Sunday, June 13, 2010

စီအက်စ် 2 ဆိုင်ကလေး

စီအက်စ် -2 ဆိုင်ကလေးပါ မြို့ပေါ်ရပ်ကွက်ခွဲတစ်ခုရဲ့ လမ်းမတန်းလေးမှာ ဖွင့်ထားပါတယ်။ လူလတ်တန်းစားတစ်ချို့နေထိုင်ကြတဲ့ ဒီရပ်ကွက်လေးမှာတော့ ဒီဆိုင်လေးက ညနေခင်းပိုင်းဆို လူစည်ကားပါတယ်။ ပေ (၅၀)၀န်းကျင်း သံဇကာ ကာထားပြီး အတွင်းပိုင်းမှာတော့ ပလတ်စတစ်အကြည်စားတစ်ထပ် ထပ်ကပ်ထားပြီး သန့်ရှင်းတဲ့ အသင့်တင့်ဆိုင်ကလေးပါ။ အတွင်းမှာတော့ ရိုးရိုးအရက်ဖြူတစ်ချို့ ခိုးရောင်းရတဲ့ လေးထောင့် Run ပြား အနည်းငယ် ၊ ၀ီစကီပုလင်းတစ်ချို့ ဈေးပေါပေါ ရှောက်ပေါင်း အရက်တွေကို ဆိုင်ရဲ့ မျက်နှာစာ မှန်ဘီရိုအသေးစားလေးထဲ ထည့်ထားပါတယ် ။ကာလသားအကြိုက် အရက်ကြော်ငြာ မင်းသမီးတွေရဲ့ ရေစိုနေတဲ့ ငါးရံ့အလှပြက္ခဒိန် ကိုဆိုင်နံရံမှာကပ် တစ်ချို့မှာတော့
*အကြွေးသီးခံပါ
*ငွေလက်ငင်းရှင်းပါ
*စကားတိုးတိုးပြောပါ
*သန့်ရှင်းမှုဖြင့်ကူညီပါ

ရရှိနိုင်သော အမြည်းများ
*ကြက်ခြေတောက်ခေါင်းဟင်း/ အမဲသွေးကြော်/ ငါးချဉ်သုတ်/ဖားကြော်/ လက်ဖက်သုတ်/ ၀က်ကလီဇာ နဲ့ အခြားဟင်းအမည် ၄-၅ မျိုးခန့် သင့်တင့်ပြီး ဈေးပေါပေါ ဟင်းတွေပါပဲ ဒီလိုရပ်ကွက်လေးမှာ တော်ရုံ သောက်သုံးသူတွေက ဈေးကြီးတာကိုမ၀ယ်စားနိုက်ကြတာ များတဲ့ အတွက် သူတို့ဆိုင်လေးမှာက ဈေးပေါပြီး အမြတ်စူးတဲ့ ဟင်းအမည်များသာ။ဒီဆိုင်လေးကို ဖွင့်ထားတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က တစ်ခြားအလုပ်ပြောင်းလုပ်ချင်ပေမယ့် ဒီလို အမြတ်များဖို့ဆိုတာကမလွယ်ဘူး မကောင်းမှန်းသိပေမယ့်လည်း လက်ရှိအလုပ်လေးနဲ့ ဟန်မပျက်နေနိုင်တာမို့ ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်ကြတယ်။ စီအက်စ် -2 လိုင်စင်ရဖို့ဆိုတာက အခုနေ မလွယ်တော့တဲ့ ကိစ္စပါ ။စီးပွားရေးအကွက်မြင်တဲ့ လုပ်ငန်းရှင်တစ်ချို့ တောင်းဝယ်ပေမယ့် သူတို့တွေမရောင်းဖြစ်ကြဘူး။

