Thursday, January 20, 2011

အချစ်ရဲ့ဒဏ်ခတ်ခြင်း


အဲ့ဒီနေ့..ဟုတ်တယ် အဲ့ဒီနေ့က ကျနော် မ ရဲ့ ဆံနွယ်အရှည်ကြီးတွေကို တမေ့တမော ငေးကြည့်ခဲ့မိတယ် ။ မိန်းမတစ်ယောက်ကို အကြည့်ချင်းကြာကြာမဆုံရဲတဲ့ ကျနော် မ ဆံပင်တွေကို မသိမသာ ခိုးကြည့်ပြီးတာနဲ့ အကြည့်တွေ ပြန်လွှဲခဲ့တယ် ။ နောက်မှသိလိုက်တာ အဲဒီတုန်းက မ လည်းကျနော်ကို ခိုးခိုးကြည့်နေတယ်ဆိုတာပါ ဒါဟာ သူနဲ့ကျနော့်ရဲ့ လူမသိသူမသိ တိတ်တဆိတ်ရင်ခုန်ခြင်းပဲထင်ပါ့ ။ “ မောင်...အဲ့နေ့က ရှင် ပန်းရောင်အစင်းလက်ရှည်လေး ၀တ်ထားတယ်နော် ပြီးတော့ ဘောင်းဘီက ဂျင်းနက်ပြာလေး အိပ်ယာထခါစ မျက်လုံးလေးက မို့မို့အစ်အစ်လေးနဲ့ အေးလို့ထင်ပါ့ ကော်ဖီခွက်ကို လက်နဲ့ ဆုပ်ကိုင်နေပုံက ခလေးတစ်ယောက်နဲ့တူတယ် ပြီးတော့ မောင့် မျက်နှာလေးကသာ လှတယ်လို့ထင်ရတာ မောင့်ခြေချောင်းတွေက တောသားနဲ့တူတယ်သိလား ခြေချောင်းတွေက ကျဲကျဲနဲ့တော်တော့်ကို အရုပ်ဆိုးတာ ”။ ကျနော်က မ ...ကိုသတိထားမိတာ ဆံပင်တွေပါပဲ ဒါပေမယ့် သူ ကျနော့်ကို သတိထားကြည့်လိုက်တာက ခြေဆုံးခေါင်းဆုံး ကျနော် အရှက်သည်းသလိုဖြစ်သွားပေမယ့် ကျေနပ်တယ် မိန်းမတစ်ယောက်ဆီက ဂရုစိုက်ခြင်းတွေ ဖောဖောသီသီရတဲ့ ယောက်ျားတစ်ယောက်လောက် ဂုဏ်ယူဖို့ကောင်းတဲ့ ဖြစ်ခြင်း ဘယ်မှာများရှိနိုင်ပါ့မလဲ ။

ကျနော့် နာမည် ကောင်လေးမဟုတ်ဘူးဗျ နာမည်ရှိတယ် ပြီးတော့ သား သား လို့ လာမခေါ်နဲ့ ကျနော် ခလေးမဟုတ်ဘူး ” အဲ့လိုပြောတဲ့နေ့က “မ” ရယ်သံလွင့်လွင့်တွေ လေမှာ ပျံ့လွင့်သွားတယ် ။ “မ” မှာ ညိုညက်တဲ့အသားရည် သိပ်လှတဲ့ နှုတ်ခမ်းတစ်စုံနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတွေရှိတယ် ။ မနက်မနက် အိပ်ယာထပျင်းတဲ့ကျနော် “မ” အိပ်ယာနှိုးမှ ထချင်တော့တယ် အိပ်မှုန်စုန်ဖွားနဲ့ ကျနော့်ရဲ့ ဟလို ဆိုတဲ့ ဖုန်းထူးသံက “မ ”အတွက် မနက်ခင်းတေးဗဒေသာနဲ့ တူပါတယ်တဲ့ ဒါတော့ ခင်ဗျားတစ်ဆိတ်လွန်ပြီထင်တယ်ဗျ ကိုယ့်ကိုယ်ကိုသိတာပေါ့ ကျနော် အဲ့လောက် ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်မဟုတ်ဘူးဆိုတာ ။အချစ်ဆိုတာ ချစ်တယ်လို့ ဖွင့်မပြောခင်အချိန်တည်းက တစ်ယောက်ရဲ့ရင်ထဲ အချစ်တွေရှိနေနိုင်တယ်ဆိုတာ ကိုယ်စီသိနေနိုင်တဲ့ သံလိုက်တုံးလေးနဲ့တူပါတယ် ကျနော့်တို့ရဲ့ ရင်ထဲမှာတော့ အပ်ချောင်းလေးနဲ့တူတဲ့ နှလုံးသားတွေရှိတာပေါ့ အချစ်ရဲ့ ဆွဲငင်မှုအောက်မှာ ကျနော်တို့ နှလုံးသားတွေ အဖျားတတ်ခဲ့တယ် ။

