Wednesday, August 31, 2011

နောင်လည်း မောင့်ကို ကြင်နာပါ။


ကျနော် လက်မထပ်ချင်သေးဘူး အဲ့လိုပြောလိုက်တဲ့နေ့က မ...မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာသွားလိုက်တာ ဒါပေမယ့် ကျနော်တကယ်လက်မထပ်ချင်သေးဘူး ။အချစ်နဲ့လက်ထပ်ခြင်းဟာ တစ်ထပ်တည်းကျတယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး တကယ်လို့များ ဒါဟာ အမှန်တရားတစ်ခုဆိုရင်တော့ ကျနော် နှစ်တွေတော်တော်ကြာကြာ အမှားကို အမှန်တရားလို့ ထင်ခဲ့တာပဲလို့ လက်ခံလိုက်ရုံမှတစ်ပါး ဒီ့ထပ်ပို ခံစားမိမှာမဟုတ်ပါဘူး

“ကျမ က မောင်ချစ်တဲ့ မိန်းမတစ်ယောက်မဟုတ်ပေမယ့် မောင် က ကျမ ချစ်တဲ့ယောက်ျားဖြစ်နေတဲ့အတွက် ကျေနပ်တယ် အဲ့လောက်ကြီး အချစ်ကြီးတဲ့သူ့ကို ကျနော်တစ်ခါခါတော့ ကြောက်မိပါရဲ့ ။တစ်ခါတလေ အလုပ်က အပြန် သူ့ဆီဝင်ဖြစ်တဲ့အခါကျ ကိုယ့်မျက်နှာပေါ်က အရေးကြောင်းတွေ ပြေးလွှားလှုပ်ရှားနေတာလေးကိုတောင် အသေးစိတ် ဂရုစိုက်တတ်တဲ့ ချစ်သူကို ဘာကြောင့် ကြင်နာခြင်းတွေ ရက်ရက်ရောရောပြန်မပေးမိပါလဲလို့ စဉ်းစားမိပါတယ် ။

ကျနော်က ခလေးအမွှာပူးလေးပဲ လိုချင်တာ ” လို့ပြောတုန်းက ရှက်သွေးဖြာသွားတဲ့ သူ့မျက်ဝန်းတွေက ရင်ခုန်ဖို့တော့ကောင်းသလိုလို “ အယ်…တကယ်ကြီးပြောတာဗျ ဆက်ပြောမိတဲ့ ကျနော့်ကို တော်စမ်း ဒီအရူးကောင်လေး ” တဲ့ ကျနော်မရူးပါဘူး အဲ့ညနေခင်း နေ၀င်ချိန်တွေ သိပ်လှနေတယ်ဆိုတာ ကျနော်ခံစားမိတာပဲ ။ပြီးတော့ သူဆိုးခဲ့တဲ့ လက်သည်းနီအရောင်လေးက ချစ်စရာကောင်းတယ်ဆိုတာလည်း ကျနော် ခံစားမိပါရဲ့ ဒါပေမယ့် မပြောဖြစ်ဘူးရယ် အဲ့တာကြောင့်ပြောတာပါ ကျနော် ဟာ အချစ်အတွက် ဘယ်တော့မှ မရိုးသားခဲ့ဘူးဆိုတာ ။ သူ့ကိုချစ်ကြောင်းဝန်ခံရမှာနဲ့စာရင် တိတ်တဆိတ်လွမ်းဆွတ်နေရတာ အဲလိုလွမ်းဆွတ်မိလို့ နာကျင်ခံစားရတာကို ပိုသဘောကျတယ်။

အချစ်ဆိုတာ သိပ်လှတဲ့ ဖန်ပန်းအိုးလှလှလေးတစ်အိုးဆိုပါစို့ မရေရာလှတဲ့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့စားပွဲလုံးတစ်လုံးပေါ်မှာ ဒီပန်းအိုးလေး မကွဲရှသွားဖို့ စိုးတထိတ်ထိတ်နဲ့ ထိန်းသိမ်းနေရတာကလည်း ရင်ခုန်လှုပ်ရှားဖို့ကောင်းပြန်ကော ဒါပေမယ့် အဲ့တာကြီးကလည်း တစ်ခါခါတော့ သိပ်ပင်ပန်းတာ ။“ကျနော် လက်မထပ်ချင်သေးဘူး” လက်ထပ်ခြင်းဟာ ချစ်သူတွေအတွက် ပန်းတိုင်လို့ ခံစားလို့မရသေးတာလည်းဖြစ်မယ် ကျနော်ကတော့ ပန်းတိုင်ကိုရောက်ဖို့ထပ် ဒီအချစ်လမ်းမှာ အေးအေးလူလူနဲ့ နင်းလျှောက်မိချင်တုန်း သိပ်များ လောဘကြီးသွားလေသလား။

