Tuesday, March 13, 2012

တို့တွေ မတွေ့ဖြစ်ကြတဲ့အကြောင်း

တနေ့က မတွေ့ဖြစ်တဲ့သူတွေ စာရင်းဆိုပြီး ကိုယ့်ဟာကို ပြုစုကြည့်မိတယ်။ ဆယ်စုနှစ်တွေချီပြီး မတွေ့ဖြစ်ခဲ့တဲ့သူတွေ၊ လက်တဖက်စာအချိန်ကာလအကြာ မတွေ့ဖြစ်တဲ့ သူတွေ။ ရေးရင်းရေးရင်း စာရင်းစာရွက်ကုန်တော့မယ်…


နင်မှတ်မိလား နင်နဲ့ငါ ဘယ်နားမှာ နောက်ဆုံးတွေ့ခဲ့ကြတယ်ဆိုတာ။ မနေ့ကလိုပဲနော်။ ငါ့အတွက်ပြောတာပါ။ မေ့တတ်တဲ့ နင်လိုလူအတွက် မှတ်မှတ်သားသားမရှိဘူးဆိုပြီး အကြောင်းပြချက်တွေမလိုဘူးလေ။ ငါတို့တွေက နားလည်ပြီးသားမဟုတ်လား။ ဒါနဲ့ ကိုကျော်မင်းနဲ့လည်း မတွေ့တာကြာပြီ။ ကိုကျော်မင်းကို နင်မေ့သွားပြီလား။ ညနေသင်တန်းတက်တုန်းက အိမ်ထောင်သည် အစ်ကိုကြီးဟာလေ။ အေးဟုတ်တယ် သင်တန်းပြီးကတည်းက မတွေ့ကြတော့တာနော်။ သုဝဏ္ဏဖက်ရောက်ရင် သူ့ကိုတွေ့ချင်သေးတယ်လို့ အမှတ်ရတယ်။ မသီတာကြီးကော ဘယ်နားရောက်နေလဲမသိဘူးနော်။ ဆင်ရေတွင်းနားက သူတို့အိမ်မှာ တရုတ်နှစ်ကူးသွားစားဖြစ်တာ နောက်ဆုံးပဲ။ လမ်းမှာဆုံတာမျိုးလေးတောင် မဆုံဖြစ်ဘူး။ ဆူးလေက အပ်တစင်းနဲ့ ဆင်ရေတွင်းက အပ်တစင်းကလည်း ဆုံခဲတာနော် အေးဟာ။


ကိုထင်လင်းတယောက်တော့ စင်္ကာပူထွက်သွားတယ်ဆိုကတည်းက ပျောက်သွားတာပဲ။ အဆက်အသွယ်လည်း မရလိုက်တော့ဘူးဟ။ အဲ့ဒီအခါတုန်းက ဂျီမေးလ်တွေ စီမေးလ်တွေလည်း မပေါ်သေးဘူးဆိုတော့ တောင်းမထားလိုက်ရဘူး။ အခုလား ဖေ့ဘုတ်ဆိုတာမှာ ငါရှာကြည့်သေးတယ်။ မတွေ့သေးဘူးဟဲ့။ ယုန်ထောင်ကြောင်မိလို့ပြောလို့ရတယ်။ ကိုထင်လင်းကိုရှာရင်း တွတ်ပီကိုသွားတွေ့တယ်။ တွတ်ပီဆိုတာ မျက်မှန်နဲ့လေ စာကြမ်းပိုလိုလိုပေါ့။ အံမယ် သူက မိန်းမရနေပြီဆရာ။ သူက ဂျပန်ထွက်သွားသေးတာတဲ့ဟ။ ခုမှပြန်ရောက်တယ်။ သူက ကောင်းစားနေတယ် သိလား။ ကြည့်မြင်တိုင်မှာတိုက်ခန်းတခန်းဝယ်ပြီး အလုပ်ခန်းဖွင့်ထားတယ်ပြောတယ်။ ကွန်ပြူတာအလုပ် ဆက်လုပ်ဖြစ်တယ်တဲ့။ ငါတို့နဲ့တော့ကွာပ။ ကလေးတော့ မရသေးဘူးလို့ပြောတယ်။ ငါတို့တွေ တွေ့ကြတာပေါ့လို့ ဖေ့ဘုတ်ထဲမှာပဲ ပြောလိုက်တယ်။ အဲ့ဒီတခါပဲ နောက်တခေါက် စကားမပြောဖြစ်ကြတော့ဘူး။ အပြင်မှာလား ဝေးသေး သူက အချိန်မရဘူးတဲ့ဟ။