“မ” ဟာ ကျနော့်အတွက်တော့ ချစ်သူတစ်ယောက်ဆိုတာထပ် ပိုတဲ့ အချစ်တွေ ဂရုစိုက်မှုတွေပေးခဲ့တဲ့သူပါ တစ်ခါခါ မိခင်တစ်ယောက်လို တစ်ခါခါတော့ အစ်မတစ်ယောက်လိုမျိုး ချစ်ခြင်းတွေ ရှိတတ်တယ် ။ ကောင်လေးလို့ ခေါ်တဲ့ သူ့ရဲ့ အခေါ်ဝေါ်ကို ကျနော်က ခပ်တည်တည်နဲ့ ခွင့်ပြုချက်မယူပဲ စကားပြောတိုင်း ကိုယ့်ကိုယ်ကို နာမ်စားသုံးလိုက်တာက “မောင် ” တဲ့ ။ “ ဒီနေ့ ဘာနဲ့စားလဲ မောင် အစားမာမာတွေစားတော့ ဗိုက်အောင့်နေမှာပေါ့ အစာအိမ်သိပ်မကောင်းဘူးဆို ထမင်းမစားချင်လည်း နွာနို့လေးတစ်ခွက်လောက်ဖြစ်ဖြစ်သောက်လိုက်ပါလား ပြီးမှ ဆေးသောက်ပြီး စောစောအိပ်လိုက် မ.. ဒီည ဖုန်းမခေါ်တော့ဘူးနော် မောင်..နားတော့ အင်း အင်း “မောင့်” ကိုချစ်တယ် ။ ဘာအကြောင်းရာမှမဟုတ်ပဲ ကျနော် သူ့ကိုမမူးပဲရစ်ရတာပျော်ပါတယ် အဲ့လိုအခါမျိုးကျ အပြစ်မမြင်ပဲ စိတ်ရှည်ရှည်နဲ့ ခွင့်လွှတ်တတ်ပါတယ် ကျနော်လည်း မ..ကိုချစ်ပါတယ်ဗျာ ။ ကျနော် ရှက်လို့ ဖွင့်ပြောတဲ့နေ့က လွဲပြီး ချစ်တယ်လို့ ထပ်မပြောတော့ပါ ကျနော် ချစ်တာ ကျနော်သိရင် ပြီးတာပဲ ။

သူ့ရဲ့ ဂရုစိုက်မှုတွေက အမြဲတမ်းတော့ ကြည်နူုးဖို့မကောင်းလှပါဘူး “ ဘယ်ကပြန်လာတာလဲ ခုတလော မောင် အပြင်ထွက်တာတွေများနေတယ်နော် မနေ့ကလည်း သူငယ်ချင်းတွေနဲ့သွားလည်တယ်လို့သာပြောတယ် မ...ဖုန်းဆက်တဲ့အချိန် ဘေးမှာ မိန်းခလေးအသံကြားတယ် မှန်မှန်ပြော ခုကော ဈေးသွားတယ်ဆိုတာ ဘာတွေ သွားဝယ်ခဲ့တာလဲ ”။ ရှင်းပြဖို့မလိုအောင် နေတဲ့သူအဖို့ အထင်လွဲခံရလို့ ရှင်းပြရတဲ့ အလုပ်ဟာ မုန်းစရာအကောင်းဆုံးအလုပ်ပါ ကျနော် ဘာတွေဝယ်ခဲ့လဲဆိုတာ အသေးစိတ်ပြောပြဖို့လိုသလား အဲ့တာတွေ တစ်ခါခါ စိတ်ပျက်တယ် မပြောရင်လည်း ပြသနာက ပြီးမှာမဟုတ် “ ကျနော့်လိုကောင်မျိုးကို ခင်ဗျားတစ်ယောက်ပဲ ချစ်တာဗျ ကျန်တဲ့ မိန်းခလေးတွေ ကျနော့်ကို သုံးမှာတောင်မဟုတ် လိုက်ပြီး အူတိုမနေနဲ့ ပြီးတော့ ကျနော် ဘာဝယ်ခဲ့လဲဆိုတာ တကယ်သိချင်တာလား ၊ ကျနော့်ဘောင်းဘီတွေ လှန်းထားရင်း ပျောက်သွားလို့ အဲ့တာ အတွင်းခံဘောင်းဘီသွားဝယ်တာဗျ. .... ကဲ ကျေနပ်ပြီလား ” ။ “မ” ရယ်သံတွေကို ချစ်ပေမယ့် အဲ့နေ့က အတောမသတ်နိုင်အောင် ရယ်နေတဲ့ ရယ်သံတွေကို မုန်းတယ် အဲ့ရယ်သံတွေကြားမှာ ကျနော့်လွတ်လပ်မှုတွေကို စတေးလိုက်ရလို့ ။

အချစ်ဆိုတာ ချစ်အောင်လုပ်တာလည်း သူပဲဆိုရင် မုန်းဖို့လမ်းစကိုလည်း သူကပဲ ပျိုးထောင်လိုက်တာပါ ။“ မောင်.... မင်းက လောဘမရှိတဲ့ ကောင်လေးပဲ တကယ်ဆို ကိုယ့်ဘ၀တက်လမ်းအတွက် စွန့်စားစရာရှိ စွန့်စားရမှာပဲ တစ်နေရာတည်းမှာ မြဲနေတယ်ဆိုတာ လူဖျင်းတွေအတွက် ဆင်ခြေပဲ ကိုယ့်ဘ၀တက်လမ်းအတွက် ကောင်းမယ်ထင်ရင်တော့ မင်း ပြောပြောနေတဲ့ ကျေးဇူးတရားတွေ လူကျင့်ဝတ်တွေကို ဖောက်ဖျက်ရမှာပဲ ” ။ မသိရင် မှတ်ထားလိုက်ပါ ယောက်ျားတစ်ယောက်ကို ညံ့တယ် သိမ်ဖျင်းတယ်ဆိုတဲ့ စကား အဲ့ဒီယောက်ျား ရှေ့မှာ ဘယ်တော့မှ မပြောမိပါစေနဲ့ ။ “ ဟား....ဒါ အစောကြီးတည်းက ခင်ဗျား သိသင့်တာပဲ ကျနော်ဟာ ငွေရှာတော်တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ ၊ ကိုယ့်မိသားစု အိမ်ထောင်တစ်ခုကိုတော့ ကျနော်တာဝန်ယူနိုင်ပါတယ် အေးအေးချမ်းချမ်းလေးနဲ့ ကျနော်ချစ်တဲ့မိသားစုလေး တည်ထောင်နိုင်ရင် ကျနော့်အတွက် လုံလောက်ပြီး ” ။ အဲ့နေ့က သဘောထားတွေ ကွဲလွဲဖူးတဲ့ ပထမဆုံးနေ့ပါ ။

