Monday, June 6, 2011

အရှုပ်ထဲမှာရှင်းအောင်နေ

ဒီရက်ပိုင်း စာမရေးဖြစ်ဘူး ။ အရင်က ၂ ရက်တစ်ပုဒ်လောက်ရေးနေပြီး ခုကျ တော်တော် ငြိမ်နေလို့ ခင်တဲ့သူငယ်ချင်းတွေက စာမရေးဘူးလားမေးကြတယ် ။ ပျင်းလို့ပါ ဘာရေးရမှန်းလည်းမသိ အရင်ကလိုလည်း ကုန်ကြမ်းလည်းရှာမရ ။အရှုပ်တွေလုပ်နေတယ်ရယ်လည်းမဟုတ် သားနဲ့မယားနဲ့လည်းမဟုတ်ပဲ ဘာတွေ ရှုပ်လို့ရှုပ်နေမှန်းကိုမသိတော့ပါဘူး မနက်ကျ အလုပ်ဆင်း ညနေကျ သင်တန်းပြေး လောလော နဲ့ပဲ ညရောက်ပြန်တော့ တီဗွင်္ီလေးလည်းကြည့်ချင်သေးတယ် ။ ဘလော့ကြွေးတွေလည်းရှိသေးတယ် ကိုယ်သာမတင်ဖြစ်တာ တင်ဖြစ်တဲ့ ဘလော့တွေ သွားဖတ်ပြီး ပွားခဲ့ချင်သေးတယ် ။ အဲ့တာနဲ့ပဲ အချိန်တွေက ကုန်မှန်းမသိ ကုန်ကုန်သွားကော ။

အခုတလော စိတ်လည်းမကြည်ပါဘူး လူမှုရေးတွေမှာလည်း အမှားများသလိုလို အလုပ်တွေကလည်း ပိလာသလိုလို လွဲတာတွေလည်းရှိတာပေါ့လေ အဲ့တော့ ဘုရားတရားဘက် ရောက်သွားကော ။ အဟုတ်ပါ ကျနော့်စိတ်တွေ ပင်ပန်းလာပြီဆို စိတ်အဟာရဖြစ်မယ့် စာအုပ်လေးတွေဖတ်ချင်ပါတယ် ကိုယ့်အနားမှာ တရားလေးနာနေရသလိုပဲ အခု ကျနော်ဖတ်ဖြစ်နေတဲ့ စာအုပ်လေးက ဆရာတော်ဦးဇောတိက ရဲ့ “ အရှုပ်ထဲမှာ ရှင်းအောင်နေ” တဲ့ ခေါင်းစဉ်လေးကလည်း ရှင်းရှင်းလေးပါ သိပ်ကောင်းတဲ့ စာအုပ်လေး အထဲမှာလည်း ကိုယ့်အဖြစ်တွေကိုပဲ တိုက်ရိုက်ပြောနေသလားထင်ရအောင် စာသားတွေက ရှင်းလင်းပြတ်သားနေတာပါပဲ ။

ဘုရားတရားမလုပ်ဖြစ်တာတော်တော်ကြာပြီး စိတ်တွေပင်ပန်းတိုင်း စိတ်တွေ နောက်ကျိနေတိုင်း သူငယ်ချင်းတွေကိုပြောပြမိတော့ တရားထိုင်ဖို့ အားပေးတတ်ပါတယ် အထူးသဖြင့် သူငယ်ချင်းနေ၀သန် ။ ဒီစာအုပ်လေးထဲမှာလည်း ဆရာတော်က အဓိက ပြောထားတာ အလုပ်တွေ ဘယ်လောက်များတယ်ဆိုဆို အချိန်မပေးနိုင်ဘူးပဲပြောပြော တရားကို တစ်နေ့ နိုင်သလောက်လေး ဆယ်မိနစ်ဖြစ်ဖြစ် ငါးမိနစ်ဖြစ်ဖြစ် လုပ်ကြပါလို့ တိုက်တွန်းဆုံးမထားတာတွေ့ရပါတယ် ။ ဒီဆရာတော်ကို ကျနော် အပြင်မှာ မဖူး ဘူးသေးပါဘူး သိပ်ဖူးချင်တာ သူ့စာတွေက တကယ်ပဲ ကိုယ့်အတွက် အဟာရပါပဲ ။

