Wednesday, September 14, 2011

အမေ နဲ့ ရွာ

အမေ့ ကိုလွမ်းတယ် ပြီးတော့ ရွာကိုလည်းလွမ်းတယ် ။ ခုရက်ပိုင်းပိုလို့သတိရတယ် မိုးတွေရွာတော့ ပိုဆိုး ။အမေ နဲ့ ရွာ အမြဲတမ်းတွဲမြင်နေကြပါပဲ ။ အမေက ရွာကနေ ဘယ်တော့မှ မပြောင်းသလို ရွာမှာပဲ ပျော်တတ်တဲ့သူပါ ဒီလိုပဲ ရွာက လူတွေကလည်း အမေ့ကို ချစ်ကြ ရိုသေကြတယ် ။ အမေ့အိမ်ရောက်ဖို့ဆိုရင် ကျနော် လှည်းလမ်းတွေဖြတ်ရမယ် ပြီးတော့ ၀ါးအုပ်ကြီးတွေကိုလည်း ကျော်ရမယ် ရွာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ချောင်းရေစီသံတွေ ကြားကြားနေရမှာ မနက်မိုးလင်းရင်တော့ မိုးသည်းမယ့်နေ့တွေဆိုရင် သစ်ရိုင်းပင်တွေ ရိုက်ခတ်သံနဲ့ ၀ါးပင်ကြီင်္းတွေက ယိမ်းထိုးကနေသလို မြင်ကွင်းမျိုးတွေကိုလည်း မြင်ရမှာ ဒါက ကျနော့်စိတ်ကူးနဲ့ ခဏခဏ အလည်ပြန်ဖြစ်နေတဲ့ ကျနော့်ရဲ့ ရွာလေးပေါ့ ။

အမေ ပြောလို့ပြောတာမဟုတ် ကျနော့် အမေက ရွာမှာ မိန်းမလူကြီးလို့ပြောရမယ် ရွာလူကြီးခန့်ထားတဲ့ အဘက စကားနည်းတော့ ပြသနာဖြစ်တိုင်း အမေကပဲ ဖြေရှင်းပေးရတာမျိုး ဒါကလည်း ရွာမှာ သက်ကြီးပိုင်းတစ်ယောက်ယောက်ကို လူကြီးနေရာထားတာမျိုးပါ ကျနော့်အဖေ က လူကြီးမို့ ကျနော်ဟာလည်း ဟိုနေရာမှာ စွာတာတာ ဒီနေရာမှာ စွာတာတာနဲ့ သူကြီးသားမျိုးလည်းမဟုတ်ရပါဘူးး)။ ရွာမှာ သားမိန်းမခိုးသွားလို့ သမီးယောက်ျားနောက်လိုက်သွားလို့ ငိုကြယိုကြပြီဆိုရင် “ အမလေး အစ်မပြုံးရေ့ ကျမသမီးမရှိတော့ဘူး တော့် ” ဒါက မကြာမကြာ ကျနော်ကြားနေရတဲ့ အသံတွေ ရွာက ခလေးမတွေကလည်း နည်းနည်းလေး အပျိုဖြန်းလေးမဖြစ်လိုက်နဲ့ လိုက်သွားကြပြန်ပြီး အဲ့လို သားသမီးအရေးတွေလည်း အမေက ပါတတ်တာပဲ သူများမင်္ဂလာဆောင် ခပ်တုံးတုံးခပ်အအ ရွာက သူတွေက မလုပ်တတ်ကြရင် “ အစ်မပဲ ကြည့်စီစဉ်ပေးပါ ” ဆိုတာမျိုး အမေကတော့ မမောနိုင် မပန်းနိုင်နဲ့ ပါတာပါပဲ သားသမီးတွေ တားလည်း တားမှမရတာ ။ဒါက သာရေး။

