Wednesday, November 21, 2012

နှုတ်ဆက်စရာ မလိုတဲ့နေ့....



အိမ်မှာတစ်ယောက်တည်းနေရတာ  ပျင်းတယ်ပြောရမလား   ဘာလားတော့မသိ   အဆင်မပြေတာတော့ အမှန်   အရင်ကဆို နေ့ခင်းပိုင်းလောက်  အမေ့ဆီ ဖုန်းဆက်လို့  * မေ့...သားကို  ပဲကြော်ထားပေးအုံးနော် ပြီးတော့  ငါးခြောက်ဖုတ်ပြီး ထုထားပေး  သားပြန်လာ ဆီနဲ့လူးစားမလို့*  ဆိုတာနဲ့ အမေ က ညနေစာကို  ဖွယ်ဖွယ်ရာရာလေးလုပ်ထားပေးတတ်တယ်  ။ အမေရှိတုန်းကတော့  ငန် ပြန်ပြီ   ပေါ့ပြန်ပြီးနဲ့ ဂျေးထူမိပေမယ့် ခုဆို  ညနေရုံးဆင်းပြန်တာနဲ့ ထမင်းချက်ဖို့လည်းပျင်း  မောကမော နဲ့   အရည်သောက်မပါပဲ  မွဲခြောက်ခြောက် ထမင်းဝိုင်းတွေ ဖြတ်သန်းနေရပါပေါ့ ။

ရွာကိုလွမ်းနေတဲ့ အဘ ၊  သီးတင်းတော့ ရွာမှာပဲ ပြန်ကျွတ်ချင်တယ် သားရယ် ဆိုတဲ့ အမေ့ စကားကို မသိဟန်မဆောင်ချင်တော့တာနဲ့  အိမ်ပြန်ခွင့်ပေးလိုက်ရတာ  အဘကတော့ ပျော်လို့  ယိုးဒယား ဖိနပ် အသစ်ကြီး ခါးကြားထိုး ကွမ်းတွေစားရင်  အိမ်ပြန်ရတော့မယ်လို့ ပျော်နေလိုက်တာ ။ အမေကတော့   အမေ မကြာမကြာ လာခဲ့မှာပေါ့ သားရယ်  သွားချည်လာလှည့်လုပ်မယ်စိတ်ချ  နင့်တစ်ယောက်တည်း မပစ်ထားပါဘူး  လို့  ဂတိတွေခံလို့ မြို့ပြန်တဲ့ကားလည်းထွက်ကော  ကျနော့်ရင်ထဲ ဟာတာတာနဲ့ ။

မနက်မနက် ဆို  နှိုးစက်ကလေးတွေလို အော်မြည်းတတ်တဲ့ တူကလေး ၂ ယောက်လည်း  အချိန်တန်တော့ သူတို့လည်း အိပ်တန်းပြန်ကြပြီ  သူတို့ရှိတုန်းက ဆူညံ့လို့ သေးနံ့ နံ့လို့ ပွစိပွစိ လုပ်မိပေမယ့်  ကျနော့် အိမ်ကလေး  ခု အနံ့သက်ကင်းနေပေမယ့်  အရင်က အနံ့သက်တွေတောင် ပြန်သတိရမိပါရဲ့ ။ အခု မနက်အိပ်ယာ နှိုးမယ့်သူမရှိသလို  ညဘက် ခြင်ထောင် ထောင်ထားရဲ့လားလို့ လာကြည့်မယ့်သူလည်းမရှိပြန်ဘူး ။

ငါ့သားတစ်ယောက်တည်း  အိမ်စရိတ် စားစရိတ်  ခလေးနို့မှုန့်ဖိုး မုန့်ဖိုး နဲ့ ရုန်းကန်နေရတာတွေ့တော့  အဘ တို့လည်း  အားနာတယ်ကွာ တဲ့  အဘ ကစကားများများမပြောဘူးရယ်  ဒါပေမယ့်  တစ်ခွန်းဆို တစ်ခွန်းသာသာ  ရင်ထဲထိတယ် ။  အမေတို့ရှိနေတော့ နင့်ကို လာနွယ်နေမှာပဲ သံယောဇဉ်က မဖြတ်နိုင်တော့ မလာပါနဲ့လို့  ဘယ်ပြောလို့ထွက်မတုန်း ငါ့သားတစ်ယောက်တည်း ဆို အေးအေးဆေးဆေး  ၀တ်နိုင်စားနိုင်တယ် ခုတော့  အ၀တ်သစ်တွေ မ၀ယ်ရတာတောင်ကြာပြီမှတ်လား   လို့  ပြောတော့ ကျနော့်အတွက်  အဲ့တာတွေမလိုပါဘူးဗျာလို့ ဂျစ်တွန်း တွန်းမိတယ် ။