]“ကျနော် လက်မထပ်ချင်သေးဘူး ဒါပေမယ့် ကျနော် ရဲ့ ကြင်နာခြင်းတွေ လိုချင်တောင့်တမိနေတုန်း ။ နောင်လည်း မောင့်ကို ကြင်နာပါအုံး လမ်းကြုံရင် ၀င်လာခဲ့ပါအုံးမယ် ။

27 comments:

Su Myat Htar said...

ဒီပိုစ့်လေးကို ဖတ်ပြီး ဟိုတုန်းက စိုင်းထီးဆိုင်ရဲ့ သီချင်းလေးတစ်ပုဒ်ကို သွားသတိရတယ်။ စာသားလေးမှတ်မိသလောက်က ကိုယ်လေ မရေရာတဲ့ ခရီးသွားပါ..♫..ကိုယ်လေ နေနိုင်လှ ဒီတစ်ညထဲပါ...မျှော်နေ ခေါ်နေသလိုဖွင့်ထားတော့ ကိုယ်ဝင်လာမိခဲ့တယ်.♫...အနုပညာသမားတွေရဲ့ အတွေးခေါ်တွေကို တခါတလေ လိုက်မမှီဘူး....ဖတိလို့ကောင်းပါတယ်။

Maung Myo said...

မဆု... သိပ်ကျေးဇူးတင်ပါတယ် အစ်မပေးခဲ့တဲ့ မှတ်ချက်လေးရပြီး ကျနော် သက်ပြင်းလေး ချနိုင်သွားတယ် တော်ပါသေးရဲ့ပေါ့ တကယ်တော့ ကျနော်ရေးတဲ့ စာတိုင်းကို ကျနော်နဲ့ တွဲမမြင်ရင် သိပ်ကောင်းမှာပဲ သိပ်တော့မလွယ်ဘူးနော့် ကျနော့်ကို အမြဲတမ်းအားပေးတဲ့အတွက် တကယ်ကြီးကျေးဇူး ရန်ကုန်လာလည်ဖြစ်ရင် မုန့်ဟင်းခါးကောင်းကောင်းဝယ်ကျွေးနော့် :P

Anonymous said...

အရမ်းဖတ်လို့ကောင်းတယ်။း)

ခင်မင်စွာနဲ့
ရတနာ

(ဒီစာကို အစ်ကိုမောင်မျိုးနဲ့ တွဲမမြင်ပေးလိုက်ဘူးနော်။ )

Anonymous said...

ခံစားချက်နဲ့တိုက်ဆိုင်လို့ စာကြောင်းတကြောင်းကို သိပ်ကြိုက်တယ်။

ခင်မင်စွာနဲ့
ရတနာ

နေ၀သန် said...

အရေးအသားက နူးညံ့ပါ့... တကယ့်ဆိုလိုရင်းကိုတော့ ထပ်ခါထပ်ခါဖတ်ရင်းနဲ့ စဉ်းစားနေမိတယ်....

ခင်မင်လျက်
နေ၀သန်

8Yar said...

"အချစ်ဆိုတာ သိပ်လှတဲ့ ဖန်ပန်းအိုးလှလှလေးတစ်အိုးဆိုပါစို့ မရေရာလှတဲ့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့စားပွဲလုံးတစ်လုံးပေါ်မှာ ဒီပန်းအိုးလေး မကွဲရှသွားဖို့ စိုးတထိတ်ထိတ်နဲ့ ထိန်းသိမ်းနေရတာကလည်း ရင်ခုန်လှုပ်ရှားဖို့ကောင်းပြန်ကော"

အစ်ကိုချပြထားတာလေးက ကောင်းပါတယ်။ ဒါပေမယ့် တခါတလေမှာ မတရားဘူးလို့ တဖက်ကခံစားသွားစေနိုင်ပါတယ်။ နှစ်ဖက်လုံးရဲ့ ခံစားချက်တွေကို ပေါ်အောင်ရေးနိုင်တဲ့ အစ်ကိုမောင်မျိုးကို လေးစားတယ်ဗျာ။

Cameron said...

