Tuesday, November 22, 2011

ပုံရိပ်ဟောင်းများ

အချိန်ဆိုတာ တစ်ခါတရံ ကိုယ်သတိမထားမိလိုက်တဲ့အချိန်မှာပဲ မြန်မြန်ကုန်လွယ်လွန်းတဲ့ အရာတစ်ခုပါ အဲ့ဒီလိုပဲ အတိတ်က ပုံရိပ်ဟောင်းတွေဟာလည်း ကျနော်တို့အတွက် အမှတ်တရတွေအဖြစ်ကျန်ရစ်လို့ အဲ့ဒီအချိန် အဲ့ဒီဖြတ်သန်းမှုလေးတွေဟာ အဲ့တုန်းကသာ ဘာမှမဟုတ်ပေမယ့် အခုတော့ တကယ့်အမှတ်တရတွေကိုဖြစ်လို့ ပြီးတော့ ပုံရိပ်ဟောင်းတွေက ယခု လက်ရှိကိုယ့်ကို အပြုံးတွေ ဖြစ်စေတာတော့ အမှန်ပဲ ။ အိမ်ပြန်ရောက်တုန်းက ဗီရိုထဲက အယ်ဘမ်ဟောင်းတွေ ပြန်မွှေနှောက် ကိုယ့်ပုံတွေကို ယူခဲ့ဖြစ်တယ် ။

FB မှာတော့ ပုံတွေ တင်တတ်ကြပေမယ့် ဘလော့မှာတော့ သိပ်မတင်ကြဘူး ကျနော်ကတော့ ဘလော့ကို ပိုငြိတာမို့ အမှတ်တရအဖြစ်နဲ့ ပုံဟောင်းတွေ တင်ချင်ပါတယ် ။ဘလော့က တည်ငြိမ်ရင့်ကျက်တဲ့ အပျိုကြီးတစ်ယောက်နဲ့တူပြီး FB ကတော့ မြီးကောင်ပေါက်စလေးနဲ့ တူတယ်လို့ ထင်ပါတယ်း) ။ ပုံရိပ်ဟောင်းတွေပြန်ကြည့်ပြီး အဲ့တုန်းက ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေကိုလည်း သတိရမိပါသေးတယ် ခုတော့ တစ်ယောက်တစ်နေရာစီ တစ်ချို့တော့ အဆက်သွယ်ပြန်ရပြီး တစ်ချို့ကတော့ သတင်းတောင်မကြားတော့ပါဘူး ထင်ပါတယ် သူတို့လည်း ဘ၀တိုက်ပွဲမှာ ကိုယ်စီ ရုန်းကန်နေကြမှာပေါ့ ။ညက ဓာတ်ပုံတွေ scan ပြန်ဖတ်ပြီး ဘလော့မှာ အမှတ်တရတင်လိုက်ပါတယ် အရင်တုန်းက လုံချည်ကို ခါးမှာ ကောက်ညှင်းထုတ် ထုတ်ထားသလို တင်းနေအောင်ဝတ်ထားတတ်တဲ့ ကောင်လေးတစ်ယောက် သူငယ်ချင်းတွေနဲ့ စကားများပြီးတိုင်း ကိုယ့်အခန်းထဲမှာ တိတ်တိတ်လေး စိတ်မကောင်းဖြစ်တတ်တဲ့ ကောင်လေးတစ်ယောက်က ခုတော့ ကီးဘုတ်သံ တစ်ဂျောက်ဂျောက်နဲ့ ကိုယ့်အကြောင်းကို ကိုယ် စာစီနေရဲ့း) ။


ဆယ်တန်းဖြေပြီးတော့ သင်ယူပြီးမြောက်ခြင်းလက်မှတ်ယူတုန်းကပါ အဲ့တုန်းက မဲမဲပိန်ပိန်သေးသေးလေး ။


