Wednesday, June 8, 2011

ညီနောင်

မနေ့က အင်တာဗျူးလေးတစ်ခု နားထောင်ရင်း အဲ့ဒီ ညီအစ်ကိုပြောတဲ့စကားလေး တော်တော် သဘောကျသွားတယ် ။ “ ကျနော့်မှာ ဒီညီလေးပဲရှိတာ သူ့ကိုမချစ်လို့ ကျနော်က ဘယ်သူ့သွားချစ်ရမတုန်းဗျ ” ပြောတဲ့သူကလည်း ပြုံးပြုံးလေး သူ့ညီလေးကတော့ ပီတီမျက်နှာလေးနဲ့ ပရိတ်သတ်တွေက သဘောကျ လက်ခုပ်တွေတီးလို့ ။ ကျနော် ပြန်တွေးကြည့်လိုက်မိတယ် ကျနော့်အစ်ကိုတွေကကော ကျနော့်ကို ဒီလိုမျိုး ချစ်ချင် ချစ်နေနိုင်တာပဲပေါ့ ( ဒီလိုကျနော် မသေချာမရေရာရေးနေမိပေမယ့် ကျနော့်မသိစိတ်ထဲကနေ သိနေတာက အစ်ကိုတွေ ကျနော့်ကို တကယ်ချစ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်လျှက်ပါ ) ။

ဒီအရွယ်လေးရောက်တော့ “ ကျနော် ခလေးမဟုတ်တော့ပါဘူး ရတယ် ကျနော့်ကိုယ် ကျနော်ထိန်းနိုင်တယ် ” သူတို့ကိုပြန်ပြန်ပြောမိတိုင်း သူတို့တိတ်ဆိတ်သွားတတ်ပါတယ် ။ မိဘတွေက ကိုယ့်သားသမီးတွေကို ဘယ်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ခလေးလို့ပဲ စိတ်ထဲ ထင်နေတတ်တယ်ဆိုရင် အစ်ကိုတွေဟာလည်း ကျနော့်ကို ခုချိန်ထိ ၁၀ နှစ်မကျော်သေးတဲ့ သူတို့ရဲ့ ညီပေါက်စလေးလို့ ထင်နေကြတာ ဖြစ်ဖို့များတယ် ။ ကျနော်ဟာလည်း အပြင်မှာသာ ကိုယ့်အလုပ်လေးနဲ့ကိုယ်မို့ မနည်းလူကြီးမဆန် ဆန်အောင် နေနေရပေမယ့် အိမ်ပြန် ညီအစ်ကိုတွေဆုံတဲ့ အခါကျ အစ်ကိုတွေ ဂုတ်ပိုးတက်စီးလိုက် တူလေးတွေက သူတို့ အဖေ နားကပ်ရင် “ ဒါ ငါ့အစ်ကို ၀ါးဟားဟား ” ခလေးတွေနဲ့အပြိုင် ခလေးဆိုးကြီးလုပ်တော့ ကျနော်တို့ အိမ်က ဆူညံ့နေတတ်ပါတယ် ။

