Monday, October 31, 2011

အမေ့ခံ တန်ဖိုး

ကျနော်က သိပ်လှလှပပတော့မဟုတ်ပါဘူး ကျနော့် အရှင်သခင်ရဲ့ ဂရုတစိုက်ရှိမှုကိုလည်း များများစားစား ရလှရယ်လို့လည်းမရှိပါဘူး ။ ဒါပေမယ့် အရေးတကြီး သွားစရာရှိတဲ့နေရာမျိုးဆိုရင်တော့ သခင်က ကျနော့်ကို ဖုတ်ဖတ်ခါပေးတတ်တယ် ကျနော့်မှာပေကျံနေတဲ့ ဖုန်တွေ ပြီးတော့ ညစ်ပေနေတဲ့ အစွန်းထင်တွေကိုပေါ့ ။ ကျနော့်ဘ၀ ကနိမ့်ပါးပေမယ့် ကျနော့်သခင်အတွက် ကျနော်က အကာကွယ်ပေးနေနိုင်တဲ့ အဖြစ်ကိုတော့ ကျနော် ဂုဏ်ယူပါတယ် ဘယ်သူတွေ ဘာပြောပြော ကျနော့် နာမည်က လူတွေ ပါးစပ်ဖျားသိပ်မပြောပေမယ့် သခင်ကတော့ သူအပြင်သွားတိုင်း ကျနော့်ကို ခေါ်သွားဖြစ်ပါရဲ့ တစ်ခါတရံ ကျနော် ပျောက်မှာ စိုးလို့ သခင်က ကျနော့်ကို လုံခြုံတဲ့နေရာလေးတစ်ခုမှာ ဖွတ်ထားတတ်တယ် ကျေးဇူးပါ သခင် ကျနော် သခင်အပါးမှာပဲ နေခွင့်ရချင်ပါတယ် ။

သခင့်အပါး ကျနော်ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က ကျနော်က ဈေးတော့ နည်းနည်းကြီးတယ် သခင်ဟာ ကျနော့်ကို လိုချင်တဲ့ မျက်ဝန်းတွေနဲ့ကြည့်လိုက် ကျနော့်ကို တယုတယနဲ့ကိုင်ကြည့်လိုက်နဲ့ ပြီးတော့ ပြန်ချခဲ့လိုက်နဲ့ နောက်တော့ ၀မ်းသာပျော်ရွှင်နေတဲ့ပုံနဲ့ကျနော့်ကို အလဲအလှည်လုပ်လို့ သူ့အပါး ကျနော် နေခွင့်ရခဲ့တာပေါ့ သူက ကျနော်နဲ့ အတူတူ လမ်းလျှောက်ထွက်တော့ ကျနော့်ကို ဖွဖွလေး အဖော်ပြုလို့ ပြီးတော့ ကျနော့်ကို တစ်ကြည့်ကြည့်နဲ့ ကျနော့် သခင်က ခလေးတစ်ယောက်လို ပြုံးပျော်နေတတ်ပါတယ် ။ သူစိတ်ဆိုး စိတ်ကြီးတဲ့ အခါကျရင်တော့ ကျနော့်ကို ခပ်ဝေးဝေး ကန်ထုတ်ပစ်ပြန်ကော သူမသိပေမယ့် အဲ့အခါတိုင်း နာကျင်ရပါရဲ့ ကျနော် တန်ဖိုးမဲ့သွားလေပြီလားဆိုတဲ့အတွေးနဲ့ပေါ့ သခင်ပျော်ရွှင်အဆင်ပြေပါစေလို့ ကျနော်ဆုတောင်းမိပါတယ် ။

ခေတ္တခဏပါပဲ သင်္ခါရတရားမှာ သန်မာခဲ့ လှပတင့်တယ်ခဲ့တဲ့ ကျနော်ဟာ တစ်ဖြည်းဖြည်း အရောင်မှိန်လို့ ချိနဲ့လာရဲ့ ဒါပေမယ့် တက်စွမ်းသလောက်တော့ သခင့်ကို အကာကွယ်ပေးနေတုန်း ။ ကျနော့့်နေမကောင်းမှန်းသိတော့ သူကလည်း ကျနော့်ကို ဂရုတစိုက်နဲ့ သာသာယာယာလေး အဖော်ပြုခဲ့ပါရဲ့ ကျနော့်နေရာမှာ တစ်ခြားတစ်ယောက် အစားထိုးဖို့ သူလည်းအဆင်သင့်မဖြစ်သေးဘူးထင်တယ်။ သူတစ်ခါတရံ ကျနော့်ကိုရေချိုးပေးတယ် ပြီးတော့ ကျန်းမာရေးကောင်းဖို့ နေရောင်ခြည်ထဲ ထုတ်ထားပေးတယ် ။ကျနော့်သက်တမ်းဟာ ဘယ်လောက်ရှိလဲ ဘယ်တော့ ကျနော် ဇတ်သိမ်းရမှာလည်းဆိုတာ ကျနော်ကိုယ်တိုင်လည်းမသိပါဘူး သေခြင်းတရားဟာ လောကမှာရှိတဲ့ အရာတိုင်းအပေါ်မှာ ရှိနေတတ်ပါလားဆိုတာ သိခွင့်ရခဲ့ပါရဲ့ သူချစ်ခဲ့သလို ကျနော်သူ့ကို ချစ်ခဲ့တယ် ။ သူမစွန့်ပစ်သေးသမျှ ကျနော် သူ့အပါးကနေ အဝေးထွက်မသွားခဲ့ပါဘူး သခင်နဲ့ ကျနော့်ဘ၀မှာ အသံတိတ်စကားတွေနဲ့ပဲ သံယောဇဉ်တွေ ခိုင်မြဲခဲ့ပါတယ် ။

