Tuesday, October 11, 2011

ကွမ်းပင်

ရွာကိုပြန်ရောက်တုန်း ကင်မရာလေးလည်းပါသွားတာနဲ့ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်ခဲ့တယ် ပြီးတော့ များသောအားဖြင့် မြို့သားဘလော့ဂါ တွေများတဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတလေးတွေရစေချင်တာနဲ့ ကျနော်တို့မြို့ဘက် တောရွာတွေမှာ အများဆုံးစိုက်ပျိုကြတဲ့ ကွမ်းပင်တွေအကြောင်းပြောပြချင်ပါတယ် ။ ကွမ်းပင်လို့ဆိုလိုက်တာနဲ့ အပင်မြင့်မြင့် ထန်းပင် အသေးစားနဲ့တူတဲ့ ကွမ်းသီးပင်လို့ထင်တတ်ကြမှာပါ တကယ်တော့မဟုတ်ပါဘူး မြန်မာတွေအများဆုံး စားကြတဲ့ ကွမ်းယာမှာ အသုံးပြုတဲ့ ကွမ်းရွက်ပင်ပါ။ ကျနော်တို့မြို့ ရဲ့ အဓိက စီးပွားရေးထဲမှာ သူက နံပါတ် ၂ လောက်မှာ ပါတယ်ပြောရမယ် တောမှာနေတဲ့ သူတိုင်း ကွမ်းပင်စိုက်ကြလို့ပါ ။ အရင်ကတော့ ကြားဖူးနားဝရှိတာ ကျနော်တို့မြို့လေးကို ရာဘာမြို့တော် ငရုပ်ကောင်းမြို့တော်လို့ တင်းစားကြတယ်ဆိုလား ဒါပေမယ့် ရာဘာလိုကြီးကျယ်တဲ့လုပ်ငန်းမျိုးတွေက အစိုးရပိုင်းနဲ့ မြို့က သူဌေးပိုင်းတွေပဲ ပိုင်ဆိုင်ကြတာများတော့ ကျနော်နဲ့ မရင်းနှီးပါဘူး ကျနော်နဲ့ ရင်းနှီးတာက ကွမ်းပင် ။

ကွမ်းပင် တစ်ပင်က တကယ်ပဲ အကြမ်းခံတယ်လို့ထင်ရပေမယ့် ပိုးမွေးသလိုမွေးရပါတယ်။ သူ့ကို စိုက်ချင်ရင်လည်း အရင်းနှီးကများတယ် ပြီးတော့ထီထိုးတာနဲံ့လည်းဆင်နေပြန်ကော ဘာကြောင့်လည်းဆိုတော့ သူကပိုးကျရင်လည်း ရှုံးမယ် တက်နိုင်တဲ့သူတွေကတော့ အပင်ရည် ထောင်နဲ့ချီပြီးစိုက်ကြတယ် ။ ပြီးတော့ ကိုယ်စိုက်တဲ့နှစ် ဈေးမရရင်လည်းရှုံးမှာပဲ ။ကွမ်းစိုက်မယ်ဆိုရင် စိုက်မယ့် မြေကွက်ကို ပေါက်ရ မြေဆွရတယ် ပြီးရင် အကွက်ကလေးတွေ မြောင်းကလေးတွေ ဖေါ်ရတယ် ။ကွမ်းညွန့် ( ကွမ်းညွန့်ဆိုတာက အရင်နှစ်တွေမှာ အပင်ဟောင်းတွေဆီက ပြန်ပြီး မျိုးယူရတာမျိုးပါ သူကလည်းဈေးကောင်းတယ် ကွမ်းမျိုးကောင်းရင် ဈေးပိုရတယ် ခု ကာလပေါက်ဈေးနဲ့ တစ်ညွန့်ဘယ်လောက်ရှိလဲ ကျနော်လည်းမသိတော့ဘူး ဝေးနေတာလည်းကြာပြီမို့ပါ) ။ ကွမ်းညွန့်စိုက်မယ့်နေရာလေးမှာ မြေကွက်ကလေးတူးတယ် ပြီးတော့ မြေသြဇာ မြေချက် ( မြေကြီးကိုမီးဖုတ်ပြီး ပြာ အဖြစ်လုပ်ယူထားတဲ့အရာ ) နဲ့ နွားချေးကို ရောနှယ်ပြီး အဲ့မြေကွက်လေးထဲမှာ ကွမ်ပင်လေးကို ပျိုပါတယ် ပြီးတော့ တိုက်စိုက်တယ် ၀ါးတိုင်ပါ ။