ကျနော့်ရဲ့သူငယ်ချင်းပါ ၉ တန်းလောက်ကတည်းကနေ ခုထိ အဆက်မပြတ်ပဲ ခင်ခင်မင်မင်ပေးနေကြတုန်း ဘလော့ဟောင်းမှာတုန်းကတော့ သူ့အကြောင်းရေးဖူးသေးတယ် ။သူက ကျောင်းပြီးတော့သူက ဘုန်းကြီး အပြီးဝတ်သွားလိုက်ကော ခုထိပဲ အိမ်ပြန်တဲ့အခေါက်တိုင်း သူ့ဆီရောက်အောင်သွားဖြစ်တယ် သူ့ကိုတွေ့ရတာ တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တွေ့ရတာ အေးချမ်းလာတယ်။

2005 နှစ်ဆန်းပိုင်းလောက်က အဆောင်က သူငယ်ချင်းတွေနဲ့ သထုံ -မြသပိတ် ဘုရားဖူးတုန်းကပါ အဲ့တုန်းက ညာအစွန်ဆုံးက မွန်သူငယ်ချင်းအိမ်မှာ ညနေစာ စားတာ စားကောင်းလိုက်တဲ့ဖြစ်ခြင်း စားပြီးတော့ ထကိုမနိုင်တော့တာ မွန်ဟင်းတွေ သိပ်စားကောင်းပါတယ် ။

ကိုစိမ်းလို့ နာမည်ပြောင်ခေါ်တဲ့ သူငယ်ချင်းနဲ့ သာမည ဘုရားဖူးသွားတုန်းက အမှတ်တရ ။

သူငယ်ချင်းတွေ ကျိုက်ထီးရိုးဘုရားဖူး လာတုန်းက ရေပြင်တော်ပေါ်မှာရိုက်ထားတဲ့ပုံလေး။

အဆောင်မှာပါ ပိတ်ရက်မှာ မသောက်ဖူးတဲ့ အရက်ကို မြည်းစမ်းကြတုန်းကပေါ့ ခွက်ကိုင်ပြီး ငမ်းနေတဲ့ပုံက မျက်မှန်း) ပါ ။

သူငယ်ချင်းတစ်ယောက် မွေးနေ့ပွဲမှာ ကြေအိုးအပြီတွယ်နေတဲ့ ပုံ ။

ဘီလူးကျွန်း ခရီးသွားတုန်းက ကားပေါ်မှာ အိပ်ငိုက်နေတဲ့ပုံ ။ ကျွန်းပေါ်ရောက်တော့ မြင်မြင် သမျှ ကိုယ့်အတွက်ထူးဆန်းနေတာ ကျွန်းကိုရောက်ဖို့ သဘောင်္စီးရတာပဲ ၂ နာရီလောက်ကြတာကိုး သီးခြားနေရာတစ်ခုကိုရောက်နေရသလိုပဲ အဆောက်အဦးအကြီးကြီးတွေကိုမြင်လည်း အံ့သြရ ကျောက်သင်ပုန်းတွေထွက်တဲ့တောင်အကြီးကြီးတွေမြင်တော့လည်း အံ့သြရတာပဲ သိပ်သဘောကောင်းတဲ့ သူငယ်ချင်းမိသားစုကိုလည်း အမှတ်ရမိသေးတယ် ။

အရင်တုန်းက ပုံရိပ်တွေဟာ အခု အမှတ်တရတွေဖြစ်ရင် အခု ပုံရိပ်တွေဟာ နောင်လည်း အမှတ်တရ ဖြစ်နေအုံးမှာပါ အဲ့အခါကျ ကျနော် ပြုံးမိအုံးမယ်ထင်တယ်း) အော် အရင်တုန်းက ငါ ဘလော့ဆိုတာကြီးပေါ်မှာ ပေါက်တက်ကရစာတွေ ရေးခဲ့ပါလားဆိုပြီးတော့ပေါ့ ။

18 comments:

မဒမ်ကိုး said...

သြော် မောင်မျိုးမျက်နှာပေါက်ဘယ်သူနဲ့ဆင်ပါလိမ့်မှတ်ပါတယ် .
မြင့်မြတ်မျက်နှာကျမျိုးဟဲ့

(မုန့်တော့ကျွေးနော်း)

မြသွေးနီ said...