“မေ့ ...... တွေ့လား အမေ့သား အဲ့လိုသတင်းတွေထွက်ပြန်ပြီဆို သားစိတ်ညစ်တယ် ” ။“ မသိဘူး သူ့အကြောင်းကျနော့် လာမမေးနဲ့ ” တစ်ခါခါ စိတ်တိုရင် အဲ့လို ဘုတောတတ်ပါတယ် ။ဒါပေမယ့် ဘယ်လိုပဲ ဘုတောတော လက်ကျဲကြီးကိုတော့ ကျနော်ကြောက်ပါတယ် ။ အစ်ကိုငယ် နဲ့ဆိုရင်သာ အစ်ကိုတို့က ဘာဖြစ်တယ် ညာဖြစ်တယ် ဂျစ်ကန်ကန်ပြန်ပြောတတ်ပေမယ့် အစ်ကိုကြီး ( ကျနော်တို့မောင်နှမတွေ နစ်နိမ်းပေးထားတာက လက်ကျဲကြီးပါ သူ့လက်စာမိရင်တော့ အနည်းဆုံး ဖူးယောင်ပါတယ် ) ကိုဆိုရင်တော့ ပြန်မပြောရဲပါဘူး ။အစ်မတွေက ပြောမဆိုမရဖြစ်ပြီဆိုရင်တော့ နင်တော့ လက်ကျဲကြီးနဲ့မှ တန်တာတဲ့ ။ သူ့ကို စိတ်တို စိတ်ဆိုးစရာတွေရှိပေမယ့်လည်း ကိုယ်လမ်းမှားတော့မယ်ဆို သူကတော့ အကြီးပီပီ ဟန့်တားတတ်ပါတယ် မီးနဲ့ဝေးတဲ့ မီးဝေးချိတ်လေး ကျနော်ဟာလည်း သူနဲ့ဝေးတော့သာ ဟောင်ဖွာ ဟောင်ဖွာ ထောင်ထောင် ထောင်ထောင် ဖြစ်တတ်ပေမယ့် သူ့အနားရောက်တော့ အမှီးလေးကုတ် ပြားပြားဝပ်ပေါ့ ။

ဖုန်းမှာ သူ့နံပါတ် ပေါ်ကတည်းက လူက ခပ်လန့်လန့် ငါတော့ နာတော့မယ်ပေါ့ ။ “ အငယ်ကောင်...မင်းက ဘယ်လိုတွေဖြစ်နေတာလဲ ငါကြားနေရတဲ့ သတင်းတွေ သိပ်မကောင်းဘူးကော ” အဲ့လိုဆိုရင်တော့ “ သား..... အဲ့လိုမလုပ်ပါဘူး မဟုတ်ဘူးဆို ဘာမှတောင်မလုပ်ရသေးဘူး ဟုတ်ကဲ့ ဟုတ် ဟုတ် ” တဟုတ်ဟုတ်နဲ့ စိတ်က ကောက်ချင်ပြီး ငါလုပ်ခါနီးကျ သူ အမြဲပဲ ရှေ့ကရောက်လာပြီ အမေက ဘာလို့များ သူ့ကို အရင်ဆုံးမွေးလိုက်တာလဲမသိ ။ တစ်ခုတော့လည်းကောင်းသား မိသားစုမှာ အဲ့လိုလေး ကြောက်ရမယ့်လူလေးရှိလို့ တော်သေးတာပေါ့ ။ သူတားတဲ့ လမ်းတွေဟာလည်း ကိုယ့်အတွက်ဆိုတာ အချိန်တွေ ကြာလာတာနဲ့ အမျှ သိသိလာတယ် ဒါဟာ အစ်ကိုတစ်ယောက်၇ဲ့ ချစ်ခြင်းတွေက ညီတစ်ယောက်အပေါ်မှာ စစ်မှန်တဲ့ အတွက်လို့ ကျနော် ယုံကြည်ပါတယ် ။

