Sunday, September 4, 2011

မြစ်ကမ်းဘေးက ရွာ

ရင်ထဲ မှတ်မှတ်ရရ ရှိနေသေးတဲ့ ခရီးစဉ်လေးတစ်ခုပါ ကျနော်တို့ အောက်ပြည်သားတွေက နည်းနည်းလေး အထက်ပိုင်းရောက်တဲ့ သူတွေကိုဆို အညာ လို့ပဲ အလွယ်ခေါ်လိုက်ကြတာပဲ ။ အခုမှ သိလာတာ ဒါက တကယ့် အညာမှမဟုတ်သေးတာပဲ တကယ့်အညာစစ်စစ်ကိုတော့မရောက်ဖူးသေးပါဘူး သိပ်ရောက်ဖူးချင်တာပဲ ဆရာမ ခင်ခင်ထူးရဲ့ စာအုပ်တွေဖတ်ပြီး တအားရောက်ဖူးချင်ခဲ့တာ ။ကျနော့်ယောက်ဖကြီးက အဲ့ဒီအထက်သားပါ မင်္ကြီးနဲ့ အိမ်ထောင်ကျပြီးကတည်းက ကိုယ်တွေမွေးရပ်မြေမှာ အခြေချဖြစ်သွားတာ ။

သူ့ဘက်က အမျိုးတွေ လာလာလည်ရင် အနေအေးတွေ တူတွေက ဧည့်မခံတတ် စကားလည်းမပြောတော့ သူတို့ခမျာ အမျိုးတွေသာဆိုတယ် မခေါ်မပြောကြတော့ နေရခက်နေတဲ့ပုံလေးတွေ ။အဲ့တော့ အင်မတန် အာပေးကောင်းတဲ့ ကျနော်မောင်မျိုးက “ ဘယ်တော့ရောက်ကြလဲဗျ ထမင်းစားခဲ့ပြီးပြီးလာ လာလာ ၀င်ကြ နေကောင်းကြတယ်ဟုတ် အားလုံး ” ဘာညာ သာရကာနေကြာကွာစေ့တွေလုပ်လို့ပေါ့ ဈေးဆိုင်တစ်ဖက်နဲ့ အလုပ်များတဲ့ အစ်မတို့လင်မယားက ဧည့်သည်တွေ ဂရုမစိုက်အားတော့ ကျနော်ကပဲ ဧည့်ခံရတာ တစ်ခါတလေတော့ ရယ်ချင်စရာကောင်းသား ကိုယ်ကကြီးပြောနေတာ သူတို့က အူလည်လည်နဲ့ ကိုယ့်လည်းမကြည့်ဘူးရယ် ကိုယ့်မှာ ရယ်စရာပြောပြီး တစ်ယောက်တည်းပြန်ရယ်နေရတဲ့အဖြစ်။

ကိုယ်နဲ့ စပ်လို့တောင် အမျိုးတော်တာမဟုတ်ပေမယ့် ကိုယ့်ကိုတော့ တော်တော် ခင်ရှာကြတယ် ။သူတို့တွေ အိမ်ပြန်ကြတော့ ကိုယ့်ကိုယ်ပါ အိမ်လည်အပါခေါ်ကြတာ ခရီးက ဝေးတယ် ပြီးတော့ သူတို့ရွာတွေက ခေါင်တယ် သွားဖို့တော်တော် ခေါင်းစားနေတယ် စိတ်ပြေလက်ပျောက်တော့ ခရီးလေးထွက်ချင်သား အမေ့ကိုပြောတော့ အမေက လိုက်သွားလေ စိတ်ညစ်ပြေတဲ့အထိနေခဲ့ပေါ့တဲ့ ။အဲ့တော့ အဲ့ အညာမဟုတ်တဲ့ အညာလို့ထင်ရတဲ့ ရွာကို အလည်သွားဖြစ်ပါတယ် ။ကိုယ့်ပုံက အရမ်းကြီးလန်းနေလို့တော့မဟုတ် သူတို့ပုံက အရမ်းကြီးများ တုံးနေလားမသိ ( တုံးတော့တုံးနေပါတယ် ပြောရမှာ အားနာလို့ )အစ်ကိုတစ်ယောက်ဆို ဖိနပ်လည်းမစီးဘူး ကားဂိတ်မှာ လူတွေကြည့်နေတာ အားပါး ရှက်ထာဆိုတာ ကိုယ်က မသိမသာလေး ကိုယ့်ပါသာတစ်ယောက်တည်းလိုလိုနဲ့ ခွဲထွက်နေလိုက်တယ် ။

