Monday, March 25, 2013

လိုတာဖြည့်ပေးသော ချစ်ခြင်းတရားများ



မိသားစုအကြောင်းလေးတွေတောင် မရေးဖြစ်တာကြာပြီ  ထူးထူးခြားခြား  အပြောင်းလဲတွေမရှိတာကြောင့်လည်းပါတယ် ။ ခုတော့ရေးစရာလေးတွေ ပေါ်လာပြန်ပြီ ။ ကိုယ်က  အငယ်ဆုံးသာဆိုတယ်  ဆရာကြီးနည်းနည်းဆန်တယ်  ပြန်မပြောရဲလည်း တိတ်တိတ်ကလေး တော်လှန်တယ် ။ ပြီးတော့ အမေ့ကို တိုင်တယ်  “မေ့....ကိုကြီးက သားရောက်နေတာသိသားနဲ့ နည်းနည်းပါးပါးလာ ပြီး ကြည့်ရှု့မယ်မရှိဘူး  သူက မအားတာက များတယ် ”  စိတ်ကောက်တဲ့ လေသံနဲ့ အမေ့ကိုတိုင်တော့ အမေဆိုတော့လည်း မျှတွေးတွေးပေါ့ ။ “သားရယ် သူမအားတာနေမယ်  အလုပ်တွေများနေလားမှမသိတာ  သား သွားလိုက်ပေါ့ ”  လို့ပြောတုန်းက ဖုန်းတစ်ဖက်ကနေ အမေကတော့ လုပ်ပြီ   ကျနော်ကြီးပဲ အရှုံးဆိုပြီး  အနိုင်အရှုံးတွေ တွက်တတ်သေး ။

သူတို့ကလူဟောင်းဆိုတော့  နေရာဟောင်းရဲ့ အထာကိုကျွမ်းတယ် ။ကိုယ်ကတော့ လူသစ်  ပထမတော့  ဘယ်သူ့မှ အားမကိုးဘူးပေါ့  ဖြစ်ချင်ရာဖြစ်ဆိုပြီး တွေးထားပေမယ့်  ကိုယ်တကယ် အခက်ကြုံတဲ့အခါမှာတော့ ကိုယ့်သွေးသားအရင်းလောက် ဘယ်သူမှ ကိုယ့်အနားမှာ မရှိကြပါဘူး ။ ကိုကြီး အိမ်ကို   သွားလည်တဲ့နေ့က  ဘာမှ ဖုန်းကြိုမဆက်ပဲသွားတာ ။ အလုပ်ပိတ်ရက်မှာ နားနေတဲ့ သူက  ကိုယ့်ကိုမြင်တော့ အံ့သြသလိုလိုနဲ့ ။ ပုံမှန်အားဖြင့် စိတ်ဆိုးစရာ  စိတ်ကောက်စရာရှိပြီဆို ဖုန်းအဆက်သွယ်မလုပ်ပဲ တစ်ယောက်တည်းနေပစ်လိုက်ကော ရန်လည်းမဖြစ် စကားလည်းမများပဲ  အကြာကြီးအဆက်ပြတ်နေကြတာမျိုး  အမေကတော့  ခဏခဏကိုပြောတာ “နင်တို့ကလည်းဟယ် သင့်သင့်မြတ်မြတ် ကိုမရှိကြဘူး ” လို့ ဆူတယ်  ။ ညီအစ်ကိုတွေ  ပြန်တွေ့တဲ့အခါကျ အေးဆေးနေတာပဲ ။ အဲ့တာကြောင့် အမေ့ကို ခဏခဏပြောတာ ကိုကြီးနဲ့ အစ်ကိုငယ် မတွေ့ကြတဲ့အခါ  အမေက စိတ်ညစ်တဲ့အကြောင်းပြောရင်  ကျနော်က ပြန် အားပေးရတယ် ““ အမေကလည်း သူတို့ညီအစ်ကိုတွေက  မတွေ့ခင်သာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ တွေ့တဲ့အခါကျ  ဘာမှလည်း မဟုတ်ဘူး လိုက်ပြီး စိတ်ညစ်မနေနဲ့””  လို့  ပြောရတယ် ။ အဲ့လိုပဲ  ကျနော်နဲ့တွေ့တဲ့အခါလည်း  ဘာမှလည်းမဟုတ်ပြန်ဘူး စိတ်ဆိုးစရာတွေဆိုတာ ဘယ်နားရောက်မှန်းမသိ ။