အငယ်လေးတုန်းက မှတ်မိသေးတယ် ကျနော်က အရင်ကတည်းက တကယ့်ငပိန်လေးပါ ဒါကြောင့် ရွာမှာ ခလေးချင်းရန်ဖြစ်ရင် အမြဲ ခံရတယ် အဲ့အချိန်ကျ ကျနော့်ရဲ့ သူရဲကောင်းဟာ ကိုငယ်ပါပဲ သူက အကောင်ကျစ်ကျစ် မဲမဲနဲ့ တော်တော်မာတယ် ။ကျနော်က အသံကတော်တော်ပြဲပါတယ် ပြဲဆို ပါးစပ်ကလည်း ကျယ်တာကိုး ၇ ခြံကျော်လောက်တည်းက ငိုတဲ့ အသံဟာ အိမ်ရောက်တော့ တော်တော်ကို စပီကာကျယ်နေပြီ “ အားမေဂျီးရေးးး သားကို ဟိုကောင်တွေ ညီအစ်ကို ၀ိုင်းထိုးတယ်ဗျ ” အမေကတော့ ကျနော့်အကြောင်းသိလို့ “ တော်စမ်းပါဟယ် နင်ဟာတော့လေ မီးထုတ် ပြသနာကို တော်တော်ရှာတယ် မောင်ပို တိတ်တိတ် အိမ်မှာ ကစားဆိုတော့မကစားပဲနဲ့ ” အမေက အဲ့လိုပြောတုန်းရှိသေးတယ် ကျနော်အစ်ကို ငတပ်ပုလေးက လေးခွတစ်ချောင်းကိုင်လို့ ကျနော့်ကို အနိုင်ကျင့်လိုက်တဲ့ ကောင်တွေကို သွားဆော်တာပေါ့ သူများခလေး နှာဖူးပေါက်လို့ ဆေးဖိုး လျှော်ရ အပြောခံရတော့ အမေပဲ ။ အမေရိုက်လည်း အစ်ကိုကတော့ပေပြီးခံတာ လုံးဝမငို သူက လမ်းကြုံရင်ပြောတတ်သေးတယ် “ ငါ့ညီကို နောက်တစ်ခါထိလို့ကတော့ မင်းတို့သေမယ်” တဲ့ သူကတော့ ကျနော့်အတွက် တံတိုင်းတစ်ခုပါ ။ ခုထိ စကားပြောတိုင်း “ ငါ့ညီ ငါ့ညီဆိုတာ သူ့ပါးစပ်ဖျားမှာ အမြဲဝဲနေတတ်ပေမယ့် ကိုယ်ကတော့ ဂျစ်ကန်ကန် “ အစ်ကိုတို့လည်းဗျာာာ” အဲ့လို ပြန်ပက် လူပါးတော်တော်ဝတတ်နေပြီ ။


အသက်ကလေးတွေ ရလာတော့ အနေတွေလည်း တော်တော် ဝေးသွားကြတယ် သူတို့လည်း သူ့မိသားစုအရေးသူတို့ရုန်း သူ့ဘ၀သူကျောင်း ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်လို့ပေါ့ ။ ဘေးလူတွေကတော့ စကားစပ်မိတိုင်း ကျနော့်ကိုပြန်ပြန်ပြောပြတတ်တယ် “ မင်းက ကံကောင်းတာပဲ မင်းအစ်ကိုတွေက မင်းကို တော်တော်ချစ်ကြတယ် ” တဲ့ ။ စိတ်ရှုပ်တတ်တဲ့ ကိုယ့်ဆီကို စိတ်ညစ်စရာတွေ မပြောပဲ သူတို့ပါသာဖြေရှင်းတတ်ပေမယ့် ကျနော်အဆင်ပြေရဲ့လားဆိုတာတော့ သူတို့တွေ ကျနော်နဲ့ နီးစပ်ရာကို အမြဲစုံစမ်းနေတတ်ပါတယ် ။“ ငါ့ညီလေး သတင်းကော ကြားသေးလား သူပျော်နေရဲ့လား အဆင်ပြေတယ်ဟုတ် ” ၊ “ အငယ်ကောင် တစ်ယောက်ကော တွေ့သေးလား အေးအေး ၀ိုင်းဂရုစိုက်ပေးပါအုံးကွာ ” ဒါက အသိတွေနဲ့တွေ့တိုင်း သူတို့တွေ မှာတဲ့စကား ကျနော် တစ်ဆင့်ပြန်ကြားရတာပေါ့ ကြားရတိုင်းလည်း ကြည်နူးမိတယ် ။ ကျနော့် ဘ၀မှာ အစ်ကိုတွေရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ဘာမှန်းမသိတဲ့ နေရာလေးတစ်ခုမှာ လုံခြုံနွေးထွေးနေသလိုပါပဲ သူတို့ဟာ ကျနော့်အတွက်တော့ အဆင်သင့် ညီနောင် ၂ ဦးပေါ့ ကျနော်လည်း သူတို့ကို ချစ်ပါရဲ့ ဒါပေမယ့် စကားပြောတိုင်း “ အစ်ကိုကလည်းဗျာာာ ” ၊ “ သား...မလုပ်ပါဘူးဆိုဗျာာာ” သံရှည်ကြီးစွဲလို့ ဂျစ်တစ်တစ်ပြောတုန်းပါပဲ ။



13 comments:

မေသိမ့်သိမ့်ကျော် said...

