Monday, July 18, 2011

ကျနော့်အဘ

အဘ .... ကျနော်တို့  မိသားစုလေးမှာတော့ အဘကအမြဲတမ်း အရံလူ ဘာကြောင့်ဆို နောက်ကွယ်မှာသာ အဘက ဘယ်လောက်ပင်ပင်ပန်းပန်းလုပ်ရပါစေ စကားတွေအများကြီးပြောရမယ့်အလုပ်မျိုး လူတွေအများကြီးကြား တိုးဝှေ့ ရှုပ်ရှက်ခပ်နေရမှာမျိုးဆို အဘက မကြိုက်တတ်ပါဘူး ။ အမေ့အကြောင်းတွေပဲ အရေးများတဲ့ ကျနော်က အမေ့သားပဲလားဆိုတော့လည်း အဲ့လိုလည်းမဟုတ်ပြန်ဘူး အငယ်တုန်းက လူကြီးတွေက အဘနဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲဆိုရင် လက်၂ချောင်းထောင်ပြလိုက်တယ် ဆိုလိုတာက အဘကိုကော အမ့ကိုကောပေါ့ ။ကျနော် မှတ်မိသလောက် အဘက အလုပ်နဲ့လက်ပြတ်တယ်ရယ်ဆိုတာ သိပ်မရှိလိုဘူး ။ အဘအကြောင်းလေးတွေ တစ်စွန်းတစ်စရေးဖြစ်သေးတယ် အဘ ပန်းကန်တွေ ခွဲတတ်တဲ့အကြောင်း အရက်မူးတတ်တဲ့အကြောင်း ဒါပေမယ့် ကျနော်မရေးဖြစ်သေးတဲ့ ကျနော့်ရဲ့ အဘအကြောင်းတော်တော်များများကျန်နေသေးတာ ပြန်စဉ်းစားမိတယ် ။

အဘ အခေါ်ဝေါ်က စပြောရမယ်ဆိုရင်တော့ သူများတွေလို ဘာကြောင့် အဖေလို့မခေါ်ဖြစ်တာလည်းဆိုတာ အရင်ပြောရမယ်ထင်တယ် ။ အဘရဲ့ အဖေကိုလည်း အဘက အဘလို့ပဲခေါ်ခဲ့တာပဲ အဲ့တော့ ကျနော်တို့ မောင်နှမတွေကို အဘက သူ့ကိုစခေါ်ခိုင်းတည်းက အဘလိုခေါ်စေခဲ့တယ် ။ တစ်ခုခုခိုင်းစရာရှိရင်လည်း “သားရေ အဘကို ကွမ်းအစ်ကလေး ယူခဲ့ပေးပါအုံး ” ဆိုသလိုမျိုး ။ အဘကို မျက်လုံးထဲမြင်ယောင်လိုက်တိုင်း အကျီ င်္ချွတ် ပြီးတော့ လုံချည်ကြမ်းကို ဒူးအထက် ၀င်ဆင်ထားတဲ့ ထွားထွားကြိုင်းကြိုင်း ကရင် ဦးလေးကြီးတစ်ယောက်ပေါ့ အဘက ဖိနပ်စီးရမှာပျင်းတယ် စကားအများကြီးပြောရမှာ ပျင်းတယ် ။ အဘ ဖိနပ်ရာဇ၀င်နဲ့ အမေက ဘယ်လောက်ဝယ်ပေးပေး အဘက ဖိနပ်ကို မေ့တတ်တာပါ သူ့ခများ အတင်းသတိထားရ အမေဆူပါများတော့ အလှူတွေသွားတိုင်း အဘက ယိုးဒယား ဖိနပ်ကြီး ခါးကြားထိုးလို့ ဖိနပ်မစီးတာများတော့ အဘက ခြေဗလာကြီးလျှောက်နေလည်း ဖိနပ်င်္စီးထားတယ်လို့ ထင်မိကောတဲ့ အဘက တောတိုးလည်း ခြေဗလာကြီးနဲ့ပါပဲ တော်ရုံအဆူးလောက်က အဘရဲ့ ခြေကိုမတိုးတော့ဘူး ဒါက ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ်သန်းခဲ့ရတဲ့ အဘရဲ့ အမြင်သာဆုံး ဥပမာပါပဲ ။