ကားစီးတော့လည်းဧည့်သည်ကိုဦးစားပေးပြီးမောင်နုကျနော့်ကို ခေါင်းခန်းမှာ ပေးစီးပါတယ် တစ်လမ်းလုံး ညောင်းညာ ကိုက်ခဲနေလိုက်တာ ကားခရီးစဉ်ကုန်တော့ ခြေလျှင် ခရီးစဉ် အားပါးပါး သူတို့တော့ လျှောက်နေကြမို့လားမသိ ကျနော်လည်းတောသားပါပဲ တော်တော်ကြီးကို ခေါင်တဲ့ရွာ အဝေးကြီးရယ် ၃ နာရီလောက် လမ်းလျှောက်ရတဲ့ ခရီးက နည်းသလားလို့ သေချင်စော်ပါနံတယ် ဒီ့ထက်ဆိုးတာ ရွံတတ်တဲ့ ကျနော်အတွက် ပြသနာပါ ကိုယ်တွေဆီက နုံးက နင်းမိရင် မြေရောင်ကအနီ ပြီးတော့ ၀ပ်နေတဲ့ ဗွက်ဆိုတာ ရှားတယ် ပြီးတော့ ဒီအိုင်မှာ နင်းမိတဲ့ဗွက် နောက်ရေများတဲ့ အိုင်ကျ ခြေလေး လှုပ်လှပ်ဆေးလိုက်ရင် ပြောင်ကော ဘာမှမရှိတော့ဘူး သူတို့ဆီက ဗွက်ကျတော့ဆိုးလိုက်တာ နင်လိုက်မိတာနဲ့ “ဇွိ ” ခနဲပဲ ရွံလိုက်တာဆိုတာ ဆေးတော့လည်းမပြောင် တစ်လမ်းလုံး တစ်“ ဇွိ ဇွိ ” နဲ့ လည်ချောင်းတွေဆိုတာ ယားနေတာပါပဲ။

ရွာကိုရောက်တော့ထမင်း တောင် မစားနိုင်တော့ပဲ တန်းအိပ်ပျော်သွားတာ အိပ်ရင် ဘာမှမသိတော့ပါဘူး မနက်လင်းတော့ ကိုယ့်နားလူသံတွေ ကြားတာနဲ့ မျက်လုံးဖွင့်ကြည့်မိတော့ လူတွေ အများကြီးဗျာာ သူတို့င်္ဆီမှာ ဧည့်သည်လာရင် ဒီလိုကြီးပဲတဲ့ အိပ်ယာထရင် အပေါ့အပါးသွားချင်တဲ့ကိုယ်တောင် မသွားရဲတော့ဘူး ရှက်လို့ ခေါင်းမြီးကြီးခြုံပြီး လှိပ်အိပ်နေလိုက်တယ် ။ပြီးတော့ ထမင်းစားတဲ့အခါကျ ကိုယ့်ကိုတော့ တကယ့်ကောင်းကောင်း ဘုန်းကြီးပွဲလိုကျွေးပြီး သူတို့ကျတော့ ဖြစ်သလိုတွေ စားတတ်ကြတာ အားနာလိုက်တာ ။ တကယ်ကို အစားသောက် ချွေတာကြ အစားဆင်းရဲကြတဲ့သူတွေပါပဲ တစ်ရွာလုံးမှာမှ ဈေးဆိုင်လေးတစ်ဆိုင်ထဲ ။ ပြီးတော့ တကယ့်တောဓလေ့တွေရှိနေကြတုန်း လေ့လာမိသလောက်ပါ ရွာမှာ အမျိုးများတဲ့သူ ၊ လယ်ပိုင် ယာပိုင်များတဲ့သူ အဆင်ပြေကြတဲ့သူတွေဆို ရွာမှာ သူ့အလိုလို အရှိန်ဝါ ရှိနေကြသလိုပါပဲ ။