မနှစ်က ကျနော်မသိပဲ   အမေက ကျနော်မသိစေနဲ့ဆိုပြီး သတင်းပိတ်လို့  အမေ နဲ့  အဘ  အုတ်ဖို လိုက်သွားတုန်းက  စိတ်လည်းဆိုး  ၀မ်းလည်းနည်းပြီ  အမေ့ကို ငိုပြီး ဖုန်းနဲ့ ရန်တွေ့မိတယ်  အဲ့တည်းက  အမေက ဂတိခံထားတာ  နောက်ဆို ကျနော်မသိပဲ  ဘာ အလုပ်မှ သွားမလုပ်ပါဘူးဆိုပြီးတော့ပေါ့ ။စကားပြောရင်  ခလေးဆိုးကြီးလို  ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတဲ့  အဘကတော့ * ဘာမှမပူနဲ့  အေးဆေး  အဘလုပ်နိုင်သေးတယ်  ဒီဆောင်း  အုတ်ဖုတ်လိုက်သွားလည်း အဘတို့တွေ စားလောက်တယ် *   တဲ့  ။ကျနော် မျက်နှာပျက်သွားတော့  အမေက  အဘကို လှမ်းဆူ  * ဒီအဖိုးကြီးကတော့လေ  သေပဲ သေခါနီးပြီ ဘယ်စကားပြော ဘယ်ရောက်လဲ ဆိုတာ ခုထိကိုမသိသေးဘူး*  အဲ့တော့မှ  အဘက သတိရပြီး အေးပါကွာ အေးပါ  ငါ့သားမကြိုက်တာ သွားမလုပ်တော့ပါဘူး တဲ့ ။ ကျနော်တို့ ဘ၀တွေက ကြမ်းတယ် ဒါပေမယ့် ကျနော်တို့မေတ္တာတရားတွေက ဘ၀ကြမ်းကြမ်းတွေကို   အရှုံးမပေးပဲ တွန်းလှန်လို့ပါ ။


ကျနော့်အိမ်ကလေးမှာ  ရေခဲသေတ္တာမရှိဘူး   အဆင့်မြင့် အသုံးဆောင်တွေမရှိဘူး နေ့တိုင်းအသားဟင်းတွေမကျွေးနိုင်ဘူး  ဒါပေမယ့် အမေ နဲ့  အဘ ကို အဆင့်မြင့်မြင့်ထားချင်တဲ့ စိတ်တွေကတော့ အပြည့်ရှိတယ် အမေ ။ ကျနော့်အိမ်ကလေးက ခမ်းနားမှု နည်းပါတယ်  ဒါပေမယ့် အမေ တို့ လာမယ့်  အချိန်ကို ကျနော် စောင့်မျှော်နေမှာ ။  အဘကြိုက်တဲ့  အော်ဂင်လေးလည်း  အဆင်မပြေလို့ မ၀ယ်ပေးလိုက်နိုင်တာ စိတ်မကောင်းသလို  အမေ့ကိုလည်း  ရော့... အမေ  ၀ယ်ချင်တာ ၀ယ်ဆိုပြီး  ဈေးသုံးမပေးနိုင်တာအတွက်လည်း စိတ်မကောင်းဘူး ။ဟုတ်ကဲ့   နောက်တစ်ခေါက်  ပြန်လာရင်  အမေ့အိမ်မီးဖိုးချောင်လေးလည်း ပြင်ပေးမယ်  အိမ်ရှေ့အဖီလေး ချချင်တယ်ဆိုတာလည်း လုပ်ပေးမယ်  ။ အမေ စုထားတဲ့ ပန်းကန်လေးတွေအပြင်  ခုတစ်ခေါက်ဝယ်ပေးလိုက်တဲ့ ပစ္စည်းလေးတွေပါ  ထည့်ဖို့အတွက် အမေ လိုချင်တဲ့  မှန်ဗီရိုလေးလည်း ရစေရမယ် ။