အငယ်လေးတည်းက အမေ့မျက်စေ့ရှိတင် မွေးကြ အရွယ်ရောက် အိမ်ထောင်ရက်သားကျသွားကြတဲ့ရွာက လူတွေကလည်း အမေ့ကိုတလေးတစားဆက်ဆံကြတာတွေ့တော့ ဘယ်ရယ်တော့မဟုတ်ဘူး စိတ်ကောင်းရှိတဲ့ အမေ့အစား စေတနာ အကျိုးပေးတယ်ဆိုပြီး ကြည်နူးမိပါတယ် ။ တစ်ခါ ရွာက အစ်မတစ်ယောက်ဆုံးတယ် တော်တော် အဆင်မပြေတဲ့ မိသားစုလေးပါ သမီးလေးတစ်ယောက်နဲ့ ရွာထဲမှာ အသံစာစာနဲ့ အလုပ်အရမ်းလုပ်တတ်တဲ့ အစ်မ သူဆုံးတော့ အသုဘချစရာငွေတောင်မရှိ ဆိုးလိုက်တဲ့ဘ၀ ရွာကလည်း အဆင်ပြေတဲ့သူနည်းတယ် ။ သူ့ယောက်ျားက ငိုယိုပြီး အမေ့ဆီလာလို့ အကူညီတောင်း အမေက မာန်သာရှိတော့တယ် အရင်လို စီးပွားရေးက အဆင်မပြေတော့ ချေးစရာငွေလည်းမရှိဘူးရယ် အဲ့တော့ အမေ ဘာလုပ်တယ်ထင်ပါသလဲ ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာ တမလွန်သွားတဲ့ ခရီး ကူညီကောင်းပါတယ်လေဆိုပြီး နားထဲက နားကပ်ချွတ်ပေးပေါင်တဲ့ ကျနော့် အမေပါ ။“ အမေတို့ကလည်းဗျာ သိပ်လူသိတာပဲ အဲ့တာကြီးပေးပေါင်လိုက်တော့ သူများတွေက တစ်မျိုးထင်မှာပေါ့ အမေ့မှာလည်း ဒါလေးပဲရှိတာကို ” သားလူပျိုတွေ ရှက်မှန်းသိတော့ “တစ်ရက်နှစ်ရက်တည်းပါဟယ် သူများပြန်ရွေးပေးမှာပေါ့ ” တဲ့ ဒါကကျ နာရေး ။

ရွာမှာ ကျနော်တို့ အိမ်ဆိုင်ကလေးတည်ထားပါတယ် အကြွေးတွေတင်လို့ ခဏခဏ အဲ့ဈေးဆိုင်လေးကလည်း ပြုတ်တာပေါ့ ငြုပ်သီးဆိုလည်း မြို့ပေါ်မှာလိုမဟုတ် တောထဲဆိုတော့ အမေကိုယ်တိုင်ထောင်းတဲ့ ငရုပ်သီးမှုန့်ကိုပဲ ဆိုင်မှာရောင်းတယ် မြို့က ငြုပ်သီးမှုန့်က ရောထားတာတွေ ရွာက လူတွေ ကောင်းကောင်းစားစေချင်လို့ပါတဲ့ ။“အမေ မြို့မှာတောင် အချိုမှုန့်ထုတ်ရောင်းတာ အမေ့လောက်မများဘူး အမေထုတ်တာများလှကြီလား” ဆိုတော့ မလှူနိုင်သေးရင်ဈေးရောင်းတဲ့ ဒါလည်း အလှူပဲဆိုပြီး အမေကတော့ အမြတ်နည်းနည်းနဲ့ ဈေးရောင်းတာမျိုး ။ တစ်ချို့ အကြွေးများတဲ့ မအေတွေက မလာရဲတော့ ညနေစောင်း ထမင်းချက်ချိန်ရောက်ရင် သူတို့ခလေးလေးတွေကို လုံချည်လေးးပေးလိုက်တယ် “ အမေပြုံးရေ့ သားတို့ အမေက ဆန်လေးဗူးလောက် အကြွေးရောင်းထားပေးပါတဲ့ အဖေ့နေ့စားခ ရရင် ဆပ်ဖြစ်အောင်လာဆပ်မယ်လို့ပြောတယ် ” အမေကတော့ သက်ပြင်းကိုချလို့ ပေးလိုက်ပြန်ပြီ အဲ့တာကြောင့် အရင်း ခဏခဏ ပြုတ်တာပေါ့ ။