ဧည့်သည်ေ၇ာက်တယ်ဆိုရင် သိသိမသိသိ ရွာထဲက အိမ်တွေက ထမင်းစားဖိတ်ကြပါတယ် တကယ်ချစ်ဖို့ကောင်းတဲ့ ဓလေ့လေးပါ မရှိရှိတာလေးနဲ့ပေါ့ ကျနော် အစားရွေးမှန်းသိတော့ အိမ်ရှေ့အိမ်က ထမင်းစားဖိတ်တော့ ပထမတော့ ငြင်းသေးတယ် အားနာတာနဲ့ ခဏခဏ ခေါ်နေတာနဲ့ နောက်ကျ စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ လာစားမယ်လေ ပြောလိုက်တယ် ညနေပိုင်းကြတော့ အဲ့ဒီအိမ်က ကြက်င်္ကြီးကိုလိုက်ပစ်နေတာ လူအုပ်ကြီးက ၆ ယောက်လောက်ရှိတယ် ကျနော့်မှာ အံ့တွေသြလို့ ငါအငတ်ကျတာနဲ့ ကြက်ကြီးကို လိုက်ပစ်နေလိုက်ကြတာ ငါတော့ ငရဲတွေကြီးလိုက်မယ့်ဖြစ်ချင်းပေါ့ ဒါကိုကပဲ ရွာဓလေ့ထင်ပါတယ် ကျနော်တို့ ရွာမှာလည်း အသားငါး အလွယ်ဝယ်မရလို့ ဧည့်သည်လာတဲ့အခါကျ အိမ်ကကြက်တွေပဲပေါ့ ။

ညနေပိုင်းရောက်တော့ ကျနော်တည်းတဲ့အိမ်ရဲ့ အနောက်မှာက စစ်တောင်းမြစ် ရှိပါတယ် စာတွေထဲ ဖတ်ရသလို သဲသောင်ပြင်ဖွေးဖွေးမှာ မောင်တစ်ယောက်တည်း မေ့ကို လွမ်းလို့ပေါ့ ကဗျာတွေ ဘာတွေဆန်လို့ ကောင်းကောင်းကြီး မြစ်ကမ်းစပ်မှာထိုင် မြစ်ထဲမျောနေတဲ့ အရာတွေကို မျက်စေ့တစ်ဆုံးလိုက်ကြည့် ငေးချင်ရာတွေငေး တွေးချင်ရာတွေတွေးလို့ တုတ်တစ်ချောင်းကိုင် သဲတွေပေါ်မှာ စာတွေလိုက်ရေး ပြီးတော့ အပီအပြင်ကိုထိုင်ချလို့ သဲအိမ်တွေဆောက်နေလိုက်တာ ခလေးကြီးလိုလို တော်တော်ပျော်ဖို့ကောင်းပါတယ် ။

ကိုယ်ကသာပျော်နေတာ ရွာထဲမှာ က ခေါင်းတွေမီးတောက်လို့ သူတို့ အယူက စစ်တောင်းမြစ်ထဲရေးဆင်းကူးရင် မြစ်က ဧည့်သည်ကိုစားပါတယ်တဲ့ ရွာရင်းတွေကိုတော့ မစားဖူးဆိုပဲ အဲ့တော့ ကိုယ်ရေဆင်းကူးလို့များ ကိစ်စရှောသွားလေသလားဆိုပြီး လိုက်ရှာကြတယ်ဆိုပဲ ပြီးတော့ ရွာမှာ တော်တော်ဆိုးတဲ့ အရူးမတစ်ယောက် ရှိတယ်တဲ့ သံကြိုးနဲ့တောင် တုတ်ထားရတယ်ပြောပါတယ် အဲ့အရူးမနဲ့တွေ့လို့ပဲ ကျနော် အေးချမ်းမေလို တစ်စစီကျိုးပဲ့နေင်္ပြီလားပေါ့ သူတို့ခများ သနားပါတယ် ခေါင်းတွေမီးတောက်လို့ ရှာလိုက်ကြတာဆိုတာ တော်တော်ကြီးနေ၀င်မှ အိမ်ကိုပြန်ရောက်လာတဲ့ ကိုယ့်ကိုတွေ့ပြီး သက်ပြင်းချနိုင်ကြတယ် စိတ်ဆိုးတဲ့သူက ဆိုးလို့ ။