စစ်မှန်တဲ့ ပေးဆပ်ခြင်းဆိုတာ ကာယကံရှင်မသိမှ ပေးဆပ်ခြင်းမည်ပါတယ် အဲ့ဒီပေးဆပ်ခြင်းတွေကို ရင်ဖွင့်တယ် တိုင်ပင်တယ်လို့ အမည်တပ်ပြီး စိတ်ခံစားချက်တွေကို တစ်ပါးသူကို ပြောလိုက်တယ်ဆိုရင်တော့ အဲ့တာ ခင်ဗျားချစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ သိက္ခာကို ပက်ပက်စက်စက်နင်းချေလိုက်တာပါပဲ ။ အဲ့ဒီသူစိမ်းတွေရဲ့ ဝေဖန်ချက်တွေ မှတ်ချက်တွေကြားမှာ ကျနော့်မာနတွေ ဘယ်လောက်ထိ ပွန်းပဲ့သွားလိုက်လေမလဲလို့ ခင်ဗျားတွေးမိရဲ့လားဗျာ သူတို့ရဲ့ ခနဲ့တဲ့တဲ့ စကားတွေ အထင်သေးတဲ့အကြည့်တွေ အောက်မှာ သေးဆုံးသွားရတဲ့ ကျနော့် မာနတွေကို ခင်ဗျားမြင်နိုင်ရဲ့လားဟင် ချစ်သူတွေဆိုတာ ရင်ဘတ်ချင်း အနီးဆုံးသူတွေပါ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်နားလည်ကြေးဆိုရင် ကျနော့်ရင်ထဲက ခံစားချက်တွေကို ဘာကြောင့်များမသိတာပါလိမ့် မသိဟန်ဆောင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့ အဲ့တာတော့ ကျနော့်ထက် ကျနော့်ချစ်သူပါလို့ ဆိုတဲ့ ခင်ဗျား ပိုသိလိမ့်မယ်ထင်တယ် ။

“မောင်....ခုနောက်ပိုင်း မင်း “မ” ကို ခင်ဗျားဆိုတဲ့ အသုံးတွေ သိပ်သုံးနေတယ်နော် ချစ်လို့အလိုလိုက်လည်း သည်းခံတယ်ဆိုပေမယ့် မင်း ရိုသေမှုတော့ရှိသင့်တယ် ပြီးတော့ ကိုယ့်ကို ခဏခဏမအော်စမ်းပါနဲ့ မကြိုက်ဘူး ” ။ တစ်ခါခါတော့ ကျနော့်ရဲ့ မာနတွေ မကျေနပ်ချက်တွေကို မေ့ထားလို့ ချစ်သူနဲ့ အေးချမ်းတဲ့ ချစ်ခြင်းတွေကို ဖန်တီးချင်တာပေါ့ ။ သူအလုပ်တစ်ခုခု လုပ်နေရင်ပဲဖြစ်ဖြစ် သူ့ပခုံးပေါ် ကျနော့်မေးလေးတင်လို့ ရောက်တက်ရာရာတွေ ပြောမိတယ် သူစာဖတ်နေရင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေရင်ပဲဖြစ်ဖြစ် သူ့ပေါင်ပေါ်ကျနော် ခေါင်းအုံးလို့ ခလေးဆိုးကြီး လုပ်မိတာ ခလေးဆန်တယ်ဆိုတာထပ် ကျနော့်ရဲ့ အချစ်တွေကို ခင်ဗျားကြည်နူးအောင် ပြနေတာပေါ့ ။သူ ကျနော့်ကို သိပ်ချစ်တာပေါ့ အသေးစိတ်လေးကအစ ဂရုစိုက်တတ်တာ ပတ်ဝန်းကျင်မှာ ခပ်တည်တည်နေပေမယ့် ကျနော့်အပေါ် သူမတူတဲ့ချစ်ခြင်းတွေပေးခဲ့တာ ကျနော်တစ်ယောက်တည်းပဲ သိတယ် ။ ပတ်ဝန်းကျင်ရဲ့ မှတ်ချက်တွေကိုတော့ ကျနော်က ဂရုမစိုက်ခဲ့ပါ ။ “မင်းကလည်း ကိုယ့်ထပ်အသက်အများကြီး ကြီးတဲ့မိန်းမတစ်ယောက်ကို ချစ်ရတယ်လို့ကွာ မင်းတို့ ၂ယောက်ယှဉ်သွား သူများတွေ သားမိလို့ထင်မယ် ” ကျနော့်သူငယ်ချင်းကို ကျနော် ပြုံးပြုံးလေး ချေပလိုက်တာက “ မင်းအချစ်ဆိုတာကို မခံစားဖူးသေးလို့ပါ ” ကျနော်အဲ့တုန်းကတော့ အချစ်သူရဲကောင်းကြီးပေါ့ ။