တစ်ခါတလေ ရွာမှ ညသန်းခေါ်ကျော်ကြီင်္း လင်မယားချင်းရန်ဖြစ်ကြတာမျိုး နောက်တော့ အရက်ဝိုင်းတွေမှာ ရန်ဖြစ်ကြတာမျိုးဆိုရင် တအားကိုဆူပါတယ် ရွာမှာ နာမည်ပြောင်ပေးထားတဲ့ လေပုတ်ထုတ် ဆိုတဲ့ ဦးလေးကြီးရှိတယ် သိပ်ဆိုးတာ မမူးရင် စကားတစ်လုံးမှ မဟတဲ့သူက မူးရင်တော့လား ဘာတွေမှန်းကိုမသိ အဲ့တာတွေ အဲ့လေပုတ်ထုတ် ဆိုတဲ့ နာမည်ကို ရွာကလူတွေက နာမည်ပြောင်ပေးလိုက်ကြတာ ။ဆိုကြ ဆဲကြ ဆူညံနေပြီဆို အမေတစ်ယောက် မီးအုပ်စောင်းကိုင်လို့ သွားပါပြီ “ ဟဲ့ ဟဲ့ ဒါက ဘယ်လိုတွေဖြစ်နေကြတာလည်း နည်းနည်းပါးပါး အချိန်လည်းကြည့်အုံး ရွာထဲကိုလည်း အားနာကြအုံးလေ ” လေသံမာမာနဲ့ပြောလိုက်ရင်တော့ ငြိမ်သွားတတ်တယ် ။

အစ်မမောင်က အစ်မစကားနားထောင်ပါတယ်ဗျာ ဆိုပြီး အမေ့နောက်ပါလာကော ပြီးတော့ အက်ကြောင်းတွေထပ်လောက်အောင် စကားတွေ များလိုက်တာဆိုတာ တစ်အိမ်လုံးပါနိုးတယ် အမေကတော့ အမူးသမားကို ကောင်းကောင်း ကွမ်းတွေချကျွေး မှာတမ်းတွေချွေလို့ပေါ့ “ မေ့...အိပ်လို့လည်းမရတော့ဘူး ပြီးတော့ သူလေပုတ်တွေထုတ်တာ သားနံတယ်ဗျ ” အားမနာတတ်ပဲပြောတော့ “ဟဲ့ နင်ကလည်း ဧည့်သည်ကို” တဲ့ ဒီနေရာကျ အဘနဲ့ ကျနော် တူပါတယ် အဘက အိပ်ရေးပျက်ရင် သိပ်စိတ်တိုတာပါ လုံချည်ခြုံကြီးနဲ့ထလာပြီး “ အဖွားကြီးရယ် နင်ဟာလည်း အိပ်ပါတော့ဟ ဟိုကောင်လေပုတ်ထုတ် မင်းက မပြန်သေးဘူးလား ” ဆိုရင် ဟုတ်ကဲ့ကို အခေါက်ပေါင်းထပ်အောင်ပြောပြီး ပြန်သွားလေရဲ့ အမေက လှမ်းမှာသေး ကောင်းကောင်းပြန် ချောလဲမယ်တဲ့ အမေက အဲ့လောက်ထိ ရွာက လူတွေကို သံယောဇဉ်ကြီးတာပါ ။


ရွာမှာ ဘာဖြစ်လဲ အမေ သိတယ် ရွာအရေးဘာပေါ်ပေါ် ဒါဟာ အမေ့အရေး ရွာက သူ့သားသမီင်္းအရွယ်တွေအားလုံးဟာ သူ့သားသမီးတွေလိုနဲ့ ရွာထဲမှာ ပြသနာပေါ်လည်း အမေ့ဆီမရောက်တဲ့ကိစ်စတော်တော်ရှားတယ် ။ ဒီလို အမေနဲ့ ရွာရဲ့ ဆက်ဆံရေးမှာ ပကာသနတွေမပါပဲ ဘာကြောင့် ဒီလောက်ခိုင်မြဲကြတာလည်းဆိုရင် စေတနာမှန်ပြီး သံယောဇဉ်စစ်ကြလို့ထင်ပါရဲ့ အမေကတော့ ရွာမှာ ပျော်နေအုံးမှာ ။ ကျနော်လည်း ရွာကိုလွမ်းပါရဲ့ ပြီးတော့ အမေ့ကိုလည်း လွမ်းတယ် ။ ကျနော်လည်း အိမ်ပြန်လည်နိုင်အောင်ကြိုးစားအုံးမှ ဒါပေမယ့် တစ်ခါတရံ ဘ၀လမ်းက ကြမ်းလွန်းတယ် အမေရာ ။အမေကျန်းမာပါစေ ပြီးတော့ ကျနော့်ရွာကလေးလည်း ကျန်းမာပါစေ ။






26 comments:

Anonymous said...

