Saturday, September 10, 2011

ကျနော်နဲ့စာစီစာကုံး

စာ နဲ့ စကား ဘာတွေကွာပါသလဲ စာကို စကားလိုရေးပြီး စကားကို စာလို ပြန်ရေးတဲ့ကျနော့်စာတွေက နည်းနည်းတော့ ထောင့်နေမယ်ထင်တယ် ။ ခုရက်ပိုင်း စာတွေတော်တော်ရေးချင်နေတယ် ရေးစရာတွေလည်းရှိပါရဲ့ ။စာတွေလိုက်ဖတ်ဖြစ်ရင်း ဆြာဟန် ရဲ့ သူ့တပည့်တွေ ကိုစာစီစာကုံးရေးနည်းလေးတွေ သင်ပေးဖြစ်တဲ့အကြောင်းဖတ်ရတော့ ကိုယ့်ရဲ့ ကျောင်းသားဘ၀လေး ပြန်သတိရသွားမိတယ် ။ တစ်ချို့ခင်ရတဲ့သူငယ်ချင်းတွေက မေးပါတယ် မောင်မျိုးက ငယ်ငယ်က စာစီစာကုံး တော်တော် အရေးကောင်းမယ်ဆိုသလိုမျိုးပေါ့ မချိသွားဖြဲနဲ့ပဲနေလိုက်ရတယ် တကယ်ကြီး အဲ့စကားက တက်တက်စင်အောင်လွဲလွန်းလို့ပါ ။

လက်ရေးဆိုရင်လည်း အလှပြိုင်ဖို့ထပ် အပြီးပြိုင်ကြတဲ့သူငယ်ချင်းတွေကြားမှာ ကျနော်လည်းနေခဲ့ရတာဆိုတော့ လက်ရေးက ပဲပင်ပေါက်တွေလိုပါပဲ ။စာအုပ်တစ်အုပ်ရဲ့ အစပိုင်းလေးဆို လက်ရေးလေးတွေ သိပ်လှလို့ပေါ့ အလယ်လောက်ရောက်ရင် သွားမကြည့်နဲ့တော့ တစ်ခြားတစ်ယောက်ရေးထားသလားထင်ရအောင် ကျနော့်လက်ရေးတွေက ဆိုးလွန်းပါတယ် စည်းကမ်းမရှိတာလို့ပြောရမယ် ပြီးတော့ ပျင်းတာက ခုထိ အဲ့အကျိုးဆက်က သိပ်တော့မကောင်း အခုစာရေးနေရင်း သတိထားနေတဲ့ကြားကကို ကိုယ့်စာလုံးပေါင်းတွေက လွဲတုန်း ကိုယ်လည်းမသိချင်ယောင်ဆောင်တုန်း ။

စာစီစာကုံး .............ဘာသာတွေထဲ စိတ်ညစ်ရဆုံး ဘာသာလို့ထင်ပါတယ် အလွယ်လေးဖြစ်တဲ့ “ဒို့ဖေဖေ ၊ဒို့မေမေ” ရေးခိုင်းရင်တောင် ဘယ်ကစရမှန်းမသိဖြစ်တတ်ပါတယ် ။ ၁၀ တန်းလောက်ရောက်တော့ အပြင်စာလေးတွေ နည်းနည်းဖတ်ဖြစ်လာတဲ့အကျိုးကျေးဇူးလေး ခံစားလာရတယ် ကျောင်းမှာ ဆရာမ က စာစီစာကုံးရေးခိုင်းတော့ ငါးမျက်နှာ ရေးခိုင်းတာ ကျနော်က ဆယ်မျက်နှာကြီးများတောင် ရေးပစ်လိုက်တယ် အဲ့လောက်ကိုတော်ချက် ။ သူငယ်ချင်းက သူ့စာအုပ်မှာ ၃မျက်နှာလောက်ပဲရှိတော့ အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်လို့ မင်းဘယ်လိုများရေးလိုက်တာလဲတဲ့ အနိုင်ရတဲ့စစ်သူကြီးလို သူ့ကိုပြန်ကြည့်လို့ ငါက စာတွေဖတ်တာကိုးကွ လို့ ခပ်တည်တည်နဲ့ပြန်ဖြေလိုက်တယ် ။