တစ်ဆိတ်တော့ ၀န်ခံပါရစေ.... ကျနော်တို့ ခုချိန်ထိ ရိုးသားစွာချစ်ခဲ့ကြတာပါ ။ ဟင်အင်း နည်းနည်းတော့ပိုတယ် မ .. ခေါင်လျှော်ပြီးစနေ့ ဆံပင်တွေ သုတ်နေရင်း ကျနော့်အနားရောက်လာတဲ့ အချိန် အဲ့ခေါင်းလျှော်ရည်ရနံ့က ကျနော့်ရင်ခုန်သံတွေကို ပိုမြန်သွားစေပါတယ် ကျနော့်ကို အချစ်နတ်ဆိုးတစ်ပါးပါးက များ ၀င်နှောင့်လိုက်သေလားမသိ ကျနော် သတိရတဲ့ အချိန် မ... ကျနော့်ကို အံ့သြတဲ့ အကြည့်တွေနဲ့ကြည့်လိုပါ ချစ်တယ်လို့ပြောရမှာတောင် ရှက်တတ်တဲ့ကျနော် အဲ့နေ့က “မ” ကို ကျနော် အကြင်နာပေးလိုက်မိတယ် ပြီးတော့ ကျနော့်ဘယ်ဘတ်ရင်အုံပေါ် သူ့လက်ကလေးတင်လို့ ကျနော့်ရင်ခုန်သံတွေကို သူစမ်းကြည့်ပါတယ် “ ဟယ်တော့...မောင် ၊ မင်းတကယ် ရင်ခုန်သံတွေမြန်နေပါလား ဒီနေ့ ဘာစိတ်ကူးများပေါက်လို့တုန်း နမ်းပါဆိုရင်တောင် ရှက်တတ်တဲ့ မင်းက ခုတော့ ဘာမပြောညာမပြောနဲ့ ဟဟား ” ၊ “ ဟား... အဲ့လိုမရယ်စမ်းပါနဲ့ ကျနော်ရှက်တယ်ဗျ ပြီးတော့ ကျနော့်ကို မစိုက်ကြည့်နဲ့ ခု ကျနော် တော်တော် နေရခက်နေတယ် တော်ပြီဗျာ ပြန်တော့မယ် ” သူကတော့ သူ့အခန်းလေးမှာ ရယ်သံတွေနဲ့ ကျန်ခဲ့တယ် သူ မှတ်ချက်ပေးလိုက်တာ “ ခလေးကျနေတာပဲတဲ့ ” ။


အဲ့ဒီညနေခင်းဟာ ကျနော်နဲ့ သူ့ကြားမှာ မရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ ကျနော် ခုထိနောင်တရနေတုန်းပါ ။ စာဖတ်ဝါသနာပါတဲ့ .. မ .. စာရေးတာလည်း ၀ါသနာပါလိုက်မယ်လို့ ကျနော်လုံးဝမထင်ခဲ့ပါ တစ်ခါတရံ ကျနော်ရေးခြစ်ဖူးတဲ့ ကဗျာအပိုင်းစ စာအပိုင်းစလေးတွေကိုတော့ မှတ်ချက်စကားလေးတွေ ပေးဖူးတယ် ။ အဲ့ညနေက ကျနော်သူ့အခန်းကို သွားလည်တုန်း စားဖို့ဘာမှမရှိတာနဲ့ မိုးအေးအေးထဲ အနွေးထည်ပါးလေးဝတ်လို့ ကျနော်ကြိုက်တဲ့ မုန့်ဟင်းခါးလေး အပြေးသွားဝယ်ပေးခဲ့တယ် ။ စာအုပ်စင်မှာ ကျနော်ကြိုက်တဲ့ စာအုပ်တွေ အများကြီးပါ တစ်ချို့နေ့တွေဆို နေ့ခင်းပိုင်းတည်းကနေ အလည်လာတဲ့ကျနော် စာအုပ်တွေဖတ်ရင်း ညနေစောင်းလောက်မှ ပြန်ဖြစ်ပါတယ် ။ကျနော် ဆွဲယူလိုက်မိတဲ့ စာအုပ်က အစိမ်းရောင် အရောင်တွေတော့ ပျယ်လွင့်နေပါပြီး တော်တော်ကြာနေပြီထင်တယ် အခေါက်ရာလေးပါတဲ့ စာမျက်နှာကို ကျနော်ဖွင့်ဖတ်လိုက်တဲ့ အခိုက် ကျနော့်တကိုယ်လုံးလေထဲ လွင့်မျောသွားသလိုပါပဲ ပြီးတော့ ကျနော် မြင်နေတာတွေ တကယ်မဟုတ်ပါစေနဲ့လို့  ဆုတောင်းရင်း ဒါပေမယ့် ကျနော့်လက်က အဲ့စာရွက်လေးကို ဆွဲဆုတ်မိသားဖြစ်သွားတယ် ပြီးတော့ အဲ့ညနေက သူပြန်အလာကို ကျနော်မစောင့်ပဲ အစောကြီးပြန်ခဲ့တယ် ။

တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းကြားမှာ ရရှိခဲ့ဖူးတဲ့ အမှတ်တရတွေဟာ ခဏလေးနဲ့ ပျက်ပြယ်သွားတတ်ပါသလား ။ အချစ်ဆိုတာ ချစ်နေရုံနဲ့ ပြီးမယ်ဆိုရင် ဒါဟာ ရူးမိုက်တဲ့သူတွေရဲ့အလုပ်ပါ ပြီးတော့ ကျနော့်ပါသာဖွင့်ဆိုလိုက်တဲ့ အချစ်ဆိုတာ ဦးနှောက်ရဲ့ မြစ်ဖျားခံမှုနဲ့ ဆက်စပ်နေပါတယ် အချစ်က ပင်လယ်ဆိုရင် ဦးနှောက်က မြစ်ပါ တစ်ခါခါ မြစ်က ရေစီးသန်သွားတတ်ပြီး တစ်ခါခါတော့ ပင်လယ်က ဒီရေတွေနဲ့ မြစ်ကိုဖျားယောင်းသွားတတ်ပါတယ် ။ ကိုယ်မဖန်တီးယူပဲဖြစ်တည်လာတဲ့ အချစ်ကို ကိုယ်တိုင်ချေဖျက်ရတာကတော့ ကိုယ်မွေးတဲ့ခလေး ကိုယ်ပြန်သတ်ရသလိုပါပဲ သိပ်ကိုခံရခက်ပါတယ် ။ချစ်ခြင်းနဲ့ လက်ထပ်ခြင်းက ချစ်သူတွေအတွက်းပန်းတိုင်ဆိုရင် ကျနော်တို့ဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ဝက်မှာ ခြေခေါက်လဲကြတဲ့သူတွေပါ ။ ချစ်နေကြတုန်းက ကျနော်ဟာ အချစ်သူရဲကောင်းပေမယ့် နှစ်ကိုယ်တူဘ၀တည်ဆောက်ဖို့အတွက်တော့ ကျနော်ဟာ သူရဲကောင်းမဟုတ်ခဲ့ပါ ။