အချစ်ကို ပန်းအိုးတစ်လုံးနဲ့ ပုံဖော်ထားတာလေး သိပ်လှတယ်....။ ဒီလိုပါပဲ... စာဖတ်သူအများစုကတော့ ကိုယ်ရေးတဲ့စာကို ကိုယ်နဲ့ပဲတွဲမြင်တတ်ကြတာမျိုးလေ....။ တစ်ခါတစ်လေ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းအရာကို စွဲရေးလည်း ကိုယ့်အဖြစ်အပျက်လို့ ထင်ကြတာမျိုး....။

ခင်တဲ့
မိုးငွေ့

Angelhlaing(May everybody be happy and healthy! said...

မမြင်ပါဘူး ကိုမျိုးရေ...
သိပ်လှတဲ့ ချစ်ခြင်းသံစဉ်လေး နူးညံ့နေတာပဲ :):)
နားနားပြိး လည်နေပါတယ်လို့ :P

သက်တန့်ချို said...

Nice Plot!!! မောင်မျိုး ရသတစ်မျိုးခံစားရတယ်း)

ငွေလမင်း said...

အချစ်အကြောင်း ရေးဖွဲ့သွားတာ သိပ်ကဗျာဆန်တာဘဲ

မဒမ်ကိုး said...

အဟင့်မောင်ရယ်
မောင့်ကိုကြင်နာချင်ပေမယ့်
မအသက်ကမနေတော့လို့
လမ်းကြုံလဲဝင်လာတော့ဘူး
ယောကျာ်းယူတော့မယ်

.............
အရမ်းနုတဲ့စာသားလေးတွေပါကိုမောင်မျိုး ရေ

ခင်တဲ့
မဒိုးကန်

ညီလင်းသစ် said...

ဒီလို နုနုရွရွလေးတွေ မဖတ်ရတာ ကြာပြီ...၊း)
ဒီပို့စ်ကို ဖတ်တော့ ဘလော့ဂ်များ မှားရောက်နေသလား လို့တောင် အောက်မေ့လိုက်သေးတယ်..၊ ကျနော်သိတဲ့ မောင်မျိုးက ဒီလိုမှ မဟုတ်ဘဲ၊ ဒီစာကို သူနဲ့ ဘယ်လိုမှ တွဲမြင်လို့ မရဘူးဗျ...။ ;)

မိုးခါး said...

ဖတ်ကောင်း၏
တိုလွန်း၏
နဲနဲဆွဲရေးဟ နောက်ဆိုး)

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ထက် အလွမ်းကို ပိုကိုးကွယ်ချင်သူပေပဲ။
ဒီလိုလူတွေလည်း အပြင်မှာတကယ်ရှိတတ်ပါတယ်။
ကိုယ့်အကြောင်းရေးရင် ဟောဟောဒိုင်းဒိုင်းရေးတတ်တဲ့ မောင်မျိုးဟာ အချစ်ဝတ္ထုလေးတွေများ ရေးပြီဆို နူးညံ့နေတာဘဲ
လက်မထပ်ချင်သေးတဲ့ ကောင်လေးတစ်ယောက်ကို လမ်းကြုံတိုင်း ဝင်ခဲ့ဖို့ အဲဒီမိန်းခလေးက အမြဲဖိတ်ခေါ်ချင်ပါ့မလား စဉ်းစားစရာရယ်။

ဟန်ကြည် said...

အချစ်ဆိုတာ သိပ်လှတဲ့ ဖန်ပန်းအိုးလှလှလေးတစ်အိုးဆိုပါစို့ မရေရာလှတဲ့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့စားပွဲလုံးတစ်လုံးပေါ်မှာ ဒီပန်းအိုးလေး မကွဲရှသွားဖို့ စိုးတထိတ်ထိတ်နဲ့ ထိန်းသိမ်းနေရတာကလည်း ရင်ခုန်လှုပ်ရှားဖို့ကောင်းပြန်ကော

လှလိုက်တဲ့စာသား...မောင်မျိုးမှ ဟုတ်ရဲ့လားလို့ ပြန်ကြည့်ယူရတယ်...စာရေးသူနဲ့ ရေးတဲ့စာတွဲမြင်ပြီး ၀မ်းသာတော့မလို့လုပ်နေတုန်း ကွန်မန့်ဖတ်မှပဲ သဘောပေါက်သွားတယ်...ညီတော်မောင်က ဒါတွေလည်း အဖြစ်သားနဲ့ လုပ်စမ်းပါဦးလေ...ဒါမျိုးလေးတွေ...