ဒါက မသေတော့ဘူးလို့ပြောရမယ့် ရှင်သန်တဲ့ ကွမ်းပင်ပါ ကွမ်းပင်တစ်ပင်မှာ ညှာတံလေးက အရေးကြီးဆုံးပါ သူ့ကို ယုယုယယ ထားရပါတယ် သူနာသွားမျိုး ကျိုးသွားတာမျိုးဆိုရင်တော့ ဒီအပင်မရှင်နိုင်တော့ပါဘူး ။ ခြံရှင်တွေက သူခိုးရန် ပြီးတော့ ပိုးကျမယ့်ရန် တွေကိုလည်း ကြောက်ရတာမို့ ကွမ်းခြံတွကို ခြံစည်းရိုးနဲ့ခပ် သေချာစိုက်ပျိုး ဂရုစိုက်ရတာပါ တစ်ချို့ ယုတ်မာတဲ့ သူတွေကျတော့ ခြံထဲဝင်ပြီး အဲ့အညွန့်လေးတွေကြီးပဲ ချိုးသွားတတ်ကြတာပါ အဲ့တာဆိုရင်တော့ သေချာတယ် အဲ့ခြံရှင် အော်ငိုတော့မှာ ။


ဒါကတော့ နောက်ထပ် လပိုင်းလောက်ဆို ခူးလို့ရပြီဖြစ်တဲ့ ကွမ်းရွက်လေးပါ ။






အထက်ပုံတွေကတော့ ကွမ်းခြံကွက်တွေပါ ။ ဒီမှာတော့ မြောင်းပဲဖေါ်ရသေးတယ် အကွက်မဖေါ်ရသေးပါဘူး ။ ကျနော်တို့ဘက်က အခေါ်ကတော့ ဒီနှစ်မှစိုက်တဲ့အပင် ကွမ်းသစ်ပေါ့ သူ့ရဲ့ စစချင်းခူးတဲ့ အရွက်တွေက သိပ်တော့ ဈေးမရသေးဘူး ပွဲတွေမှာသွင်းရင်လည်း ကွမ်းသစ် ကွမ်းဟောင်းခွဲပြီး ဈေးက ၂ မျိုးရှိပါတယ် ။ အဓိကတင်ပို့တာက ပဲခူး ရန်ကုန်ဘက်ကိုပါ ။ ဒီကွမ်းပင်တွေ သန်မာလာပြီဆိုရင်တော့ ငြမ်းစင်ရပါတယ် (စာလုံးပေါင်းမသိဘူး မှားမယ်ထင်တယ် ) ။ အဲ့အခါကျ ခြုံတွေကို ၀ယ်ရပါတယ် အပေါ်က အမိုးလိုမျိုးနဲ့ နေပူဒဏ်ခံနိုင်အောင်လုပ်ပေး ပြီးတော့ နေထိုးမယ့်ဘက်ကို အကာလိုမျိုး လုပ်ပေးရတယ် ။ စိုက်ပျိုးတာက မိုးရာသီမှာစိုက်တယ် ကွမ်းဈေးအကောင်းဆုံးအချိန်က နွေရာသီ ဘာလို့လည်းဆိုတော့ နေပူဒဏ်ကြောင့် ကွမ်းအသေများတတ်တယ် အဲ့တော့ ကွမ်းရှာရင် ဈေးပိုရတာပေါ့ ။အဲ့တော့ နွေရာသီရောက်ရင် ကွမ်းရေပေးရတာမျိုးလည်း ၂ ပါတ်တစ်ခါလောက်လုပ်ပေးရပါတယ် ကြားမှာ ကွမ်းစာ ( ၀ဲ ) ကျွေးရတာမျိုးလည်း လုပ်ရတာ ဒါကြောင့် ကွမ်းက အရင်းနှီးများလို့ တော်ရုံ ငွေမနိုင်တဲ့သူတွေလည်း ကွမ်းမစိုက်နိုင်ကြပါဘူး ။ကွမ်းခြံဟောင်းတွေကိုတော့ မရောက်ဖြစ်လို့ မရိုက်ခဲ့ရဘူး ။


