Monday, January 17, 2011

အိမ်ဝေးသူများ

ကျနော်တို့ဟာ အိမ်ဝေးသူများပေါ့ ဘာရည်ရွယ်ချက် ဘယ်လိုဦးတည်ချက်တွေဆိုတာ တိကျသေချာမှုနည်းပေမယ့်လည်း ကျနော်တို့တွေ အိမ်နဲ့ဝေးခဲ့ကြသူတွေ ။ အမေက ချစ်ပြီး အမေ့ကိုချစ်သော အမေ့ရဲ့သားများ အကြီးဆုံးသားမှစ အငယ်ဆုံး ငထွေးရူး ကျနော် အထိ အမေနဲ့အိမ်ကိုခွဲခဲ့ကြတာ ကြာပါပြီး အမေကတော့ စိတ်မာပေမယ့် တစ်ခါခါတော့ “ အမေလည်း ငါ့သားတွေကို အောင်းမေ့တယ်ဟယ် ” တဲ့ ဖုန်းထဲက အမေ့ရဲ့ အဲ့အသံကြားရင် ကျနော့်အသံတွေက တုန်တုန်သွားတယ် ။ သစ်ပင်တစ်ပင်တည်းမှာ စုပြုန်သီးကြတဲ့ အရွယ်စားစုံ သစ်သီးတွေနဲ့ ကျနော်ရဲ့ ၅၂၈ များဟာလည်း အနေတွေဝေးကြပေမယ့် အရေးကြီးတော့ သွေးနီးကြတဲ့သူတွေကြီးပါပဲ ငွေပေးဝယ်လို့မရတဲ့ ချစ်ခြင်းတွေ ကိုယ့်အတွက် အမြဲအဆင်သင့် သူတို့ရှိနေပေးတာ ကြည်နူးမိတယ်။

ကိုငယ့် မိန်းမဆီက ဖုန်းလာတယ် “ မောင်လေး ...နင့်အစ်ကို အစာအိမ်အူအတက်ပေါက်လို့ ခွဲရမယ် အစ်မလည်းတစ်ယောက်တည်းနဲ့  ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဟယ် ” တဲ့ ။ အရင်က မိသားစုမှာ အဆိုးဆုံး အပင်ပန်းဆုံးလို့ဆိုနိုင်တဲ့ အစ်ကို ဖျားနာခဲတဲ့ အစ်ကို ဆေးရုံးတတ်ရမယ်ဆိုတော့ ကိုယ်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောက်လည်းကြောက်တယ် ဘန်ကောက်လို နေရာမျိုးမှာ ခွဲစိတ်ရမယ်ဆိုတော့ ငွေကဘယ်လောက်ကုန်မှန်းမသိ စက်ရုံအလုပ်သမား အစ်ကိုတို့ လင်မယား အလုပ်ကို မဲနေကြတာနဲ့ ကျန်းမာရေးကိုဂရုမစိုက်တာကြာပြီထင်တယ် ဗိုက်အောင့်တယ်ဆိုတိုင်း ဆေးဝယ်သောက်ပြီး သက်သာတယ်ထင်ခဲ့တာ ။“ နင့် အစ်ကိုက နင့်ကိုတော့ အကြောင်းကြား အမေ့ကိုတော့ အသိမပေးနဲ့တဲ့ အမေစိတ်ပူမှာစိုးတယ် ပြောတယ် ” ။ ဒီလိုပါပဲ ကျနော်တို့ ညီအစ်ကိုတွေ ဘာပဲလုပ်လုပ် အမေစိတ်မချမ်းသာမှာတော့ ကြောက်ကြတယ် ။

သူနဲ့ ကျနော်ဖုန်းမပြောဖြစ်တာ တော်တော်ကြာပါပြီး ရုပ်ချင်းဆင်သလောက် မရှိသင့်တဲ့ မာနထားတတ်ပုံချင်းလည်းတူတယ် ။“ ဟလို...ကိုကြီးလား ကျနော်ပဲ ၊ ကိုငယ် ဆေးရုံတက်နေရတယ်တဲ့ သူ့မိန်းမနဲ့ ကီးကိုက်တာမကိုက်တာ အပထား နီးနီးနားနား ကိုကြီးပဲ ရှိတာ အလုပ်က ခွင့်ယူပြီး သွားလိုက်အုံးနော့် ” ။ တကယ်တော့ ကျနော်တို့ င်္ညီအစ်ကိုက မာနတွေနဲ့ သံယောဇဉ်တွေကို အမှောင်ဖုန်းထားကြတာပါ သူလည်း ကျနော့်ကိုချစ်သလို ကျနော်လည်း သူ့ကိုချစ်တာ သူသိပါတယ် သူကတော့ ခပ်ပြတ်ပြတ်နဲ့ဆိုးတယ် ကျနော်ကတော့ မိသားစုမှာ လိမ်မာမလိုလိုနဲ့ ပြောစကားနားမထောင်လို့ အစ်ကိုတွေ အစ်မတွေက ချစ်စနိုးနဲ့ လူပုံအလယ်မှာမကြာမကြာဖွင့်ချတတ်တာက ပျော့ပျော့နဲ့နံတဲ့ ကြောင်ချေးးတဲ့ ဟုတ်ကဲ့ ကျနော် ကြောင်ချေးပါ ။