ကျနော့်အဘက ပါးစပ်ဆိုင်းလည်းတော်တော် တီးတတ်ပါတယ် ညညဆို သူ့ပါသူ ဒိုးတီး သူ့ပါသူ ဗုံတီးနဲ့ မူးမူးနဲ့ဆို သီချင်းတွေ ဆိုတတ်ပါသေးတယ် ။ အဘ မြို့ကိုထင်းလှည်းတိုက်ပို့ပြီး ပြန်လာရင် အိမ်ကနေ အဘ လှည်းသံကို နားထောင်ရတာလည်း စိတ်ဝင်စားစရာတစ်မျိုးပါပဲ အဘပြန်လာရင် ကျနော်တို့အတွက် မုန့်ပါခဲ့မှာကိုး အဘနဲ့ လှည်းတူတူမောင်းတဲ့အခါကျ နွားကြိုးကိုကိုင်ပြီး “ ဟဲ့နွား ဟဲ့နွား“ လို့အော် နွားလှည်းမောင်းခဲ့ရတဲ့ အမှတ်တရတွေဟာလည်း ကျနော့်အတွက်တော့ ကားမောင်းသင်ရတာထပ် ပိုပျော်စရာကောင်းပါတယ် ( ကားလည်းမမောင်းတတ်ဘူး တစ်မျိုးတစ်မည်ထင်ကုန်ကြမှာစိုးတယ် ) ။ အဲ့တုန်းကတော့ အဘက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ငါ့သား နောက် ၂ နှစ်လောက်ဆို တော်တော် အားကိုးလို့ရပြီး ခုတောင် လှည်းကောင်းကောင်းမောင်းတတ်နေပြီတဲ့ အဘက အဲ့လိုပြောပေမယ့် ကျနော်ကတော့ အဘ အားကိုးရတဲ့ သားတစ်ယောက် မဖြစ်ခဲ့ပါဘူး တစ်ခါခါ စိတ်ပေါက်လို့ နွားလှည်းမောင်းမယ်ဆို ဘယ်ကွေ့မယ်ဆို ညာနွားကြိုးကိုဆွဲ ဇက်ကြိုးတင်းမယ့်နေရာေ၇ာက်ရင် ကြိုးကို လျှော့ပေးမိလို့ နွားတွေတောင် ကြောင်တောင်တောင်ဖြစ်ကုန်တဲ့ ခပ်ညံ့ညံ့တောသားကျနော်ပါ ။


အဘ ကောင်းနေရင် အလုပ်လုပ်တာ ဘယ်သူမှမမှီပါဘူး မနက်လေးနာရီကြီး ထပြီး လရောင်နဲ့ ပေါက်တူးထပေါက်တတ်တဲ့ ကျနော့်အဘ သားသမီးတွေကို စိတ်ဆိုးခဲ ဆူခဲတဲ့အဘ အဝေးရောက်နေတဲ့ သားသမီးတွေကို သတိရပါတယ်လို့ တစ်ခါမှ မပြောပေမယ့် အဝေးကပြန်လာတဲ့ သားတွေကိုမြင်တိုင်း ကွမ်းဂျိုးတွေတတ်နေတဲ့သွားတွေ ပေါ်အောင် အပြုံးတွေ တပ်ဆင်ထားတတ်ပါတယ် ။ ကျန်းမာရေး ချူချာတဲ့ကျနော့်ကို စိတ်ပူလို့ ရိုးရာနတ်မြှောက်ရ ကန်တော့ပွဲ ပေးရတဲ့အခါကျ ဘုရားတောင် ပုံမှန်မရှစ်ခိုးဖြစ်တဲ့ ကျနော့်အဘ တောသားကြီးက သားဇောနဲ့ မနက် အစောကြီးထ နတ်မြှောက်တတ်တဲ့ မြင်ကွင်းတွေဟာလည်း ပြန်စဉ်းစားမိတိုင်း ကြည်နူး ၀မ်းနည်းမိပါတယ် ။