ဒါကတော့ ရောင်းတန်းဝင်ပြီပြောရမယ့် ကွမ်းလိပ်တွေပါ ၅၀ သားအလိပ် ။ ဒီအဆင့်ကိုရောက်ဖို့ ဆိုရင် ကွမ်းခူးသမား ငှားရမယ် အပင်မြင့်တွေကို လှေခါးထောင်ပြီးတက်ခူးရတယ် သူတို့ ခူးလာတဲ့ အရွက်တွေကို ရေပြောင်အောင်ဆေး ပြီးရင် စီတဲ့သူက စီ ဒီလိုအလိပ်လေးတွေဖြစ်ဖို့ လိပ်တဲ့သူကလိပ်ရပါတယ် သူကလည်း ပညာတော့လိုတယ် ပယ်ကွမ်း ( အရွက်သေးလေးတွေ ၀ါနေတဲ့ အရွက်လေးတွေ ဘေးမှာ သပ်သပ်ဖယ်ထုတ်ရတယ် ) ကိုသပ်သပ်ဖယ် အရွက်သန့် အရွက်ရွယ်တူးလေးတွေကို ရွေးစီရတာမျိုး ရွာဘက်က ကွမ်းစီ ကွမ်းခူး တဲ့ အဒေါ်ကြီးတွေကတော့ လုပ်သက်တွေရင့်လို့ သူတို့ ကွမ်းစီတာ သိပ်မြန်ပါတယ် စက်ကလေးကျနေတာပဲ စီသွားတာ ။ လိပ်တဲ့သူကလည်း လိပ်တတ်မှ မဟုတ်ရင် ကွမ်းလိပ်က ပြဲပြဲကြီးဖြစ်သွားတတ်တယ် ကွမ်းရွက်ကောင်းပေမယ့် မလိပ်တတ်ရင် ကွမ်းလိပ်က မလှတော့ ဈေးလျှော့ခံရတာမျိုးလည်းရှိပါတယ် ။ ကွမ်းကို ရေများများစွတ်ရတယ် တစ်ချို့ကလည်း ရေတွေ တအားစွတ်ပြီး ၅၀ သားအလိပ်မှာ ကွမ်းသားက ၃၀ သားလောက်ပဲ ပါတာမျိုးလည်းရှိတယ် ။ ဒီအလိပ်လေးတွေကို ရေဖျန်းပြီးရင် ခြင်းထဲကို ငှက်ပျော်ရွက်တွေ ခံပြီး ကွမ်းရွက်မနာဖို့ထည့် ဒါဆိုရင်တော့ ရောင်းတန်းဝင်တဲ့ ကွမ်းရွက်တွေရပါပြီ ။

ကြုံများကြုံခဲ့ရင်တော့ သူငယ်ချင်းတွေကို ကွမ်းခြံထဲအလည်ခေါ်လို့ မသိတသိနဲ့ လုံးတုတ် ပတ်တုတ်ပြီး ဆရာကြီးလေသံနဲ့ ရှင်းပြချင်ပါသေးတယ် ကျနော်ကလည်း ခပ်ညံ့ညံ့တောသားဗျး) ။ ဗဟုသုတ ရစေလိုတဲ့အတွက် တင်ပေးလိုက်ပါတယ် မသိတာရှိ မရှင်းတာရှိ မေးပါ ကော့မန့်မှာ ပြန်ဖြေပေးပါမယ် ကျေးဇူးတင်ပါတယ် ။



26 comments:

Mon Petit Avatar said...

