Tuesday, September 20, 2011

စမ်းရေကြည်

သမီးလေး

သမီးလေးမွေးပြီတဲ့………

လက်ထဲမှာထွေးပွေးထားရသည့် အနှီးဖွေးဖွေးတွင် သမီးလေးရှိနေသည်။ ငါ့သမီးလေး ငါ့သမီးလေး လို့ နှုတ်မှတဖွဖွရေရွတ်ရင်း ထပဲခုန်ရမလို လူက ငြိမ်သက်ချင်ယောင်ဆောင်လျက် ရင်က တလှပ်လှပ်ဖြစ်လို့သာနေသည်။ ဘေးပတ်ပတ်လည်ကလူတွေ အားလုံးရဲ့ လက်ကို ကိုင်ဆွဲပြီး ပြောပြလိုက်ချင်သည်မှာ အဲ့ဒါ ကျနော့သမီးလေး ဟုပင်ဖြစ်သည်။

သမီးလေး၏ ပါးနုနုထွေးမှာ ဆံခြည်မျှင်သွေးကြောတွေ မြင်နေရသည်။ ဖအေတူအောင် ပါးဖောင်းဖောင်းလေး မွေးပေးမည် ဟုပြောစဉ်က ရီမောနေမိသမျှ အခုတော့ တကယ်လုပ်ချလိုက်ပြီလို့ အားရကျေနပ်မိ၏။ ဆံပင်ပါးပါးလေးနဲ့တော့ မလုပ်ပါနဲ့လို့ ကန့်ကွက်မိသည်မှာ သားလား သမီးလား မသိစဉ်ကတည်းကပင်။ သားလေးလိုချင်သလား သမီးလေး လိုချင်သလားလို့ မေးတော့ အဖြေ မရှိ။ ရွေးချယ်ရန်မလိုသော မေးခွန်းကို မေးရန်ကောလို့ ကန့်ကွက်ချင်သည်။ ဘာလေးဖြစ်ဖြစ်ပါ လို့ဖြေရင်း အခုတော့ သမီးလေးဖြစ်နေပြန်သည်။

သမီးလေးဆိုတော့ မိန်းမတို့ဘုန်း ဆံထုံးဆိုတာနဲ့ညီအောင် ဆံပင်ထွေးထွေးကွေးကွေးလေးတွေ မြန်မြန်ရှည်ဖို့ အခုကတည်းက စီမံချက်ဆွဲနေမိပြန်သည်။ မွေးဆံပင်တွေ ရိတ်ရဦးမယ်ဆိုတော့ ဆံပင်တွေပြန်မထွက်လာခဲ့ရင်ဆိုတဲ့ အပူတခုကို စီးကူးဖို့အဆင်သင့်။ နှုတ်ခမ်းနုနုထွေးကို ရဲရဲလေးနီတျာအောင် ဘယ့်နှယ်လုပ်ပါ့ဆိုတာလည်း ပါသည်။ ဇင်ယော်တောင်မျက်ခုံးဖြစ်ဖို့ လက်ဖက်ရိုးနဲ့ ဆွဲပေးဦးမှ ဆိုတာလည်းမချန်။ ပန်းတွေကိုမခြွေပဲ အကုံးအခက်အဖြစ် သမီးခေါင်းပေါ်မှာ ပန်းပေးချင်စိတ်တွေလည်း တဖွားဖွား။ မိန်းမကောင်းပန်းပန် တပွင့်တဲ့ သမီးရယ်လို့ ပြောရအောင်လည်း အပြန်တရာပင် စောလို့ နေပြန်သည်။ တကယ်က သမီးလေးသည် ပုခက်တွင်း ပင် မရောက်တတ်သေး မဟုတ်လား။