အမေကလည်း အိမ်ပြန်ချိန်မှာ ကျနော့်ကို နှုတ်ဆက်စရာမလိုပဲ  ကျနော်ကလည်း အမေ့ကို ဦးချလို့ သားသွားတော့မယ် အမေ လို့ နှုတ်ဆက်စရာ မလိုတဲ့ တစ်နေ့ဟာ ကျနော့်အတွက် ပန်းတိုင်ပေါ့ အမေ ။ ခု  ...ဘ၀လမ်းကြောင်းပေါ် ကျနော် ဆက်လျှောက်နေတုန်း ပန်းတိုင်ဟာ လက်တစ်ကမ်းမှာလို့ ကိုယ့်အတွေးကို  ကိုယ် အားပေးရင်း ။ ဒီနေ့ ကျနော့်ကို  မနက်ဖန်အတွက်  ကျနော်က အဖော်ပြုရင်း ကျနော် ပန်းတိုင်ဆီ အရောက်လှမ်းမယ် ။










11 comments:

သက်ဝေ said...

ခံစားချက်ချင်း ဆင်တူ... အသဲကွဲတယ်ဆိုတာ ဘယ်လိုနေမှန်း သေသေချာချာ မသိပေမယ့် ဖေဖေ မေမေ တို့ပြန်သွားလို့ အသဲကွဲနေတယ် လို့ ပြောရင် သူငယ်ချင်းတွေက ၀ိုင်းရယ်ချင်ကြတယ်...း(

မေဓာဝီ said...

ရွာကိုလွမ်းနေတဲ့အဘ၊ ရွာပြန်ချင်နေတဲ့အဘ အကြောင်းဖတ်ပြီး အဖေ့ကို သတိရမိတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်ပေါများလှပါတယ်ဆိုတဲ့ နိုင်ငံမှာ ရောက်နေပြီး သားအငယ်ဆုံးနဲ့ အတူနေရပေမဲ့ အဖေလဲ ဗမာပြည်ပဲ ပြန်ချင်နေတာ။ ဘုရားဖူးချင်တယ်၊ ဘုန်းကြီးနဲ့ တရားဆွေးနွေးချင်တယ်နဲ့ ... ဘုရားသံ တရားသံ ကင်းဝေးတဲ့ ဒေသမှာ စီဒီထဲက တရားလေးတွေသာ နားထောင်ရင်း ကိုယ့်ပြည်ကိုယ့်ရွာကို အဖေ အမြဲလွမ်းနေခဲ့တယ်။

ဒီလိုပါပဲ မောင်မျိုးရယ် ... ခွဲခွါခြင်းဆိုတာလဲ အမြဲမဟုတ်ပါဘူး၊ ခွဲခွါခြင်းဟာ ပြန်လည်တွေ့ဆုံခြင်းအတွက် နိဒါန်းပဲ မဟုတ်လား။
ပန်းတိုင်ဆီ ဦးတည်နေတဲ့ မောင်မျိုးရဲ့ ခြေလှမ်းလေးတွေ ခိုင်မာရင့်ကျက်စွာ မယိုင်မလဲ လျှောက်လှမ်းနိုင်စေဖို့ ဆုတောင်းပေးပါတယ်။

Cameron said...

အဘနဲ့အမေပြန်လာမှာပဲမောင်မျိုးရယ်...ခုတော့ တစ်ယောက်ထဲ ဟာတာတာနေရစ်ဦးပေါ့...မဟုတ်လား...

ညီလင်းသစ် said...