ကွမ်းရွက်ကိုဒီလိုစိုက်ရမှန်းမသိခဲ့ဘူး။ကျေးဇူးတင်ပါတယ် ဒီpost လေးအတွက်။

ဧပရယ်လ်ပူး@ပူးတေ said...

အမေ့အိမ်သို့ အပြန်ပို့စ်လေးကို ဖတ်ပြီး စိတ်ဝင်စားတာနဲ့ တခြားရွာနဲ့ဆိုင်တဲ့ ပို့စ်အဟောင်းတွေ လိုက်ဖတ်နေတုန်း ကွမ်းပင်ဆိုပြီး ဖတ်လိုက်ရတယ်...
ကွမ်းပင်အပြင်မှာ မြင်ဖူးတယ်... ကွမ်းခူးတာလဲ တွေ့ဖူးတယ်... ကွမ်းစိုက်တယ်ဆိုတော့ မောင်မျိုးတို့က သထိန်းတွေပေါ့... အလှူမှာ ကျွေးတဲ့ မုန့်ဟင်းခါးလေးလဲ စားချင်စရာလေး..နောက်တခေါက်အလှူလုပ်ရင် သံချောင်းခေါက်လိုက်နော်...

AH said...

ကွမ်းပင် အကြောင်းလေး စုံစုံစေ့စေ့ဖတ်ရလို့ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ

Cameron said...

ရွာမှာနေတုန်းက သဘာဝအတိုင်းပေါက်တဲ့ကွမ်းရွက်ပင်တော့တွေ့ဖူးတယ် နွယ်တွေနဲ့ ချုံပေါက်သလိုပဲ..။ ခုလိုရောင်းတန်းစိုက်ပင်တွေကိုတော့ မောင်မျိုးပုံတွေကျမှတွေ့ဖူးတာ...။ ကွမ်းရွက်လိတ်တာတော့မြင်ဖူးတယ်.. စိတ်ဝင်စားဖို့ကောင်းတယ်..။

ညီလင်းသစ် said...

ကွမ်း(ရွက်)ပင်ကို မြင်ဖူးပေမယ့် အခုလို တန်းတွေနဲ့ ညီညီညာညာ စိုက်ခင်းကို မမြင်ဖူးသေးဘူးဗျ၊ အဲဒီလောက် ဂရုစိုက်ရတယ်လို့ မထင်ထားမိဘူး၊ ကွမ်းရွက်က ဆေးဖက်လည်း ဝင်တယ်နော်၊ ကျနော့် အဒေါ်တစ်ယောက်က မျက်ရိုးကိုက်ရင် ကွမ်းရွက်လေး ကပ်ထားလိုက်တာပဲ၊ အမေကတော့ ညီမကို စင်ရော်တောင် မျက်ခုံးမွေးရအောင် ငယ်ငယ်တုန်းက ကွမ်းရိုးနဲ့ ဆွဲပေးခဲ့ဖူးတယ်..၊ ဗဟုသုတအတွက် ကျေးဇူးပါ ညီရေ...။

မြသွေးနီ said...

ကွမ်းပင်လေးတွေက ကဗျာဆန်လိုက်တာ....။
စိမ်းစိုနွယ်တက်နေတာလေးတွေက ချစ်စရာ..။ ကွမ်းပင်ဗဟုသုတလုံးဝမရှိသူမို့ ဗဟုသုတရရပါတယ်။ ကွမ်းရွက်ကို မျက်လုံးကပ်ဘူးတယ်။ ချောင်းဆိုးရင် လျှက်ဆားကို ကွမ်းရွက်နဲ့ ထုတ်လို့ ငုံဘူးတယ်။ အဲ.. ကွမ်းစားပြီး တွေ့တဲ့နေရာ ကွမ်းတံထွေး ထွေးတတ်သူတွေကိုတော့ အားကီးမုန်းဒယ်..။ :)

မေသိမ့်သိမ့်ကျော် said...