ကျနော် နေမကောင်းတော့ဘူး သခင် ကျနော့်လက်တွေ ကြိုးပြတ်ခါနီးပြီး ကျနော့် ခြေဖ၀ါးတွေ ပါးလျှပြီး အထိရှိုက်မခံတော့သလိုလို ကျနော့်ကြောင့် သခင် အရှက်ရမှာလည်းဆိုးတယ် ကျနော့်သခင်က အရှက်ကြီးတာ ကျနော် သိတာပေါ့ ။ဘ၀ချင်းခြားပေမယ့် ဆုံစည်းခွင့်ရခဲ့ခြင်းကို ကျေးဇူးတင်ပါတယ် ကျနော်တို့ စကားမပြော နှုတ်မဆက်ပဲ ဝေးကွာကြစို့သခင် သံယောဇဉ်ကြီးတတ်တဲ့ အသေးဖွဲလေးကအစ တိတ်တဆိတ်ကြေကွဲတတ်တဲ့ သခင့်အပါးက ကျနော် ထွက်ခွာရတော့မယ် ။ ကျနော်တို့ဟာ ကိုယ်စီသခင်တွေအတွက် အကာကွယ်ပေးဖို့ သခင်တို့ရဲ့ လမ်းခရီးတိုင်းမှာ ဆူးမထိ ခလုတ်မထိဖို့ ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့တွေမွေးဖွားလာကြာတာလေ ။ သခင့်အတွက်အသုံးမ၀င်တော့တဲ့တစ်နေ့ ကျနော်တို့ ခွဲခွာကြစို့သခင် …….. ကျနော် သေဆုံးခါနီးတော့ သခင်က ကျနော့်ကို ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ကြည့်ပြီး ``အယ်…ပြတ်သွားပြီ ´´ ပြီးတော့ ကျနော့်ကို ကမန်းကတမ်း တယုတယကိုင် ဘယ်ပြန် ညာပြန်ကြည့်လို့ စိတ်မကောင်းစွာနဲ့ မင်းလည်း ငါ့ကို ခွဲသွားပြန်ပြီပေါ့လို့ စိတ်ထဲတွေးနေတယ်ထင်ပါ့ ။နောက်တစ်နေ့ ပုံမှန်အတိုင်း ကျနော့်ကိုရေချိုးပေးမြဲ နေပူဆာလှုံပေးမြဲ ကျနော့်ကိုသေသေချာချာ အ၀တ်နဲ့သုတ် သေသေချာချာ ထုတ်ပိုးလို့ သူ့အခန်းရဲ့ ချောင်လေးတစ်နေရာမှာ ရှိနေစေခဲ့ပါတယ် ။နှုတ်ဆက်ခဲ့ပါတယ် သခင် ကျနော် စကားများပြောတတ်ရင် သံယောဇဉ်ကြီးတတ်တဲ့ ကျနော့်ရဲ့ သခင်ကို ပြောချင်စမ်းပါဘိ ``ခွဲခွာချိန်တန်ရင် သံယောဇဉ်တွေကို ဖြတ်တောက်လိုက်ပါ´´လို့ သခင်အေးချမ်းပါစေ ။ ဒါနဲ့ မိတ်ဆက်ဖို့မေ့နေလို့ ကျနော့် နာမည် ``ဖိနပ်´´ ပါ နာမည်က နိမ့်ပါးပေမယ့် ကျနော်တို့တွေဟာ သခင်တွေအတွက် အကာကွယ်ပေးတတ်ပါတယ်ဆိုတာ သူတို့တွေ တစ်ခါတရံ မေ့နေကြပါတယ်။




21 comments:

မဒမ်ကိုး said...

ဟား ကိုမျိုးရေ တကယ်ထိတဲ့ခံစားချက်လေးပဲ ...
အဲလိုလေးတွေ ရှု့ထောင့်လေးတွေက တွေးတတ်တဲ့သူဟာ သနားကြင်နာတတ်သူဖြစ်တယ်တဲ့ .

san htun said...