ဒီပြသနာဟာ မသိဟန်ဆောင်လို့ ပြီးသွားမှာမဟုတ်မှန်း ကျနော်သိပါတယ် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်နေတဲ့ အချိန်အတွင်း ကျနော် “ မ ” နဲ့ အဆက်သွယ်မလုပ်ခဲ့ပါ ။အချစ်ဆိုတာ ဖန်တီးယူလို့လည်းမရသလို လုပ်ယူလို့လည်းမရပါ အချစ်က များများလှည့်စားရင် များများပြန်ခံရတတ်တဲ့ အချစ်နတ်ဆိုးပါ ကိုယ်တိုင်ဖျော်စပ်ထားတဲ့ အချစ်ဖျော်ရည်တစ်ခွက်မှာ ကိုယ်က အဆိပ်ခတ်ထားတယ်ဆိုရင်လည်း ဒီဖျော်ရည်ကို ကိုယ်ပဲ တစ်နေ့သောက်ရမှာပေါ့ ခင်ဗျား ကျနော့်ကို လိမ်ခဲ့တဲ့အတွက် တန်ပြန်တဲ့ နာကျင်မှုတွေ ခင်ဗျားပြန်ခံစားရမယ် ။ မမုန်းပါ ကျနော် မ...ကို ဘယ်တော့မှမမုန်းခဲ့ပါ မငိုဖူးသော မျက်လုံးများ မလှပါတဲ့ ဒီနေ့ ကျနော်တို့ ၂ယောက်လုံးရဲ့ မျက်ဝန်းတွေ သိပ်ကိုလှနေပါတယ် ။

“ မောင်...ဘာလို့ မ ..ကိုရှောင်နေတာလဲဟင် ဘာတွေမကျေနပ်လို့လဲ ဘာတွေများစိတ်ဆိုးစရာရှိနေလို့လည်း မောင်ရယ် ဘယ်လောက်များ စိတ်ပူနေရမလဲ မသိဘူးလားကွယ် ” ။ ဟုတ်ပါတယ် သူ တကယ်စိတ်ပူနေမယ်ဆိုတာ ကျနော်သိပါတယ် ။ ကျနော့်ကိုယ်ကျနော် သတိပေးနေတာ မင်း မသနားလိုက်မိစေနဲ့ဆိုတာပါ တစ်သက်လုံးနောင်တကင်းကင်းနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံချင်တယ်ဆိုရင်ပေါ့ ။ မ.... ကျနော့် ပါးပြင်ကို လာတို့ထိတိုင်း အရင်ကဆို ကျနော် သိပ်ကိုကြည်နူးပါတယ် အခုတော့...........။ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို မလိမ်ညာမိပါစေနဲ့ ကျနော်အချစ်တွေဟာ ဆူးမရှိတဲ့ ငါးတစ်ကောင်ရဲ့ အချစ်မျိုးပါ ဒါပေမယ့် ကျနော့်မှာလည်း အဆိပ်ရှိပါတယ် အဲ့ဒီအဆိပ်ကတော့ ရုန်းထွက်ခြင်းအဆိပ်ပါ ဘယ်တော့မှာချစ်သူရင်ခွင်ကို ပြန်လာတော့မှာမဟုတ်တဲ့ ရုန်းထွက်ခြင်းအဆိပ်ပေါ့ ။ ကျနော် ဆုတ်ယူခဲ့တဲ့ စာရွက်လေး သူ့ကို ပေးပြန်ပေးလိုက်တယ် အဲ့အချိန်မှာ ပြောင်းလဲသွားတဲ့ မ...ရဲ့ မျက်ဝန်းတွေဟာ သိပ်သနားဖို့ကောင်းပါတယ် အရှိုက်ကိုထိုးခံထိလိုက်တဲ့ ပြိုင်ဘက်တစ်ယောက်ရဲ့ မျက်ဝန်းလို ၊ အမောက်ကိုတို့ထိ ကစားခံရတဲ့ မြွေဟောက်တစ်ကောင်ရဲ့ မာနမျိုးလို ချောင်ပိတ်မိနေတဲ့ ကြွက်ငယ်တစ်ကောင်ရဲ့ အသနားခံသလိုလို ဖော်ပြရခက်တဲ့ မျက်ဝန်းလို ခလေးတစ်ယောက်က စော်ကားတာ ခံလိုက်ရတဲ့ လူကြီးတစ်ယောက်ရဲ့ မျက်ဝန်းလို ။