ကွမ်းပင်က အရမ်းယုယရတာတော့သိတယ်။ ကွမ်းပင်တွေကအများကြီးပါလား။ တစ်ဧကကို ဘယ်နှစ်ပင်လောက်စိုက်လို့ရလဲ မသိဘူးနော်။

ခရီးသွားနေလို့ မရောက်ဖြစ်တာတောင်ကြာလှပြီ။


ခင်တဲ့
မေသိမ့်

နွေးနေခြည် said...

ဗဟုသုတ ရလိုက်တာ..

Anonymous said...

ကွမ်းခြံထဲကို မသန့်တဲ့လူတွေ ၀င်ရင်လဲ ကွမ်းတွေပျက်တယ်ဆို

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတလေးတွေ အတွက် ကျေးဇူးပါ ကိုမျိုးရေ...:):)

Maung Myo said...

အမှတ်တရနေ့စွဲ ( ကိုရဲထွန်းဇော် ) .... အစ်ကို ပြောသလိုတော့ ကျနော်မကြားဖူးဘူးဗျ မသန့်တဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးလဲ ရေမချိုးထားလို့မသန့်တဲ့သူလား ၊ အနာကြီးရောဂါ သည်တွေကိုပြောတာလား ၊ စိတ်မသန့်တဲ့သူတွေကိုပြောတာလား ကျနော် ကွမ်းခြံထဲကြီးလာတာတော့ ဘယ်လိုလူဝင်ဝင် ကွမ်းပင် သေတာရှင်တာနဲ့ဆိုင်တယ်လို့တော့ မတွေ့ခဲ့ဖူးဘူး ။

TZH1985 said...

ဒါဘယ်နေရာလဲ စဉ်းစားနေတယ်.. ကွမ်းရွက် ကွမ်းသီး အထွက်ကောင်းတာ မုဒုံပဲ :P

rose of sharon said...

ကွမ်းခြံလေးက ညီညီညာညာလှပစွာ ကဗျာဆန်တယ်နော်... ကွမ်းပင်စိုက်ခြင်း ဗဟုသုတလေးရလို့ကျေးဇူးပါ

mstint said...

တီတင့်ရောက်ဖူးတဲ့ ကွမ်းခြံကတော့ အပင်ကြီးတွေပေါ်မှာ နွယ်တက်နေတာမျိုးမြင်ဘူးတယ်အခုလို ဘောင်အလိုက်စိုက်ထားတော့ ထိန်းသိမ်းရတာ ပိုအဆင်ပြေပြီး စနစ်ကျမယ်ထင်တယ်။ ကွမ်းနဲ့ပတ်သက်လို့တော့ စေ့စေ့စပ်စပ် အခုမှဖတ်ဘူးတယ်။ ကျေးဇူးပါ မောင်မျိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

ကျွန်တော်တို့ အဖွားဘက် ရွာတွေလည်း ကွမ်းရွက်စိုက်ကြတယ်။ စီပုံစီနည်းတော့ မောင်မျိုးတို့ ရွာဘက်နဲ့ မတူဘူး။ ကျနော်တို့ဘက်က ခြင်းကြားကြီးတွေထဲကို ကြောင်လိမ်လှေကားပတ်သလို စီပြီးခွေထည့်ကြတာ။ ကွမ်းခူးပြီဆိုရင် ရွာမှာ ကောက်ရိတ်သိမ်းသလိုပဲ ပျော်ဖို့ကောင်းတယ်။ ရွာတွေက ခြေတံရှည်အိမ်တွေဆိုတော့ အိမ်အောက်မှာ ဖျာကြမ်းခင်း ထမင်းစားစားပွဲကြီးတွေချပြီး နီးစပ်ရာ အိမ်နီးချင်းတွေ ရင်းနှီးသူတွေ လာပြီး ကွမ်းရွက်စီကြရတာ။ ကျနော်လည်း ဝင်စီဖူးတယ်။ ကွမ်းရွက်လေးကို မှောက်ပြီး တရွက်ရဲ့ အညှာနဲ့ နောက်တရွက်အညှာလိုင်းလေးနဲ့ ထပ်ထပ်ပြီး ဗန်းတွေထဲ စီသွားရင် တပါတ်ပြီး တပါတ် အဝိုင်းတွေ ဖြစ်သွားတော့တာပဲ။ အဲဒီ အဝိုင်းတွေကိုမှ ခြင်းကြားကြီးထဲကို ညီညီညာညာစီ ထည့်ရတာပေါ့။ အရွက် အကြီးအသေး ညီအောင်လည်း စီရသေးတယ်။