ကိုယ့်တစ်ယောက်တည်း မစဉ်းစားတတ်တာနဲ့ မြို့က အစ်မဆီကိုဖုန်းခေါ်ပြီး တိုင်ပင်တော့ သူလည်း ကြောက်ပြီး အသံကတုန်နေတယ် “ အစ်မ...အမေ့ကိုမပြောနဲ့နော် အမေစိတ်ပူနေလိမ့်မယ် ” ။ ဒါမျိုးကျတော့ အားကိုးရတဲ့ ကျနော့်ယောက်ဖ ဘုန်းကြီးလူထွက် ဗေဒင်တွေတွက် ယတြာတွေချေ ဟုတ်တာမဟုတ်တာ ပျောက်တာမပျောက်တာ အပထား ဒါဟာလည်း မြန်မာလူမျိုးတွေအတွက် စိတ်စွမ်းအားတစ်ခုမို့ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ် ။ နောက်တစ်ခေါက် ဓာတ်မှန်ရိုက်ပြီးလို့ သေချာရင် ခွဲစိတ်ရမယ်ဆိုတဲ့ အစ်ကိုလည်း ယတြာကပဲ ကောင်းလို့လား တိုက်ဆိုင်တာလားတော့မသိပါ မခွဲဖြစ်ရဘူးဆိုတဲ့ မရီးဆီကဖုန်းလာမှ ကျနော်လည်းစိတ်အေးရတော့တယ် အစ်မဆီအကြောင်းကြားတော့ အစ်မက သူ့ယောက်ျား ယတြာကောင်းလို့တဲ့း) ကျနော်ထင်တယ် အဲ့နေ့က ကပ်စေးနဲတဲ့ အစ်မ ၊ ယောက်ဖကို ဟင်းကောင်းချက်ကျွေးလိမ့်မယ်ဆိုတာ ။

အစ်ကို ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တော့ ဖုန်းထပ်ပြောဖြစ်သေးတယ် အစ်ကိုပြောတဲ့ စကားက ကျနော့်ရင်ထဲ အပ်နဲ့ထိုးလိုက်သလိုပါပဲ “ အစ်ကိုသေရမှာမကြောက်ပါဘူး ဒါပေမယ့် မိဘနဲ့ဝေး ညီကိုမောင်နှမ နဲ့ဝေးပြီး အစ်ကို သူများနိုင်ငံမှာ ဧည့်သည်မသာ အဖြစ်နဲ့တော့ မသေချင်ဘူး ငါ့ညီရာ ” တဲ့ ။ ကျနော်တို့ရဲ့ ပန်းတိုင်ဟာ ငွေဆိုရင် ငွေနောက်လိုက်ရင်း ကျနော်တို့တွေ အိမ်နဲ့ ပိုပိုဝေးသွားသလိုပါပဲ ။ ကျနော်တို့တွေဟာ အိမ်နဲ့ဝေးသူတွေပေါ့ ဒါဟာ ကျိန်စာတစ်ပုဒ်တော့ မဖြစ်တန်ကောင်းပါဘူး တစ်နေ့တော့ အိမ်ပြန်ပြီး မိသားစုထမင်းဝိုင်းလေးမှာ ငါးပိရည်တစ်ခွက်နဲ့ဖြစ်ဖြစ် ထမင်းမြိန်ချင်သေးတယ်ဗျာ ။ တစ်နေ့တော့ပေါ့ ---- တစ်နေ့နေ့တော့ ...............။


17 comments:

rose said...