စာအုပ်တွေစစ်ပြီး ပြန်ဝေတော့ လူတွေကုန်သလောက်နီးပါးသာဖြစ်လာတယ် ကိုယ့်စာအုပ်ကိုမတွေ့ဘူး စာအုပ်ထပ်တာ သေချာတယ်ပေါ့ နောက်တော့ ကျနော့်ရဲ့ စာအုပ်လေး ဆရာမရဲ့ စာအုပ်ထပ်ထဲမှာ တွေ့လိုက်တယ် ။ အားလုံးဝေပြီးတော့ ကိုယ့်အလှည့်နောက်ဆုံး ဆရာမက စာအုပ်ကလေးမြှောက်ပြီး “ ကဲ..ကဲ အားလုံးနားထောင် ဒီမှာ အကောင်းဆုံး စာစီစာကုံး နင်တို့ကိုဖတ်ပြမဖို့ နာမည်ကဘယ်သူ....မောင်မျိုး*** တဲ့ ဘယ်သူလဲ ” ဆိုတော့ လက်ညှိုးကိုရဲရဲ ၀ံ့ဝံ့ကြီးကို ထောင်ပစ်လိုက်တယ် ငါကွပေါ့ ။ပြီးတော့ ဆရာမ ဆက်ပြီး နှုတ်ခွန်းတွေခြွေပါလေကော “ ရေးခိုင်းတာ စာစီစာကုံး မင့်ကို ဘယ်သူက စကားတွေပြောခိုင်းနေလို့တုန်း ” တဲ့ ပြောလည်း ပြော ကိုယ့်ခေါင်းပေါ်လည်း တဒေါက်ဒေါက်နဲ့ ခေါက်လို့ပေါ့ ။

တကယ်တော့ ဆရာမ အလွန်လည်းမဟုတ်ပါဘူး တကယ်ဆို စကားပြေ စကားပြော ကွဲရမှာ ကျနော် ဆယ်မျက်နှာသာရေးလာတယ် “ ပေါ့ ၊ ပြီး ၊ တယ် ၊ မယ် ” တွေနဲ့ကြီး စာကြောင်းတွေက ဆုံးနေတယ် ဒါကိုက ကိုယ့်ရဲ့ တော်တော်ကြီးတဲ့ အမှားပါ ။ စာတစ်ပုဒ်ရေးလိုက်ရင်လည်း အစကတော့ အတိုချုံးပဲရေးမလို့ပဲ ရေးရင်း ရေးရင် လေကြောက တော်တော်ရှည်သွားတာ အဲ့စာတစ်ပုဒ်ကို ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာလည်း ကျနော် မသိတော့ဘူး အဲ့နေရာမှာတင် တ၀ဲလည်လည်နဲ့ ။

စာရေးတဲ့အကျင့်ကတော့ ကျနော်က သူငယ်ချင်းတွေဆီ စာရေးရတာ တော်တော် ၀ါသနာပါ ပါတယ် ။ ကိုယ်အိမ်နဲ အဆင်မပြေလို့ စိတ်နောက်နေတဲ့ အခါမျိုး အကြောင်းရာတစ်ခုခုကို မအောင့်နိုင်တော့လောက်အောင် ပြောပြချင်တဲ့ အခါမျိုးဆိုရင်တော့ “မျက်မှန်” ဆီကိုစာရေးပါတယ် ကျနော်ရေးသမျှ စာကို မငြီးမငြူ ဖတ်ပေးသူ စာပြန်ပေးသူဟာလည်းသူပါပဲ ။ စာထဲမှာတော့ “ မျက်မှန်ရေ့ မင်းသိလား သူက အဲ့လိုပြောလိုက်တော့လေ ဘယ်ပြောကောင်းလဲ ငါလည်း ငါ့အကွက်ထဲ ၀င်လာပြီးဆိုတော့ တီးထည့်ပေးလိုက်တာ ပျော်စရာကြီးကွ ဟီဟီးး ” ဆိုတာ မျိုး ဟိဟိ ဟားဟားတွေပါထည့်ရေးတတ်တယ် “ ငါလည်း အမေက ဆူတော့ ၀မ်းနည်းတာပေါ့ကွာ မျက်ရည်တွေက ပေါက်ခနဲ ပေါက်ခနဲ ” ဆိုသမျိုး မြည်သံစွဲအလကာင်္တွေ ထည့်လိုထည့် နဲ့ ကျနော် စာတစ်ခါရေးရင် ငါးရွက်လောက်ကုန်ပါတယ် အဆုံးသတ်ကျရင်တော့ “တော်သင့်ပြီး လက်ရေးသည်းခံပါ ” လို့ရေးလိုက်ပေမယ့် ကိုယ် တော်သင့်တာ တော်တော်ကြီးကို ကြာနေပါပြီး ။ သူ့ဆီက မှတ်ချက်ပြန်ရတာကတော့ ကျနော့်စာဖတ်ပြီးရင် သူရယ်ရတယ် ဖတ်လို့ကောင်းတယ်တဲ့ ဒါက ဘလော့မရေးခင်တည်းက စာရေးပိုးစတယ်လို့ပြောရမယ့်အချိန်ပါ ။