တနေ့က သတင်းစာဖတ်ပြီး စိတ်မကောင်းဖြစ်ရသေးတယ်။ မိမိခင် တယောက်ဆုံးသွားတယ်ဆိုတာလေ။ မိကလေ မိကလေ ဆိုပြီး သူပြောတာလေး ပြန်ကြားယောင်မိသေးတယ်။ ကင်ဆာတဲ့လေ။ အင်းလေ သေတနေ့မွေးတနေ့မဟုတ်လား။ ငါလည်း တရားလေးဘာလေး အားထုတ်ကြည့်သေးတယ်။ အဲ့မှာ ဆရာတော်ဦးသုမနနဲ့တွေ့တာပဲ။ ဦးသုမဆိုတာဟယ် ငါတို့အတန်းထဲမှာ ကုပ်ချောင်းကုပ်ချောင်းနဲ့ နေတတ်တဲ့ မျိုးသော်လေ။ ယောင်ပြီး မျိုးသော်လို့ ထွက်သွားတော့မလို့ ပါးစပ်ကိုအတင်းပိတ်ပြီး ဦးအမြန်ချရတယ်။ သူတယောက်တော့ အေးချမ်းလို့ပေါ့ဟာ။


မမစုနဲ့တွေ့ဖြစ်သေးတယ်။ ကလေးတွေနဲ့။ ခြောက်ယောက်တောင်ဆိုတော့ အိုးစားကြီးပြီပေါ့။ နွမ်းနွမ်းဖတ်ဖတ်ပဲ။ ငါလေ ဘာတွေလုပ်ကိုင်နေလဲလို့ ဆတ်ဆော့ပြီးမေးလိုက်သေးတယ်။ အထည်ချုပ်စက်ရုံမှာ စက်ချုပ်နေတယ်တဲ့။ ငါ့တွေ့တော့ မျက်ရည်တွေဝဲလို့။ ငါလည်း ငိုချင်ချင်ဖြစ်လာတယ်။ နင်သိတယ် မဟုတ်လား မမစုက အတန်းထဲမှာ လှလှပပ ဝတ်တတ်စားတတ်။ အင်းလေ ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ကြိုသိမှာလိုက်လို့။ မမစုဆိုလို့ ငါတို့ကျောင်းပြေးတဲ့နေ့တုန်းက မမစုတယောက် အကြောက်အကန်တားတာ သတိရမိသေးတယ်။ မသွားကြပါနဲ့ဟယ်လို့ သူတားတာလေး သနားစရာပါ။ ဒါပေမယ့် တတန်းလုံးက လစ်ကြမယ်လို့ တိုင်ပင်ထားတဲ့နောက် သူ့ခမျာ ယက်ကန်ယက်ကန်နဲ့ ပါလာတာလေး မြင်ယောင်မိသေးတယ်။ နောက်နေ့ဆရာမဆူတော့ တကယ်တမ်း သူက အချောင်အဆူခံရတာနော်။ ဆိုးလိုက်တဲ့ ငါတို့တွေပါလား။


ဟိုးတမြန်နှစ်က ဆရာကန်တော့ပွဲလေ တို့တွေ အားလုံးဆုံမယ်လို့ မျှော်လင့်ထားတာ။ တကယ်တမ်းကျတော့ နင်က မလာဖြစ်ဘူး။ နင်မှ မဟုတ်ဘူး စန္ဒာနဲ့သန္တာတို့ညီအစ်မနှစ်ယောက်လည်း မလာဘူး။ စန္ဒာကတော့ ကလေးငယ်နေလို့ထားပါတော့ ကျန်တဲ့နင်တို့နှစ်ယောက်ကတော့ ရောက်လာသင့်တယ်မဟုတ်လား။ အေးပါ အေးပါ နင့်ပို့စတင်က လွိုင်ကော်မှာမို့ ပြန်လာရခက်တယ် ပြောထားပေါ့။ ဆရာကြီးတွေကဆို နင်တို့တွေကိုတမေးမေးနဲ့။ နင်တို့ကသာ ဆရာတွေကို မေ့ချင်မေ့နေမှာ သူတို့တွေက နင်တို့တွေကို တသသနဲ့ပေါ့။


အေးဟာ အဲ့ဒီစုံညီပွဲမှ သူငယ်ချင်းတွေက သူတို့ကလေးတွေ ခေါ်လာ။ အဲ့တော့မှ ဟာ ငါအသက်အတော်လေးကြီးပါပေါ့လို့ အောက်မေ့ရတယ်။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ဆယ့်ခြောက်နှစ်ပဲ ထင်နေတုန်း။ ဇရာကို လျစ်လျူရှုထားတာလေ နင့်သူငယ်ချင်းက။


နင်ငါတို့ဖက်ရောက်ခဲ့ရင် လှည့်ခဲ့ဦး။ ငါ့ကိုအိမ်မှာမတွေ့လို့ ဆိုပြီး ဆင်ခြေမတက်နဲ့။ အိမ်မှာမရှိရင် လမ်းထိပ်က ဓမ္မာရုံကိုလိုက်ခဲ့။ အလှူကိစ္စ၊ ရပ်ရေးရွာရေးတွေနဲ့တော့ အလုပ်ရှုပ်သား။ တယောက်တည်းသမားဆိုတော့ ဒီလိုပါပဲ။ ပျင်းချိန်လား မရှိပေါင်ဟာ။ အလှူတွေအတွက် အိုးကြီးဟင်း စီမံရတာနဲ့တင် နေထွက်နေဝင်ပဲ။