အဲ့လောက်အကြမ်းခံ စိတ်ကြမ်း လူကြမ်း အဘက နေမကောင်းဖြစ်ရင်တော့ တကယ်ကို ခလေးဆိုးကြီးဖြစ်သွားတတ်ပြန်ကော နေမကောင်းဖြစ်ရင် အဝေးက သားသမီးတွေကို ဟိုလူ့ခေါ်ပေး ဒီလူ့ခေါ်ပေးလို့ ပူဆာတတ်ပြန်ကော သူနေမကောင်းရင် သားသမီးတွေ အားလုံး အနားမှာ ပြုစုနေမှ ကျေနပ်တာပါ ပြီးတော့ တညလုံးလည်း နှိုးနေတတ်တယ် တစ်ယောက်ကို ခေါ်မရ နောက်တစ်ယောက်ခေါ်ပြန်ကော ကျနော်တို့တွေက မခံနိုင်တော့လို့ မထူးရင် အမေထိပြန်ပေါ့ အမေ့ခမျာ မခံနိုင်တော့ဘူးထင်ပါ့ “ အမလေး ငပေါရေ့ ဖျားတာက နင် သေမှာက ငါဟ ” ဆိုပြီး အမေက ဒေါသထွတ်တတ်ပါတယ် ကျနော်တို့ အိပ်ချင်ယောင်ဆောင်လည်း “ သားငယ် ဝေ့သားငယ် အိပ်ပြီလားကွ ” ပြန်မဖြေ မချင်း အဘက အဲ့တိုင်းကို ခေါ်နေတော့တာ “ အားး... အိပ်ပါပြီဆို သားကပြန်ဖြေရအုံးမှာလားဗျာ ” ဖျားနေတဲ့ အဘကကို အဲ့လို ဂျီပြန်တိုက်တတ်ပါတယ် ။

ကျနော့် အဘက သူများနဲ့မတူ တစ်မူထူးပါတယ် အမေက အိမ်ဆောက်မယ် နွားရုံဆောက်မယ်ဆို နေ့ကောင်းရက်သာလေးရွေး ဗေဒင်လေး ဘာလေးတွေတွက်ပါတယ် တစ်ခါ အိမ်တိုင်ထူဖို့ဆိုပြီး နေ့ကောင်းရက်သာရွေးဖို့ အမေက မြို့တက်ပြီး ဗေဒင်သွားမေးတာ နောက်ပိုင်းမှာ အဘက အိမ်တောင်မိုးပြီးသွားပြီး မြန်ချက်ပြောပါတယ် အမေက ပွစိပွစိလုပ်ရင်တော့ အဘကပြန်ဖြေတာ ” ကြာပါတယ်ဟာ ကိုယ့်အိမ်ကိုယ်ဆောက်တာပဲ ကိုယ်ဆောက်တဲ့နေ့ နေ့ကောင်းပေါ့ ဘာရက်ရွေးနေစရာ လိုသလဲ ” တဲ့ အဲ့တာလည်း ဟုတ်နေပြန်ကော ။အသက်ကလေးတွေရလာတော့ အမေကလည်း အဖွားကြီးဖြစ်ပေါ့ စကားတစ်ခွန်းရမပြီးတော့ဘူး အမေရစ်တာက မမူးပဲရစ်တာမျိုး တစ်ခြားသူကိုတော့မဟုတ် ကျနော့် အဘတစ်ယောက်တည်းကို အမေ့ပါသာ အမေပြောချင်တာပြော အဘကတော့ ဘာမှမကြားသလို သူ့အနား မာမာအေး သီချင်းဆိုနေသလား အမှတ်နဲ့ အေးအေးလူလူအိပ်လို့ပါ အဲ့ကျ ကျနော်တို့က သတိပေးရတယ် “ မေ့...ဟိုမှာ အဘကဖြင့်အိပ်လို့ ဘယ်နှစ်ရေးရနေပြီလဲမသိ အမေကပြောနေတုန်း ” အမေ့ခမျာ အူလည်လည်နဲ့ “ အဲ့တာပဲကြည့် အဲ့တာပဲကြည့်ကြတော့ ဖားအော်တာ လူသိတယ် မြွေကိုက်တာ လူမသိဘူးဆိုတာ ဒါမျိုးပေါ့ ” တဲ့း) ။

ဖုန်းပြောဖြစ်တိုင်း “ အဘနေကောင်းရဲ့လား ”ေ မးမိတိုင်း အဘ ပြန်သတိပေးတာက “ မင်းအဘက မာပါတယ်ဟ သံချောင်းပါ မင်းတို့သာ ဂရုစိုက်ကြ” တဲ့ အဘအသံတွေကတော့ တကယ်ကိုမာတုန်းပါ ။ အခုလည်း ကျနော်တို့နေရာတွေမှာ သူ့မြေးတစ်အုပ်နဲ့ ပါးစပ်ဆိုင်းတီးလို့ အဘက သီချင်းတွေဆိုတုန်း မြေးတစ်အုပ်နဲ့ ဟိုမြေးကုန်းပိုး ဒီမြေး ပုခုံးပေါ်တင်နဲ့ အပူပင်ဆိုတာ ကင်းတဲ့ ခလေးဆိုးကြီး ကျနော့်အဘဟာ ကျနော်တို့တွေအတွက်တော့ အဖိုးဖြတ်မရတဲ့ ဖခင်ကောင်းတစ်ယောက်ပါ ဒီတစ်ခါ အိမ်ပြန်ရင်တော့လား အဘချက်ကျွေးမယ် ဗူးသီးဟင်းခါးနဲ့ ငပိထောင်းကို မြိန်မြိန်ကြီး တီးပစ်အုံးမယ်လို့ တေးထားမိပါရဲ့ အဲ့အချိန်ကျ အဘတစ်ယောက် ကွမ်းဂျိုးတွေတက်နေတဲ့ သွားတွေပေါ်အောင် အပြုံးတွေ တပ်ဆင်ထားမှာတော့ အသေအချာပေါ့ဗျာာ ။