နည်းလမ်းရှာမှဖြစ်မယ် ..... ခေါင်းစဉ်လေးပါ အဲ့ထဲမှာ ကိုယ်ကြိုက်တဲ့စာစုလေး “ ဘယ်ကလာတယ်ဆိုတာ သိနေရုံနဲ့ မရဘူး ၊ ဘယ်နေရာရောက်နေတယ် ဆိုတာ သိရုံနဲ့လည်း မရသေးဘူး ။ ဘယ်ကိုသွားနေတယ်ဆိုတာကိုပါ သိမှရမယ် ။ ဘယ်လောက်မြန်မြန်သွားနေတယ်ဆိုတာကိုပါ သိမှရမယ်။ အနာဂါတ်ကို ကြိုမှန်းပြီးတော့ လက်ရှိမှာ ဘာကိုလုပ်သင့်တယ်ဆိုတာ စဉ်းစားရမယ် ” ။ နောက်ပြီး ဒီစာအုပ်မှာ ဆရာတော် တော်တော်များများပြောသွားတာက စိတ်အကြောင်း ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပြီးတော့ ထိန်းတတ်ဖို့ ။ ပြီးတော့ အေးချမ်းအောင် နည်းလမ်းရှာဖို့ကို အဓိက ပြောပြသွားတာပါ “ စိတ်က ပူလောင်တဲ့အကျင့်များရင်လည်းပဲ အရှိန်ရပြီတော့ ပိုပိုပြီးတော့ ပူလောင်တယ် ။ ငြိမ်းချမ်းတဲ့အကျင့် များလာလို့ရှိရင်လည်းပဲ အရှိန်ရပြီးတော့ ပိုပိုပြီးတော့ ငြိမ်းချမ်းလာတတ်ပါတယ် ” တဲ့ ကောင်းလိုက်တဲ့ စာစုလေးတွေပါ ဆရာတော်က လူတွေရဲ့ စိတ်ကိုထိုးထွင်းမြင်နေရသလိုပါပဲ ။



တစ်ခါခါတော့ ကိုယ့်စိတ်တွေ ပင်ပန်းလာတိုင်း အရင်ဆုံးပြေးသတိရမိတာ ဘုရားပါပဲ ရှိသမျှ အင်အားတွေကုန်ခမ်းနေသလို နုံးချိနေရင်လည်း အကောင်းဆုံး အားဆေးဟာ တရားပါပဲ ။ ဘာသာရေးအကြောင်းတွေ သိပ်များများလည်းမသိလှပါဘူး ပြီးတော့ ဘာသာရေးနဲ့ ပက်သက်တွေကို ဆွေးနွေးငြင်းခုန်ရတဲ့အဖြစ်ကိုလည်း သိပ်မုန်းတာပါ အဲ့တာကြောင့် သူများကို ဆရာကြီးလိုလိုပြောမိမှာ အမှားပါသွားမှာလည်း ကြောက်ပါတယ် ။ ဒီစာအုပ်လေးကတော့ စာအုပ်ကောင်းလေးတစ်အုပ်မို့ဝေမျှလိုက်ပါတယ် စကားလုံးရှင်းရှင်းလေးတွေနဲ့ ဟောပြသွားပြီး အနှစ်ရှိတဲ့ စာအုပ်ကောင်းလေးပါ ။ဆရာတော်ရဲ့ စာအုပ်ကို ကျနော့်လို ပါးမွှားလေးက ပရီဗျူးဆန်ဆန် မ ရေးဝံ့တာကြောင့် စာအုပ်ကောင်းလေး အဖြစ်သာ ညွှန်ပြပါရစေခင်ဗျား ။ အားလုံးပဲ အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ကြပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေခင်ဗျာ ။


17 comments:

...အလင်းစက်များ said...

ငါတော့စာအဲ့လောက်မဖတ်ဘူး... ဖတ်တဲ့သူတွေကို လေးစားတယ် အားလဲကျတယ်...

ဘယ်ကိုသွားနေတယ်၊ ဘယ်လောက်မြန်မြန်သွားနေတယ် ဆိုတာသိဖို့  လိုတယ် ဆိုတာလေး အရမ်းသဘောကျတယ်။

ဆရာတော့်စာအုပ်လေးကို အရင်ဖတ်ဖူးတယ်။

သားနဲ့ မယားနဲ့ မို့  ရှင်းအောင်နေနော် ငမျိုး.. :P

ညီလင်းသစ် said...