အဲ့ခရီးလေးက ငွေတွေအများကြီးကုန်အောင် သွားရတာမဟုတ်ပါပဲ အတွေ့ကြုံသစ်တွေ မိတ်ဆွေသစ်တွေ ဓလေ့စရိုက် အသစ်ဆန်းတွေနဲ့ ပျော်စရာ ခရီးစဉ်လေးတစ်ခုပါပဲ သူတို့တွေကတော့ ရွာကို ဧည့်သည်ပါလာရင် မျက်နှာရှိတာမို့ ကိုယ်နဲ့ဆုံတိုင်းတော့ အလည်ခေါ်နေကြတုန်း ဒါပေမယ့်လည်း ပြုံးပြုံးလေးနဲ့ ခေါင်းခါလို့ နောက်တစ်ခေါက်ပေါ့လို့ ပြောလိုက်တော့တယ် တကယ်ကြီး အဲ့လောက် ခေါင်တဲ့ရွာဆိုတော့လည်း နေရတာပျင်းတယ်ဗျ ။ တောသား ကျနော်ရဲ့ ခေါင်တဲ့ရွာ အတွေ့အကြုံလေးပါ ။ ရွာကလေးက ခေါင်ပေမယ့် စေတနာတွေက လန်းဆန်းလို့ပါ အချိန်များရသေးရင်တော့ ကျနော် အဲ့ရွာကလေးကိုတစ်ခေါက်လောက် ထပ်သွားချင်ပါသေးရဲ့ဗျာ ။







23 comments:

ညီရဲ said...

ကျွန်တော်လဲ မြစ်ကမ်ပါးက ရွာလေးမှာ နေတာပါဗျာ...
မြစ်ကမ်းပါးမှာ နေရတဲ့ အရသာက ဘာနဲ့ မှ မလဲနိုင်ဘူးဗျ...
နေဖူးမှ သိတာ...
နောက်မှ တို့ မောင်မျိုးကို အလည်ခေါ်ဦးမယ်...
ပထမဦးဆုံး လာလည်သွားတယ်ဗျို့ ...

blackroze said...

မောင်မျိုးရေ
နောက်ခေါက်သွားရင်ကျမကိုလည်းခေါ်ပါ
တောဆိုရင်အလည်သွားရတာ
အရမ်းပျော်လို့..

ခင်တဲ့အမ Blackroze

ကိုကိုမောင်(ပန်းရနံ့) said...

အင်း... သူကြီးမင်းတို့ တုံးဖလားရွာထက် ပို တောကျတဲ့ ပုံဘဲ။ ဒါပေမဲ့ စစ်တောင်းမြစ်ကြီး ရှိလို့ တော်ပါသေးရဲ့။း))

ခင်မင်လျှက်

Nyi Linn Thit said...

ကြက်တစ်ကောင်ကို လူ ၆ ယောက် တရုန်းရုန်း လိုက်ပစ်နေတဲ့ပုံကို မျက်စိထဲ မြင်သွားတယ်၊း) ရွာတွေ မှာတော့ ဧည့်သည်လာရင် ကြက်တွေ၊ ဝက်တွေ မျက်ခုံး လှုပ်ကြတာ ပါပဲ၊ ခေါင်လွန်းတဲ့ ရွာတွေ သွားရင် စိတ်ဝင် တစားနဲ့ ပျော်ဖို့ ကောင်းတာရော...၊ အနေအထိုင် အသားမကျလို့ စိတ်ညစ်ရတာရော အမြဲပဲ ရောယှက်နေ မယ် ထင်တယ်ဗျ...။ ရွာသရုပ်ဖော်တာ အရမ်း ကောင်းတယ်..။

လင်းခေတ်ဒီနို said...