ကွမ်းရွက်က ဆေးဖက်ဝင်တယ်။ အလွယ်ဆုံးကတော့ ညတိုင်း ကွမ်းရွက်မျက်လုံးပေါ်ကပ်ပေးရင် မျက်စိပါဝါ ဒီဂရီတိုးတာတွေကို လျှော့ချသွားစေတယ်တဲ့။

ဖတ်ဖူးတာတော့ ကွမ်းရွက်အလယ်မှာ ကုဝေရနတ်မင်း၊
အရင်းမှာ ဘီလူး နဲ့ အဖျားမှာ နတ်ယုတ်မာ စောင့်သတဲ့။ ဒါကြောင့် အဖျားတွေ ညှပ်ပြီး စားကြတာတဲ့။

နောက်တခုက ကြားဖူးတာက ကွမ်းရွက်ခြံထဲကို အမျိုးသမီးတွေ ဓမ္မတာဖြစ်နေရင် မဝင်ရဘူးတဲ့။ ကွမ်းပင်တွေ သေတတ်တယ်တဲ့။ ကွမ်းခြံထဲမှာ အပေါ့ အလေးမသွားရဘူးလို့လည်း ဆိုတယ်။ ကွမ်းပင်က အသန့်ကြိုက်လို့တဲ့လေ။

ကြားဖူးတာနဲ့ သိတာလေးတွေပါ။

Anonymous said...

အမတို့ အညာကတော့ ကွမ်းရွက်ကလေးတွေက စိမ်းဝါရောင် ကွမ်းနုဝါပေါ့ အရွက်ကလည်းကိုင်ကြည့်ရင် ချောပြီးနုနေတယ် ကွမ်းပင်ကသူရဲ့အမှီဝါးထက် မြင့်တက်လာပြီဆိုရင် ၀ါးငြမ်းကို နောက်တဆင့် ထပ်မြှင့်ပြီး ဆင်ပေးရတယ်
အဲဒါရောမောင်မျိုးတို့နဲ့တူလား
သူဌေးတွေကတော့အပင် သောင်းချီစိုက်ကြတယ်
အခုတော့အညာမှာ ရေကြီးတော့ ကုန်ပေါ့ ကွမ်းခြံတွေ
ဟင့်..

Anonymous said...

အရင်တခေါက် အိမ်ပြန်တုန်းက အိမ်ဘေးမြေကွက်လပ်အလွတ်မှာ ကွမ်းပင်စိုက်ဖို့ ကြံသေးတယ်။ ကျွမ်းကျင်တဲ့သူကိုတောင် ခေါ်ပြမိသေးတယ်။ သို့ပေမဲ့ အနီးကပ် လုပ်နိုင်မဲ့သူမရှိလို့ အစခက်နေတယ်ဗျ။ ဒီပို့ထဲကအတိုင်းဆို ပိုခက်မဲ့သဘောပဲ။
N/A

ဟန်ကြည် said...