စာလေး လာဖတ်ပြီး စိတ်မကောင်း ဖြစ်သွားတယ်။ ပာုတ်ပါတယ် ကိုမျိုးရေ... တစ်နေ့နေ့တော့ ကိုမျိုးတို့ မိသားစုလေး သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စွာ ထမင်းလက်ဆုံ စားနိုင်မှာပါ။ ဆုတောင်းပေးမယ်နော်။

Anonymous said...

ကိုမျိုးရေ
ဘ၀တူတွေမို့ ဘာပြောရမှန်းတောင် မသိတော့ဘူး
ဒီလိုပါပဲ ကိုယ်တို့ တိုင်းပြည်မှာ လူပီသစွာ နေထိုင်နိုင်မဲ့
တနေ့ အမြန်ရောက်ပါစေလို့ ဆုတောင်းနေပါတယ်
အရေးကြီးမှမဟုတ်ပါဘူး ကိယ်တို့သွေးတွေ အမြဲတမ်းနီးနေဖို့တော့ လိုပါလိမ့်မယ်။ ဒါမှ ပန်တိုင် မြန်မြန်ရောက်မှာပါ။ '' စည်းလုံးခြင်းသည် အင်းအားတဲ့လေ ''နော့


Baby taster

ကိုဇော် said...

အဲဒီလို ထမင်း လက်ဆုံ အတူ မစားဖြစ်ကြတာ အတော်ကို ကြာပြီ။ နောက်လည်း ဘယ်လောက် ကြာဦးမယ် မသိနိုင်သေးဘူး။ အခုလည်း ထမ်းရ ပိုးရဦးမယ် ကြားတော့ . . ဟူးးးး

မောင်မျိုး အစ်ကို အန္တရာယ်ကင်းပြီး အမြန်ကျန်းမာလာပါစေ။

Nyi Linn Thit said...

ကျနော်တို့ မောင်နှမတွေလည်း ဝေးနေကြတာ အတော်ကြာပါပြီ၊ သုံးယောက်ကို သုံးနိုင်ငံဖြစ်နေ ကြတယ်၊ တစ်နေ့နေ့တော့ တမိသားစုလုံး ပြန်ဆုံစည်း နိုင်ကောင်းပါရဲ့ လို့ပဲ မျှော်လင့်နေရတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်နဲ့ဝေး.. မိသားစုနဲ့ဝေးနေသူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစားပါတယ်.. သူများဆီမှာနေပြီး အသားဟင်းကောင်းနဲ့ ဘယ်လောက် စားရပစေ.. ကိုယ့်အိမ် ကိုယ့်မိသားစုနဲ့စားရတဲ့ ငပိရည်လေးတစ်ခွက်လောက် စိတ်အဟာရမပြည့်ဝစေနိုင်ပါဘူး။ မောင်မျိုးအစ်ကိုနဲ့တကွ အိမ်ဝေးနေကြသူအားလုံး နေကောင်းကျန်းမာ အဆင်ပြေကြပါစေ.. တစ်နေ့နေ့ အမြန်ဆုံးတော့ အိမ်ရဲ့ နွေးထွေးလုံခြုံတဲ့အရိပ်အောက်မှာ ခိုလှုံနိုင်ဖွင့်ရပါစေ

မိုးယံ said...

အော် ပျော့စိစိနဲ့ နံတဲ့ ပန်းမင်းသမီးကြောင်းမျိုးရေ

တစ်နေ့နေ့တော့ဖြစ်လာမှာပါ့အေ..

နင့်အစ်ကိုကိုလဲ အားပေးစကားပြောဦး.. ငါလဲ ဆုတောင်းပေးမယ်

မောင်မျိုးအစ်ကို အမြန်ဆုံးကျန်းမာ လာပါစေ။

နေ၀သန် said...

တစ်နေ့နေ့တော့ ဖြစ်၍ လာလိမ့်မည်... အားတင်းထားပါ မောင်မျိုးရေ..... (ဘယ်နေရာသေရသေရ.. သေပြီးတဲ့နောက် ဒီခန္ဓာနဲ့ ကိုယ်လားလားမှမဆိုင်တော့တာပဲကွာ... )

Than Lae said...

လာဖတ်သွားတယ်နော် အိမ်နဲ့ ဝေးနေတဲ့ သူများအားလုံးကို ကျန်းမာရေး ကောင်းပါစေလို့ ဆုတောင်းပေးမိတယ်

လင်းဝေ said...