ဆရာတော်ရဲ့ အဲဒီစာအုပ် ဖတ်ဖူးတယ်၊ မကြာခဏ လည်း ပြန်ဖတ်ဖြစ်တယ် ညီရေ၊ အင်မတန် ပူလောင်၊ နောက်ကျိပြီး ရုန်းကန်၊ ပြေးလွှားနေရတဲ့ ခေတ်ကြီးထဲ မှာ ဒီစာအုပ်ထဲက စာသားလေးတွေက တလုံးချင်း၊ တလုံးချင်းကို စိတ်ထဲကို ငြိမ်းငြိမ်းချမ်းချမ်း စီးဝင်သွား တယ်၊ ညီလည်း အရှုပ်တွေထဲမှာ ရှင်းပြီး၊ အနောက်တွေ ထဲမှာ ကြည်လင် ပါစေဗျာ...။

မိုးယံ said...

ဦးဇင်း မောင်မျိုးသို့ ပြန်စာ (သို့)
ငမိုက်သားမိုးယံ ၏ ၀န်ခံဆုတောင်း

တင်ပါ့ဘုရား တပည့်တော်လဲ..မြတ်စွာဘုရားရှင်ရဲ့

ဓမ္မာခန္ဓာပေါင်းရှစ်သောင်းလေးထောင်ထဲမှ အကြိမ်ပေါင်းထောင်ကျော်.. ဟောကြားခဲ့ပြီး ပရိနိဗ္ဗာန် စံဝင်ခါနီး အချိန်ထိ တစ်ဖွဖွ မှာကြားခဲ့သော အပ္ပမာဒေထ သမ္မာဒေထ ဆိုတဲ့ အဖိုးအနဂ္ဃ ထိုက်သော စကားကို မဟာ သတိပဌာန သုတ်ကိုအမှတ်ရပြီး ကြိုးစားထုတ်နေပါတယ်ဘုရား။

ယခုဆိုလျှင်လည်း အရှင်ဘုရား က စာတစ်တန်ပေတစ်တန်ဖြင့် အဝေးရောက်မိန့်မှာမှုကြောင့် တပည့်တော်လဲ ဥဒယ ဘယ မြင်အောင် ရှုမှတ်ပါတော့မည်ဘုရား ....

ညိမ်းနိုင် said...

ဖတ်ဖူးတယ်...မေ့သွားဘီ...:)))
အရာရာအဆင်ပြေ၊ကြည်လင်၊အေးချမ်းပါစေ ရဲဘော်။
အကိုတော့ အရှင်းထဲမှာ ရှုပ်အောင်လုပ်နေမိလေရဲ့...:(

ပြည်ကောင်းအောင် said...

ဆရာတော်ဘုရားရဲ့ ဒီစာအုပ်ကို လွန်ခဲ့တဲ့ ၈-၉- နှစ်ခန့်က စဖတ်ဖူးပြီး စွဲသွားလို့ ကျန်တဲ့ စာအုပ်တွေ တော်တော်များများပါ ဖတ်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ရေခြား မြေခြား စရောက်တဲ့ ၂၀၀၄ လောက်က စပြီး ဆရာတော့် နောက် စာအုပ်တွေကို မဖတ်ဖြစ်တော့ပါ။ ဆရာတော်က “သတိနဲ့နေတဲ့ အကျင့်လုပ်” ဖို့ပြော တာကို အလွန် နှစ်သက်မိပါတယ်။ ( နှာသီးဖျားမှာ ထွက်သိ/ဝင်သိ လောက်ထိ ဘာသာရေး ဆန်ဆန်လုပ် ဖို့ပြောနေတာ မဟုတ်လို့ထင်ပါတယ်။ အဲဒါကြောင့် လည်းကြိုက် မိတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ မဂ်ဖိုလ် မရနိုင်သေးမှန်း သိလို့ တရားစခန်းတော့ မဝင်ချင်ပါး))

မိုးခါး said...

ဖတ်ဖူးတယ် ကြိုက်တယ် .. ဒါပေမယ့် ခု မီးဝေးချိတ်ဖြစ်နေတယ် .. :-\

ငွေလမင်း said...

ကျနော်လဲ ဖတ်ဖူးတယ်
အရာရာ တရားနဲ့ဖြေနိုင်တာ ကောင်းပါတယ်
တရားလုပ်ပြီး တောထွက်သွားရင် ပြောခဲ့အုန်း
အဲဒီစာအုပ်ကို ပြန်ရှာပြီး ဖတ်အုန်းမယ် မောင်မျိုး အညွန်းကောင်းလို့ ထပ်ဖတ်အုန်းမယ်

Myanmar Good Knowledg Co., Ltd said...

