Wednesday, June 2, 2010

ခေါ်သံ

ကျနော့်ဘ၀ အငယ်လေးထဲက ရင်ခွင်စစ်တွေ စွန့်ပစ်ခံခဲ့ရတယ် ။ အမေ က အဖေ့ ကိုမုန်းတယ်။ အဖေက အမေ့ ကိုလည်းချစ်တယ် ပြီးတော့ မကုန်ခမ်းနိုင်တဲ့ သူ့အချစ်တွေက တစ်ခြားအမျိုးသမီးအများကြီးကို အချစ်တွေ ဝေမျှနိုင်လွန်းတယ်ဆိုတဲ့ အမေ့ရဲ့ ခံယူချက်တွေကြားမှာ ကျနော် မြေစာပင်ပေါ့။ လူသားနှစ်ယောက်ကြောင့် လောကကြီးထဲ ရောက်ရှိလာတဲ့ နောက်ထပ်လူသားလေး ကျနော့်ကို ဘာကြောင့် မေ့သွားကြ ( မေ့ဟန်ဆောင်တာလည်းဖြစ်နိုင်တယ် ) တာလည်း ဆိုတာ ကျနော့်လို ဦးနှောက်သေးသေးလေးနဲ့ မစဉ်းစားတက်ဘူး။ တစ်နေ့ တော့ ကျနော့် ခြေတောက်ပေါ်ကျနော်ရပ်တည်နိုင်တဲ့တစ်နေ့ နာကျည်မှုတွေမပါ စော်ကားမှုတွေလည်းမ ဟုတ်တဲ့ နှစ်ပေါင်းများစွာ သိချင်လွန်းတဲ့အဖြေကို မေးဖြစ်အောင်မေးမှာပါ ။


အဖွားပြောပြောနေကျ ပုံပြင်တစ်ပုဒ်အလား ကျနော့်ငယ်ဘ၀က စိတ်ဝင်းစားစရာတွေ ပြည့်နေခဲ့တယ် ။ အဖွားသိပ်ချစ်တဲ့ ကျနော့် အဖေကြောင့်သာ အဖေ့ရဲ့ ကိုယ်ပွားလေးတစ်ခုမို့ အဖွားက ခေါ်ယူစောင့်ရှောက်ပေးခဲ့ ။အဖွားကြောင့်သာမဟုတ်ရင် သူစိမ်းတွေလက်ထဲမှာများ ဒါမှမဟုတ် အသက်ဆက်ရှင်နေနိုင်ပါ့မလားဆိုတာ မတွေးချင်လောက်အောင်ပါပဲ ။ အိမ်မှာ ချိတ်ထားတဲ့ အဖေ့ ဓာတ်ပုံထဲမှာ ကျနော့်နဲ့မတူခြားနာစွာနဲ့ လူချောတစ်ယောက်ပဲ ကျနော်ကတော့ လောကထဲကို ရုပ်ဆိုးလေးတစ်ယောက်အဖြစ်နဲ့ရောက်လာခဲ့တာပါ သူ့ဆီက အမွေတစ်ခုမှ မရခဲ့တာ ကံဆိုးမှု တစ်ခုလား ကံကောင်းမှုတစ်ခုလားဆိုတာကိုတော့ ကျနော် ဘယ်တော့မှ အဖြေထုတ်မှာမဟုတ်ပါဘူး ။ကျနော် ၃ နှစ်သား မှာ အဖေ နဲ့ အမေက ထာဝရ ပြတ်စဲတာလား သူတို့ရဲ့ မာနတွေကိုပဲ မစွန့်လွှတ်နိုင်တာလား ဒါမှမဟုတ် သူတို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အချစ်ဆိုတဲ့ အရာတစ်ခုကို မျက်ကွယ်ပြုထားတာလား ရင်သွေး ကျနော့်ကိုပဲ ရှိတယ်လို့မထင်ကြတာလားတော့မသိ သူတို့တွေကျနော်နဲ့ ဟိုးး အဝေးကြီးမှာ တစ်ယောက်တစ်နေရာစီ ခုချိန်ထိ အဖေ နဲ့ အမေ့ရင်ခွင့်ကြားမှာ မအိပ်စက်ခဲ့ရတာ မှတ်မိစအရွယ်ထဲကပါပဲ ။