အင်း

တောက်ပကြယ်စင် said...

အော်...တကယ်တော်တဲ့ မောင်မျိုးတို့အမေပါလား။ ကောင်းကျိုးတွေ ပေးဦးမှာပါလေ။ ကျန်းမာပျော်ရွှင်ပါစေ မောင်မျိုးရေ။

blackroze said...

ဘဝ လမ်းကကြမ်းပေမဲ့အားမလျှော့ပါနဲ့
မောင်မျိုးရယ်..
ကိုယ့်လိုဘဲလမ်းကြမ်းကြမ်းကိုလျှောက်နေတဲ့
သူတွေကြီးပါဘဲ..
အမေ့စီအမြန်ဆုံး ပြန်သွားလည်နိုင်ပါစေကွယ်..

ခင်တဲ့အမ blackroze

Nyi Linn Thit said...

မပြေလည်ကြတဲ့ ရွာသူရွာသားတွေ အကြားမှာ ညီ့ရဲ့ အမေက သူ့နည်းသူ့ဟန်နဲ့ မာသာထရီဇာ ပါပဲ၊ သူနဲ့ ရွာ ဟာ ခွဲမရအောင် အမြဲတသားတည်း ရှိနေမှာပဲ..၊ ဒီအမေနဲ့ ဒီရွာကို လွမ်းတဲ့ ဒီအလွမ်းတွေ.. ဒီပို့စ်မှာ ဖွေးနေအောင် တွေ့ရတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးရေ ဖတ်ပြီးစိတ်မကောင်းဘူး
လူတိုင်းမှာ ဘဝရဲ့အခက်အခဲကိုယ်စီရှိတတ်ကြပါတယ်.
အရေးကြီးတာ စိတ်ဓာတ်မကျဖို့ပေါ့။ ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါ လူတိုင်းဟာ တဒင်္ဂတွေ စိတ်ညစ်တတ်ကြတာကြီးပါဘဲ။ ဒါပေမဲ့ စိတ်ကို အမြန်ဆုံးပြန်အားတင်းကြရတာဘဲလေ။ မောင်မျိုးလဲ အမေနဲ့ မိသားစုနဲ့ ရွာကလေးနဲ့ ပြန်ဆုံချိန်ကို ရောက်လာဦးမှာပါ။ စိတ်ဆန္ဒပြင်းပြရင် မဖြစ်လာစရာမရှိပါဘူး
အမြန်ဆုံး ပြန်ခွင့်ရပါစေနော်

မေဓာဝီ said...

မောင်မျိုးအမေက ချစ်ဖို့ကောင်းလိုက်တာ။
မောင်မျိုးရေးတဲ့ ပို့စ်တွေထဲမှာ အဘတို့ အမေတို့ အကြောင်းလေးတွေက ဖတ်လို့သိပ်ကောင်းလို့ ဖတ်ရင်းနဲ့ မျက်စိထဲတောင် မြင်ယောင်လာမိတယ်။

လှည်းလမ်းတွေဖြတ် ၀ါးအုပ်ကြီးတွေကျော်ပြီး သွားရမယ့် ခရီးပဲကွယ် ... ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ရမှာမှ မဟုတ်ဘဲနော် ... အမေချစ်တဲ့ ရွာလေးနဲ့ မောင်မျိုးချစ်တဲ့ အမေ့ဆီ မကြာခင် အရောက်ပြန်နိုင်မှာပါ ... ။ အားတင်းထား ... ။

အမေရာ ရွာကလေးရော ကျန်းမာပါစေလို့ အမတို့လဲ ဆုတောင်းပေးနေပါတယ် ... မောင်မျိုးလဲ ကျန်းမာပါစေ ...

ကိုကိုမောင်(ပန်းရနံ့) said...