ဒီနေ့ စကားတစ်ခွန်းတည်းနဲ့ ကျနော်ရဲ့ ချစ်ခြင်းတွေကို သင်္ဂြုလ်လိုက်ပါတယ် ကျနော် နောင်တ ဘယ်တော့မှမရပါ ၀မ်းနည်းပါတယ် ချစ်သူ ။ ကျနော် ချစ်သူရဲ့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်ပါတယ် “အိမ်ထောင်ပျက်ဖူးတဲ့ မိန်းမ တစ်ယောက်ကို လက်ထပ်ဖို့လောက်အထိ ကျနော့်နှလုံးသားတွေကို ဦးနှောက်က ခွင့်မပြုပါဘူး ခင်ဗျား ကျနော့်ကိုလိမ်တယ် ” ကျနော် သူ့ကိုကျောခိုင်းလှည့်ထွက်ခဲ့ပြီးတဲ့နောက် ရုန်းထွက်သွားတဲ့ ငါးတစ်ကောင်လိုမျိုး နောက်ပြန်မလှည့်ကြည့်ခဲ့ပါ ကျနော့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်း ကို လှည့်ဖျားခဲ့မိတဲ့အတွက် ဒီလောက်တော့ ဒဏ်ရာတွေပေးခဲ့သင့်တာပေါ့ ရိုးသားစွာ မာနကင်းစွာဝန်ခံပါတယ် ကျနော်လည်း ဒဏ်ရာတွေနဲ့ပါ ။

စာရွက်အပိုင်းစလေးထဲမှာတော့....

ကျမ အသက် ၁၈ နှစ် အချစ်ဆုံးလို့ထင်ရတဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ယူခဲ့ နောက် ၇ နှစ်အကြာ အဲ့ဒီယောက်ျားဟာ ကျမအတွက် အမုန်းဆုံးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

သမီးကြီးမွေးတဲ့နေ့ ဒီဇင်ဘာ ၂ ရက် ၁၉၉၃ ခုနှစ် ။








25 comments:

အိမ့်ချမ်းမြေ့ said...

အရမ်းကြိုက်တယ်...
လက်ရာတွေက အရမ်းတက်လာတာပဲ။

မေဓာဝီ said...

ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ် .... မဟုတ်ဘူးလား မောင်မျိုးရယ်။
ချစ်ရင်နားလည်ပေးသင့်ပါတယ်။

Anonymous said...

ချစ်ရင် နားလည်ပေးမယ်လို့ ထင်ပါတယ်။ နားမလည်ပေးတဲ့ အပြင် ခုလို ရှောင်သွားရင်တော့ ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ ယောက်ျားပဲ။ ဖတ်လို့ကောင်းလို့ လာအားပေးပါတယ်။

Htet April Honey said...

ကျနော့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်း ကို လှည့်ဖျားခဲ့မိတဲ့အတွက် ဒီလောက်တော့ ဒဏ်ရာတွေပေးခဲ့သင့်တာပေါ့ ရိုးသားစွာ မာနကင်းစွာဝန်ခံပါတယ် ကျနော်လည်း ဒဏ်ရာတွေနဲ့ပါ ။(အကြိုက်ဆုံး စာသားပါပဲ)း)

Su Myat Htar said...

လုမြောင်ရေ..Comment ဘယ်လိုပေးရမှန်းမသိလောက်အောင်ကို ဖတ်ရင်းနဲ့ ကြေကွဲခံစားမိပါတယ်။ ကလောင်သွားထက်လိုက်တာနော်။ ..Brabo!!!!

Than Lae said...

ဟာ,, ကိုမောင်မျိုးက ဒါမျိုးတွေလည်း ရတာပဲ,, "မောင်" ဆိုတဲ့ ဇာတ်ကောင်လေး နေရာက ခံစားထားတာ အပီအပြင်ပဲ,, အရေးအသား တကယ်ကောင်းပါ့ ,,ကြိုက်ဧ။်,, နောက်တစ်ခါ ရေးရင် "မ" နေရာက ရေးဗျာ,,, အားပေးချင်လို့ ပါ,,, :)

ကိုထွဋ် said...

ိလန်းတယ်ဗျာ...

အုပ်ကြီး said...

အင်း ...
အရင်ကတော့ စာရေးသူလိုပဲခံစားမိမှာပါ ..
ခုနောက်ပိုင်းတော့ (အသက်အရွယ်အရလည်းဖြစ်ကောင်းဖြစ်မပေါ့)
"အချစ်"ဆိုတာကို တစ်ယောက် နဲ့ တစ်ယောက်
နားလည်မှု ၊ဖေးမကြင်နာမှုတွေလို့ ခံစားမိတယ်ဗျာ ...
သူ ဒီလို ဖုံးကွယ်ထားတာကလည်း မိန်းမတို့ တတ်ထားတဲ့ပညာတစ်မျိုးပေါ့ဗျာ ..
တကယ်ချစ်ရင် တခြားတွေကို လျှော်လိုက်လို့ ရပါတယ် ..

Baby taster said...

အရမ်းကောင်းတယ်
ဒါပေမဲ့ အချစ်စစ်မှန်ရင်တော့ မာနတွေ မပါလာသင့်ဘူးထင်တာပဲလေ ကိုယ့်အမြင်ပါ
တခါတလေ မိန်းကလေးတယောက်အနေနဲ့
သူ့ဖက်က မဖွင့်ဟချင်လောက်အောင် နာကျင်တဲ့
ခံစားချက်တွေကြောင့် (သို့ )တဖက်လူ စိမ်းကားသွားမှာကို မလိုချင်တာကြောင့် (သို့) အခြေအနေအရ တယောက်ထဲနေရတဲ့ ဘ၀မှာ မပြောဖြစ်ခဲ့ မပြောချင် ပြောခွင့် မကြုံခဲ့တာတွေလည်း ရှိနိုင်တာပါပဲ။ မောင်ဆိုတဲ့ ဇာတ်ကောင်က အတ္တသမားလို့ ဝေဖန်ချင်ပါတယ်။ ဒီလို ဇာတ်လမ်း
အပြင်မှာ တကယ်မြင်ဖူးတယ်။

ညိမ်းနိုင် said...

