Saturday, May 14, 2011

အရှုံး

ရှုံးဖူးတယ် ဘ၀မှာ တော်တော်များများရှုံးဖူးတယ် ။ အရှုံးသမားတွေကိုလည်း မြင်ဖူးပါတယ် ။ ဘာကြောင့်ရှုံးရတာလည်း ဘာကြောင့်လဲကျသွားမတတ် အရှုံးက အင်အားပြင်းရတာလည်း စကားလုံးလေးကတော့ ရိုးရိုးတိုတိုလေ ဒါပေမယ့် သိပ်ကိုပြင်းအားကြီးတာပေါ့ ကိုယ်ထဲက ရှိတဲ့ အတွင်းအားတွေ မှန်သမျှကို စုပ်ယူသွားသလိုပဲ။ဘ၀အတွက် အရှုံး အချစ်အတွက် အရှုံး ။ အရှုံးတွေကတော့ အမျိုးအမည်များစွာနဲ့ ဒီထဲမှာ ကျနော်စိတ်ဝင်စားတာက အရှုံးသမားတစ်ယောက်ရဲ့ တဒင်္ဂခံစားချက်လေး အရှုံးဆိုတာကို သူသိလိုက်တဲ့ အချိန်မှာ ဖြစ်ပျက်ပြောင်းလဲသွားတဲ့ သူ့ရဲ့ အနေထားလေးကို သိပ်စိတ်ဝင်စားတာပါ ။

ရုပ်ရှင်ဇတ်ကားတစ်ကားကိုကြည့်လာပြီ သိပ်ဆိုးတဲ့ဇတ်ကွက်က သရုပ်ဆောင်သွားတဲ့သူတွေ သူတို့အနိုင်ကျင့်တာတွေ ယုတ်မာတာတွေ ကြည့်ပြီး ဒေါသတွေဖြစ် မုဒိတာတွေပွားလို့ သူ့ကို အမုန်းကြီးမုန်းမိတာပေါ့ ဒါပေမယ့် ဇတ်သိမ်းပိုင်း သူမရှု့မလှ ကျဆုံးသွားတဲ့ အခန်းဆိုရင်တော့ ကိုယ့်ဘေးနားကြည့်တဲ့သူတွေက အားတွေရလို့ “ ကောင်းတယ် ၊ နည်းတောင် နည်းသေးတယ်” လို့ အားရသံတွေပြောနေတာကြားရပေမယ့် တလျှောက်လုံး သူ့ကို မုန်းလာတဲ့ ကိုယ် ချက်ချင်း သူ့ကို သနားသွားမိတယ် သူ့ဘ၀တစ်လျှောက်လုံး အနိုင်ရလာပြီးမှာ အရှုံးဆိုတာကို ခံလိုက်ရတဲ့အချိန် ဖြစ်ပျက်သွားတဲ့ သူ့မျက်နှာပေါ်က အရိပ်တွေက သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ကျနော် က တင်းနစ်ပွဲတွေ မကြာမကြာ ကြည့်ဖြစ်ပါတယ် ကိုယ်လွတ်သွားတဲ့ ပွဲစဉ်တွေဆိုရင်တော့ အင်တာနက်မှာ ရှာပြီး ပြန်ကြည့်ဖြစ်တယ် ။ ကျနော့်ရဲ့ ဖေးဘရိတ် ကစားသမားကြီး ဖက်ဒါရာ သူ့ရဲ့ ပြိုင်ဘက်ကစားသမားတိုင်းကို ကိုယ်ကသိပ်မကြိုက်တတ်ပါ ပွဲကစားနေတုန်း သူ့ကို တဖက်သတ် အားပေးနေပေမယ့် အမှတ်တွေက အပြတ်သတ်ကျောနေပြန်ရင်လည်း တဖက်ကစားသမားကိုပဲ ကိုယ့်စိတ်က နိုင်စေချင်သလိုလို ။ ဘောလုံးပွဲကြည့်တိုင်းလည်း ဒီလိုပါပဲ ကိုယ်အားပေးတဲ့ အသင်းနိုင်သွားလို့ ကွင်းထဲမှာ ပျော်မြူးနေတာကို ကိုယ်ပါ လိုက်ပျော်ရွှင်ဖို့ထပ် အရှုံးကို ရင်မဆိုင်နိုင်ပဲ ကွင်ထဲမှာ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ ပြိုက်ဘက်အသင်းက ကစားသမားတွေက ကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်ပါကော ။