သမီးလေးကို မြန်မာဆန်ဆန် ဝတ်ဆင်စေဖို့ သွန်သင်ရမည်။ သနပ်ခါးဖြင့် အသားအေးအောင်၊ ကရမက်ဖြင့် အသားမွှေးအောင် ဘယ်သို့ဘယ်ပုံရယ် နားဝင်စေချင်သည်။ မြန်မာ့ရိုးရာချည်ထည် အဆင်ဆန်းဆန်းများဖြင့် သမီးကို တခေတ်ဆန်းနေစေချင်သည်။ ကတ္တီပါပုံတော်ထူထူ စီးပြီး အိနြေ္ဒအပြည့်ဖြင့် လမ်းလျှောက်တတ်သော သမီးကို စိတ်ထဲက မြင်ယောင်သည်။ နေဦး ပညာတတ် မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ ဆိုတဲ့ ခေါင်းစဉ်ကိုကော အဘယ်စုတ်တံနဲ့ စဆွဲ ရမည်နည်း။ သမီးလေး ဖတ်ဖို့ စာအုပ်တွေကို စာအုပ်စင် ပေါ်ကနေ ချပြီး စီနှင့် နေချင်ပြန်သည်။ သမီးလေး ပထမဆုံးစဖတ်သော စာအုပ်သည် ပါရဂူ၏ စိတြပိယာ ဖြစ်မလား ဗုဒ္ဓဘာသာကောင်း တယောက်ဖြစ်စေမလား သူကိုယ်တိုင်ပင် မဝေခွဲတတ်ပြန်။ ကျောင်းတောင်မှ ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမသော ကျောင်းမှာထားဖို့ ကျောင်းများ စာရင်းစပြုစုနေပြီ။ အမှန်က သမီးလေးသည် စာရေးစာဖတ်ဖို့ ဝေးလို့ မျက်လုံးလေးပင် မြင်တတ်မည် မဟုတ်သေး။

ဘက်စုံတော်သော သမီးလေးဖြစ်ဖို့ အားကစားကိုလည်း ထက်သန်စေချင်သည်။ သမီးလေး အားကစားကို စိတ်ဝင်စားလာအောင် အိမ်မှာ အားကစားပြိုင်ပွဲများ ပြသော လိုင်းတွေထပ်ထည့်ဖို့။ နောင်တချိန်မှာ အောင်မြင်သော တင်းနစ်မယ်ဖြစ်ဖြစ် ဂေါက်သီးရိုက်မယ်ဖြစ်ဖြစ် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ့လို အပြေးသန်သော သမီးလေးလည်း ဖြစ်လာနိုင်သည် မဟုတ်လော။ သို့ရာတွင် သမီးလေးသည် လမ်းလျှောက်တတ်ဖို့ထားလို့ ဟိုဘက်ဒီဘက်တောင် တိတိပပ မယိမ်းတတ်သေးသော ရင်ခွင်ပိုက်။

မိန်းကလေးပီပီသသဖြစ်ဖို့ သမီးလေး မေမေကို သွန်သင်ခိုင်းရမည်။ သမီးလေးကို နှစ်ချောင်းထိုး ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်ဖို့ အခုကတည်းက ပြန်လေ့ကျင့်ထားလို့ မှာချင်သော်လည်း ဆနွင်းထုတ်ကလေး ထုတ်ထုတ်ရှူနေတာဖြင့်ပင် လက်မအားလောက်သေးပါဘူးဟု ဖြေသိမ့်လိုက်ရပြန်သည်။ ငယ်သော်ကသမီး ဆုံးမနည်းက ကြီးသောအခါ မီးပမာသို့၊ ငယ်သော်က သမီးဆုံးမများက ကြီးသောအခါ ထီးပမာသို့ ဆိုသော ဆောင်ပုဒ်အားလုံး သူ့ကိုအလွတ်ရအောင် ကျက်ခိုင်းရမည်။ နောက်ဆုံး မင်းလည်း ရှေ့ကနေ မိန်းမပီပီသသနေပြကွ လို့ အဆုံးမရှိအစမရှိ သူပြောချလိုက်မိသောအခါ မီးနေသည်ထံမှ မျက်စောင်းတခုကို ခပ်မြန်မြန်ရရှိလိုက်သည်သာ။