ငယ်ငယ်တုန်းက ပုံလေးတွေက အသက်ကြီးလာတဲ့အခါ တကယ့်ကို အမှတ်တရဖြစ်စေတယ်။ ပုံတွေ ဂရုတစိုက်သိမ်းထားတာ အားကျမိတယ်။

blackroze said...

မောင်မျိုးရယ်..နင်ရေးထားတာလေးဖတ်ပြီး
ကျမတောင်ငယ်ငယ်ကသူငယ်ချင်းတွေ
ပြန်သတိရသွားပြီ..


အရင်တုန်းက ပုံရိပ်တွေဟာ အခု အမှတ်တရတွေဖြစ်ရင် အခု ပုံရိပ်တွေဟာ နောင်လည်း အမှတ်တရ ဖြစ်နေအုံးမှာပါ အဲ့အခါကျ ကျနော် ပြုံးမိအုံးမယ်ထင်တယ်း) အော် အရင်တုန်းက ငါ ဘလော့ဆိုတာကြီးပေါ်မှာ ပေါက်တက်ကရစာတွေ ရေးခဲ့ပါလားဆိုပြီးတော့ပေါ့ ။

ပေါက်ကရတွေရေးခဲ့တာမဟုတ်ပါဘူးဟယ်..
အမှတ်တရတွေအများကြီးကိုနင်ဖန်တီးခဲ့တာပါ

ခင်တဲ့ အမ

Myanmar Online Music said...

လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..

Myanmar Online Mp3 Songs: http://www.myanmaronlinemusic.com

ကျေးဇူးပါ..

မိုးခါး said...

တခါတလေလည်း လွမ်း .. တခါတလေလည်း ဘာကို တမ်းတမှန်းမသိ .. တခါတလေလည်း ၀မ်းနည်းသလိုလို .. ခုလည်းဖတ်ပီး အီလည်လည် .. အင်းးးးးးးးးးးးး

ညီလင်းသစ် said...

ဓါတ်ပုံဟောင်းတွေက အမြလိုလို နူးညံ့တဲ့ ဝေဒနာလေးတွေ တစ်ခုမဟုတ် တစ်ခု ပေးတတ်ပါတယ်၊ ပုဆိုးကို ကြပ်ထုတ်နေအောင် ဝတ်တတ်တဲ့ ကောင်လေးတစ်ယောက် ဆုယူနေတဲ့ ပုံမှာ ခုနှစ်ကိုတွေ့တော့ ငါလည်း အတော်အသက်ရပြီပဲ လို့ တွေးမိသွားတယ်ဗျာ...။

မိုးယံ (ဗိုက်ပူမ) said...

မသေ မချင်း ရေးနေမယ့် သူဂျီးကများ...

rose of sharon said...

ဘလော့ကို ပိုပြီးငြိတယ်ဆိုတာလေးသဘောကျတယ်... ဒါမှဘလော့ဂါအစစ်ကွး))

ညိမ်းနိုင် said...

အေးကွယ်....ကိုယ်ကတော့ ဖဘတစ်လှည့် ဘလ တစ်လှည့်ပဲ....၊အပျိုကြီးတစ်လှည့်၊မြီးကောင်ပေါက်လေး
တစ်လှည့်လို့တော့မပြောကြးနော့...:D
ဒါ့ပုံအဟောင်းလေးတွေက အလွမ်း၊အပြုံး၊ဝမ်းနည်း၊
ဝမ်းသာခံစားချက်တွေကို တစ်ပြိုင်တည်းပေးတတ်တယ်
နော်...၊ဒါနဲ့ ဒါ့ပုံထဲမှာ သူငယ်ချင်းတွေချည်းတွေ့ရတယ်..၊
ဘယ်မလဲ...ငယ်ချစ်ဟောင်းလေးရော....:)))

AH said...