အိမ်မှာ တူလေး ၂ယောက်ရှိတယ် အကြီးကောင်က အနေတည်ပြီး သူ့ညီလေးနဲ့ သိပ်မရောပါဘူး ။ ကျနော်ကတော့ တူအငယ်လေးကို ပိုချစ်တော့ အလိုလိုက်ဖြစ်တယ် အဲ့တော့ သူက ကိုယ့်ကိုဆို သိပ်မကြောက်ဘူး ။ ညီအစ်ကို ၂ ယောက် ၂ နှစ်ပဲကွာပေမယ့် သူက သူ့အစ်ကို ကို ကိုယ့်ထပ်တောင်ပိုကြောက်သေးတယ် ။ တစ်ခုခု ပြောမရဆိုမရ ဆိုရင် အဖေ အမေကလည်း မရိုက်ချင် ကိုယ်ကလည်းပိုဆိုး အဲ့အခါကျ သူ့ အစ်ကို အိမ်မှာ လူကြီးကြီး လုပ်လို့ “ ဟရောင်..မင်း ယူမှာလား မယူဘူးလား ငါပစ်ထုတ်လိုက်ရမလား မင်းတော့ နာတော့မယ် ငါပိတ်ထိုးလိုက်ရရင်တော့ကွာ ” အကြီးကောင်က စိတ်ကလည်းထက် လက်ကလည်းမြန်တော့ ထိမှာ စိုးရတယ် ။ ကိုယ်တွေကိုသာမကြောက်တယ် အငယ်လေးက သူ့အစ်ကိုကိုတော့ တော်တော်လန့်နေပြီ မျက်ရည်တွေ တပေါက်ပေါက်ကျလို့ သူမနိုင်တော့မှန်းသိလို့ အရှုံးပေးလိုက် အလျှော့ပေးလိုက်တဲ့ သူ့မျက်နှာလေးက သိပ်သနားဖို့ကောင်းပါတယ်။အဲ့တော့ ကိုယ်က အဖိုးကြီးလို ရှေ့က ကားစီးကားစီးပေါ့ “ အောင်မာ...ငါ့တူကိုများ ခြိမ်းလားခြောက်လားနဲ့ အဖေကျနေတာပဲ ငါလုပ်ထည့်လိုက်ရ သွား...ငါ့ပါသာရအောင်ချော့မယ် မင်းမပါနဲ့ ” ။ တူအကြီးကောင်ကတော့ ကိုယ့်ကိုမှတ်ချက်ချသွားတာ “အဲ့တာကြောင့် သူ့ကိုမကြောက်တာ” တဲ့ ။ မကြောက်ရင်နေပါစေ ။ အရှုံးပေးစရှိတဲ့ အရှုံးရဲ့ အရသာကို ခံစားဖူးတဲ့ သူတစ်ယောက်က ကိုယ့်အနီးနားက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အရှုံးရဲ့ ဒဏ်ကို မခံစားစေချင်ပါဘူး ။

လူငယ်ဘ၀မှာတုန်းက မျှော်လင့်ခြင်းအိပ်မက်တွေ ဆုံးရှုံးခဲ့လို့ ယိုင်နဲ့နဲ့လေး ဘ၀ကိုစိတ်ပျက်ဖူးတယ်။ ဆယ်ကျော်သက်မှာ ဘ၀ရဲ့ အထုထောင်းမျိုးစုံကိုခံရင်း ခပ်ကြမ်းကြမ်း အရှုံးတွေကို ရင်ဝယ်ပိုက်လို့ ထုလေမာလေ ငါဖယ်လေးဖြစ်အောင်လည်း ကြိုးစားခဲ့တာပဲ ။ ၂၀ကျော်သက်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံလိုက်ရတဲ့ အချစ်အတွက် အရှုံးမှာတော့ နောက်ထပ်ကွဲစရာအသည်းမရှိတော့အောင်လည်း ရှုံးခဲ့ပြီး ။ လိုလိုလားလားနဲ့ အရှုံးပေးခဲ့တဲ့ အရှုံးတွေ ရှိခဲ့သလို ကိုယ်မသိလိုက်တဲ့ ရှု့ထောင့်ကနေ ရုတ်တရုတ် ပေါက်ချလာတဲ့ အရှုံးတွေလည်း ကြုံဖူးလိုက်တာပဲ ။ဘာပဲဖြစ်ဖြစ် အရှုံးနဲ့အတူ ကိုယ့်အတွက် သင်ခန်းစာတွေကို သူက ယူဆောင်ပေးခဲ့မြဲပါ ။ ဘ၀ဆိုတဲ့ လမ်းကို ကိုယ်လျှောက်နင်းနေသရွေ့တော့ အရှုံးကို ကိုယ် ခဏခဏ ခလုတ်တိုက်နေမိအုံးမှာပါပဲ ။




11 comments:

မိုးခါး said...

ရှေ့က အရှုံးတွေကို လှေခါးထစ်လို နင်းတက်ပီး အောင်မြင်မှုတွေ ရရှိပါစေကွယ် ..း)))

နေ၀သန် said...

မရှုံးဖူးတဲ့သူဟာ မအောင်မြင်တဲ့သူပဲကွယ်

မြစ်ကျိုးအင်း said...

စာတွေက ရေးသူစိတ်ကို ပြတယ်ဆိုရင် စိတ်ထားနုညံ့သူတစ်ယောက်ကို မြင်လိုက်ရတယ်။

စကားမစပ် မန်ယူက သရေပဲ ကန်ပြီး ချန်ပီယံ ဖြစ်သွားလို့ cheer !!! ပါ။
we are champion!!!