သမီးလေး မဖြစ်မနေ ကြုံလာရမည်ဖြစ်သော လောကဓံတရားတို့ကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်စေချင်ပြန်သည်။ လူ့လောကတွင် တွေ့လာရမည့် လူမျိုးပေါင်းစုံတို့အကြောင်းကိုလည်း စေ့ငုရင့်ကျက်စေလို၏။ တိုဖြောင့် ချိုကောက် ထိုနှစ်ယောက် အစရှိသော လင်္ကာတို့ကို သမီးနားယဉ်အောင် ခဏခဏ ရေရွတ်ပြရပေဦးမည်။ ထိုနေရာတွင် ဦးနု၏ ကာမတဏှာ စာအုပ်ဖတ်ဖို့ သမီးလေးကို တိုက်တွန်းရန်ဟု မှတ်ချက်တို့ထားမိသည်။ သမီးလေးကိုယ်တိုင်ကိုယ်ကျ မသမာသူ လူသူတော်ယောင်များကို ခွဲခြားတတ်အောင် ဘယ်အရာက စွမ်းဆောင်စေမည်နည်း။ အမှန်စင်စစ် အနှီးထုတ်တွင်းက သမီးလေးမှာမူ ချော့မြူကလူကျီဆယ်သည်ကိုပင် ခိုးခိုးခစ်ခစ် မရီတတ်နိုင်သေး။

သမီးလေး၏ဖေဖေကော။ သမီးလေးကြီးလာရင် သမီးလေး၏ ဂုဏ်သိက္ခာနဲ့ညီအောင် သမီးလေးအတွက်ဆိုပြီး အခုကတည်းက ပြုပြင်နေထိုင်ဖို့ ကြိုးစားရမည်။ ပါးစပ်ထဲမှာ ခဏခဏဝါးနေတတ်သော ကွမ်းကိုလည်းကောင်း၊ နှာခေါင်းနဲ့ ပါးစပ်တလျှောက် မနားတမ်း အလုပ်ရှုပ်နေတတ်သော ဆေးလိပ်ကိုလည်းကောင်း၊ ညနေတိုင်း ဆေးဖြစ်ဝါးဖြစ် သို့မဟုတ် အထက်လူကြီးများနှင့်ပုလံနံပ သင့်မြတ်အောင်ဟု မကြာမကြာ နေ့တိုင်းလိုလို သောက်တတ်သော အဝါရောင် အရည်တို့အားလည်းကောင်း ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပပျောက်အောင် မည်သို့ လုပ်ဆောင်ရမည်နည်းဟု တွေးတောရင်း ခေါင်းခြောက်နေပြန်သည်။ လက်သည်း၊မုတ်ဆိတ်တို့ ရှည်လာလျှင် မလှီးမဖြတ် မရိတ်မသင် ထားတတ်သော သူက သမီးလေးကို ထွေးပွေ့ ချီမနေခိုက် သမီးလေးကို မတော်တဆ ထိခိုက်စူးရှနာကျင်စေမလား ဆိုသော စိုးရိမ်စိတ်တို့ဖြင့် နေ့တိုင်း လက်သည်းညှပ် မှုတ်ဆိတ်ရိတ်တတ်လာသည်။ သို့သော် နုနုထွေးထွေးသမီးလေးကို ယခုထက်ထိ သူ့လက်ဖြင့် ချီမခွင့်ပင် မရခဲ့သေး။

ဗဟုသုတနှင့် ပြည့်စုံသော သမီးလေးဖြစ်စေဖို့ သမီးလေးကို နေ့စဉ်ပြောပြရမည့် အကြောင်းအရာသည် ဘယ်အရာ ဖြစ်သင့်သလဲ သူမသိတတ်ပြန်။ ကမ္ဘာ့ရေးရာ အဖြာဖြာများလား၊ မင်းသုဝဏ်၏ ပုံပြင်များ ဒါမှမဟုတ် လူထုဦးလှ ပုံပြင်များလား ဒွိဟတွေဖြစ်လို့။ သို့ဖြစ်ရာ သူလက်လှမ်းမှီရာ ဖတ်ဖို့မှတ်ဖို့ မှတ်တမ်း စာအုပ်တအုပ်ပင် ထုတ်လို့နေသည်။ သမီးလေး နောင်တချိန်ဖတ်ဖြစ်ကောင်း ဖတ်ဖြစ်လိမ့်မည်။ နည်းပညာအရာတွင်လည်း သူ့သမီးလေးကို သူတကာတို့ထက် မနိမ့်ကျစေလို။ ထို့အတွက် သူမစွမ်းတတ်နိုင်သော ကွန်ပြူတာနည်းပညာ အစရှိသည်များကိုလည်း တနေ့ထက်တနေ့ ဆထက်ပိုး လေ့လာခြင်းဖြင့် သမီးလေးအတွက် ပြည့်စုံလုံလောက်သော ရွှေအိုးတခု ဖန်ဆင်းရန်ဖြစ်သည်။