ကိုမျိုးရေ... ငယ်ဘ၀လေးတွေကို ကြည့်ရင်း လွမ်းသလိုလို တောင် ဖြစ်သွားတယ်။ အမှတ်တရသိမ်းထားတော့ အမှတ်ရတိုင်း ကြည့်လို့ရတာပေါ့ခင်ဗျာ။

ဟန်ကြည် said...

ငယ်ငယ်တုန်းကပုံတွေပြန်ပြန်ကြည့်မိရင် မှန်ကြည့်ချင်စိတ်ပါ ကုန်ကုန်သွားတယ်...ဘာပဲဖြစ်ဖြစ် ပြန်မရနိုင်တော့တဲ့ ထာဝရဆိုတာကတော့ ရင်ထဲမှာ ရှိကြဦးမှာပေါ့လေ...

စံပယ်ချို said...

မောင်မျိုးရဲ့ငယ်ဘ၀ ပုံလေးတွေနဲ့ အတူ
သူငယ်ချင်းပုံတွေကိုအမှတ်တရဖော်ပြပေးလို့
သတိတရကြည့်ခဲ့ပါတယ်
ခင်ခင်မင်မင် jasmine

ညီရဲ said...

အစ်ကိုလဲ ဓာတ်ပုံအဟောင်းတွေ သိမ်းရတာကို ဝါသနာပါတယ်။ ငယ်ငယ်တုန်းကတော့ ဓာတ်ပုံသိပ်ရိုက်ပေါ့ ခုတော့ ပျင်းသွားပြီ... ဓာတ်ပုံအဟောင်းလေးတွေ ကြည့်ပြီးရင် ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ ဓာတ်ပုံလေးတွေကို ကြည့်သွားပါတယ် မောင်မျိုးရေ...

Maung Myo said...

မဒမ်ကိုး....း) တကယ်တူရင် မုန့်ကျွေးမယ် တူမှမတူတာကိုးဗျ ကိုရင့် ဆီမှာပဲ ကျနော့်အစား မုန့်ဝယ်ကျွေးခိုင်းလိုက်တော့နော့် ။

မမြသွေးနီ.... ဟုတ်တယ်ဗျ ကျနော့်အတွက် အမှတ်တရတွေက တန်ဖိုးထားရတဲ့အရာတွေလေ အဲ့တာကြောင့် မြတ်နိုးစွာသိမ်းထားမိတယ် အစ်မရေ့။

ဘလက်ရို့စ်... ငယ်ငယ်ကအကြောင်းပြန်တွေးမိတော့လည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းတယ်မှတ်လားဗျ .။

အွန်လိုင်းမြူးဇစ်...သီချင်းကြိုက်တဲ့ကျနော့်ကို မျှဝေပေးတာကျေးဇူးတင်ပါတယ်။


မိုးခါး...နင်လည်း ခံစားချက်တွေက စာအဖြစ်ချရေးသင့်တယ်ဟ ရင်ထဲက စကားလုံးတွေကို စာစီရတာလည်း တစ်မျိုးခံသာတယ်မှတ်လား ရေးပါ ဖတ်ချင်သေးတယ် ။

ကိုညီ....အသက်ကြီးလား မကြီးလား မမြင်ဖူးတော့မသိဘူးရယ် အဲ့တာကြောင့် ဓာတ်ပုံပြပါ ဓာတ်ပုံဆရာရေ့း)

မိုးယံ...သိလှကြီလားး မတာမရဲ့း)

မရို့စ်... ဟုတ်တယ် ဘလော့က ပို စမတ်စ်ကျတယ်ထင်တယ်ဗျ ကျနော်ကတော့ ကြိုက်တယ် ။

ကိုညိမ်းနိုင်.. ငယ်ချစ်က အိမ်ထောင်ကျလို့ ခလေးတောင်ရနေပြီ ပုံတင်လို့မရတော့ဘူး ဆင်ဆာမလွတ်ဖြစ်လိမ့်မယ် ။