စကားပြေ စကားပြော မကွဲပေမယ့်လည်း ဒီတိုင်းပဲ ကျနော်စာတွေဆက်ရေးဖြစ်အုံးမှာပါ ဥပမာ “ ပြီ“ ကို “ ပြီ”လို့မရေး ပဲ “ ပြီးပြီး” လို့ ရေးရင်းနဲ့ပေါ့ :)




P>S = ဒီပို့စ်ရေးတဲ့အချိန်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျနော့်သူငယ်ချင်း မျက်မှန်နဲ့ အဆက်သွယ်ပြန်ရပြီး သူနေကောင်း ပြန်ကျန်းမာနေကြောင်း သိရပါပြီး အဲ့တုန်းက ဆုတောင်းပေးခဲ့တဲ့သူတွေကိုကျေးဇူးပါ ။

20 comments:

Anonymous said...

နာမည်ကြီးသွားရင်မေ့မသွားနဲ့ဦးနော့

မောင်မျိုး said...

ဟက်ကက်း)

မအိမ်သူ said...

ဘလော့ဂ်မှာစာရေးတာ ကျောင်းမှာစာစီစာကုံးရေးတာမှ မဟုတ်တာဟယ်။ စကားပြောသလိုရေးကော ဘာဖြစ်တုန်း။ အဲလိုရေးတာလေးကို ဖတ်ရတာ ပိုပြီးရင်းရင်းနှီးနှီးရှိသလိုခံစားရတယ်။ စာသံပေသံနဲ့ ၏ သည် တည်း တွေကိုဖတ်ရတာ အရမ်းကြီး Formal ဆန်နေသလိုပါပဲ။ သူငယ်ချင်းလေးအကြောင်းကြားရတာ ၀မ်းသာစရာ.. အဲဒီအချိန်တုန်းက Depression တို့ဘာတို့ကြောင့် ဖြစ်သွားတာဖြစ်ပါလိမ့်မယ်။

အမှတ်တရ နေ့စွဲများ.... said...

ဟုတ်ကဲ့

Nyi Linn Thit said...

'ပြီ' ကို 'ပြီး' လို့ ရေးနေတာတော့ ကျနော် အစောကြီး ကတည်းက သတိထားမိတယ်..၊ ကျနော့် သူငယ်ချင်း တစ်ယောက်လည်း အဲဒီလို အမြဲရေးလို့ ချက်ချင်း သတိထားမိတာဗျ၊ ဆရာမက စာအုပ်ကို ပြန်မပေးဘဲထားတယ် ဆိုတော့ အကြီးအကျယ် ချီးမွမ်း တော့မှာပဲလို့ ဝမ်းသာအားရ တွေးတုန်းရှိသေး...၊ ညီကတော့လေ....၊း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ကိုညီလင်းသစ်လိုဘဲ
စာစီစာကုံး ၁၀မျက်နှာရေးတယ်ဆိုလို့ ချီးကျုးမလို့ရှိသေး
ခေါင်းခေါက်ခံလိုက်ရတယ်လို့..
အဲလို ပွင့်ပွင့်လင်းလင်းရေးတတ်တာတွေကြောင့် မောင်မျိုးကို လူချစ်လူခင်များကြတာ..
စာတွေ ရေးဖန်များရင် သတ်ပုံ၊ ရေးဟန်က အစ တဖြေးဖြေး ပြောင်းလဲသွားနိုင်ပါတယ်။
များများရေးပါလို့ တိုက်တွန်းပါတယ်။

တောက်ပကြယ်စင် said...

ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ရေးရင်း ရှေ့တိုးရင်းပေါ့ကွာ။ နော်။ကျန်းမာပျော်ရွှင်ပါစေ မောင်မျိုးရေ။

Anonymous said...

