Monday, May 23, 2011

အချစ်ဆူးလေး စူးမှာ စိုးတယ် ။

(Image From teenee.com)


ပင်လယ်ကြီး ပြာနေတာကို စိမ်းမြနေတယ် ချစ်သူလို့လည်း ကိုယ်မုသား မဆိုပါဘူး။ တစ်နေ့ မှာ မင်းချန်ထားခဲ့လေမလားလို့ ဒီရင်ထဲတွေးပူရင်း စိုးရိမ်မှုလေပြင်းတွေတိုက်ခတ်ခံနေရတဲ့ ကိုယ် အချစ်မိုးတွေ မင်းအတွက် မစဲပဲ တသဲသဲ ရွာသွန်းနေတယ်လို့ လည်း အပိုတွေမပြောခဲ့တာ တကယ်ပါ။ အချစ် လေပြင်းအောက် ကိုယ့်ကိုယ်ကို ပြန်တည့်မတ်လို့မရအောင် ပြိုလဲကျသွားပြီးတဲ့နောက် ကိုယ့်ဘ၀ကြီးတစ်ခုလုံး အချစ်လှိုင်းအောက် စုန်းစုန်းမြုပ်ခဲ့ပြီ။

လွမ်းနေတယ် ချစ်သူရယ်။ ထိန်ထိန်သာနေတဲ့လမင်းကြီးကိုငေးလို့  အမှာစကားလေးများ ပါးခွင့်ရှိခဲ့ရင် မင်းလေးကို လွမ်းနေရတဲ့ ကိုယ့်ညတွေအကြောင်း လေပြည်လေးက မင်းဆီ ယူဆောင်ပြောပြလိမ့်မယ်။ တကယ်တော့ ကိုယ့်ရင်ခွင်ဟာ မင်းအတွက် ဟင်းလင်းပြင်တစ်ခုပေါ့။ မင်းဝမ်းနည်းတဲ့အချိန် ခိုနား ငိုရှိုက်ဖို့ကောင်းတဲ့ နေရာလေးတစ်ခု ။ မင်းပျော်နေတဲ့အချိန် ခပ်ဝေးဝေးကပဲ တိတ်ဆိတ်စွာ ငေးမောကြည်နူးပေးနေမယ့် အလွမ်းသစ်ပင်လေးတစ်ပင်၊ မင်းဘဝအမောတွေထဲ ပူလောင်မှုတွေကြုံရတဲ့အခါ အေးမြစေမဲ့ ရေစင်လေးတစ်ခုလို ဖြည့်စွမ်းပေးချင်ခဲ့တာ။


တစ်ခါတစ်ခါ လေပြည်အေးတွေ တိုက်ခတ်နေချိန် သူ နွေးနွေးထွေးထွေးမှ ရှိပါ့မလားလို့ တွေးမိတယ်။ သူ့ဆံနွယ်တွေ လေမှာလွင့်နေရင် စည်းနှောင်ဖို့ ပေးထားဖူးတဲ့ အပြာရောင် ဖဲကလစ်လေးလည်း အခုတော့ ချောင်တစ်ချောင်မှာများ ရောက်နေမလား ။ ဆုတောင်းတိုင်းသာပြည့်ခဲ့ရင် မင်းရဲ့ဆံနွယ်လေးတွေ နောက်တစ်ကြိမ်လောက်တော့ နမ်းရှိုက်ခွင့်ရချင်တယ် ချစ်သူရယ်။ မဖြစ်နိုင်ဘူးဆိုတာတွေ သိပ်များတဲ့ လောကကြီးမှာ တစ်ခါလောက်ဆုတောင်းပြည့်ဖို့ ကိုယ်ကြိုးစားခွင့်လေးတော့ ရ ပါရစေ။