ဦးငယ်ကတော့ တစ်ခါခါ ကျနော့်ကိုပြောတယ် “မင်း အဖေက မိန်းမကျမ်းပြုစုနေတာ သေမှပဲ အဲ့ကျမ်းကပြီးမယ်ထင်တယ် ” တဲ့ ဘာလဲ ဆိုတာ နားမလည်ပေမယ့် ကြားပါများနေတဲ့ ကျနော့်နားကတော့ အဖေ့အကြောင်းတွေ အလွတ်ရနေပြီး အခု ဘယ်မှာ ဘယ်က မိန်းမ နဲ့ သိပ်မကြာသေးလိုက်ဘူး နောက်တစ်ယောက်နဲ့ ဆိုတာတွေ အဖွားရှေ့မှာသာ မပြောရဲကြတယ် အဒေါ် နဲ့ ဦးငယ်ကတော့ စိတ်ညစ်ဒေါသ ဖြစ်နေရတာ အကြိမ်ကြိမ်ပါပဲ ။ တစ်ခါခါ တမ်းတမ်းတတ နဲ့ကို မျှော်လင့်မိတာပေါ့ အဖေ့ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုတွေ အောက်မှာ အမေ့ရဲ့ ဂရုဏာ ဆုံးမသံတွေကြားမှာ။ ဒါတွေ တစ်ခုမှ မရခဲ့တာ ကျနော့်ရဲ့ ကံဆိုးမှုတစ်ခုပါပဲ ။ ကျောင်းမှာ စာစီစာကုံး “ တို့ဖေဖေ” ၊ “ တို့မေမေ” အကြောင်း ရေးခိုင်းတဲ့နေ့တွေဆို ဟော့ဒီအရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာတွေက နာကျည်လာလိုက်တာ အဖေ့ ကိုလား အမေ့ ကိုလား မသိဘူး ။ ဟုတ်ကဲ့...ကျနော်က ဆိုးပါတယ် အဖေ နဲ့ပက်သက်တဲ့ ခံစားချက်တွေတိုင်းအတွက် အထိမခံနိုင်တာ ၊ မင်း အဖေ က ဘာဆိုတဲ့ အသုံးတွေကြားမိရင် ဖြစ်လာတဲ့ ဒေါသတွေကို မထိန်းချုပ်တက်လို့ဆိုးတဲ့ ကျောင်းသားအဖြစ် နာမည်တပ်ခံခဲ့ရတယ် ။

ကျနော်ရှင်ပြုတော့ အဖေက မရောက်လာခဲ့သလို အဝေးက အမေကလည်း ဆံချတဲ့နေ့မှ ရောက်လာခဲ့တယ် ကိုရင်လေး သင်္ကန်စီးတော့ အဖွားက ကျနော့်ကို သနားလွန်းလို့တဲ့ မျက်ရည်တွေက ဖြိုးဖြိုးဖြိုက်ဖြိုက် ။ ကျနော်က သနားစရာကောင်းနေလားဗျာ သေချာတော့မသိပေမယ့် ရှင်လောင်းလေးတွေ ဓာတ်ပုံရိုက်ကြတော့ အဖေဖြစ်သူက သပိတ်ကိုကိုင် အမေဖြစ်သူက အပြုံးမျက်နှာနဲ့ သင်္ကန်ကို ကိုင်လို့ ဓာတ်ပုံတွေရိုက်နေလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။ ကျနော့် အမေကကော အနေဝေးခဲ့လို့ အနေစိမ်းခဲ့ပေမယ့် ကျနော့် အမေ့ကို မမုန်းပါဘူး ။ အမေ့ မျက်နှာပေါ်မှာတော့ အမည်ဖော်ရခက်တဲ့မျက်ဝန်းတစ်စုံ ကျနော်ကိုကြည့်ပြီး ရီဝေလာတဲ့ မျက်လုံးတွေကို ပုတ်ခတ်နေတာ မျက်ရည်တွေကို အဝေးမောင်းထုတ်လိုက်တာ ကျနော်သိတာပေါ့ အမေ ရယ် ။