ဆရာတို့ငယ်ငယ်ကတော့ ကွမ်းခြံလုပ်ငန်းလုပ်ဖူးတယ်...မောင်မျိုးတို့ဆီမှာလိုတော့ မဟုတ်ဘူး...ဘောင်ပေါ်တင်ပြီးစိုက်တာရယ် တိုင်ထောင်တာရယ်တော့ တူတယ်...ဒါပေမယ့် ၀ါးတိုင်မထောင်ဘူး...သစ်သားတိုင်လေးတွေထောင်ရေးရတယ်...သူတို့က ကုပ်အားပိုကောင်းလို့...ပြီးတော့ ခြံပေါ်မှာ အုန်းလက်မိုးတယ် ဘေးမှာ အုန်းလက်တွေပတ်လည်ကာပေးရတယ်...စိုထိုင်းဆပေါ်မူတည်ပြီး အုန်းလက်ကို လိုသလို ဖွင့်ပိတ်ပေးရတယ်...ဆေးဖြန်းရတယ်...ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေပေါ့လေ...

ဆရာတို့ဒေသဘက်က ကွမ်းတွေက အရွက်ပိုကြီးသလိုပဲ...ထုပ်ပိုးပုံကတော့ ကိုမြစ်တို့ ဒေသနဲ့ ဆရာတို့ဒေသက တူတယ်...အဲဒီလိုစီထည့်တော့ ရေသိပ်မနေဘဲ ကွမ်းပွဲစားအတွက် ပိုအဆင်ပြေတာပေါ့လေ...

blackroze said...

ကွမ်းပင်နဲ့ပတ်သက်တာသေချာမသိဘူးရယ်..
မောင်မျိုးပြောမှဘဲသိတော့တယ်..

မဒမ်ကိုး said...

ကိုမောင်မျိုးရေ ခုမှကွမ်းပင်တွေအကြောင်းသေချာဖတ်ရတော့တယ်
ကွမ်းက တကယ်မြတ်တယ်နော် အဲဒါတော့သိတယ်း)

ခင်တဲ့
မဒိုးကန်

ညီရဲ said...

ဒီပိုစ့်လေး ဖတ်ပြီး ငယ်ငယ်က ကွမ်းပင်လေးတွေကို ရေလောင်း၊ ကွမ်းရွက်ခူးခဲ့ ရတာလေးတွေကို ပြန်သတိရမိတယ်။ ရေလောင်းရတာ တကယ်ပင်ပန်းပေမယ့် ပျော်ဖို့ တော့ ကောင်းတယ်...

စော(အဝါရောင်မြေ) said...

ကွမ်းပင်က ငါးပိကိုင်ထားတဲ့၊ ဒါမှမဟုတ် အနံစွဲနေတဲ့ လက်နဲ့ ခူးရင်လည်း သေတယ်စို။

ဧပရယ်လ်ပူး@ပူးတေ said...

အမှတ်တရနေ့စွဲများ ပြောတဲ့ မသန့်တဲ့လူတေါဝင်ရင်သေတယ်ဆိုတာ ကြားဖူးတယ်..

စော(အဝါရောင်မြေ) ပြောတာလဲ ကြားဖူးတယ်...

ပူးတေလိုက်သွားဖူးတဲ့ ကွမ်းခြံက မန္တလေးတိုင်းဘက်က မြို့လေးတမြို့မှာ ကိုမျိုးတို့ဘက်မှာ တော့ အဲဒီလိုမျိုး အယူသည်းတာတွေရှိလားတောပမသိဘူး...

သူတို့ပြောတဲ့ မသန့်တဲ့လူဆိုတာ အမျိုးသမီးတွေ လစဉ် ဓမ္မတာလာနေတဲ့ အချိန် မသွားရဘူး..ကွမ်းခူးတဲ့ လူတွေ (မြို့ခံ အမျိုးသမီးတွေ) ကလဲ သစ္စာရှိကြတယ်.. သူတို့ လစဉ်ကိစ္စဖြစ်နေတယ်ဆို ပွင့်ပွင့်လင်းလင်း ကွမ်းခြံပိုင်ရှင်ကိုပြောပြီး လိုက်မခူးကြတာကို ကိုယ်တွေ့ကြုံဖူးတယ်...ကွမ်းခြံတခြံလုံး ပုတ်တတ်တယ်ဆိုလားပဲ... သူတို့တွေရဲ့ အရင်းအနှီးတွေကလဲ ကြီးတော့ ဒီကိစ္စက အယူသည်းတာလား တကယ်လားဆိုတာ စမ်းသပ်ချင်ပေမယ့် မစမ်းသပ်ခဲ့တော့ပါဘူး...