အစ်ကိုတော်ရေ အားတင်းထားဗျ တစ်နေ့နေ့ တော့ဖြစ်အောင် လုပ်နိုင်လာမှာပါ မဟုတ်ဘူးလားဗျာ
အဲ့ဒီနေ့ ကျရင် ကံပါရင် အစ်ကို့နဲ့ တူတူ ထမင်းဝိုင်းတစ်ဝိုင်း တည်းထိုင်ပြီး လွေးချင်သေးတယ်ဗျာ

nYi tHu eAiN said...

ဧည့်သည်မသာတဲ့လား
တစ်ခါတစ်ခါ အကို့ဆီက ဒီလိုဝေါဟာရလေးတွေ ထွက်ကျလာတာ တောစကားနဲ့ ပြောရရင်
လွှတ်လှတယ်..။ ဒါပေမယ့် ဒါက အနုပညာဆိုင်ရာ.။
လက်တွေ့မှာတော့ ငွေနောက်လိုက်ရင်း ဝေးဝေးသွားကြတဲ့ အဖြစ်တွေနဲ့ ဘာပဲဖြစ်ဖြစ် ကောင်းကင်တံခါးမှာ ပြန်ဆုံကြမယ်ပါလေ..။

မိုးခါး said...

ငိုချင်ရဲ့ လက်တို့ပါလား ...း(

မေဓာဝီ said...

အဟုတ်ပဲ မောင်မျိုးရေ ...
ငွေနောက်လိုက်ရင်း အိမ်နဲ့ ပိုပိုဝေးသွားကြတာ ... ။
လူ့ဘ၀ရဲ့ အဓိလိုအပ်ချက်က ငွေလား၊ ဂုဏ်လား၊ ပညာလား၊ ရာထူးလား ... အမလဲ ခဏခဏ စဉ်းစားမိတယ်။ အဲဒီနောက်တွေ လိုက်နေရင် လိုက်လို့ဆုံးမှာကို မဟုတ်တော့ဘူး။
တနေ့နေ့တော့ အိမ်ပြန်ပြီး မိသားစုနဲ့ ထမင်းလက်ဆုံ စားခွင့်ရချင်ပါသေးတယ်။

မောင်လေး said...

ခံစားချက်အပြည့်နဲ့ရေးထားတာလေး ဖတ်ရတာ....ရင်ထဲ
နင့်နင့်နဲနဲခံစားရတယ်...။ပြန်ချင်ရက် ကို လက်လာတို့
သလိုပဲ....။ဟုတ်တယ်...အကို လည်း ဒီမှာတော့သေချင်
ဘူး...။ညီ့အကို နေကောင်းပါစေကြောင်းဆုတောင်းပေးနေ
မယ်....။အိမ်ဝေးသူတို့အားလုံး မိသားစုတွေ ပြန်ဆုံမယ့်
့တစ်နေ့တော့ ရောက်လာဦးမှာပါညီရာ...။

Anonymous said...

Wishing ur bro in good health.Today i received a box full of burmese food n snack from my sisters.I like to cry while i open the small bags.Various kinds of 56kyaw,5pikaung,pegyihlaw......etc show me their love me to my family:(
One of eainwaithu
Gyidaw

Phyo Evergreen said...

ဖတ်ရတာတထိတ်ထိတ်နဲ့ တော်သေးလို့....။
ကျွန်တော့်လည်း ဘ၀ကိုကိုယ်ချစ်တဲ့မြေမှာဘဲအဆုံးသတ်ချင်တယ်...။

ဘာနေ ... said...

အစ်ကိုရေ နေကောင်းကျန်းမာပါစေဗျာ အကုန်လုံးပဲ ကွန့်မန့်ပေးထားတဲ့သူတွေကလည်း အိမ်ဝေးသူတွေများတော့ ဖတ်လိုက်ရတာ ရင်ထဲ နင့်သွားတယ် ............. အားလုံးရဲ့အတွေးမှာ အမိမြေ မြန်မာပြည်ဟာ အရမ်းကို ချစ်စရာ တွယ်တာစရာ ကောင်းတယ်ဗျာ .. ဘယ်နေရာ ဘယ်အချိန်ပဲ ရောက်ရောက်ဗျာ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေအားလုံး အလကားတော့ မဖြစ်ပါစေနဲဗျာ.. . ပျော်ရွှင်ပါစေ ဗျာ..

သက်ဝေ said...

အိမ်ဝေးသူတွေ အားလုံး တနေ့နေ့တော့... တနေ့နေ့တော့... ဆိုတဲ့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့...

LinkWithin

Related Posts Plugin for WordPress, Blogger...