အစကတော့ ခွေးများလား၊ ကြောင်များလားလို့  ထင်နေတော့..လစသတ်တော့ ...အတွေးကောင်းသလို အရေးကောင်းပါပေတယ်...ဖိနပ်မှာလည်း ခံစားချက်နဲ့ ပါ... :)

BaNyar Shein said...

ငါ ဖိနပ်လို့ တကယ်မထင်တာ . . ဥပမာ အချစ်တော် ခွေးလေးတစ်ကောင်လို့ ထင်နေတာ . . ဖိနပ်လို့ တစက်မှကို မတွေးမိဘူး . . တကယ်တော်ပါပေတယ် ငမျိုးး ။ အရေးအသားမှာ တချက်မှာ မတိမ်းစောင်းသွားဘူး ။

Yadanar Soe said...

ကျနော့်သခင်က အရှက်ကြီးတယ်တဲ့လား ..

ဖိနပ်လေး.. စိတ်မကောင်းစရာ။

ရတနာ said...

ဖိနပ်လေးဆိုလို့လေ.. ရတနာအကြိုက်ဆုံး အသုံးဆောင်ပစ္စည်းက ဖိနပ်လေးတွေပဲ။ သူတို့ကို ကျန်းမာရေးအထူးကောင်းမွန်အောင် သေချာဂရုစိုက်ပါတယ်။း-)

AH said...

ညက်လိုက်တဲ့ အရေးအသားလေးပါလားခင်ဗျာ၊ နောက်ဆုံးကျမှ ဖိနပ်မှန်းသိတော့တယ်။ အားပေးလျှက်ပါဗျို့

မြသွေးနီ said...

ဖိနပ်လေးအပေါ်ဖွဲ့ထားတာ ချစ်စရာ...။
တန်ဘိုးကြီးတယ်ဆိုတော့ ပထမ နာရီထင်နေမိသေးတယ်...။ ရေချိုးပေးတယ်ဆိုတော့မှ ဖိနပ်ပဲ ဖြစ်ရမယ်လို့ ထင်မိသား..။ အဆုံးမှာ အဖြေမှန်သွားလို့ ၀မ်းသာမိကြောင်းပါ။ :)

Nyi Linn Thit said...

အပြင်သွားစရာ ရှိရင် ဖုတ်ဖက်ခါတယ် ဆိုကတည်းက နည်းနည်း ရိပ်မိနေပြီဗျ၊ ဒါပေမယ့် အဆုံးထိကို ၉၅% သေချာမှုနဲ့ပဲ ရှိနေအောင် အရေးအသားက ပိရိပါတယ်၊ ရေချိုးပေးတယ် ဆိုတော့ ကတ္တီပါတော့ မဖြစ်နိုင် လောက်ဘူး၊း) တော်သေးတယ်ဗျာ၊ အလှူအိမ်တွေမှာ သခင်နဲ့ ရှင်ကွဲ မခွဲခဲ့ရလို့...။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်ဆုံး ပြတ်သွားတဲ့အထိ ဖိနပ်လေးက သူ့သခင်အတွက် အကာအကွယ်ပေးသွားတယ်နော်..
သက်ရှိလူတွေမှာလည်း ဒီလို သစ္စာရှိကြရင်ကောင်းမှာ...
ဖိနပ်နဲ့သူ့သခင်တို့ရဲ့ သံယောဇဉ်ကို မြင်နေမိတယ်

Angelhlaing(May everybody be happy and healthy! said...

ခွေးလေးတစ်ကောင်လို့ ထင်နေချိန်မထင်မှတ်ပဲ ဖိနပ်လေးရဲ့ဘဝ ဖြစ်နေတော့...စာဖတ်ရင်း နှစ်သက်သဘောကျမိတယ်...အရေးအသားကလည်းစွဲဆောင်မှု ပိုတော့.......အားပေးသွားတယ်ကိုမျိုး....

ညီရဲ said...

ရေးထားတာလေး ကောင်းလိုက်တာ မောင်မျိုးရေ...
စိတ်ကူးလေးလဲ ကောင်းတယ်...
တကယ်တော့ ဖိနပ်ဆိုတာ မေ့ကောင်းတဲ့ အရာမဟုတ်ပါဘူး...
ဘဝလမ်းတွေထဲ ကိုယ်နဲ့ ဖဝါးထပ်လျက် ထပ်ကြပ်မကွာ မငြီးမငြူ လိုက်ပေးနိုင်တဲ့ အဖော်လေ...
အဲဒီလိုဘဲ ဖဝါးထပ်လျက် ထပ်ကြပ်မကွာ မငြီးမငြူ လိုက်ပေးနိုင်မယ့် ကြင်ယာဖော် အကြောင်းလေးလဲ ရေးဦးလေ မောင်မျိုး....