တဇွပ်ဇွပ် ကို သုံးနာရီလောက်ပြန်နင်းချင်သေးတယ်ပေါ့ ဟုတ်လားး))))

မဒမ်ကိုး said...

ဇွိ ဇွိ ”အဲလိုကြီး နဲ့ မျှော့မတွယ်လာဘူးလား ဟဲဟဲ

ဖတ်လိုက်တာနဲ့ကို တော်တော်ကဲလာပုံပဲ..
နောက်ထပ်မသွားချင်ပါနဲ့တော့
လူတွေ ကိုမူးအောင်မလုပ်ကြေး
ကြက်တွေလဲကုန်တော့မယ် ဟဲဟဲ
ဒီမှာတင်ရပ်တော့း)

နေ၀သန် said...

မောင်မင်း.. တော်တော်သည်းရော... နှုန်းဘာဖြစ်လဲ.. ဇွပ်ဘာဖြစ်လဲ.. ရေပြန်ဆေးပြောင်ရောပဲ.... ငါကတော့ တောမှာ ဘာမှမရွံဘူး.. ဒါပေမယ့် အိမ်သာတော့ ကြောက်တယ်.. မတော်ပြုတ်ကျသွားမှာစိုးလို့... :P

ခင်မင်လျက်
နေ၀သန်

မိုးခါး said...

ငါလည်း မေးမလို့ .. မျော့တို့ ကျွတ်တို့ တွယ်မခံရဘူးလား .. :D ပုံလေးတွေ ကြည့်ချင်တယ် .. နောက်တခါသွားရင် ရိုက်ခဲ့နော် မင်းသား :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧည့်သည်လာရင် မျက်နှာရတယ်လို့ ထင်တဲ့ အဲဒီရွာကလေးကို ဧည့်သည်သွားလုပ်ချင်လိုက်တာနော်
လိပ်စာကလေးလည်း ပြောပြဦးလေး)
တို့လည်း မြစ်ချောင်းဘေးမှာကြီးတာဆိုတော့ ချောင်းထဲကို ဝုန်းခနဲခုန်ချရတဲ့ အရသာကို သိပ်သဘောကျ ..
ချောင်းထဲမှာ အချိန်ကုန်တာ များတယ်
ရွာဓလေ့ စရိုက်တွေက ချစ်စရာပါလေ

အမှတ်တရ နေ့စွဲများ.... said...

ရွာထိပ်က ထန်းတောထဲမှာ လေတဟူးဟူးနဲ့ ထန်းရေသွားသောက်တာ အပြန်တယောက်ထဲပြန်လာပြီး ရွာလမ်းမကြီးဘေးမှာ မူးမူးနဲ့အိပ်ပျော်သွားပါလေရော... နောက်နေ့ကြရှက်လွန်းလို့ အပြင်တောင်မထွက်ရဲဘူး ... နင့်သူငယ်ချင်း ရန်ကုန်ကလိုက်လာတဲ့ကောင်လေး မူးပြီး လမ်းဘေးမှာ အိပ်ပျော်နေတယ် သွားခေါ်လိုက်ဦးဆိုပြီး လာခေါ်လို့ ထမ်းခေါ်ခဲ့ရတယ်တဲ့...

mstint said...