မနက်စောစော ဈေးသွားတဲ့သူသွား၊ ဆိုင်သန့်ရှင်းရေး လုပ်တဲ့ ကောင်လေးတစ်ယောက်ကိုတော့ဆိုင်မှာငှားထားတယ် ၊ ထမင်းအိုးတည် ဈေးကပြန်လာရင် ချက်စရာဟင်းတွေအဆင်သင့်ဖြစ်အောင် ငရုပ်သီးကို ညက်နေအောင်ထောင်းထား ဆီပူကစင်၊အိုးမဲကပေနဲ့ ပူလောင်လောင် မူးဖိုချောင်ကနေ တစ်မနက်တာ လုပ်ငန်းခွင်ကတော့ နေ့လည် (၁၁) နာရီလောက်မှ ပြီးတယ်ဒါက ကျောင်းပိတ်ရက် ။ကျောင်းဖွင့်ရက်တွေဆိုရင်တော့
သူကျောင်းတက်ခါနီး နံ့စော်နေတဲ့ အသားနံ့ဟင်းနံ့တွေကို ရွှေဝါဆပ်ပြာတုံးနဲ့ ကမန်းကတမ်း တိုက်ပြီး အ၀တ်စားလဲ ကျောင်းကိုပြေး ဒါကနေ့စဉ် သူ့ရဲ့ကျောင်းမသွားခင်လုပ်ငန်းပေါ့ ။ ဆိုင်ကလေးက သူ့ကို ပညာတွေတက်အောင် အခိုင်မာဆုံးကူညီပေးခဲ့တာဆိုရင်လည်းမမှား။

“နံပါတ် ၃ ၀ိုင်း ပိုက်ဆံရှင်းမယ် ”
“အစ်မရေ့....၁၀၀၀ တန် ၂၅၀ ပြန်အမ်းပေးပါ”
“ဟိုဝိုင်းက ပိုက်ဆံမပါခဲ့လို့ အကြွေးတဲ့ မရရင် နာရီချွတ်ပေးခဲ့မယ်ပြောတယ် ”
“ဟားး...ဟိုလူကြီး အန်ပြန်ပြီး ရွံပါတယ်ဆိုဗျာ ”
“ခလေးရေ့ ပန်ကန်တွေ သွားဆေးလိုက်ပါအုံး ”
ဒီစကားသံတွေကတော့ ညနေစောင်းနဲ့ ညဦးပိုင်းမှာ ဆိုင်ကလေးရဲ့ လှပတဲ့ကကွက်လေးပေါ့ ။ တစ်ခါခါ ပျော်ရတယ် တစ်ခါခါတော့ စိတ်ညစ်ရတယ် ။လူ့ဘ၀ရဲ့ ပြယုဂ်တစ်ချို့ကိုလည်း ဆိုင်ကလေးမှာ မြင်တတ်ရင်တွေ့နိုင်သေးတယ် ။ တစ်ချို့ကပျော်လို့သောက်ကြတယ် ၊ တစ်ချို့က မိန်းမနဲ့အဆင်မပြေလို့သောက်ကြတယ် ခံစားချက်တွေကို သူတို့ အကျယ်လောင်ဆုံးဖွင့်ချကြတယ် သေချာတာက အမူးသမားတစ်ယောက်ဟာ မမူးပဲ ကောက်ကျစ်တဲ့သူတွေထက်တော့ သာသေးတယ်ဆိုတာ။

ဆိုင်ကလေးရဲ့ မိုးဦးမတိုင်ခင် အမိုး မိုးတဲ့နေ့ဆိုရင်တော့ လုပ်အားပေးမလိုပဲ နာရီးပိုင်းအတွင်းပြီးသွားတတ်တယ် အကြောင်းက ဖောက်သည် ဦးလေးကြီးတွေရဲ့ ကျေးဇူးကြောင့် ။ဆိုင်ကလေးရဲ့ အုပ်ထိန်းသူကတော့ သောက်သုံးသူ ရိုင်းရိုင်းပြောရရင် အရက်သမားကြီးတွေကို သူတို့ရဲ့ ထမင်းရှင် တဲ့ ။ဟုတ်ပါတယ် သူတို့တွေ ဘ၀ရဲ့ ဒဏ်တွေကြောင့်သာ အပန်းဖြေစရာ ယမကာကိုသောက်ကြပေမယ့် သူတို့တွေမှာ ငွေနဲ့ ပေးဝယ်လို့မရတဲ့ အတွေ့ကြုံတွေအများကြီး သူက တိုက်ကြီးပေါ်မှာနေ ကားကိုယ်တိုင်မောင်းနေတဲ့ လူချမ်းသာတစ်ယောက်ရဲ့ ဘ၀ထပ် ဘီအီး ၅၀ ဖိုးတစ်ခွက် ရှောက်သီးစိတ်လေးကို ဆားနဲ့တို့ပြီး ပြောပြချင်နေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ဘ၀အကြောင်းကို နားထောင်ရတာ ပိုနှစ်သက်တယ်။