အစ်ကိုတော်တွေကို သတိရနေတယ်ထင်ပါ့။ သား ... သားနဲ့ တော်တော်ချွဲမယ့်ပုံပဲ။

ခင်မင်လေးစားလျက်

ညိမ်းနိုင် said...

ကိုယ့်ကို ချစ်တဲ့အကိုတွေအပေါ်သိပ်မဆိုးနဲ့လေ....။
ဒီလိုအကိုတွေရှိတာကံကောင်းပါတယ်...။

မိုးခါး said...

နင်တော်တော်ဆိုးပါ့လား .. ဟမ် :P
တော်သေးတာပေါ့ကြောက်တဲ့လူရှိနေသေးလို့ပဲ
နင် အာပြဲမှန်းလည်း ယုံပါတယ် .. :D
(နင်ရေးထားတာ ဖတ်ပြီး ငိုချင်သလို ဖြစ်သွားသေးတယ် ..း))

ကမ္ဘာ့ဖျာ said...

ဟာသလေး တစ်ခု ဖတ်ဖူးတယ်၊ သား က ကျောင်းမသွားချင်ဘူးဆိုပြီး အိပ်ယာထဲ ဝင်နေတာကို အမေလုပ်သူက အတင်းနှိုးပြီး သွားခိုင်းတာ၊ သားက မသွားချင်ဘူး ချည့်ပဲ ပြောနေတော့ အမေက သားက ကျောင်းအုပ်ဆရာကြီး ဖြစ်နေပြီး မသွားလို့ ရမလားလို့ ပြောတဲ့ ဟာသလေး။ ဒါက ဟာသမှန်ပေမယ့် အခု ညီမျိုးပိုစ့်မှာ ပါတဲ့ သဘောလေးကို သွားတွေ့ရလို့ ကြိုက်နေခဲ့တာ ကြာပြီ။ မိဘတွေက သား အသက် ၄၀၊ ၅၀၊ ၆၀ ဘယ်အရွယ်ပဲ ဖြစ်ဖြစ် သူတို့ မျက်စိထဲမှာ ကလေးလေးလို့ပဲ မြင်တာ။ အကိုတွေ အစ်မတွေကလည်း အဲအတိုင်းပဲ ကိုယ့်ကို သူတို့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် သူတို့ မောင်ငယ်လေး၊ ညီငယ်လေးလို့ပဲ မြင်တာ။ အဲလို မြင်တာလေးကို ချစ်တယ်။ သဘောကျတယ်။ ဒါပေမဲ့ သိပ်အစွန်းရောက်သွားရင်တော့ အချစ်ခံ အမြင်ခံရသူအဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုင်း အားနည်းသွားတာမျိုး ဖြစ်သွားမယ်လို့ ထင်မိတယ်။ မျှမျှတတပေါ့။ တကယ်တော့ အဲလို အချစ်ခံ၊ အဆုံးမခံ ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ အနည်းဆုံးတော့ ချွဲလို့ရတာပေါ့ မဟုတ်ဘူးလား။း)

Anonymous said...

အစ်ကိုမောင်မျိုးကြီးက စာရေးသိပ်သွက်တာဘဲ။ စာဖတ်သူတွေကို အဆုံးထိဆွဲခေါ်သွားလိုက်တာများး ဖတ်လို့သိပ်ကောင်းတယ်

လက်ကျဲကြီးကို ခုထိကြောက်တုန်းဆိုပါတော့။ ခြောက်စရာတကွက်တော့ရဘီ။

ခင်မင်စွာဖြင့်
ရတနာ

နေ၀သန် said...

အကောင်ပိန်ပိန်.. ပါးစပ်ပြဲပြဲ... မျက်လုံးထဲ ပုံဖော်သွားတယ်.. :D

ခင်မင်လျက်
နေ၀ဿန်

မအိမ်သူ said...