ထိုအရာတွေ ထက် စောစွာ ကြုံရသောအရာမှာ သမီးလေးအတွက် နာမည်ရွေးချယ်ခြင်းပင်။ နှစ်ဖက်သော ဘိုးဘွားများကလည်း သူတို့၏ နာမည်များ အသီးသီးအသက ပါလိုကြသည်။ ဘိုဆန်ဆန်နာမည်ပေးဖို့လည်း ပြောသူရှိသည်။ ဗေဒင်သုခဆိုသော အရာတို့သည် ဘယ်သောအခါမှ မယုံကြည်သော သူ့ကို ပြောင်းလဲဖို့ အချိန်ဟု လက်ခမောင်းထခတ် ကြလေပြီ။ ဟိုကပြောလာ ဒီကပြောလာ သော စကား အားလုံးထက် သူ့စိတ်ထဲက စီးဆင်းလာသော အမည်နာမ တခုကို သူပဲ အတင်းသွင်းယူလာလိုက်သည်။ ဟုတ်သည် ဟုတ်ပါသည် ……သမီးလေးနာမည်က စမ်းရေကြည်………………

တကယ်က သူအိပ်မက် မက်ခဲသည်။ မနေ့က အိမ်ထောင်ပြုရေးမပြုရေး အကြောင်းလာရောက်ဆွေးနွေးသွားသော သူငယ်ချင်းကြောင့်သော်လည်းကောင်း၊ သူ့တက္ကသိုလ်စာတမ်းတစ်ခုအတွက် အိမ်ထောင်မပြုခင်ကိုယ်ဝန်ဆောင်ခြင်း အမှုကိစ္စကို လက်ခံဖို့ ငြင်းဆိုနိုင်ရန် အချက်အလက်များ ရှာပေးခိုင်းသော ညီငယ်တယောက်ကြောင့်လည်းကောင်း၊

သူ့တွင် မနေ့ညက သမီးလေးတယောက် မွေးဖွားသွားခဲ့သည်။ သြော် သမီးလေး အဖေ့သမီးလေး…………။


မှတ်ချက် = စာဖတ်သူတစ်ယောက်ရဲ့ ၀တ္ထုလေးပါ ။

19 comments:

ငွေလမင်း said...

သမီးလေး သမီးလေး
ကိုယ်လေ ချစ်လို့မ၀အောင် အချစ်များနဲ့

သီချင်းသီချင်းလေးပါ
စာဖတ်ပြီး သမီးလေး တောင်မွေးချင်လာပြီဗျာ

နေ၀သန် said...

:D.. လူပျိုကြီးကိုမောင်မျိုးတို့ရဲ့ စိတ်ကူးယဉ်ချက်... :P

ခင်မင်လျက်
နေ၀သန

မြသွေးနီ said...

သမီးပေါက်စနအပေါ် ထားတဲ့ အဖေတစ်ယောက်ရဲ့မေတ္တာစမ်းရေစီးသံကို ဖတ်နေရင်း ကြားလိုက်မိသလိုပဲ...။ မိဘတိုင်းရဲ့ရင်ထဲမှာ အမြဲတမ်း အစုန်စီးနေတဲ့ ချစ်ခြင်းမေတ္တာရေအလျင်..။

မဒမ်ကိုး said...

ဟာဗျာ တကယ်မွေးတယ်မှတ်လို့
တကယ့်အဖေကြီးကျနေတာပဲ
ပီပြင်နေလိုက်တာ
အောက်ကျမှ အိပ်မက်တဲ့ ..ကိုမောင်မျိုးကတော့လုပ်ချလိုက်ပြန်ပြီး)

သက်ဝေ said...