ဆယ်စုနှစ် တစ်ခုကျော် ရင်ခွင်ပျောက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတဲ့ စကားက သူ့ဘ၀ အဘိဓမ္မာမှာမပါခဲ့ဘူး ။ ရှင်သန့်ခဲ့ရတဲ့ ဘ၀နေ့ရက်တွေမှာ “ဒီကောင်လေး ဖင်ပေါ့တယ် ” ၊ “ သွက်သွက်လက်လက်ရှိတယ် ” ဆိုတဲ့ စကားတွေကြားမှာ ကျနော်ကဘ၀ ကိုရှင်သန်ခဲ့တာ ကျနော် အခု လူပျိုပေါက်လို့ ပြောလို့ရတဲ့ ( 7) တန်းကျောင်းသား တောင်ဖြစ်နေပြီး ။တစ်ခါခါတော့ လူကြုံဆိုတဲ့ သူတွေက အဖွားအိမ်ကိုရောက်ရောက်လာတက်တယ် “မင်းအဖေ ကို ဘာမှာမလဲ ” ၊ “မင်းအမေကို ဘာပြောပေးရမလဲ ” ဆိုတဲ့စကားတွေမှာ ကျနော့်ရဲ့ လူငယ်လောဘလေးက ကြွကြွလာတက်တယ် စက်ဘီးအသစ်လေး တစ်စီးလောက်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဘောကန်ဖိနပ်ကောင်းကောင်းလေ တစ်ရံလောက်ဖြစ်ဖြစ် ။ သူတို့တွေဆီက မျှော်လွန်းလို့လေ မျှော်လင့်ခဲ့ရတဲ့ အရေတွက်တွေများလာတော့ မျှော်လင့်ချက်တွေက အသံတိတ်သေဆုံးသွားခဲ့ပြီး ။ စာတစ်တမ် ပေတစ်ဖွဲ့ မရေးဖွဲ့ချင်တော့သလို ဘာကိုမှလည်း စိတ်ကူးမယဉ်ခဲ့တော့ဘူး ။ ဒါပေမယ့်ဗျာ စိတ်ရှိတိုင်းသား အကျယ်ကြီးအော်ပြောရရင် ကျနော့် ရင်ဘတ်ကြီး ကွဲထွက်သွားအောင်ကို အော်ပစ်လိုက်ချင်တယ် “ ကျနော့်ကို ဘာလို့ လူ့လောကထဲ ခေါ်လာရတာလဲ ” ။ အခုတော့ဗျာာာ ကျနော်က ရင်ခွင်မဲ့သားတစ်ယောက်အဖြစ်နဲ့ လူ့လောကကြီးမှာ တစ်ယောက်တည်း အားငယ်စွာ ။ ကျနော်လည်း တစ်ခါလောက်တော့ တမ်းတမိတယ် အကြင်နာဓာတ်တွေ စီးကူးနေမယ့် “ သား” ဆိုတဲ့ မွတ်မွတ်သိပ်သိမ် ခေါ်သံ
တစ်ခုကိုပေါ့ ။

3 comments:

ဝေလေး said...

ဒီဥစ္စာ ခုမှ ဖတ်ရတာလား မသိဘူး။ ကောင်းတယ် အစ်ကို။ လူကြီးတွေကြားမှာ မြေစာပင်ဖြစ်ရတဲ့ ကလေးလေးတွေ သိပ်သနားဖို့ကောင်းတယ်။ စိတ်ဓာတ်အင်အားကအစ အားနည်းသွားကြမှာ..။

သိင်္ဂါကျော် said...

ဒီလို အဖြစ်မျိုး တွေ့ဖူးတယ်.. အမေ အဖေက နောက်အိမ်ထောင် ကိုယ်စီနဲ့ သမီးတွေကို အဖွားက စောင့်ရှောက်ထားရတာမျိုးတွေ.. စိတ်မကောင်းစရာတွေပါ။

blackroze said...

ကလေးတွေဘဝကတကယ်သနားစရာကောင်းပါတယ်
လူကြီးတွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေလေ

LinkWithin

Related Posts Plugin for WordPress, Blogger...