Than Lae said...

အချစ်တွေ၊ မောင်တွေ၊ မတွေ ခဏထား။ လူတစ်ဦးက လူတစ်ဦးကို ကြင်နာစွာ ဆက်ဆံရမှာပေါ့နော် ... :)) ...
စာရေးသူက တော်တယ်။ စာဖတ်သူကို တွေးစရာတွေ တပုံကြီးနဲ့ ထားသွားတယ် .... အဲ့ဒါ ရသပဲပေါ့ ....
သတိ။ ။ နောက်တစ်ခါရေးရင် နဲနဲ ရှည်ရှည်ရေးပါ ... :))

ညီရဲ said...

ကျွန်တော်ကတော့ အချစ်ကို အထိမခံ ရွှေပန်းကန်လို့  ထင်တော့တာဘဲ။ နဲနဲမှ အထိမခံဘူး။ လွတ်လွတ်လပ်လပ် နေလို့ ရတုန်းလေးနေထားဗျို့ ...
လက်ထပ်တယ် ဆိုတာကြီးက ပြန်ပြင်လို့ ရတာ မဟုတ်ဘူး။

ကျွန်တော့်မှာ အစ်ကို တစ်ယောက်ရှိတယ်ဗျ။ အဲဒီတော့ ညီတစ်လုံးကို ယူလိုက်တယ်။ ရဲကတော့ ကျွန်တော့်နာမည်ထဲက တစ်လုံးပေါ့။ ဒီတော့ ညီရဲပေါ့။ ဒါပေမယ့် ဘလော့ဂ်အတွက် မလုံလောက်လို့ ကိုယ်ကလဲ အသစ်ကလေး ဖြစ်နေလို့ နောက်က သစ်ထည့်လိုက်တော့ ညီရဲသစ်ဆိုပြီး ဖြစ်လာတော့တာပေါ့ဗျာ...

တော်ပြီဗျို့ ... ကွန်မန့် အရှည်ကြီး ရေးလို့ စိတ်ဆိုးနေဦးမယ်။ လစ်မှ...

Anonymous said...

ငမျိုး . . ငါ ဒီ ပို့စ်လေးကို မင်းနဲ့တော့ တွဲမမြင်ဘူးဟ . . . ဒါပေမဲ့ အဆုံး အစ က ရတစ်မျိုးလေးဖြစ်နေတယ် . . မင်း ပေးချင်တဲ့ မက်ဆေ့ကိုတော့ ရတယ် . . . တခုခုကို စိတ်ထဲ အလိုမကျ ဖြစ်သွားသလိုပဲ . . .း)

ဗညား

သူကြီးမင်း (တုံးဖလား) said...

နောင်လည်း လမ်းကြုံရင် ၀င်လာခဲ့ပါဦးမယ်..။
ဟဲ ဟဲ။ တစ်မျိုးမထင်ပါနဲ့။ စာဖတ်ဖို့ လာမှာပါ။
အရေးအဖွဲ့က သိပ်ကောင်း။

ခင်မင်လျှက်

mstint said...

လူတစ်ယောက် ခံစားချက်တစ်မျိုးပေါ့နော်။
ဝတ္ထုကောင်းလေးတစ်ပုဒ်ပါပဲ။ အရေးအသားလေးတွေ နူးညံ့သိမ်မွေ့တယ်။ ကိုယ်တိုင်တော့ မရေးတတ်ပါဘူးး)) ဖတ်တော့ဖတ်တယ် မောင်မျိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

လူနဲ့စာ သေသေချာချာကြီးခွဲခြားပြီးဖတ်ကြည့်မှ အတော်
လေးဖတ်လို့ကောင်းသွားတယ်...၊ပထမတော့ ဘယ်လိုမှ
ခံစားလို့မရဘူးဟ....:))) အချစ်မှာအေးအေးလူလူ နင်း
လျှောက်ချင်မိတုန်း..တဲ့လား....အင်း....လှတယ်...။

blackroze said...

တခါးကိုပိတ်ချင်လည်းပိတ်ထား..
ဖွင့်ချင်လည်းဖွင့်ထား
အဲလို ဟတတကြီးတော့ မလုပ်ထားပါနဲ့

မောင်မျိုးရယ်..

ခင်တဲ့ အမ blackroze

အလင်းသစ် said...