မောင်မျိုးအမေလိုမျိုး အမျိုးသမီးတွေ အများကြီးရှိရင် အီစကိုတို့ ရွှေနိုင်ငံ တကယ့်ရွှေဖြစ်မှာ သေချာတယ်။ ချီးကျူးမိပါတယ်။

ခင်မင်လျှက်

နေ၀သန် said...

ချစ်သော မိခင်နဲ့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေ.. မောင်မျိုးရေ... လေးလေးနက်နက်ဆုတောင်းပေးပါတယ်... ဒီလိုစာတွေ ခဏခဏပွင့်အံလာတာဟာ မင်းရင်ထဲက ဖြစ်နေတာတွေကို ထွင်းထွင်းဖောက်ဖောက် မြင်နေရလို့ပါ...

ခင်မင်လျက်
နေ၀သန်

မြသွေးနီ said...

အမေနဲ့ ရွာကို လွမ်းနေတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒနဲ့အတူ အမေကို ချစ်တဲ့သားကို ဒီပို့စ်လေးမှာ မြင်တွေ့လိုက်ရပါတယ်..။ အမေနဲ့ အနီးဆုံးမှာ အမြန်နေခွင့်ရပါစေရှင်..။

May Zin Aye said...

ကိုမောင်မျိုး...ရေးချက်ထိတယ်။ တကယ့် ရွာ ကို ပြန်ရောက်သွားရသလိုပါပဲ။ ရွာမှာလဲ အဖေ့ ကို ရွာလူကြီးခန့်တာ... အဖေ က စစ်တပ်က လူတွေနဲ့ မပါတ်သတ် ချင်ဘူး ဆိုတာနဲ့ ဒါဆို ရပ်မိ ရပ်ဖ တဲ့ ၊ အမေ့ ကိုတော့ အမျိုးသမီးရေးရာ ဥက္ကဌ တဲ့၊ အမ ကိုတော့ အမျိုးသမီးခေါင်းဆောင်တဲ့ မိသားစုလေး 3 ယောက်ရှိတာကို .. မလိုချင်ပါပဲ ရွာသားတွေ အတင်းပေးထားတဲ့ ရာထူးတွေ။ တစ်ခါ တစ်ခါ ဖုန်းဆက်ရင် ရွာထဲက လူတွေအကြောင်းကြားရတာ ဖုန်းကဒ်တောင် မလောက်။ ဒါပေမယ့် အဲ့ဒါလေးတွေပဲ ကြားနေရရင်ပဲ စိတ်ချမ်းသာလို့ တစ်ပါတ် 1 ခါ တော့ အနဲဆုံး ဖုန်းဆက်ဖြစ်တယ်။း))

Su Myat Htar said...

အမေနဲ့ရွာကို လွမ်းနေတဲ့မောင်လေး အပျော်တွေ တပွေ့တပိုက်...လက်ဆောင်တွေ တပွေ့တပိုက်ကြီးနဲ့ ရွာအပြန် ကြည်နူးပျော်ရွှင်ပါစေ....။

စော(အဝါရောင်မြေ) said...

အမေနဲ့ ရော အဘနဲ့ ရော၊ ရွားကလူတွေ အားလုံးနဲ့ ရော အမြန်ဆုံး ပြန်စုံနိုင်ပါစေ လို့  ဆုတောင်းပေးနေပါတယ်။

မဒမ်ကိုး said...

အမေနဲ့ရွာပဲသီးသန့်လွမ်းပါ ကိုမောင်မျိုး
စာဥကိုထည့်မလွမ်းကြေးနော် ဟဲဟဲး)
...............
အမေနဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ကြပါစေနော်

ခင်တဲ့

မဒိုးကန်

ညီရဲ said...

မောင်မျိုး အမေအကြောင်းလေး ဖတ်သွားပါတယ်။ မောင်မျိုးအမေက လေးစားစရာ အမျိုးသမီး တစ်ယောက်ပါ။ ရွာတွေမှာက ဒီလို ချစ်ကြောက်ရိုသေ လေးစားရတဲ့သူ ရှားတယ်။ ရပ်ကျိုးရွာကျိုးကို ဒီလို စွမ်းစွမ်းတမံ ထမ်းဆောင်တဲ့ အမျိုးသမီးက ပိုရှားတယ်။ တကယ် လေးစားမိပါတယ်ဗျာ...