အကြီးကြီး ပြုံးသွားတယ် မောင်မျိုးရေ...
ကျေးဇူး...း))

ညီရဲ said...

သားသမီး အပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ကွက်ကွက်ကွင်းကွင်းကို မြင်သွားပါတယ်ဗျာ..
သားသမီး ဆိုတာကတော့ မိဘတိုင်းရဲ့ ရတနာပါ...

Anonymous said...

သမီးလေးလား ထင်တော့ထင်သား ဗိုက်က သိပ်မပူပါဘူးလို့ :P

မအိမ်သူ said...

သြော် အိပ်မက်ကိုတောင်ဒီလောက်ဆိုရင် တကယ်သမီးများရရင် ဘယ်လိုနေမယ်မသိ... ကိုယ့်ဟာကိုယ်တောင်နဲနဲပြန်ဆန်းစစ်မိသွားတယ်။ ကိုယ့်သမီးကိုယ် အဲဒီလောက်ချစ်မိရဲ့လားလို့...း))

Anonymous said...

Hey!!
Don't skip your jump.First step try first.Wonderful thought and amazing dream.Wishing you to have San Ye Kyi soon:)))
Gyidaw

rose of sharon said...

အော်...မောင်မျိုးတို့တယ်သွက်ပါလားလို့... နိဂုဏ်းကျမှ အငှားခံစားရေးဖွဲ့မှန်းသိတော့တယ်....

8Yar said...

ကောင်းလိုက်တဲ့ဝတ္ထု လေးဗျာ။ အစ်ကိုမောင်မျိုးရေ ဖတ်သွားပြီဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ညိမ်းနိုင် said...

လူပျိုကြီးက လူပျိုကြီးလိုနေတာဟုတ်ဘူး...အိပ်မက်က
မက်ရသေး.....:P

TZH1985 said...

တကယ်လားလို့... ကိုမောင်မျိုး ဘလော့ကို ခုမှ ဖတ်ဖူးတာ ဆိုတော့ :D

ဟန်ကြည် said...

လူပြိုကြီးတို့ တိုးတက်လာချက်ကတော့ လက်ဖျားတောင် ခါလောက်ပါရဲ့...အင်း အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နေ့ရောက်ရင်တော့ ဘယ်လိုနေမယ်မသိဘူး....

ချော(အစိမ်းရောင်လွင်ပြင်) said...

စာဖတ်လိုက်တာနဲ့ ဒီပိုစ့်လေးရေးတဲ့သူဟာ မိဘတွေနဲ့ ကလေးတွေရဲ့ စိတ်ခံစားမှုကို အတော်နားလည်ထားပုံရတယ်
သားသမီးအပေါ်ထားတဲ့ မိဘရဲ့ မေတ္တာတရားကို တွေ့မြင်နေရတယ်။
ဖတ်လို့ကောင်းတယ်. အိမ်က မိဘတွေကိုတောင် သတိရသွားတယ်။

မေသိမ့်သိမ့် ကျော် said...

သမီးအတွက် အနစ်နာခံ စွန့်လွှတ်မယ့် စံပြဖခင်ကောင်းတစ်ယောက်ရဲ့ အတွေးတွေပါပဲ။ လေးစားပါတယ်။

blackroze said...

မောင်မျိုးရေ..ရေးလဲရေးတတ်တယ်နော်
နင်ဒီလိုခံစားတတ်တယ်ဆိုတော့
လူပျိုကြီးမဖြစ်တာသေချာသွားပြီ


ခင်တဲ့အမ blackroze

Anonymous said...

အမယ်လေး ကြောင်မျိုးရယ်..။ ကလေးအဖေရာထူးရသွားတာလားလို့.. အံ့သြလိုက်ရတာ..။ အဆုံးသတ်မှ ဂလိုဂိုး..။ နေကောင်းပြီး အဆင်ပြေစွာ လွဲနေဦးမည်ဟု ထင်ပါသည်။

လေးမ

Anonymous said...

သမီးးလေးးးး

အစကတည်းက ဒီက သမီးလေးခံစားချက် ကြီးသူနော်။ ဟွန်းး

ခင်မင်စွာဖြင့်
ရတနာ

LinkWithin

Related Posts Plugin for WordPress, Blogger...