ဒါပေမယ့် အိမ်မှာ အဖွားလက်ထက်တုန်းက ဂမုန်းအမျိုးစားပေါင်း ၁၅ မျိုး မျိုး ၂၀ လောက်ရှိတယ်... အဲဒီထဲက တချို့ဂမုန်းတွေလဲ အဲလိုပဲ... အမျိုးသမီးတွေ ရေမလောင်း အပွင့်မခူးရတဲ့အချိန် ရှိတယ်.. အဲဒါတော့ တိုက်ဆိုင်တာလား၊ တကယ်လားတော့ မသိဘူး။ အဲ ဂမုန်းတွေ တကယ်သေသွားဖူးတယ်.. အိမ်က အဒေါ်အငယ်က မဟုတ်မခံ ဇတ်ဇတ်ကျဲဆိုတော့ သူစမ်းသပ်ဖို့ တိုင်ပင်ပြီးအဖော်ခေါ်လို့ ကိုယ်တွေ့ကြုံဖူးတယ်..အဲချိန်တုန်းက ကလေးပဲ ရှိသေးတော့ ဘာမဆို စူးစမ်းလေ့လာနေတဲ့ အရွယ်ပေါ့

မန့်တာတောင်အတော်ရှည်သွားပြီ...စိတ်ဝင်စားစရာကောင်းလို့ အများသိအောင် ရှဲကြည့်တာ... သေချာသိတဲ့ လူတွေ ရှိရင်လဲ ပြောပြသွားကြလို့ရတာပေါ့...

ခင်မင်စွာဖြင့်
ပူးတေ

ဧပရယ်လ်ပူး@ပူးတေ said...

အိုး ကွန်မန့် တင်လိုက်ပြီးမှ ကိုမြစ်ကျိုးအင်းရဲ့ ကွန်မန့်ကို သွားတွေ့တယ်.... ဟုတ်တယ်.. ကိုမြစ်ကိုးအင်း ပြောသလိုပဲ... ဒါပေမယ့် စိုက်ပုံက ကိုမောင်မျိုးတို့ စိုက်တဲ့ တိုက်ထူပြီး မြောင်းဖော်စိုက်တာနဲ့ တူတယ်

Unknown said...

ဆောင်းပါးရှင် က မွန်ပြည်နယ်သားများလား
ကွမ်းစိုက်ပုံကို ပြောပြထားတာ မွန်နယ်ကစိုက်ပျိုးပုံနဲ့
တူနေလို့ပါ
ဧရာဝတီတိုင်းဘက်က စိုက်ပုံနဲ့ နဲနဲကွဲလဲတယ်

Unknown said...

ဧရာဝတီတိုင်းဘက်မှာလည်း ကွမ်းတော်တော်စိုက်ကြပါတယ်
ကိုမောင် မျိုးတို့စိုက်ပျိုးပုံနဲ့ နဲနဲမတူပါဘူး
ကိုမောင် မျိုးရဲ့ဆောင်းပါးမှာ ဖေါ်ပြထားတဲ့ ကွမ်းပင်ကြီးလာရင် စဉ်ထိုးတာမျိုး ဧရာဝတီဘက်မှာ မရှိပါဘူး ကွမ်းရွက်ကို စည်းပြီးရောင်းတာမျိုးလည်းမရှိပါဘူး
ပိသာလိုက်ချိန်ပြီးရောင်းကြပါတယ်
ကျန်တာတော့ တူပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...