ဖတ်ရတာ စိတ်မကောင်း ဖြစ်မိပေမယ့် ဒါဟာ ဝမ်းနည်းပူဆွေး နေဖို့မှ မဟုတ်ဘဲ ညီရာ...၊ ဟုတ်တယ်နော်၊ ကျနော်တို့လို မိဝေး၊ဖဝေး ခွဲခွာ၊ ကွဲကွာနေကြရသူတွေ အများကြီးပါပဲ..၊ ကျနော်တို့ကမှ တွေ့ချင်ရင် သွားတွေ့နိုင်သေးတယ်၊ တချို့ဆို အချိန်ရှိ၊ ပိုက်ဆံရှိပါလျက် အိမ်ပြန်ခွင့် မသာတဲ့သူတွေ...၊

ကြားထဲမှာ မိုင်ထောင်ချီခြားနေပေမယ့် ဒီပို့စ်လေးနဲ့ ညီ့ကို ပွေ့ဖက်၊ ကျောသပ် နှစ်သိမ့်ပေးပါတယ်ဗျာ..။း)

Anonymous said...

ကိုယ်ချင်းစာနာပါရဲ့ဗျာာာ



မောင်ဘကြိုင်

ညီရဲ said...

တစ်နေ့ ထက် တစ်နေ့ ပန်းတိုင်က မဝေးတော့ဘူးလို့ မျှော်တွေး ခရီးတွေ ဆက်ရင်း တစ်နေ့ ထက် တစ်နေ့ တော့ ပိုနီးလာပါပြီညီ... နဲနဲလေး အားတင်းထားညီ... ပန်းတိုင်က တို့ တွေနဲ့ မဝေးတော့ပါဘူး... အစ်ကို ကျိုက်ထိုကို ရောက်တဲ့ တစ်နေ့ ညီရှိနေရင် ပိုအဆင်ပြေမှာပေါ့... အဲဒီအချိန်ကျရင် အစ်ကို တို့ စကားတွေ တဝကြီး ပြောကြတာပေါ့...:)

Maung Myo said...

မသက်ဝေ... ဟုတ်သား အစ်မပြောမှပဲ ကျနော်လည်း အသည်းကွဲတာနေမယ်း)

မမေ.... အစ်မဆုတောင်းလေး ပြည့်ချင်တယ်ဗျ တစ်နေ့နေ့ပေါ့ အခွင့်ရေးရလာမှာပါ .

မမိုးငွေ့... နေမထိ ထိုင်မထိပေါ့ တော်တော်ပျင်းတယ် ။


ကိုညီ.. အစ်ကို့ဒီကော့မန့်လေး ဖတ်ပြီးကတည်းက တကယ်ပဲ ရင်ငွေ့တစ်ခု ရလိုက်တယ်ဗျး)

ကိုဘကြိုင်း.... နှလုံးသားရှိသူတိုင်း ခံစားတတ်ကြမယ်ထင်တယ်နော့် ။

ကိုညီရဲ.... ဆုံချင်ပါသေးတယ် အစ်ကိုရေ ပြောမရဘူးလေ တကယ်ဆုံချင်ဆုံကြမှာ ။

စံပယ်ဖြူ said...

ဖတ်သွားပါတယ် ကိုမျိုးရေ.. ဘ၀တွေက တယောက် တမျိုးစီပါပဲ။ ကိုယ်စိုက်ပျိုးခဲ့တာတွေ ပြန်ရိတ်သိမ်းနေရတာလို့ နှလုံးသွင်းနေပေမဲ့ ခါးသော ဘ၀၊ ကြမ်းသောဘ၀ကို မုန်းတီးမိပါရဲ့...

နှုတ်ဆက်စရာမလိုတဲ့နေ့ကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..

San San Htun said...

ဘဝတူချင်းမို့  မောင်မျိုး ဆန္ဒတွေအမြန်ဆုံး ပြည့်ပါစေလို့  ဆုတောင်းပေးတယ်..

နေ၀သန် said...

အတွင်းကျကျခံစားမိလို့ နင့်သွားတယ်...

ခင်မင်လျက်
နေ၀သန်

Anonymous said...

fear of god hoodie
kyrie 7 shoes
jordan shoes
kobe shoes
steph curry shoes
kd 15
golden goose
golden goose outlet
golden goose outlet
supreme

LinkWithin

Related Posts Plugin for WordPress, Blogger...