မောင်မျိုးရဲ့ အတွေ့အကြုံလေးတွေဖတ်ရင်း ဖြူစင်တဲ့ရွာသူ ရွာသားတွေကို သတိရမိတယ်။ ရွာတိုင်းမှာ အတူတူပါပဲလား။ ဧည့်သည်ကို ထမင်းစားဖိတ်လို့ ဧည့်သည်ကမအားရင် လဘက်ရည်သောက်ဆိုပြီး ဖိတ်ကြပြန်တယ်နော်။ အန်တီ့တုန်းကတော့ ယင်းချောင်းကြီးနဘေးမှာ ထိုင်ခဲ့ဘူးတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ခရီးသွား အတွေ့အကြုံလေး ဖတ်ရင်း...( သူတို့ပုံက အရမ်းကြီးများ တုံးနေလားမသိ ( တုံးတော့တုံးနေပါတယ် ပြောရမှာ အားနာလို့ ) ) အဲဒီနေရာလေးရောက်တော့ အားရပါးရ ရယ်မိတယ် ....အဟီးးးး ..ခရီးသွားရတာ နှစ်သက်ပေမယ့် နေရာတော်တော်များများ မရောက်ဘူးသေးတော့ ...သွားတော့သွားချင်သား ကိုမျိုးရေ..ခုများတော့လား.....

ဖြိုးမောင်မောင်(CTM) said...

မောင်မျိုးရေ ငါသာမင်းလိုရေးတတ်လို့ ကတော့
တောဓလေ့ တွေ ရွာဓလေ့တွေက စုံလို့ 
ငါတို့ မြို့ က ကျေးရွာပေါင်း၁၆၄ရွာရှိတာ
ငါမရောက်ဘူးတဲ့ ရွာကခပ်ရှားရှားရယ်။
ဟိုတုန်းကပါ.......ဒီပို စ့်လေးအတွက်
ကျေးဇူးတင်မိတယ်။ ရွာတွေကို ပြန်ပြီမြင်ယောင်မိလို့ 

ဟန်ကြည် said...

ဒီလောက်ရွှံ့ကြောက်တဲ့ လူကိုတော့ အညာစစ်စစ်ကြီးက အမျိုးတွေဆီပြန်မှ အလည်ခေါ်သွားရမယ်...

အဲဒီရွှံ့တွေက တနယ်မြေစေးလို့ ခေါ်တယ်မောင်မျိုးရေ...အဲဒီမြေမျိုးတွေကမှ စပါးပင်စိုက်လို့ သန်သဗျ...

ဧည့်သည်လာရင် ထမင်းဖိတ်ကျွေးတာ၊ ဧည့်သည်ကို ရှိသမျှချကျွေးပြီး ဧည့်သည်စားတာကို အရသာခံပြီး ကျေနပ်၊ ကိုယ်တိုင်က ငရုတ်သီးဆားထောင်းလေးကို ဟင်းချိုအေးစက်စက်ကြီးနဲ့ မျိုချပြီး ပီတိဖြစ်နေတတ်တာ၊ ဧည့်သည်ကို ရှိစုမဲ့စု စောင်ခြင်ထောင် အကောင်းတွေချပေးပြီး ကိုယ်တိုင်ကတော့ ခြင်ကိုက်ထဲမှာ ပုဆိုးလေးခြုံကွေးလေ့ရှိတာ၊ ကိုယ့်အိမ်မှာ မြို့က ဧည့်သည်တစ်ယောက်လာရင် မျက်နှာတွေပွင့်ပြီး မိတ်ကောင်းဆွေကောင်းတွေပေါတဲ့လူလို့ ကိုယ့်ကိုယ်ကို ကျေနပ်ပီတိဖြစ်နေတတ်ကြတာ အညာသားတွေပေါ့ မောင်မျိုးရေ...အနေကုပ်ကြပေမယ့် စိတ်ရင်းစေတနာရင်းကတော့ ရွှေထုပ်တဲ့ မြပ၀ါတွေမို့ ဒီပို့စ်ကိုဖတ်ရင်းက အညာက ဆွေမျိုးတွေဆီကို စိတ်ကူးနဲ့ အလည်သွားမိသေးတယ်...

ဦးဟန်ကြည်လည်း ရေတစ်စက်မှ မရောတဲ့ အညာသားစစ်စစ်ကြီးပါတဲ့ဗျား...