ကိုအေအိတ်....ဟုတ်တယ်ဗျ ပုံရိပ်ဟောင်းတွေက အတိတ်ရဲ့ အကောင်းဆုံး သက်သေတွေပဲလို့ကျနော်တော့မြင်တယ်။

ဆြာ.... က သိပ်ပုံမပြောင်းပါဘူးဗျာ အခုက ပိုတောင်နုနေသေးတယ်။ ထာဝရဆိုတာ ရင်ထဲရှိနေအုံးမှာပါတဲ့လား ကောင်းလိုက်တဲ့ စာသားလေး။

jasmine(တောင်ကြီး) ....ဟုတ်ကဲ့ဗျ ပုံတွေကြည့်သွားပေးတာကျေးဇူးတင်ပါတယ် ။


ကိုညီရဲ။။။ ကျနော်ကောပဲ ငယ်ငယ်ကမှမဟုတ် ကင်မရာလေး မပိုင်ခင်အထိ ရိုက်ချင်လိုက်တဲ့ဓာတ်ပုံ ခုကျ စိတ်မပါတော့ဘူးး ချောင်ထဲရောက်နေပြီ ။

mstint said...

ပုံရိပ်ဟောင်းဆိုတာ အနာဂါတ်အတွက် အမှတ်တရ ကမ္ဗည်းတင်ထားတဲ့ မှတ်တမ်းလေးတွေပေါ့ မောင်မျိုးရေ။
လူ့အကြိုက်နတ်မလိုက်တဲ့လေ။ ခက်ခက်ခဲခဲယူရတဲ့ ပစ္စည်းကိုနှစ်သက်ပြီး လွယ်လွယ်ကူကူရမှာကို မမက်မောတာ လူ့သဘာဝပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

ကိုယ့်အတွက် ဘလော့ကတော့ ဒိုင်ယာရီပါပဲ..မောင်မျိုး ပို့ စ်ကို ဖတ်ရတော့ ပြန်ငယ်သွားတယ်...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငယ်တုန်းကပုံတွေက ပြန်မရနိုင်တော့တဲ့ အတိတ်ရဲ့ ခြေရာလေးတွေလေ..
မြင်တိုင်း သတိတရနဲ့ ပြန်လိုချင်တဲ့ အရာတွေပေါ့။
သိမ်းထားနိုင်ရင် ပုံတွေထဲကနေ ကိုယ့်ခြေရာလေးတွေ ပြန်ရှာလို့ ရတာပေါ့နော်..
ဓာတ်ပုံများများရှိလေ အတိတ်ကို များများသိမ်းဆည်းထားမိလေပါဘဲ..
တို့ကျတော့ ဓာတ်ပုံတွေ သိပ်မရှိတော့ အတိတ်ခြေရာတွေကို ပြန်ကောက်တာ ကောက်မရဖြစ်နေရော..

Maung Myo said...

အန်တီတင့်...ပုံရိပ်ဟောင်းဆိုတာ အနာဂါတ်အတွက် အမှတ်တရ ကမ္ဗည်းတင်ထားတဲ့ မှတ်တမ်းလေးတေ တဲ့လားဗျ သိပ်လှတဲ့တင်စားမှုပဲ ကျေးဇူးတင်တယ် တီတင့်လာတိုင်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ် ဆိုတာလေးက တကယ်ကိုစိတ်ချမ်းသာဖို့ကောင်းတယ် ။

မစန်းထွန်း... ငယ်ပါသေးတယ်ဗျ သိပ်မကွာကြသေးပါဘူး ခုမှ ၂၀ ကျော်တာပဲကိုး))

မချော...ဟုတ်တယ်မချောရေ့ ကျနော်လည်း ကောလိပ်တက်မှပဲရိုက်ဖြစ်တာလေးတွေပါ အငယ်ကပုံရိပ်ဟောင်းတွေကတော့ မရှိသလောက်ပါပဲ ။ မချောကတော့ အငယ်ကလည်းချောမှာသေချာပါတယ်ဗျာ. ။

LinkWithin

Related Posts Plugin for WordPress, Blogger...