ဟဲ့…ငါ့ဖုန်းနံပါတ်လည်း မှတ်ထားဦး။ ပြီးမှ မေ့လို့ဆိုပြီး အကြောင်းမပြနဲ့။ ငါ့လက်တွေက နင့်ကိုထုဖို့လောက်တော့ သန်သေးတယ်နော်… နာမယ်။ ဟုတ်ပါရဲ့ ငါတို့တွေ မတွေ့ဖြစ်ကြတာ ဆယ်စုနှစ် တခုတောင်မှပါပဲ။ အင်း လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေ မဟုတ်လား။

ဟယ်လို ဟယ်လို ဟဲ့ ငါပြောနေတယ်လေ…..ဒီတယောက် ဖုံးချသွားပြန်ပြီလားမသိဘူး။ အင်း....................




6 comments:

ခရစ္စတလ် said...

မဆုံဖြစ်ကြတဲ့ အကြောင်လေးတွေ ဖတ်ရတာ လွမ်းတသသ ဖြစ်စရာ ...

mirror said...

OMG, extra like. :D ဟိ ဖဘမှာလို ပြောမိပြန်ပြီ။
တကယ်ဟ.. ဖတ်ရင်းမောတောင်လာတယ်။ မရပ်တမ်း ကိုယ်ပါလိုက်ပြောနေမိသလိုကြီးလေ။

" သုဝဏ္ဏဖက်ရောက်ရင် သူ့ကိုတွေ့ချင်သေးတယ်လို့ အမှတ်ရတယ်။ " မှာ.. " အမှတ်ရတယ် "ဆိုတာ နင်တို့ဒေသသုံးစကားမလား. ဟုတ်တယ်ဟုတ်။ :)

...အလင်းစက်များ said...

မဲဆောက်ကလေ သိတယ်မဟုတ်လား ဟို ခပ်ပိန်ပိန် မော်ဒယ်လို ဘော်ဒီမျိုးနဲ့  ကိုမောင်မျိုး ဆိုတာလေ သိတယ်မဟုတ်လား။ အေးလေ ... သူပေါ့ဟာ ကလေး ၈ မွှာပူးမွေးသတဲ့ အဲလေ သူ့ မိန်းမမွေးတာ ပြောတာ။ အဲ့ဒါ ခု ကလေးရှစ်မွှာပူးနဲ့  ဘတ်လပိုင်ကိုလိုက်နေတာပဲတဲ့။ ခုတော့ မော်ဒယ်လို ကျော့ကျော့လေး မနေနိုင်ရှာဘူးပေါ့။ ကလေးအနှီးလျော်လိုက်၊ အီအီး ကျုံးလိုက်နဲ့ လေ။ အေးဟာ ... သူလည်း ကံကောင်းပါတယ် တစ်ခါထဲ ၈ ယောက်ဆိုတော့ .... အဟိ။

mstint said...

အဲဒီလိုစကားပြောနိုင်တဲ့သူတွေ တကယ်ရှိတယ်
မောင်မျိုးရေ။ နားထောင်ရတဲ့ တစ်ဖက်ကလူက
အားတောင်နာလာတယ် ကိုယ်ကမပြောတတ်လို့း))
ကိုလတ်ရဲ့ကွန်မန့်နဲ့ မောင်မျိုးပို့စ် လိုက်မှလိုက် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လင်းဒီပ said...

ဒီပိုစ့်လေးကို ဒီကဗျာလေးနဲ့ ကွန်မင့်ပေးမယ် ။

"စိတ်မိုင်များရဲ့အလျား"

ဝေးတယ်လို့ မမြင်ဘဲ ငါတို့ ဝေးကြ ။
ဝေးတယ်လို့ မထင်ဘဲ ငါတို့ဝေးကြ ။

တွေ့နေကြတာပဲ
မြင်နေကြတာပဲ
ဆက်သွယ်လို့ ခေါ်ယူလို့ရနေကြတာပဲ
ဒါပေမယ့် ငါတို့ ဝေးကြ ။

လူချင်း ဝေးတာထက်
စိတ်ချင်းဝေးသွားတဲ့အခါ တကယ်ဝေးတယ် ။

နေ၀သန် said...

အဟီး.. ဖတ်လို့ကောင်းတယ်... တကယ့်အဖြစ်လား.. ကိုမောင်မျိုးစကားပြောရင် အဲလိုပြောတာလားဟင်... :D... လွမ်းစရာလည်းကောင်း.. ပျော်စရာလည်းကောင်းတယ်.. ရေးထားတာလေး..

ခင်မင်လျက်
နေ၀သန်

LinkWithin

Related Posts Plugin for WordPress, Blogger...