ကျနော်ရောက်တော့   အိပ်နေတဲ့သူ့ကို “နေမကောင်းလို့လား” ဆိုပြီး အနားသွားမေးတော့  မဟုတ်ဘူးတဲ့ ပြီးတော့ ပွပလဲ  နေတဲ့ အခန်းထဲ  ကမန်းကတန်းလိုက်သိမ်းနေတယ် ။ ကျနော်က ရှုပ်ပွနေတာ  မကြိုက်တတ်မှန်းသိတော့ ပြီးတော့ သူ့မိန်းမကို  ဖုန်းဆက်နေတာကြားတယ် ““ နင့်မောင်ရောက်နေတယ် မြန်မြန်ပြန်လာအုံး စားစရာလည်း ဘာမှမရှိ  အိမ်လည်း ပွ နေတယ် ”  တဲ့ ။ သိပ်မကြာခင် သူ့မိန်းမ ရောက်လာတော့  ကျနော်ကြိုက်တတ်တဲ့ ဟင်းလေးတွေ  မြန်မြန်ချက်လို့  ညီအစ်ကိုတွေ ထမင်းလက်ဆုံ မစားရတဲ့ ရက်တွေကို မရီးက သင့်မြတ်စေခဲ့တယ် ။ပြီးတော့ မရှိတဲ့ကြားက မုန့်ဖိုးကလေး အတင်းထိုးပေးလို့  ။ ကိုကြီးနဲ့ မရီးကို နှုတ်ဆက်ပြီး ပြန်တဲ့ ညနေက  အမေ့ကို သတိရပြီး မျက်၇ည်ဝဲမိသေး  အမေသိရင် ၀မ်းသာမှာဆိုတဲ့ စိတ်ကလေးနဲ့ပေါ့ ။ ပြီးတော့  တစ်ယောက်တည်းတွေးနေတာ  ညီအစ်ကို မောင်နှမ ဆိုတာ ဆိုးဆိုးကောင်းကောင်း  ပစ်မကောင်းတဲ့ အသီးတွေပဲ ဆိုတာကိုပေါ့ ။

အစ်ကိုငယ် ကျပြန်တော့ မိန်းမ နဲ့  မောင်နှမတွေကြား ကြားညှပ်လို့  သူကတော့ အားလုံးနဲ့ အဆင်ပြေစေချင်တော့ ။“ မင်း အစ်မနဲ့သာ အဆင်ပြေအောင်ပေါင်းစမ်းပါ  ငါ့ညီရာ သူနဲ့သာအဆင်ပြေလို့ကတော့  င့ါညီတို့အတွက် အစ်ကိုက ဖြည့်စည်းပေးပြီးသားပေါ့ အိမ်ထောင်သည်ဆိုတဲ့  ဘ၀က  လူလွတ်တွေလိုတော့  ဘယ်ဟုတ်မလဲကွာ  ညီလည်း အိမ်ထောင်ကျမှ  ဒါတွေ နားလည်မှာ ””   တဲ့ ။သူပြောတာလည်း ဟုတ်တော့ဟုတ်သား ။အခန်းခဏခဏ ပြောင်းရတာ ရှက်တယ်ဆိုပြီး မျက်နှာပျက်နေတဲ့ ကျနော့်ကို စာနာလို့ အစ်ကိုက အထုတ်တွေ ကို သူတစ်ယောက်တည်း ထမ်းပိုးလို့ ။ အစ်ကို့ကိုကြည့်ပြီး  ကိုယ့်ကိုယ်ကို စိတ်ဆိုးလို့  ငါဘာလို့များတစ်လွဲမာနတွေသိပ်ထားခဲ့တာလည်းဆိုပြီးတော့ပါ ။