ယေဘုယျအားဖြင့်တော့ ယောင်္ကျားတစ်ယောက်က ဒီလိုပဲ
ဆုံးဖြတ်မှာပဲ...။အကို့အနေနဲ့ဆိုရင်တော့ ကိုယ်တကယ်ချစ်
နေတာသေချာရင်၊သူဖွင့်မပြောတာကိုတောင် မသိချင်
ယောင်ဆောင်နေပေးလိုက်ဦးမှာ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

လန်တယ် လက်လန်အောင် ကောင်းတယ်
အစအဆုံးဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေပါဘဲ။ ဒီလို ဇာတ်လမ်းကောင်းလေးတွေ များများရေးစေချင်ပါတယ်။
ဇာတ်ကောင်နဲ့ပတ်သက်ပြီး ဝေဖန်ရမယ်ဆိုရင် ယောက်ျားရာခိုင်နှုန်းတော်တော်များများက မောင်လို ယောက်ျားတွေ များပါတယ်..
ခွင့်လွှတ်နိုင်တဲ့သူရှားတယ်.. မရှိဘူးမဟုတ်
ရှိတော့ ရှိတယ် ရှားတယ်.. စကားမစပ် စာရေးသူကရော ရှားတဲ့အထဲလား.. များတဲ့အထဲပါသလား :) ??

rose said...

တစ်မျက်နှာစာ ၀တ္ထုလေး လာဖတ်ပါတယ် မောင်မျိုး။ အရေးအသားလေးက ပြေပြစ်ပြီး ဆွဲဆောင်မှု ရှိတယ်။ ကြိုက်၏။

ပာုတ်တယ်နော်... ကိုယ် ချစ်တဲ့ ယောက်ျားတွေရဲ့ မာနကို ထိခိုက်နိုင်တဲ့ စကား အသုံးအနှုန်းတွေကို မိန်းကလေးတွေ ရှောင်ရှားသင့်တယ်။ ဘာ အစွမ်းအစမှ မရှိဘူးတို့၊ ပိုက်ဆံ မရှာနိုင်ဘူးတို့ စသဖြင့်ပေါ့... မပြောသင့်ဘူး။

ဇာတ်လမ်းထဲက ယောက်ျားလေးကို နားလည်ပေးလို့ ရတယ်။ ပာုတ်ပါတယ်။ ဘယ်ယောက်ျားမှ အပျို မပာုတ်တဲ့သူကို လက်မထပ်ချင်ကြဘူး။ သူတို့ကသာ လူပျို ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ လက်ထပ်မယ့် မိန်းကလေးကိုတော့ အပျိုပဲ ဖြစ်စေချင်တယ်။

ရို့စ် ဦးလေး တစ်ယောက် အကြောင်း ပြောပြမယ်။ အဖေ့ရဲ့ညီပါ။ သူက ဆရာဝန်။ ဆရာဝန် ဆိုတော့ စပ်ပာပ်တဲ့ မိန်းကလေးတွေလည်း တော်တော် များပါတယ်။ အဲ့ဒီထဲမှာ ညီအစ်မတွေချည်း ၅ ယောက်လောက် ရှိတဲ့ မိသားစုက မိန်းကလေး တစ်ယောက်နဲ့ စေ့စပ်တာကို ဦးလေးက လက်ခံခဲ့တယ်။ ရို့စ်တို့ကလည်း ပြောကြတာပေါ့။ ဦးလေးရယ် အဲ့ဒီ ညီအစ်မတွေထဲက အငယ်ဆုံးမလေးက သိပ်လှတယ် ရုပ်ရှင်မင်းသမီး Kate Winslet နဲ့ တူတယ်။ ဖြူဖွေးနေတဲ့ အသားအရေလေးနဲ့။ ဘာလို့ သူ့ကို မယူတာလဲ ဆိုတော့ သူက အပျို မပာုတ်လို့ပါတဲ့။ အိမ်ထောင်ပျက်ခဲ့ဖူးတယ်။

အဲ့တော့ မောင်မျိုး ရေးထားတဲ့ ၀တ္ထုလေးက သသာဝ ကျတယ်။ တကယ့် လက်တွေ့ ဘ၀ကို ထင်ပာပ်စေလို့ နှစ်သက်တယ်။

သက်ထွေး said...

~ မနဲ့မောင် အကြောင်းတွေကို မောင်မျိုးကပြောတယ် ~ အဲလိုပေါ့ :D

ဘာနေ ... said...

မိုက်တယ်ဗျာ တကယ်ပဲ ဖတ်လို့အရမ်းကောင်းပါတယ် ဒီနေရာလေး သဘောကျတယ် ..."ကိုယ်မဖန်တီးယူပဲဖြစ်တည်လာတဲ့ အချစ်ကို ကိုယ်တိုင်ချေဖျက်ရတာကတော့ ကိုယ်မွေးတဲ့ခလေး ကိုယ်ပြန်သတ်ရသလိုပါပဲ သိပ်ကိုခံရခက်ပါတယ် "
ကြိုက်တယ်ဗျာ အစကတော့ ကိုယ်တွေ့ခံစားချက်များလား ဆိုပြီး ဖတ်လာတာ.. နောက်ပိုင်းမှ ဝတ္ထု ပါလား ဆိုပြီး ကောက်ချက်ချမိတယ်
:) :)

Anonymous said...

လာဖတ်သွားပါတယ်။ ကောင်မလေးကို ခွဲထားခဲ့တဲ့ အတွက် စိတ်မကောင်းဘူး။ ဇာတ်ကောင်ထဲက ကောင်လေးကိုပြောတာပါ။

Thiri Aung said...