အချစ်အတွက် ပြတ်သားတဲ့ မင်းနဲ့ အချစ်အောက်မှာ ဒူးထောက်ရဲတဲ့ကိုယ် ဒီပြိုင်ပွဲမှာ ဘယ်သူ အနိုင်ရမှာပါလိမ့် ။ ကိုယ်ကတော့ မင်းကို အရှုံးပေးချင်တယ်။ အချစ်ဆိုတာ ရယူခြင်းတွေ စွန့်လွှတ်အနစ်နာခံခြင်းတွေလို့ စကားလုံးကြီးကြီးကျယ်ကျယ်တွေလည်း ရွတ်ပြမနေတော့ပါဘူးလေ။ မင်းလေးပျော်မယ်ဆို ကိုယ်ဘာကို ဖြည့်ဆည်းပေးရပါစေ နောက်မတွန့် ခဲ့သူပါ။ "သူ ကိုယ့်ကို မုန်းသွားပြီလား" "မေ့သွားပြီလား" “ကို့ နှုတ်ခမ်းတွေ သိပ်ရင်ခုန်ဖို့ကောင်းတာပဲ” လို့ ပြောခဲ့ဖူးသူလေးက ခုနေများ အမှတ်တမဲ့ဆုံရင် ပြုံးပြနှုတ်ဆက်ဖော်တောင်မရတော့တာ ကိုယ်ဘယ်လိုကောက်ချက်ချ ဖြေသိမ့်ရတော့မှာပါလိမ့် ။


ခံစားနေရတာတွေ အန်ချလိုက်တဲ့အခါ ရင်ဘတ်ကြီးထဲက စူးအောင့်တတ်လွန်းလို့ ဘာခံစားချက်မှ ထွက်မလာနိုင်တော့ဘူးဆိုတာ မင်းသိရဲ့လား ။ ကိုယ့်ဘယ်ဘက်ရင်အုံအောက်က အထိမခံနိုင်တော့တဲ့အရာလေး ကြေမွနေတာတောင်မှ လေတိုးသံတွေကြားမှာ မင်း အသံလေးတွေ ကိုယ်ကြားယောင်နေမိတယ် ။ သိပ်လှပတဲ့ မိုးသားတိမ်လိပ်တွေထဲမှာ မင်းပုံရိပ်တွေ ကိုယ်အရူးအမူး လိုက်ရှာနေမိတယ်။ တကယ်ဆို နှုတ်ဆက်စကားလေးတော့ ပြောခဲ့သင့်တာပေါ့လေ။ ဒါမှမဟုတ် နှုတ်ဆက်အပြုံးလေးတစ်ပွင့်လောက်ဖြစ်ဖြစ် ချွေချခဲ့ရင် ကိုယ်တသသထုတ်ကြည့်ဖို့  သိမ်းထားခွင့်လေးတော့ ရှိအုံးမှာပဲ။ အချစ်က ဆူးရှိတဲ့ ပန်းကလေးဆိုရင် အဲ့ဒီပန်းကလေးကို မင်း ခဏခဏ ဆော့ကစားနေတာ ကိုယ်မလိုလားခဲ့ပေမဲ့ မမျှော်လင့်တဲ့ တစ်နေ့နေ့ မင်းအချစ်ဆူးလေး စူးမိတဲ့အချိန်ကျ အချစ်အဆိပ်လေး ဖြေဖျောက်ခွင့်ရတဲ့သူ ကိုယ်ဖြစ်ပါရစေလို့ ပဲ ဆုတောင်းနေမိတော့တယ်။ ။



16 comments:

နေ၀သန် said...

ဘူလဲငင်.. အဲဒီချစ်သူဆိုတာ.. :P


ခင်မင်လျက်
နေ၀ဿန်

Anonymous said...

ဟေ့ ဟေ့ ငမျိုး တောစီးကရက် မလုပ်နဲ့း)) ကျောချမ်း ကျောချမ်း ဘူလေးလဲ အဲဒီ ချူသစ် ဆိုတား))))

ဗညား

Anonymous said...

ဟားးး တို့အစ်ကိုမောင်မျိုးကြီးက သိပ်နုတာဘဲ။ ဒါမျိုးလည်း ရတယ်။ အပျော်အပျက်မပါဘဲ ဖတ်လိုက်ရတော့ တမျိုးးး)

ခင်မင်စွာဖြင့်
ရတနာ

Su Myat Htar said...