အခုအခန်းမဟုတ်ပဲ  အခန်းဟောင်းလေးမှာတုန်းက  နေရတာ အဆင်မပြေ  ညည အရက်သမားတွေဆူပြီး အိမ်က  လမ်းကြမ်းကြမ်းလျှောက်ကြရင် လှုပ်တယ်  ။ အဲ့အခန်းပြောင်းတဲ့နေ့က အစ်ကိုငယ် လိုက်ပြောင်းပေးမယ် ။ညကျတော့  သူဖုန်းဆက်လာတယ်  “ညီ...မင်း အခန်းတံခါးသေချာပိတ်နော်  သူများတံခါးလာခေါက်၇င်   ရမ်းမဖွင့်နဲ့ကြားလား ””   ကျနော်မနေရဲတာ သူသိတော့ နောက်နေ့ကျ  ဖုန်းဆက်လာပြန်ကော   ပိုက်ဆံ မနှမြောနေပါနဲ့တော့လေ  သင့်တော်တဲ့အခန်းထပ်ရှာပြီး ပြောင်းကြတာပေါ့ တဲ့ ။အခန်းသစ်လေး  ပြောင်းတော့  အစ်ကို့ကို သနားတာနဲ့  အသိတစ်ယောက်ကို အကူညီတောင်းပြီးပြောင်းဖြစ်ကြတယ် ။ အခန်းသစ်လေးရတော့ ၀မ်းသာအားရ ဖုန်းဆက်လိုက်တော့  ကျနော်ပျော်နေသလို  သူလည်းစိတ်ချသွားတဲ့ အသံနဲ့။

ပိတ်ရက်မှာ  သူ့အခန်းသွားလည်တော့ ကျနော့်အတွက် အကြော်အလှော်လေးတွေ လုပ်ထည့်ပေးလိုက်သေးတယ် ။ ပြီးတော့ ကားဂိတ်ကို စက်ဘီးကလေးနင်းပြီး လိုက်ပို့တုန်းက အငယ်တုန်းက ခလေးဘ၀တောင်ပြန်သတိရမိပါရဲ့  အငယ်တုန်းကလည်း အစ်ကို ကျနော့်ကို အဲ့လို စက်ဘီးပေါ်တင်ပြီး ခဏခဏ တင်နင်းခဲ့ဖူးတယ် ။မုန့်ဖိုးပေးဖို့ကျ  ကပ်စေးနည်းတယ်ဆိုပြီး  စကားနာထိုးခံရတဲ့ အစ်ကိုက မြို့ကြီးမှာ အလုပ်လုပ်နေရင်း ဖိနပ် တစ်ရံကို ၂ နှစ်လောက်စီးတာတွေ့တော့   လှတာမြင်ရင် ရှေ့နောက်မကြည့်ပဲ  ၀ယ်မိတဲ့ ကျနော့်ကို ကျနော်တောင် ရှက်မိပါရဲ့ ။ တက်စ်စီ  စီးဖို့ ဝေလာဝေး  ဖရီးကားစောင့်စီးတဲ့ အစ်ကိုတို့လင်မယားကြည့်ပြီ  သူတို့  ချွေတာခြင်းကို နားလည်စာနာမိတော့တယ် ။ “တစ်ချိန်ကျ ကိုယ့်မိဘနားပြန်နေနိုင်ဖို့  ငွေကတော့စုရမှာပေါ့လေ  ရတုန်းလေး  မင်းအစ်မဆိုလည်း  အလုပ်လွှတ်ချိန်လေး စက်ရုံမှာ ကော်ဖီလေးဖျော်ရောင်းသေးတာပဲ ပိတ်ရက်ဆိုလည်း  ဘယ်မှမသွားပဲ အိမ်မှာပဲ နားနေလိုက်တယ် အပြင်မထွက်ရတော့  ဘာမှမကုန်တော့ဘူးပေါ့ကွ ”  သူ့တွက်ကိန်းနဲ့သူတော့ဟုတ်နေတာပဲ ။