ဘာနေ said...

ဟီး .. ဖိနပ်လို့ ထင်မထားမိဘူး
ဖတ်တာ ပြီးတာ .. နောက်ဆုံးမှ ဖိနပ် ဆိုတာ သိတာ
ပြောပြလို့လေ .. အစက ခွေးထင်တာ .. သြော် သံယောဇဉ်တွေ ဘာတွေ ဖြစ်လို့ ပေါ့ .. ။
ပြောပါ့လားနှော အစကတိုင် ဖိနပ်ပါလို့ ..း)
ဖတ်လို့ ကောင်းပါတယ် ဗျာ စိတ်ဝင်တစားရှိအောင် ဖော်ပြသွားတာပါ ။

mstint said...

အစမှအဆုံးတိုင် ကိုယ့်ရဲ့အနွံအတာကို အနစ်နာခံသွားတဲ့ ဖိနပ်တစ်ရံရဲ့တန်ဘိုးကို နားလည်သဘောပေါက်ပြီး တန်ဘိုးထားသင့်တဲ့ ဇာတ်အိမ်လေးဖွဲ့ထားတာ ဖတ်လို့ကောင်းလိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Arkar Kyaw said...

စာမရေးတာကြာနေလို့ပြောမလို့ပဲ...ဖတ်လိုက်ရင်ပဲစိတ်ကြေနှပ်မှု့ကိုရစေပါတယ်...ကျွန်တော်လဲအခုပဲဖိနပ်ဝယ်မလို့စဉ်းစားနေတာ..:p

Than Lae said...

စဖတ်ကတည်းက ကြောင်လေးလား ခွေးလေးလားလို့ ထင်နေတာ .. အဆုံးမှပဲ ဖိနပ်လေးဖြစ်နေတယ် .. ဘယ်လို မှ မထင်မိဘူး ... သိပ်တော်တာပဲ .. "ခွဲခွာချိန်တန်ရင် သံယောဇဉ်တွေကို ဖြတ်တောက်လိုက်ပါ" တဲ့ ..မှတ်သားသွားပါတယ် ... :)

သူ စင် ကြယ် said...

စဖတ်ကတည်းက ဖိနပ်မှန်းသိလိုက်ပေမယ့် ဖိနပ်ကိုယ်စား ပြောပေးတဲ့ စကားလုံးတွေက ဟတ်ထိတယ် ညီ.... အကို့ဖိနပ်လေးလဲ ခွဲရတော့မယ့်နေ့ရက်တွေကို စောင့်စားရင်းးးး....anyway great job...:))

May Yarhu said...

သတိရလိုက်တာ .. ဟိုတစ်နေ့က ပဲ ဖိနပ်တစ်ရံ ပြတ်သွားတယ် ..ဒါပေမယ့် ဖိနပ်အပြတ်ကို ကုန်းကောက်ရင်း သူငယ်ချင်းကောင်းတစ်ယောက်ပြန်ကောက်တွေ့ခဲ့တယ် ....

blackroze said...

မောင်မျိုးရယ်
ရေးထားတာလေးဖတ်ပြီး
စိတ်မကောင်းလိုက်တာဟယ်..

``ခွဲခွာချိန်တန်ရင် သံယောဇဉ်တွေကို ဖြတ်တောက်လိုက်ပါ´´

အဲစကားလေးကိုတော်တော်လေး
ခံစားလိုက်ရတယ်..

ဟန်ကြည် said...

ရေးသားပုံ ၀ါကျဖွဲ့စည်းပုံ စကားလုံးအသုံးအနှုန်း အားလုံး ပြည့်စုံတဲ့ ပို့စ်ပါပဲ...ဒီထက်ပိုပြီး ရေးနိုင်သေးတယ်လို့ ယူဆမိတယ်...

8Yar said...

ဝတ္ထုလေးဖတ်ပြီး ရင်ထဲမှာတစ်ခုခုကျန်ခဲ့တယ်ဗျာ။ ဖိနပ်လေးအတွက် စိတ်မကောင်းဖြစ်မိတယ် အစ်ကိုမောင်မျိုးရေ။

သတိုး said...

စိတ်ကူးလေး ကောင်းလိုက်တာဗျာ။ လှပတဲ့ အက်ဆေးလေးတစ်ပုဒ်ပါပဲ။ ရင်းနှီးချစ်ခင်တဲ့စိတ်နဲ့ ပြောရရင် `ကျွန်တော်က ဖိနပ်ကလေးတစ်ရံပါလို့' ဖွင့်မပြောပြရင် ပိုမိုက်မယ်။
ဖတ်တဲ့သူတွေးကြည့်ပါစေလေ...။

LinkWithin

Related Posts Plugin for WordPress, Blogger...