ကိုမျိုးရေ

ကိုမျိုးသူငယ်ချင်းအဖြစ်မျိုး ကျွန်တော့်မိသားစုထဲမှာ ကြုံခဲ့ပါတယ်။ စာနာစိတ်နဲ့ အကြံပေးပါရစေခင်ဗျာ။ ကိုမျိုးသူငယ်ချင်းကို ပြန်ပြောပြပြီးရင် ဒီကွန်မန့်ကိုလဲ ဖျက်လိုက်ပါ။

ဦးနှောက်ထဲမှာ Dophamin ဆိုတဲ့ neurotransmitter တွေ မညီမျှတဲ့အခါ ဥာဏ်ရည်ထက်မြက်တဲ့ လူငယ်လေးတွေ၊ ကျန်းမာသန်စွမ်းတဲ့ လူငယ်လေးတွေဟာ အကောင်းပကတိကနေ ဒီလို ဖြစ်တတ်ပါတယ်။ (မိဘဆွေမျိုးတွေ ဗြုန်းခနဲသေလို့၊ စီးပွားပျက်လို့၊ ရည်းစားနဲ့ကွဲလို့ စသဖြင့် လောကဓံတစ်ခုခုကြောင့် မဟုတ်ခဲ့ရင်ပေါ့။) ဘာမှ အကြောင်းထူး မရှိဘဲ ဒီလို ဖြစ်လာတာဆိုရင် ဦးနှောက်ရှေ့ပိုင်းမှာ dophamin ဓာတ် ထွက်ရှိမှု ပုံမှန်မဟုတ်လို့ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်ရင် လူနာဟာ စိတ်ကူးယဉ်ပြီး အတွေးနယ်ထဲ မြောနေလေ့ရှိတယ်။ လက်တွေ့နဲ့ ကင်းကွာပြီး စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနေတတ်တယ်။ တစ်ချို့ဆိုရင် သူတို့စိတ်ထဲမှာ သူကိုယ်တိုင်၊ သို့မဟုတ် သူနဲ့ရွယ်တူ လူငယ်တစ်ယောက်ကို ဇာတ်လိုက်အဖြစ် ဖန်ဆင်းထားတတ်တယ်။ ပြင်ပပတ်ဝန်းကျင်ထက် စိတ်ကူးယဉ်လောက virtual world မှာ ပျော်နေတော့ လက်တွေ့ဘဝမှာလဲ မအောင်မမြင်တွေ ဖြစ်လာမယ်။

ဒီလိုဖြစ်လာရင် လုပ်ရမယ့် ကုထုံးတွေက--

-စိတ်ကို အမြဲ တက်ကြွရွှင်လန်းနေအောင် ဂရုစိုက်ရပါမယ်။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ မဝင်အောင် ရှောင်ရပါမယ်။ အခန်းနံရံကို ဆေးအဖြူ သုတ်ခြင်း၊ ညဆို မီးချောင်းလင်းလင်း ထွန်းထားခြင်းများဖြင့် စိတ်ကျရောဂါကို တားဆီးပါ။ စိတ်ရှုပ်ထွေးစေမယ့် အသံဆူညံတဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။

-အချဉ် (ဗီတာမင်စီ)များများ၊ အသီးအရွက် (ဗီတာမင်အေ) များများ စားခြင်းဟာ စိတ်ကျရောဂါကို တစ်နည်းတစ်ဖုံ တားဆီးပေးနိုင်ပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် လူဟာ မရွှင်မလန်း ဖြစ်တတ်ပြီး ဗီတာမင်အေ ချို့တဲ့ရင် ဥာဏ်ရည်ပါ ထိခိုက်နိုင်ပါတယ်။ ဗီတာမင်ဘီကတော့ အာရုံစူးစိုက်မှုနဲ့ ဆိုင်တာမို့ စိတ်ပြန့်လွင့်တာတို့၊ အာ၇ုံမစူးစိုက်နိုင်တာတို့ ကြုံနေရရင် ဗီတာမင်ဘီ ဖြည့်တင်းတဲ့အနေနဲ့ နို့သောက်ခြင်း၊ ပဲအမျိုးမျိုးစားခြင်း၊ ငါးစားခြင်းများ ပြုပေးပါ။ မှတ်ဥာဏ်ကောင်းအောင် အိုမီဂါသရီး (ငါးကြီးဆီ)လဲ သောက်ပါ။