““ ငါ့ညီလည်း ငွေကလေးချွေတာစု ကြားလား ခု  အခြေတကျလေးဖြစ်ပြီဆိုတော့  နောက်နှစ်သင်္ကြန်လောက်  မိသားစုတွေ  စုံစုံလင်လင် ရွာပြန်ပြီး  အလှူအတန်းလေး  လုပ်ကြတာပေါ့ ”   တဲ့   ကျနော်လည်း ဟုတ်ကဲ့လို့သာ ဖြေလိုက်တယ် ပြီးတော့  ကျနော်တို့တွေ ဒီ့ထက်ပိုပြီး အိမ်မဝေးပါရစေနဲ့လို့  အခါခါစိတ်ထဲ ဆုတောင်းမိပါရဲ့ဗျာ ။ သွေးဟာ ရေလောက်မကျဲပါဘူး  အရေးကြီးသွေးနီး ဆိုတဲ့ စကားပုံတွေဟာလည်း   အလွယ်တင်မှတ်လာတာလို့ ကျနော်တော့မယူဆဘူး  ။ ကိုယ်ကသာ  စိတ်ဆိုးမယ် စိတ်ကောက်မယ်  ဦးလေးတွေ အဒေါ်တွေတွေ့  အစ်ကိုတွေအကြောင်းတိုင်တတ်တယ်  အစ်ကိုတွေကတော့ ကျနော့်အကြောင်း  တိုင်တာမရှိ ။ ခုထိ အစ်ကိုတွေက  ကျနော့်ကို  မင်းနဲ့ ငါ တောင်စကားမဆိုကြပါပဲ ကျနော်က ဘာလို့ သူတို့အပေါ်ဆိုးနေပါလိမ့်နော် ။

အစ်ကိုကြီးကို သူ့အပေါင်းသင်းတွေက  “ ကိုကြီးညီ အငယ်ကောင်က  အသောက်စားလည်းကင်းတယ်ကွ၊  ပညာခံလေးကလည်းရှိတော့  အဆင်ကိုပြေလို့ ”  အရက်ဝိုင်းမှာ မြှောက်ပြောတာလား  ဘာလားမသိပေမယ့် သူကတော့  ပြုံးဖြီးလို့ဆိုလား  မရီးက တစ်ဆင့်ပြန်ပြောပြတာ ။ အစ်ကိုငယ်ကျပြန်တော့ သူ့မိန်းမကို  စကားနဲ့လေပြေထိုးတာက အရှိန်ကလေး ခပ်ရရပေါ့  “ ငါ့ညီလေးရှိတော့  ငါ့မိဘ စားရတာပေါ့ကွ  တို့တွေ ခလေးကြီးတစ်ကောင်လုံး  အမေတို့ဆီ ပို့ထားတာ ဟုတ်တိပတ်တိလည်း မထောက်ပံ့ဖြစ်  အခု ငါ့ညီ  လိုအပ်နေချိန်မှာ ငါကတော့ ကူညီရမှာပဲ  အေး   မင်း မကျေနပ်ရင်ပြော ငါ အိမ်ဖော်က ဆင်းရမလား ”  တဲ့ သူက မူးရင် အဲ့လို ဂျစ်တွန်းတွန်းတာတွေ  တော်တော် တော်တယ် ။

အရင်ပို့စ်တွေ ရေးဖူးတုန်းကလိုပဲ   ပြန်သတိရမိတယ်  သူတို့တွေဟာ ကျနော့်အတွက်တော့  အဆင်သင့်ရှိနေကြတဲ့သူတွေပါပဲ   သူတို့တွေ မူးမူး ဆိုးဆိုး  ပေါ့ သူတို့ညီလေး ကျနော် ကြောင်ချေး ကိုတော့  သူတို့ အကြွင်းမဲ့ ချစ်ကြလေရဲ့  ကျနော်တို့ညီအစ်ကိုတွေဟာ ခွဲခြားမရတဲ့  အမေက မွေးတဲ့ အမေချစ်သားတွေဆိုတဲ့  ချစ်ခြင်းတရားတွေနဲ့  ညီနောင်သံယောဇဉ်တွေ  ခိုင်မြဲနေကြတုန်းပါပဲ ။

 


8 comments:

ဆွေလေးမွန် said...