ချစ်ခြင်းရဲ့ အဆုံးသတ်က လက်ထပ်ခြင်းဆိုတာကို ကျွန်တော်လည်း မယုံချင်ဘူးးးးးးးးးးးး။။။ ချစ်ခြင်းရဲ့ အေးချမ်းမှုကို အိမ်ထောင်ရဲ့ ပူလောင်မှုနဲ့ ကန့်သတ်လိုက်တာမျိုးးးးးးးးး အင်းးးးးးးး
သိတော့ပါဘူးဗျာ။။။။။။။။။

Zwe Lwin said...

အကို့ ဒီစာလေးကို ကြိုက်တယ်ဗျ။ ရေးတဲ့စာနဲ့ ရေးတဲ့သူကို တွဲပြီး မမြင်ကြဖို့ စာရေးတဲ့ သူတိုင်း တောင့်တကြတယ်။ လက်ထပ်တာနဲ့ ပတ်သက်ရင် ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် ကြောက်တဲ့ သူက ကြောက်မှာပဲ။ လက်မထပ်ချင်သေးဘူးလို့ ပြောလိုက်တာက အခုကော နောင်...ကော လို့ ဆိုလိုတာ မဟုတ်ဘူးလေ။ အခုလောလောဆယ် လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုလိုတာပါ။ အချစ်နဲ့ ပတ်သက်လာရင် တချို့လူတွေက ကိုယ်ချစ်တာကို ဖော်ပြချင်ကြတယ်။ ချစ်သူနဲ့ ပတ်သက်လို့ စွဲလမ်းစိတ်ကြီးကြတယ်။ ချစ်သူက ကိုယ့်ဘဝမှာ အရေးကြီးဆုံးလို့ ထင်သလို ချစ်သူကိုလည်း ကိုယ့်အတိုင်း ဖြစ်စေချင်တယ်။ ချစ်သူရဲ့ ဘဝမှာ ကိုယ်မရှိနေတဲ့ ကိုယ်သိပ်အရေးမပါတဲ့ အစိတ်အပိုင်းတွေက အစမုန်းတီးတတ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော် တစာလေး တစ်ပုဒ်လောက်ရေးချင်နေတာ ကြာပြီ။ အဲဒါက လွန်ကဲလာရင် ကိုယ့်စိတ်ကို ဖိစီးပြီး စိတ်ဆင်းရဲလာရမှာပဲ။ တချို့ကတော့လည်း ချစ်တော့ချစ်တယ်။ ကိုယ်ချစ်တာကို ထုတ်မပြချင်ဘူး။ ပုံမှန်အတိုင်းလေး နေချင်ကြတယ်။ သူတို့လိုလူမျိုးတွေက extraordinary တစ်ခုခု လုပ်ပြလိုက်မှသာ ချစ်မှန်း သေချာရတော့တာ။ တော်ပြီ အကိုရာ ။ ပြောတာများနေပြီ။ အကို မိသားစုအကြောင်းမဟုတ်တဲ့ ပုံစံလေးတွေလည်း ဖတ်လို့ကောင်းတာပဲ။ များများရေးပါဗျို့

San San Htun said...

အချစ်ဆိုတာ သိပ်လှတဲ့ ဖန်ပန်းအိုးလှလှလေးတစ်အိုးဆိုပါစို့ မရေရာလှတဲ့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ယိုင်နဲ့နဲ့စားပွဲလုံးတစ်လုံးပေါ်မှာ ဒီပန်းအိုးလေး မကွဲရှသွားဖို့ စိုးတထိတ်ထိတ်နဲ့ ထိန်းသိမ်းနေရတာကလည်း ရင်ခုန်လှုပ်ရှားဖို့ကောင်းပြန်ကော ...နူးညံ့လှပလွန်းတဲ့ စာသားလေးပါ...မောင်မျိုးမှ ဟုတ်ရဲ့ လား...

တောက်ပကြယ်စင် said...

ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့လေ။ လက်ထပ်ချင်သူက လက်ထပ်ချင်ပြီး လက်မထပ်ချင်သေးတဲ့ သူတွေကတော့ နေဦးမှာပေါ့။ အရေးအသား၊ အဖွဲ့အနွဲ့လေး သဘောကျမိတယ် မောင်မျိုးရေ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့သင်္ချိုင်းဆိုတာကို မ ရဲ့ ကျွန်တော်က လက်ခံ ထားတာပေါ့နော်။

ဒီဝတ္တုလေးကို နှစ်သက်မိတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

LinkWithin

Related Posts Plugin for WordPress, Blogger...