အရမ်းဖတ်လို့ ကောင်းပါတယ်...
ဒါပေမယ့် ကျွန်တော် မကျေလည်တာက...မ က သူ အီမ်ထောင်ကျဘုးကြောင်းဖွင့်မပြောခဲ့ဘုး ဆိုတဲ့အချက်ပါ...မိန်းမတစ်ယောက်ဟာ သူတကယ်ချစ်တဲ့သုတစ်ယောက်ကို ဒီလိုအရေးကြီးတဲ့ ဟာမျိုးအသိမပေးဘဲထားတယ်ဆိုတာ သိပ်တော့သဘာဝမကျဘုးလို့ထင်တယ...်... သူမောင့်ကိုတကယ်ဘဲမချစ်ခဲ့လို့ လား ....၊၊ ဘာကြောင့်လဲဆိုတော့ သူကြိုတင်ဖွင့်ပြောခဲ့၇င် ...မောင်ကလည်းတကယ်ချစ်ရင် အ၇င်က အီမ်ထောင်ကျဘုးတယ်ဆိုတာ အပြစ်မှမဟုတ်ပဲလေ ...။။ ( just my opinion)

မိုးခါး said...

ဒီ ဇာတ်ကောင်ကတော့ အချစ်ကြောင့် မိုက်ရူး မရဲဘူးပေါ့လေ ..း)

တကယ်သာ အဲလိုအဖြစ်မျိုး အပြင်မှာ ရှိရင် သူတို့ ဆုံတွေ့ခြင်းကစပြီး မှားနေခဲ့တာ ဖြစ်လိမ့်မယ် .. ကွဲတာ ဖတ်ရတာတော့ စိတ်မကောင်းဘူး .. :D

ကိုဇော် said...

တကယ်ချစ်တယ် ဆိုရင် ဒါတွေက အလကား ဖြစ်သွားလိမ့်မယ် လို့ မြင်မိတယ်။
ငယ်ရွယ်သူ ၊ မိုက်ရူးရဲသူတွေ အရွယ်မှာတော့ ဒီလိုကိစ္စတွေကို လက်မခံတတ်ကြပါဘူး။ ဒါပေမဲ့ အချစ်မှာ ဒါက အရေးအရမ်းမကြီးဘူး ဆိုတာ နောက်တော့ မြင်လာလို့ပါ။ အဓိက က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ၊ အနွံတာ ခံနိုင်မှု လို့ပဲ ထင်တယ်။ အခု ပို့စ်မှာတော့ ကောင်လေး စိတ်ထဲမှာက နဂိုကတည်း နားလည်မှု နည်းနေတာကြောင့်လို့ မြင်မိပါတယ်။

ညီသူအိမ် said...

မောင်လှမျိုး(ချင်းချောင်းခြံ) နဲ့ မှားပြီး လာဖတ်မိသလားလို့ အောက်မေ့နေတာ..
လက်စသတ်တော့ ငါ့အကိုကိုး

ညီလင်းသစ် said...

အင်း... နောက်ဆုံးမှာ မြစ်က ရေစီးသန်သန်နဲ့ ပင်လယ်တောင် ပြားပြားဝပ်အောင် လှိုင်းထန်ပစ်လိုက် တာကိုး....၊ မြစ် 'နိုင်' သွားတဲ့ ပွဲပေါ့...၊

ဖြောင့်ဖြူးတဲ့ အချစ်တစ်ခု ထူထောင်ဖို့ အစောကြီးထဲက တစ်ယောက်စီရဲ့ အတိတ်က အဖုအထစ်တွေကို ဖွင့်ပြောထားကြရင် အကောင်းဆုံး ဖြစ်မှာပါပဲ...။

ဒီလက်ရာကို ကြိုက်တယ် မောင်မျိုး..၊ Carry on...။ :)

PhyoPhyo said...

မ နဲ့ မောင် ဆိုတာနဲ့ စိတ်ဝင်တစားဖတ်လိုက်တာ၊
မောင် က တကယ်ချစ်တာမှမဟုတ်ပဲ၊
ရေးထားတာ တော်တော်ကောင်းတယ်
ခင်မင်တဲ့

Sunny said...

ဟင်.. အဲဒီ “မောင်”က လည်း..
အမှန်ဆို သူ သိသွားရင်တောင် “မ” က ဘာဖြစ်လို့ မပြောသေးတာလဲ ဆိုတာကိုတော့ သေချာမေးသင့်တာပေါ့.. အခုက လက်ထပ်ပြီးမှ သိတာမှ မဟုတ်ဘဲ.. လက်ထပ်ခါနီးမှ ပြောဖို့ ရည်၇ွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်.. သူနဲ့ မတွေ့ခင်က အကြောင်းအရာကိုတော့ ဘယ်လို ပြန်ပြင်လို့ ရပါ့မလဲ.. တကယ်ချစ်ရင် နှစ်ဦးနှစ်ဖက် နားလည်ရင် ပြီးတာပဲလေ.. ချစ်တုန်းကတော့ ချစ်ပြီး နောက်မှ ဦးနှောက်က ခွင့်မပြုဘူးလေး ဘာလေးနဲ့.. အဲလိုလူမျိုးကို မတည့်လိုက်တာ..

soe yu said...

very nice

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီဝတ္တုတိုလေးကို အရမ်းနှစ်သက်မိတယ်။

လေးစားစွာဖြင့်
မြတ်

Anonymous said...

kyrie 7 shoes
supreme clothing
kyrie 9
golden goose
Golden Goose
bape hoodie
goyard
jordan shoes
hermes
kevin durant

LinkWithin

Related Posts Plugin for WordPress, Blogger...