ကျွန်မလည်း တခါတခါတော့ ၃/၄ရက်လောက် ဘုရားတရားမလုပ်ဖြစ်ဘူး။
အဲဒါဆို စိတ်က ပိုတောင်ရှုပ်ရတယ်။

ဒီစာအုပ်လေး ဖတ်ဘူးတယ်။
ဒါပေမယ့် ကျွန်မတို့မှာဖြစ်တတ်တာတွေကို
ဒီပို့စ်လေးမှာ မြင်ရတော့ စိတ်သက်သာမှုခံစားရပါတယ်။

လရိပ်အိမ် said...

ရတဲ့ဟာလေးဘဲ တရားနာသွားတယ်။ စာအုပ်ကို ရိုက်ပေးရင်ကောင်းမယ်။ဖတ်ချင်လို့။

Anonymous said...

စာအုပ်ကောင်းလေး ညွှန်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် အရှုပ်ထဲမှာပါ ရှုပ်နေပါရစေ။ ရှုပ်ထွေးခြင်းကိုဘဲ အနုပညာဆန်တယ်ထင်လို့ ကော်ဖီခါးတစ်ခွက်လိုဘဲ နှစ်သက်နေပြီ။

ခင်မင်စွာဖြင့်
ရတနာ

မဒီခ said...

စာအုပ်ကောင်းဖတ်တာလည်း ကောင်းသလို .. လိုက်နာကျင့်ကြံနိုင်ရင်လည်း ကောင်းတာပါပဲ ဆရာမျိုးရယ် .. မဖတ်ဖူးသေးလို့ ဖတ်ချင်တယ် .. နောက်နေတဲ့ စိတ်တွေအားလုံး ကြည်လင် အေးချမ်းပါစေ ..

ချစ်ကြည်အေး said...

ရှိတယ်၊ ဖတ်တယ်၊ မေ့တယ်၊ ရှုပ်တယ်၊ ပူတယ်၊ ရှိတယ်၊ ဖတ်တယ်၊ မေ့တယ်၊ ရှုပ်တယ်၊ ပူတယ်၊ ရှိတယ်၊ ဖတ်တယ်၊ မေ့တယ်၊ ရှုပ်တယ်၊ ပူတယ်၊

မြစ်ကျိုးအင်း said...

အရှင်းထဲမှာကို ရှုပ်ရှုပ်နေတာနဲ့တင် ဘဝက တော်တော် ခရီးရောက်လာခဲ့ပြီ။ အရှုပ်ထဲမှာ ရှင်းအောင်နေဖို့ လုပ်သင့်မှန်းလည်း သိနေရဲ့နဲ့....

လပြည့်ရိပ် said...

အရှင်းတွေကို ရှုပ်အောင်လုပ်၊ အရှုပ်တွေကို ပြန်ရှင်း၊ လူ့ဘဝက သံသရာကို လည်နေတာပါပဲ။
ဆရာတော်ရဲ့ စာအုပ်ကလေးကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်က ဖတ်ဖူးတယ်။ ခုတော့ စာသားတွေမေ့သွားပြီ။ မောင်မျိုးရေးလိုက်တော့မှ ပြန်ဖတ်ချင်စိတ်ပေါက်လာတယ်။ အခုတလော အရှုပ်တွေကို ရှင်းဖို့ကို လူက ရှုပ်နေလွန်းလို့ ကိုယ့်ကိုကိုယ်ဘယ်မှာသွားရှာရမှန်းမသိ ပျောက်နေတယ်။ ဟွမ်...

ဟန်ကြည် said...

ရှင်းအောင်နေရင်းနဲ့ကို ရှုပ်နေတတ်တာ လူ့သဘာဝပါ ကိုမောင်မျိုးရေ...သံယောဇဉ်နဲ့ ဖွဲ့စည်းထားတဲ့ လူသားဖြစ်နေပြန်တော့လည်း ပိုလို့တောင် ဆိုးနေပါသေးရဲ့...ရှင်းအောင်နေမယ့်အစား မပတ်သက်တော့တာကောင်းမယ်လို့တောင် တစ်ခါတစ်ခါ တွေးမိတတ်တော့လည်း ခက်လို့နေပြန်ပါရောလား...

Anonymous said...

off white
off white shoes
curry shoes
hermes outlet
jordans shoes
off white nike
kyrie 5 spongebob
supreme
ggdb
bapesta shoes

Anonymous said...

kyrie irving shoes
cheap golden goose sneakers
bape hoodie
goyard outlet
golden goose outlet
bape
off white outlet
golden goose usa
hermes outlet
goyard tote bag

LinkWithin

Related Posts Plugin for WordPress, Blogger...