ချစ်စ၇ာ ပို့စ် လေးပဲ မောင်မျိုးေ၇ ကြည်နူးဖို့ကောင်းတယ်. ဒီလောက် မိဘချစ်ပြီး ညီအစ်ကိုတွေသိတတ်နေမှာတော့
နောင်နှစ်မှာ မှန်းထားသလိုပဲ ၇ွာပြန်ပြီး ပျော်မဆုံး ရွှင်မဆုံး အလှူကြီး အတန်းကြီး ပေးနိုင်ပါစေ၇ှင်။

Anonymous said...

လောကကြီးအကြောင်းသိလာတော့ ကောင်းတာပေါ့

မဒမ်ကိုး said...

သူစိမ်းဘယ်လောက်ကောင်းကောင်းညီအကိုတွေကိုမမှီပါဘူးကွယ် ချစ်စရာကောင်းတဲ့အကိုတွေပါ

San Htun said...

ညီအကိုချစ်ခြင်းမေတ္တာပို့ စ်လေးက ဟတ်ထိတယ်...

Anonymous said...

ဘာမဆိုအရင်းအတိုင်းခံစားမျှဝေနိုင်တာ
ကိုယ့်ကိုစောင့်ရှောက်တာ
မောင်နှမတွေပါ။
အိုင်အိုရာ

~ဏီလင်းညို~ said...

ညီအစ်ကိုတွေကိုး...
ရန်ဖြစ်၊ ပြန်ချစ်ကြတာ ထုံးစံပါပဲ...
သို့ပေမယ့် တချို့ကျတော့လည်း အငြိုးတွေ၊ အတ္တတွေနဲ့ နောက်ဆုံးအချိန်အထိ မခေါ်နိုင်မပြောနိုင် ဖြစ်ကြတာပါပဲ...
ဘာပဲဖြစ်ဖြစ်... ချစ်နေကြတာက မုန်းနေကြတာထက် အပုံကြီးသာတယ်ဆိုတာ အမှန်ပါပဲ မောင်မျိုးရာ...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

rose of sharon said...

ချစ်စရာကောင်းတဲ့သူတို့ညီလေးကို အစ်ကိုတွေသိပ်ချစ်ကြမှာသေချာတယ်....

မောင်မျိုး said...

ဆွေလေးမွန်... ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျား) အလှူကျရင် ဖိတ်အုံးမယ်။

အမည်မဲ့... သိတာဖြင့်ကြာလှဘီး)

မဒမ်ကိုး...ဟုတ်တယ်ဗျ သိတော့သိတယ် ဆိုးနေတာ ။

စန်းထွန်း.... မောင်နှမရှိသူတိုင်း ခံစားရမယ်ထင်တာပဲဗျ။

အိုင်အိုရာ...... ဟုတ်တယ်ဗျ ကြာလေ ပိုသိလာလေပါပဲ။

ကိုဏီ...ဟုတ်တယ် ကျနော်တော့ အဲ့လိုမဖြစ်ချင် အဲ့တာကြောင့် မိသားစုတွေချင်း စိတ်သဘောထားမတိုက်ဆိုင်ကြရင် သူစိမ်းပေးမပါပဲ ကိုယ်တွေပါသာ ဖြေရှင်းကြတာများတယ် အစ်ကို ..


မရို့စ်...း) ကျေးဇူးဗျ သူတို့အတွက်တော့ ကျနော်က ချစ်စရာကောင်းနေတယ်ထင်တာပါပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...