-တရားထိုင်ပါ။ အိမ်မှာ ကိုယ့်သဘောနဲ့ကိုယ် မထိုင်ပါနဲ့။ ဒီလို စိတ်ထဲ ဟိုမြင်ဒီမြင် မြင်နေတတ်တဲ့ လူငယ်လေးတွေအတွက် အန္တရာယ်ကြီးပါတယ်။ စိတ်ထဲ ပေါ်ချင်ရာတွေပေါ် မြင်ချင်ရာတွေမြင် ဖြစ်ပြီး ပိုဆိုးနိုင်ပါတယ်။ ရိပ်သာမှာ ဆရာသမား အစောင့်အရှောက်နဲ့ ကျကျနန ထိုင်ပါ။ တကယ် သဒ္ဓါတရားကောင်းကောင်းနဲ့ တရားထိုင်ရင် ဒီဝေဒနာ ပျောက်ကင်းစေပါတယ်။

-ငါးပါးသီလ စောင့်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီလူငယ်လေးတွေဟာ စိတ်ထဲ စိတ်ကူးယဉ်တွေးမိနေတာတွေ၊ မြင်ချင်ရာ မြင်နေမိတာတွေကို ပြန်ပြောပြရင်း ဒါတွေကို ကိုယ်တိုင်လဲ တကယ်ထင်လာနိုင်တယ်။ ငါးပါးသီလမှာ မုသာဝါဒ ရှောင်ကြဉ်ပြီးသားဆိုတော့ --ကိုယ်တွေးနေတာတွေဟာ တကယ်မဟုတ်မှန်း ကိုယ့်ဟာကိုယ် သိသိလာရင် ထုတ်မပြောဖြစ်တော့ဘူး။ ပြောမယ်ကြံလိုက်တိုင်း ဒါတွေဟာ မဟုတ်ဘူးဆိုတာ သူ့ဟာသူ ပြန်သတိဝင်လာရင် ဒီအတွေးတွေကို တကယ်မှတ်ပြီး ထင်ယောင်ထင်မှား ဖြစ်နေတာတွေလဲ နည်းလာမယ်။

-ဘုန်းကြီးဆွမ်း မှန်မှန်လောင်းပါ။ ဘုရားမှာ တံမြက်လှည်း၊ ရိပ်သာမှာ အိမ်သာဆေး၊ ကုဋီဆေး အပတ်စဉ် သွားလုပ်ပါ။ ဘာကြောင့်လဲဆိုရင် ဒီလူနာကလေးတွေဟာ တရားတော်အလိုအရဆို ဝဋ်နာကံနာ ခေါ်ရပါမယ်။ အတိတ်က သူတစ်ပါး သမာဓိကို၊ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်ခဲ့မိတဲ့ အကုသိုလ်ဝိပါက် လိုက်တာတာဆိုတော့ ဒါကို တန်ပြန်ချေဖျက်တဲ့ အနေနဲ့ တစ်ပါးသူတို့ သမာဓိအား၊ စိတ်ဓာတ်အား ကောင်းစေမယ့် ကုသိုလ်ကောင်းမှုတွေ ပြုပေးရပါတယ်။ ဓမ္မစာအုပ်တွေ၊ အခွေတွေ အခမဲ့ ငှားရမ်းလှူဒါန်းခြင်း၊ ရိပ်သာဝင်ချင်တဲ့ သူဆင်းရဲများကို ဆွမ်းဖိုးနဲ့ လမ်းစားရိတ် တာဝန်ယူပြီး ရိပ်သာ ပို့ဆောင်ပေးခြင်းများ ပြုသင့်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ များများလုပ်နေရင် ဒီကလေးတွေ ရောဂါသက်သာပျောက်ကင်းလာတာ တွေ့ရပါတယ်။

အင်္ဂါဟူး said...

ကျွန်တော် ကျတော့ ငယ်ငယ်က စာစီစာစုံး သိပ်ရေးတာဗျာ...ပျော်လွန်းလို့....။

ကျန်တဲ့ ငါးဘာသာက ရှုံးနေကျလေ...မြန်မာစာ မှ ပဲ စာရွက်တွေ ထိုင်တောင်း။ အချိန်ကုန်တောင် ခဏနေဦး ဖြေဖူးတာ...ဟီဟိ။

ရေးချင်သလိုသာ ရေး ...ပေးချင်တဲ့ မက်ဆေ့ခ်ျရ ရင် အဆင်ပြေပါတယ်ဗျာ။

နေ၀သန် said...