ညိမ်းနိုင် said...

ဘဝက။ီလိုပဲပေါ့ညီရာ...အရှုံးကိုမကြုံဘူးတဲ့သူကရှားပါ
တယ်..။အရှုံးထဲက အမြတ်ထုတ်ယူနီုင်ရင်ကို ကျေနပ်စရာ။

ညီလင်းသစ် said...

ဒီတကြိမ် ရှုံးတာဟာ နောက်တကြိမ်မှာ နိုင်ဖို့အတွက် ဆိုတဲ့ စကားလည်း ရှိသားပဲ ညီရာ..၊ အရှုံးကို သင်ခန်းစာ ယူနိုင်ရင်ပဲ အမြတ်ပေါ့၊

လင်းခေတ်ဒီနို said...

ညီလေး . . . အရှုံးဆိုတာ ကတုံးပဲကွ . . တခါတလေ အမြင်ဆိုးပေမဲ့ . . . ကိုယ့်ကို ပုံစံသစ်တမျိုး ဖြစ်အောင် ပြန်ပုံသွင်းနိင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ . . . လူဆိုတာ အရှုံးကို လေးညို့ ကြိုးလို သဘောထားရတယ် . . . သူ့ကို ကန်နိင်သမျှ ကန်ပြီးထွက်မှ ကိုယ့် အောင်မြင်မှုက မြင့်သထက်မြင့်မယ် . . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကောင်းတဲ့ နူးညံ့တဲ့ စိတ်ထားလေးမို့ သဘောတကျ ဖြစ်မိတယ်...အရူံးတွေနဲ့တော့ နေသားမကျချင်ပဲ တစ်ခါတစ်လေ ကျနေမိတယ်...ကိုမျိုး..ရေ
ခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ဖေ့ဘွတ်မှာလည်းဖတ်တယ်။ ဒီမှာလည်း ဖတ်ပါတယ်လို့ ပြောချင်ပါတယ်။း)

ကဗျာတွေလည်း ရေးစေချင်ပါသည်။

ခင်မင်စွာဖြင့်
ရတနာ

လရိပ်အိမ် said...

ရှေ့ကပြောသွားတဲ့ကွန်မန့်တွေကြည့်ပြီး အားတက်သွားပါတယ်။ ကျွန်တော်လဲ အရှုံးနဲ့ခဏခဏ သူငယ်ချင်းလုပ်နေရသူပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အနိုင်နဲ့ အရှုံးဆိုတာ အမြဲဒွန်တွဲနေတာပါ
အရှုံးဆိုတဲ့ စကားလုံးဟာ ခါးသီးဖို့ကောင်းပေမဲ့ ချိုမြိန်တဲ့ အနိုင်ရချိန်တွေလည်း ဘ၀မှာ များစွာ ရှိပေလိမ့်ဦးမယ်
ဒီတော့ အနိုင်ဆိုတာကိုလည်း မျှော်လင့်ရင်း အရှုံးတွေကို လှေကားထစ်လုပ်ပြီး တက်ကြစို့ရဲ့

Maung Myo said...

မိုးခါး...ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ ။

နေ၀သန်... ဟုတ်ကဲ့ အစ်ကို ။

ကိုမြစ်... အဲ့လိုလေးမြင်ပေးတာကျေးဇူး အစ်ကို မန်ယူကတော့ သတင်းပဲကြားတယ် မကြည့်ဖြစ်တာကြာပြီ ။

ကိုညိမ်းနိုင်... ဟုတ်ကဲ့ အရှုံးထဲက အမြတ် ကောင်းလို်က်တဲ့ စကားလေး ။


ကိုညီ...ဟုတ်ကဲ့ အစ်ကိုး) အစ်ကို့ဆုံးမစကားလေးတွေ ညီ နှစ်သက်တယ် ။

ကိုလင်းခေတ်.. ကဗျာဆရာကတော့ လက်သံပြောင်တယ် အရှုံးဆိုတာ ကတုံးတဲ့ ဟဟား မိုက်တယ်ဗျ ။

အိန်ဂျယ်...အရူံးတွေနဲ့တော့ နေသားမကျချင်ပဲ တစ်ခါတစ်လေ ကျနေမိတယ်.. အဲ့စာသားလေး အတွေးတွေ အများကြီးပေးလိုက်တယ် ညီမရေ ။

ရတနာ.... ကဗျာတွေ ရေးတတ်ချင်တယ် ရေးတတ်ဘူးဗျ.

လရိပ်အိမ်...ဒီလိုပါပဲဗျာ တူတူပဲပေါ့ သူက ကျနော်တို့ကို အလစ်ချောင်းနေတာမျိုးလေ ။

မချော... လှေကားထစ်တွေကို နင်းဖြတ်နေတုန်း အစ်မရေ့ တစ်နေ့တော့ပေါ့ နော့် အနိုင်ဆိုတာ ရှိမယ်ထင်တာပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...