အမှတ်တရ နေ့စွဲများ.... said...

ရွာကိုလိုက်ခဲ့မယ် ခေါ်မှာလား....

ဘာနေ ... said...

ခု ရရှိနေတဲ့ဘဝက ရသမြောက်ပါတယ်ဗျာ..
ရွာကိုအလည်ပြန်နိုင်ပါစေ
ပြီးတော့ ရွာကို အမြဲတစေ အလည်ရောက်ပါစေဗျာ ...

ခနွဲ said...

ကိုမျိုး...အလုပ်အားတာနဲ့ စာဝင်ဖတ်သွားပါတယ်ဗျာ...အမေနဲ့ရွာကိုပြောတော့ ကျွန်တော်လည်းလွမ်းသွားပါတယ်။
လေးစားစွာဖြင့်
ခနွဲ

ကြယ်စင်အလင်း said...

ရွာအကြောင်းဖတ်ရတော့ သွားလည်ချင်လာတယ်။ ကျွန်တော်လဲ ရွာစရိုက်လေးတွေကို ချစ်မြဲပါပဲ။ တခါတလေ စိတ်ညစ်လာရင် ရွာလေးတွေထဲမှာ ခဏလောက် နေခွင့်ရချင်တယ်။ အခွင့်ကြုံ၇င် ကိုမျိုးအမေ့ကိုလဲ မြင်ဖူးချင်တယ်။း)

8Yar said...

တကယ်ကိုလွမ်းစရာပါပဲခင်ဗျာ။ အစ်ကိုမောင်မျိုး မိဘတွေကျန်းမာကြပါစေလို့ ကျွန်တော်ဆုမွန်ခြွေပါတယ်ခင်ဗျာ။

ဟန်ကြည် said...

ဖတ်၇င်းနဲ့ပဲ အမေ့ကို လွမ်းတယ် မောင်မျိုးရေ...ဒီနေ့စားနေတဲ့ ထမင်းလုပ်တိုင်းမှာ မိဘတွေရဲ့ ကျေးဇူးတရားတွေ ပါနေတာ တွေးမိတိုင်း ကိုယ်လုပ်ရမှာတွေ တပုံတခေါင်းကြီး ကျန်သေးပါလားဆိုတာ အမြဲသတိရမိတယ်...

မအိမ်သူ said...

မောင်မျိုးလေးအမေက အားကျစရာကောင်းတဲ့ စံပြအမျိုးသမီးကြီးပဲ။ ဒီလိုအမေမျိုးရဲ့ သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာ။ အဲဒီလိုလူကြီးမျိုးတွေ ဒီခေတ်ကြီးထဲမှာ နည်းနည်းရှားသွားပြီ။ မောင်မျိုးအမေ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ပြီး ရပ်အကျိုး ရွာအကျိုးတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ပါစေ။ လွမ်းတာတော့လဲလွမ်းတာပေါ့ကွယ်။ အချိန်တန်ရင်တော့လဲ ရွာပြန်ရအုံးမှာပါ။ အမေနဲ့ အမြန်ဆုံးတွေ့နိုင်အောင် ဆုတောင်းပေးပါတယ်။

AH said...

အားပေးသွားပါတယ်ခင်ဗျာ....

မေသိမ့်သိမ့် ကျော် said...

ကိုမျိုးအမေက စိတ်သဘောထား အရမ်းကိုကောင်းတာပဲနော်။ သူများကို ကူညီတဲ့လူဟာ အမြဲစိတ်ချမ်းသာရမှာပါ။


ခင်တဲ့
မေသိမ့်

အလင်းသစ် said...

အမေကတော့ မရှိရှာတော့ပါဘူး။။ဒါမယ့်လွမ်းတယ်။။ ရွာကတော့ ရှိသေးတယ်။။ ဒါကြောင့်လည်း လွမ်းတယ်။။။။။။။။။။။။။

san htun said...

ဖတ်ရင်းနဲ့  မေနဲ့  ရွာကို လွမ်းတယ်...

Anonymous said...

ဝမ်းတွင်းမြို့လေးရယ်..
မွေးမေမေရယ်ကို လွမ်းသွားသည်။

ခင်မင်စွာဖြင့်
ရတနာ

LinkWithin

Related Posts Plugin for WordPress, Blogger...