ရေးချင်သလိုရေးပါ.. မလိုတဲ့နေရာမှာ ၀စ္စနှစ်လုံးပေါက်ထည့်ပြီး လိုနေတဲ့နေရာမှ မကျန်ခဲ့ရင် ပြီးရော... :P..:D:D

ခင်မင်လျက်
နေ၀သန်

မေသိမ့်သိမ့်ကျော် said...

စာစီစာကုံး ၅မျက်နှာတောင်...?? ရေးနိုင်ချက်များ... ကိုယ် အဆင်မပြေတဲ့ခေါင်းစဉ်မျိုးဆို ကျွန်မဆို ဘယ်လိုလုပ်လဲဆိုတော့ လက်ရေးကျဲကျဲနဲ့ ရေးတယ်။ ဘေးမျဉ်းကြီးကြီးတားလိုက်တယ်။ ဟီး။


ခင်တဲ့

ညိမ်းနိုင် said...

အင်း....အကိုလည်း စာစီစာကုံးဆို သိပ်ရေးတာ...၊သူများ
၃မျက်နှာဆို ကိုယ်က ၆မျက်နှာပဲ...၊ပြီး ကိုယ်ရေးချင်တာ
တွေလျှောက်ရေးရင်း ခေါင်းစဉ်နဲ့ တလွဲချည်းဖြစ်ဖြစ်သွား
တာကလား...:))) ဘလော့ကတော့ကွယ်...အဆင်ပြေသ
လိုသာရေးလိုက်ပါ....။စာလုံးပေါင်းမှားလည်း ခင်မင်စိတ်
နဲ့နောက်ပြောင်တာကလွဲလို့ သည်းခံပါအိ....:D

Angelhlaing(May everybody be happy and healthy! said...

တော်တော်ရေးနိုင်တာပဲ ကိုမျိုးက... သုံးမျက်နှာတောင် အနိုင်နိုင်ရယ်....:):)
အဲဒါတွေကြောင့် ဘလော့မောင်နှမတွေ မေတ္တာတွေ အများကြီး ရယူထားတာပေါ့လေ...:)

ညီရဲ said...

ကျွန်တော်လဲ လက်ရေး မလှဘူးဗျ။ စာစီစာကုံးလား လက်ရေးနောက်ကျလို့ ဘယ်တော့မှ ကောင်းကောင်း မရေးခဲ့ရဘူး။ ကျွန်တော်က တော်တော် ညံတဲ့ကောင်ဗျ...

မေဓာဝီ said...

မောင်မျိုးနဲ့ စာလုံးပေါင်းအမှားကတော့ ဒွန်တွဲနေသလိုပါပဲ။ ဟိုးအရင်ကတည်းက သတိထားမိပါရဲ့ရှင်။ ပြောချင်သော်လည်းပဲ အဘောက်မီမှာ "ကျနော်စာလုံးပေါင်းတွေ အရမ်းမှားတတ်တယ် ဒါပေမယ့် ပြင်ရမှာ ပျင်းတယ်"လို့ ရေးထားတာမို့ ကိုယ့်ကိုယ်ကိုယ်တော့ မှားမှန်းသိရှာသားပဲလေ ... ဆိုပြီး အသာလေး နေနေတာ။ :)

စာစီစာကုံး ဒို့ဖေဖေ ဒို့မေမေ ဆိုလို့ ဆရာတယောက် ပြောတာ သတိရမိသေးတယ်။ အဲဒီရပ်ကွက်တခုမှာ ကလေးတွေ စာစီစာကုံး ကျက်နေကြတာ ဒို့ဖေဖေ အကြောင်းပေါ့။
တအိမ်က ကလေးက ... ကျနော်၏ အဖေမှာ ဦးဘ ဖြစ်ပါသည်။
နောက်တအိမ်မှာလဲ ... ကျမ၏ အဖေမှာ ဦးဘ ဖြစ်ပါသည်။