14 comments:

စော(အဝါရောင်မြေ) said...

တကယ်ကို မြင်ယောင်သွားပါတယ်။
ကျတော်က မွန်လို ထင်နေတာ။
ကရင်လား ?

san htun said...

အဘဆိုလို့  အဖိုး ထင်နေတာ :)။

Yan Naing Aung said...

စာဖတ်သူရဲ့ ရင်ကို လှုတ်ခတ်အောင် ရေးနိုင်စွမ်းရှိပါပေတယ် သူငယ်ချင်းရေ။ မင်းစာတစ်ပုဒ်ရေးလိုက်ရင် ရုပ်ရှင်ကြည့်နေရသလို မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ကို ပေါ်လာတော့တာ။ အခုမှပဲ မင်းစာတွေကိုဖတ်ချင်နေတဲ့ အာသီသ ပြေသွားတော့တယ်။ ကျေးဇူးသူငယ်ချင်းရေ :)

စာရှည်မှာစိုးလို့ မြန်မြန် မဖြတ်ပါနဲ့ကွ။ စာရှည်ရင်အပိုင်းခွဲပြီးရေး​လေ။ မင်းစာတွေက မလေးဘူး။ ဘယ်လောက်ရှည်ရှည် ဖတ်နိုင်ပါတယ်ကွ။ :)

May Zin Aye said...

နောင့် တို့ရဲ့ ဘကြီးတစ်ယောက်နဲ့ အသွင်အပြင်တော်တော်တူတယ်။ အေးပေါ့..တောက ဘကြီးတွေကတော့ များသောအားဖြင့် သွင်ပြင် တူတတ်ကြပါတယ်လေ။ နောင့် တို့ ဘကြီးကတော့ ထမင်းမေ့ ဟင်းမေ့ အလုပ်ကို လုပ်တတ်လွန်းလို့ သေတော့လဲ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားပါပြီ။ ခုလိုလေး ပြန်ဖတ်ရတော့ ဘကြီး ကို အမှန်တကယ်အရမ်းလွမ်းသွားတယ်​။ ကိုမောင်မျိုး ရေးတာလေးတွေက အပြင်ကဘ၀ ကို တကယ်ထင်ဟပ်စေတယ်။

Aye Kyaw Zan said...

ဆရာသုမောင် သူ့ဆွေမျိုးမိဘတွေ အကြောင်း ရေးတုန်းက ရခဲ့တဲ့ ရသမျိုးနဲ့ ခပ်ဆင် ဆင် သန္တရသ တမျိုးကို ရပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ကျနော့် အဖေလည်း ရွာမှာ ဖိနပ်စီးကျင့် မရှိတော့ မြို့ပေါ်တက်ရင် ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်မေ့ထား ရစ်ခဲ့တတ်တာက များပါတယ်။ တောရွာတွေမှာက ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ဘဲ တမိုးတွင်းလုံး ဖိနပ်စီးဖို့ မဖြစ်နိုင်ပါ ဘူး။ အဲဒါ အကျင့်ပါသွားပြီး ဖိနပ် အသစ်ချပ်ချွတ် ကို ခါးကြားထိုးပြီး လမးလျှောက်တဲ့ တောသားတွေ ရှိလာပါတယ်း))

Su Myat Htar said...

“ ဖျားတာက နင် သေမှာက ငါဟ ” ဟီး...အဲဒီအပြောလေးကိုက အဘနဲ့ သူ့မဟေသီရဲ့ သံယောဇဉ်ကြီးမားတာတွေ မြင်နေရတယ်။ ဖတ်လို့ သဘောကျလိုက်တာ..လုမြောင်ရေ။

မိုးခါး said...