ကိုယ့်ကိုသိပ်ချစ်တဲ့ အကိုအမတွေရှိတာ ဘယ်လောက်ကံကောင်းသလဲ မောင်မျိုးလေးရေ .. အမကတော့ အိမ်မှာ အကြီးဆုံးဆိုတော့ အဲဒီလို အကိုအမတွေ သိပ်လိုချင်ခဲ့တာ။ အကြီးဆုံးဆိုပေမဲ့ ကိုယ့်အောက်က အငယ်များက တစ်စက်မှ မကြောက်ကြပေါင်ရှင်.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

မအိမ်သူလိုပါဘဲ သဘောရပါတယ်
အစ်ကိုအစ်မတွေ ရှိတာ ကံကောင်းပါတယ်
အကြီးဆုံးဖြစ်ရတဲ့ဘ၀များ ကိုယ်ကသာ အစစအရာရာ လိုက်ပူပန်နေရတား(

လရိပ်အိမ် said...

အငယ်ဆုံးလေးထင်တယ်။ကြည့်ရတာ မောင်နှမအများကြီးဘဲ ၊ ပျော်စရာ

ညီလင်းသစ် said...

ညီအစ်ကိုတွေရဲ့ ချစ်ခြင်းမေတ္တာတွေ ဖတ်ရတာ တကယ့်ကိုပဲ ကြည်နူးဖို့ ကောင်းတယ်ဗျ၊ ဒီလို အကိုတွေ ရထားတာ ညီ ကံကောင်းတာပေါ့...။

မြစ်ကျိုးအင်း said...

ကျနော်ကတော့ အကိုတစ်ယောက်ထဲ ရှိတာ။ ဒါပေမယ့် အဖြစ်ချင်းတူတာများတယ်။ ကလေးဘဝက ကစားပွဲမှာ ကိုယ့်ထက်ကြီးတဲ့ကောင်နဲ့ ရန်ဖြစ်တော့မယ်ဆို အကို ကို ပြေးခေါ်တော့တာပဲ။
အကိုကလည်း ဘယ်သူမှားတယ် မှန်တယ် မေးမနေဘူး လိုက် ဖိုက် တော့တာပဲ။ တခါကဆို ဟိုကောင့် အိမ်ပေါ်ထိ လိုက် ချ လို့ ပြဿနာတွေ တက်ရသေးတယ်။
ဒါပေမယ့် ကျနော် အရွယ်ရောက်လာတော့လည်း အကို့ကိုတောင် ရန်ပြန်လုပ် မိတာပါပဲ။ မကောင်းပါဘူး။
စာဖတ်ရင်း ကိုကို့ ကိုသတိရမိတယ်။

မိုးယံ said...

အံမာ....သူကများ

ကျွန်တော် ငယ်ငယ်တုန်းက တော်တော်ပိန်သတဲ့.. အခုကျတော့ ၀ နေသလိုလို..ဟွင်း... မသိရင် ငါးဖောင်ရိုးက ပဲလင်းမြွေသီး စားပြီး မွေးလာတဲ့ ရုပ်ကိုများ...

အသံပြဲတာလဲ သိတယ်... နင်အနားရှိရင် မန်ဒါလီတို့ ဝေသာလီ တို့ တစ်အုပ်တစ်မကြီး နှုတ်ဆိတ်နေရတယ်။ သူတို့ ဆရာ မောင်မျိုး ငနာရဲ့ အသံကို ကြောက်လို့တဲ့


ပြည့်ပြည့်ဖြိုးဖြိုး အသံတိုးတဲ့
အမျိုးမှန် မိုးယံ

...အလင်းစက်များ said...

ကိုမောင်မျိုးကြီးရေ စာလာဖတ်တယ်နော်....။ ဟဲဟဲ... သူများတွေခေါ်သလို ခေါ်မှပဲ။

ငယ်တုန်းတော့ ဆိုးကြပေါ့ကွာ... ဟင်း

LinkWithin

Related Posts Plugin for WordPress, Blogger...