ညိမ်းနိုင် said...

အဲ့ရွာသွားရင်ခေါ်စမ်းပါဟာ....လိုက်လည်ချင်တယ်...။ရွာ
စဉ်လျှောက်သွားရတာသိပ်သဘောကျဖို့ကောင်းတာရယ်...

...အလင်းစက်များ said...

နေရာတော့ထည့်ရေးမထားဘူးနော်...။ အဲ့လိုခေါင်သေးတဲ့ နေရာတွေ အများကြီးပါပဲ။ ရန်ကုန်နဲ့  အလှမ်းမဝေးလှတဲ့ မြစ်ဟိုဖက်ကမ်းတွေမှာတောင် ဒီလို ခက်ခဲတဲ့ နေရာတွေ အများကြီးပါပဲ။

ရွာအကြောင်းတစ်ပုဒ်ရေးထားတာ ရှိပေမယ့် ခုထိ လက်စ မသတ်နိုင်သေးပါဘူး။ အဲ မောင်မျိုးလို ပွင့်ပွင့် လင်းလင်း မရေးတတ်တဲ့ အကျင့်ကြောင့်ပဲထင်ပါရဲ့ စာတွေရေးရတာ သိပ်မပေါ့ပါးလှဘူး။

Anonymous said...

အဲ့ဒီ့ ဇွိ ဇွိ ထဲ လမ်းလျှောက်ရင်း
တော်တော် မောမှာပဲနော် ..
(( မေးတတ်လိုက်တာ လား )) .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တောက်ပကြယ်စင် said...

အသံက ဇွိခနဲပဲ ဟုတ်လား။ အဲဒီလို ရေးတတ်တာကို သဘောကျတာ မောင်မျိုးရဲ့။ ဘုန်းဘုန်းရွာပြန်တုန်းက ဘုန်းဘုန်းအတွက် ကြက်သတ်ကြတာကို ပြန်မြင်ယောင်နေမိပါရဲ့။ တောဓလေ့လေးက တစ်မျိုးတော့ ချစ်စရာကောင်းပါတယ်။

မြစ်ကျိုးအင်း said...

ရွာတွေသွားလည်ရင် မရှိရှိတာ ဖန်တီးကျွေးမွေးတတ်တဲ့ ဓလေ့လေးက တအားချစ်ဖို့ကောင်းတယ်။
ကိုယ်တွေက အိမ်ပေါ်မှာ စကားပြောနေတုန်း ကွစ်ခနဲ အသံလေး အမှတ်မထင်ကြားလိုက်ရတယ်။ ထမင်းစားတော့ ကြက်သားဟင်းနဲ့။ ဧည့်သည်လာရင် အိမ်အောက်ဝင်ပြီး ကြက်ကို လေးခွနဲ့ ပစ်တော့တာပဲ။ နောက်တော့ အကြောင်းသိသွားတာနဲ့ အိမ်အလည်ရောက်တာနဲ့ ထမင်းမစားတော့ဘူးဆိုတာကို အရင်ဆုံး အတန်တန် ပြောရတော့တယ်။ မြိုလို့မှ မကျဘဲလေ။

An Asian Tour Operator said...

ဘယ်နားကရွာလဲ ပြော။ တုံးဖလား ကိုလည်ပြီးရင် အဲဒီရွာဝင်မယ် ဆိုပြီး ခရီးစဉ် အသစ်ဆွဲ လိုက်မယ်။

မေသိမ့်သိမ့်ကျော် said...

သွားလည်ချင်တယ်ဗျိုးးးး။ ဇွိဇွိနဲ့ရွှံ့တွေနင်းရလည်း သွားမှာပဲ။း)


ခင်တဲ့
မေသိမ့်

san htun said...

ရွာဓလေ့တွေက ရိုးသားပွင့်လင်းပြီး ချစ်ဖို့ ကောင်းတယ်..

Kyak Paung said...

Up :P

LinkWithin

Related Posts Plugin for WordPress, Blogger...