အဆင်ပြေရင် အိမ်ပြန်လည်လိုက်ပါဦးဟာ .. မျှော်နေကြမယ်ထင်တယ်နော် ..

Nyi Linn Thit said...

ညီက လူတွေအကြောင်းကို သရုပ်ပေါ်အောင် ရေးရာမှာ အမြဲတမ်း ပြောင်မြောက်တယ်၊ အခု ကိုယ့်အဘဆိုတော့ ဆိုဖွယ်ရာ မရှိပါဘူး၊ ဖတ်သူတိုင်းက မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်းကို မြင်လာတယ်၊ ကျနော်က အဘ အော်ဂင်တီးချင်တဲ့ အကြောင်းများ ပါဦးမလားလို့ ရှာနေသေးတာ...၊း) ညီ့အဘ ကျန်းမာပြီး မြေးတွေနဲ့ အမြဲ ပျော်နိုင်ပါစေဗျာ။

တောက်ပကြယ်စင် said...

ပထမတော့ အဘဆိုလို့ အဖိုးလိုလို အဖေရင်း မဟုတ်သလိုလိုနဲ့ ထင်ခဲ့တယ် မောင်မျိုးရေ။ ဒေသကွဲတာနဲ့ အသုံးအနှုံးတွေလည်း ကွဲသွားတတ်တယ်နော်။ အခု ရေးနေရင်းမှပဲ သူငယ်ချင်းတစ်ယောက်ကို ပြန်အမှတ်ရမိတယ်။ သူလည်းပဲ သူ့အဖေကို အဘလို့ပဲ ခေါ်တာတဲ့။ စိတ်မျက်စိထဲ မြင်ယောင်လာအောင် ရေးတတ်ပါ့ဗျာ...ကျန်းမာပျော်ရွှင်ပါစေနော့...

ဟန်ကြည် said...

ကရင်အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ဖိနပ်အကြောင်းတော့ ဆရာအသိဆုံးပေါ့...တောဘက်မှာ ဆေးခန်းဖွင့်တုန်းကဆိုရင် ဆေးခန်းလာကြတဲ့ ကရင်ကြီးတွေ ပြန်ရင် ဆေးခန်းမှာ ဖိနပ်တွေကို ပုံနေအောင် ကျန်ရစ်လွန်းလို့ သူတို့ခြေထောက်တွေကို သတိထားကြည့်နေရတာကိုက အလုပ်တစ်လုပ်...တစ်ခါတစ်ခါများ ကိုယ့်ဖိနပ်ကိုတောင် မမှတ်မိကြလွန်းလို့လေ...

ကျန်းမာချက်ကတော့ ပြောမနေနဲ့...အသက် ၈၀ ကရင်အဘိုးကြီးတစ်ယောက် ခါးနာလို့ ဆေးခန်းလာပြတော့ ဘာဖြစ်လို့ခါးနာသလဲ မေးလိုက်တာ...မြေကြီးပေါက်တာ များသွားလို့တဲ့...ဆရာတို့မှာ နာရီဝက်လောက် အလုပ်လုပ်ရင်တောင် သုံးရက်လောက်နားယူရတာကိုး...

ချော(အစိမ်းရောင်လွင်ပြင်) said...

တောမှာ အလုပ်လုပ်ပြီးကြီးပြင်းလာကြတဲ့ လူကြီးသူမတွေက ပိုပြီးအသက်ရှည်သလိုဘဲ
တို့အဖေဆိုလည်း အသက် ၈၀ကျော်နေပြီ။ ခုထိ ကျန်းမာရေးကောင်းတုန်း
မောင်မျိုးစာလေးဖတ်တော့ အဖေကိုတောင်သတိရသွားပြီး(

Anonymous said...

Like,like,like......
Good post for fathers day.Lovely father,lovely family....i'm sure.
Gyidaw

...အလင်းစက်များ said...

ပြန်ရင်ငါ့လည်းခေါ်လေ အလည်လိုက်မယ်။ ဘူးသီးဟင်းနဲ့  ငပိထောင်း ထမင်းပူပူနဲ့  စားချင်တယ်။

မြစ်ကျိုးအင်း said...

ဖတ်ပြီး အဖေ့ကို သတိရသွားတယ်။ မကြာခင် အိမ်ပြန်နိင်အောင် ကြိုးစားကြအုံးစို့။

LinkWithin

Related Posts Plugin for WordPress, Blogger...