတိုင်းသား အကျယ်ကြီးအော်ပြောရရင် ကျနော့် ရင်ဘတ်ကြီး ကွဲထွက်သွားအောင်ကို အော်ပစ်လိုက်ချင်တယ် “ ကျနော့်ကို ဘာလို့ လူ့လောကထဲ ခေါ်လာရတာလဲ ” ။ အခုတော့ဗျာာာ ကျနော်က ရင်ခွင်မဲ့သားတစ်ယောက်အဖြစ်နဲ့ လူ့လောကကြီးမှာ တစ်ယောက်တည်း အားငယ်စွာ ။ ကျနော်လည်း တစ်ခါလောက်တော့ တမ်းတမိတယ် အကြင်နာဓာတ်တွေ စီးကူးနေမယ့် “ သား” ဆိုတဲ့ မွတ်မွတ်သိပ်သိမ် ခေါ်သံတစ်ခုကိုပေါ့ ။
3 comments:
ဒီဥစ္စာ ခုမှ ဖတ်ရတာလား မသိဘူး။ ကောင်းတယ် အစ်ကို။ လူကြီးတွေကြားမှာ မြေစာပင်ဖြစ်ရတဲ့ ကလေးလေးတွေ သိပ်သနားဖို့ကောင်းတယ်။ စိတ်ဓာတ်အင်အားကအစ အားနည်းသွားကြမှာ..။
ဒီလို အဖြစ်မျိုး တွေ့ဖူးတယ်.. အမေ အဖေက နောက်အိမ်ထောင် ကိုယ်စီနဲ့ သမီးတွေကို အဖွားက စောင့်ရှောက်ထားရတာမျိုးတွေ.. စိတ်မကောင်းစရာတွေပါ။
ကလေးတွေဘဝကတကယ်သနားစရာကောင်းပါတယ်
လူကြီးတွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေလေ
Post a Comment