စိတ်ညစ်စရာတွေနဲ့ ၀င်လာကြတယ် ယစ်မူးစွာနဲ့ ပြန်ထွက်သွားကြတယ် ပျော်စရာတွေနဲ့ဝင်လာ ပျော်စရာတွေ ပြန်ယူသွားကြတဲ့ ဆိုင်ကျဉ်ကလေးမှာ လူပေါင်းများစွာရဲ့ ခြေရာတွေက အထပ်ထပ် ။ ဆိုင်ကလေးကတော့ အားလုံးကို လက်ကမ်းကြိုနေမြဲ လာခဲ့ပါ ဒီမှာ ဘ၀ရဲ့ ခါးသက်မှုတွေကို ဖြေသိမ့်နိုင်ဖို့ အခါးရည်တွေနဲ့ မျှောချလိုက်ရအောင် :)

10 comments:

Unknown said...

ခုပဲပြေလာရတော့မလိုလိုပဲ :D

mirror said...

အေး မျှောချရတာပေါ့..။ဒီခါ ပေါ့။း)

လင်းဒီပ said...

ဘာမှတော့ မဆိုင် ... တခါတုန်းက နားထောင်ဖူးတဲ့ ဗဒင်ရဲ့ အရက်ဆိုင်ဆိုတဲ့ သီချင်းလေးအမှတ်ရတယ်..။

ကိုအောင် said...

အဲလို ဆိုင်မျိုးလေးတွေကို နေ့တိုင်း သတိရတယ်၊ နံရံ
မှာ ကပ်ထားတဲ့ ငါးရံ့ ပိုစတာတွေရောပေါ့့ ...း)

blackroze said...

ွှဲအဲဒီဆိုင်တွေမရောက်ဖူးတော့ဘယ်လိုဆိုတာမသိဘူး
ဒါပေမဲ့ရေးထားတာလေးလာဖတ်သွားတယ်ကိုမျိုးရေ..

မိုးခါး said...

ငါလည်း မရောက်ဘူးတော့ မသိဘူး .. :D
အမြည်းတွေတော့ စားချင်တယ် .. :P

အိမ့်ချမ်းမြေ့ said...

ပိုပိုရေးတတ်လာတယ်..

*ကြက်ခြေတောက်ခေါင်းဟင်း/ အမဲသွေးကြော်/ ငါးချဉ်သုတ်/ဖားကြော်/ လက်ဖက်သုတ်/ ၀က်ကလီဇာ

အစ်မ ငါးချဉ်သုတ်ကလွဲလို့ ကျန်တာ တစ်ခါမှ မစားဖူးသေးဘူး။

အိမ့်ချမ်းမြေ့ said...

ဆောရီး.. လက်ဘက်သုတ်ကျန်သွားတယ်..
လက်ဘက်သုတ်ရယ် ငါးချဉ်သုတ်ရယ်ကလွဲလို့..း))

ShwunMi- said...

လိုင်စင်ရ မောင်မျိုး ;)

ကိုလူထွေး said...

cs2 ဆိုတာ အရက်ဆိုင်ကိုးးး

ဒီထောင့်က ပုလင်းတွေကို ရေရောပြီးပြီလား မောင်မျိုး...

းဝ)

LinkWithin

Related Posts Plugin for WordPress, Blogger...