ဒီလိုနဲ့ တရပ်ကွက်လုံးက xx တန်း ကျောင်းသား ကျောင်းသူတွေ အားလုံးရဲ့ အဖေက ဦးဘချည်း ဖြစ်နေသတဲ့။ ကျောင်းက ဆရာမက စာစီစာကုံး ရေးပေးပြီး ကျက်ခိုင်းလိုက်တာကိုး။ ဒါကြောင့် အားလုံး ဆင်တူ ဦးဘချည်းပဲ ဖြစ်နေတာ။

သြော် ဦးဘတို့များ မွေးနိုင်လိုက်တာ တရပ်ကွက်လုံးက ကလေးတွေ ဦးဘ သားသမီးတွေချည်းပါလားလို့ ဒီဆရာက မှတ်ချက်ချလိုက်မိသတဲ့။

စကားပြေ စကားပြော မကွဲတာက တချို့တွေမှာ တွေ့ရတယ်။ မောင်မျိုးစာတွေထဲတော့ အဲဒီလို ရောထွေးနေတာ မမြင်မိပါဘူး။ များသောအားဖြင့် မောင်မျိုးက စကားပြောနဲ့ ရေးတာ များတာပဲ မဟုတ်လား။

တကယ်က စာတပုဒ်ရေးမယ်ဆိုရင် စာစကားနဲ့ ပြောစကား ဘယ်လိုရေးရေး အလျဉ်းသင့်သလို ရေးနိုင်ပါတယ်။ တပုဒ်ထဲတော့ နှစ်မျိုးလုံး ရောမရေးနဲ့ပေါ့။ စကားပြောသလို (တယ်၊ မယ်) အဆုံးသတ်ပြီး ရေးချင်ရေး ဒါမှမဟုတ် စာလို (၏၊ သည်၊ မည်) ရေးချင်ရေးပေါ့။ တချို့ကတော့ စာပိုဒ် တခုထဲမှာကို အခု "တယ်"လိုက် အခု"သည်"လိုက်နဲ့ ရောထွေးနေတယ်။ အဲဒီလိုမျိုးတွေကျတော့ အကြောင်းအရာ ဘယ်လောက် ကောင်းကောင်း ဖတ်ရတာ အရသာပျက်သလိုပဲ။

နောက်ဆုံးအနေနဲ့ အကြံပေးရရင်တော့ နောက်ကို စာရေးပြီး အဆုံးသတ်ရင် ခုလို အဆုံးသတ်ပါလား။ :)

ပြီးပြီး
မောင်မျို

ကိုကိုမောင်(ပန်းရနံ့) said...

အင်း..
ကျနော်နဲ့ စာစီစာကုံးဆိုပြီး ဘလော့တခွင် တဂ်စာတွေ ဖြစ်သွားပြန်ရင် ဒုက်ခ။ အခုတောင် ကွန်မင့်မှာ စာစီစာကုံးတော်ကြောင်း ပြောနေသူတွေ ရှိနေပြီ။း))

မောင်မျိုရဲ့ စာစီးစာကုံကိုး
သူးကြီမင်း ဖတ်သွာသည်း။း))

ခင်မင်လျှက်

လင်းခေတ်ဒီနို said...

ငမျိုး မင်း ဘယ်ကျောင်း တက်တာတုန်း မော်လမြိုင်မှာ . . . .

blackroze said...

ဟုတ်လိမ့်မယ်...

နင်အဲတာကြောင့်ဘလော့ဂါ ဖြစ်လာတာနေမှာ..

ခင်တဲ့ အမ Blackroze

ဟန်ကြည် said...

စာစီစာကုံး ပြန်ရေးချင်သေးရင် ဆရာ့ဆီလာပြီး သင်တန်းတက်လေ...သင်တန်းကြေး လစဉ်သွင်းရင် အလကားသင်ပေးမယ် ;D

san htun said...

ရေးသာရေးပါ မောင်မျိုးရေ...ပြီး တွေ့ ရင် ဝစ္စနှစ်လုံးပေါက် ဖျောက်ပြီး ပြီလို့  ဖတ်ပေးသွားမယ်... အမလည်း ကျောင်းပိတ်ရင် ခရမ်းကို ပြန်တဲ့ သူငယ်ချင်း အိကေဆီကို စာတွေ ရေးတယ်...ဒီလို စာရေးချင်တဲ့ပိုးကြောင့်ပဲ ဘလော့ဂါ ဖြစ်လာတာ နေမှာ...းD

LinkWithin

Related Posts Plugin for WordPress, Blogger...