ဟယ်...ပို့စ်လေးက ဖတ်လို့ အရမ်းကောင်းတာပဲ..လုမြောင်ရယ်။ တကယ့် အချစ်ဝတ္ထုလေးဖတ်နေရသလိုပဲ။ သက်ဆိုင်သူလေး ဖတ်ပြီး နားလည်ခံစားနိုင်မှာပါ။

Thuzar Myint said...

အခုတလော...ပတ်ဝန်းကျင်မှာရှိတဲ့အချစ်ဒုက္ခကိုခံစားနေရတဲ့ သူငယ်ချင်းကိုကြည့်ပြီး....မောင်မျိုးရေးတဲ့ ပို့စ်လေးကို ဖတ်ပြီးနောက် ...စိတ်ထဲမှာသတိထားမိတယ်..အချစ်ဆိုတာ ပေးဆပ်ခြင်း..များလားနော်...

တန်ခူး said...

တခါတခါ...အဲလိုလွမ်းပစ်လိုက်ရတာလဲ နှစ်သက်တဲ့ခါးသက်တဲ့ အရသာတခုလိုပဲပေါ့ မောင်မျိုးရေ... လွမ်းသာလွမ်း... အဆင်ပြေပါစေလို့  ဆုတောင်းပေးပါတယ်

လရိပ်အိမ် said...

ဘာတွေခံစားနေရတာလဲ ကိုယ့်လူ။

မိုးခါး said...

ရေတွင်းပျက်လားဟ :D ဂွတ်ထ

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုး ရေ ဘယ်နားမှာ စူးနေလို့လဲဟင်... ကူမလို့ပါနော်..:P:P သြော် ကိုမျိုးတို့များ ချစ်တက်လိုက်တာ ထှာနော်...... ဘယ်သူများပါလိမ့်..:):):)

ညီလင်းသစ် said...

အချစ်တွေက ပေါက်ပေါက်ဖောက်သလို တဖျောက်ဖျောက်၊ တဖြောဖြောနဲ့ ပို့စ်တခုလုံး ဖွေးလို့ ပါလား ညီရေ..။း)

Anonymous said...

သဗ္ဗေသင်္ခါရာ အနိစ္စာ...တဲ့...တရာနဲ့ဖြေ...ငါညီ...:)
ကြည်စမ်း...လွမ်းနေလိုက်တာ......အသဲလေးသာဖတ်မိ
ရင်ကြွေသွားမှာ ကျိန်းသေ....။

ညိမ်းနိုင် said...

အဲ...အပေါ်က အနောနိမက်က ငါ...:)

အဖြူရောင်နတ်သမီး said...

ကဗျာမှတ်လို့ လာဖတ်တာ...
ရည်းစားစာကြီး............
အဲဒီစာကို ကိုယ့်ညီမတွေ အမတွေကို ပေးဖတ်စရာလား...
ကိုမျိုးလူဇိုးးးးးးးးးကြီးးးးးးးးးးး
ညီမတွေ အမတွေ မျက်နှာပူလိုက်ထှာာာာ...

ကိုဇော် said...

ဒီလိုလည်း ရတာပဲနော်။

မြစ်ကျိုးအင်း said...

စာဖတ်ရင်း ပန်ကာပိတ်လိုက်ရတယ်။ စာသားတွေ ကြွေကျကုန်မှာ စိုးလို့း)
မောင်မျိုးတို့ ကျောင်းသားဘဝကသာဆိုရင် ရည်းစားစာ ရေးခိုင်းကြမှာ သေချာတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အားပါးပါး
နုချက်တော်..
ကောင်မလေးတော့ ဖတ်မိရင် ကြွေမကြွေ မသိဘူး
ခုတော့ မျက်ရည်တောင် ကြွေချင်လာတော့တယ်။
စွယ်စုံရတဲ့ မောင်မျိုးပါလား
ကဲ.. သိစေချင်တဲ့သူ သိသွားပါစေလို့နော်

LinkWithin

Related Posts Plugin for WordPress, Blogger...