Sunday, December 19, 2010

ရိုးသားမှု မီးအိမ်

ခလေးဆန်တယ် ခလေးဆန်တယ်ဆိုတာ နားထောင်လို့သာ ကောင်းတယ် တကယ်တော့ မကောင်းပါဘူး ရှိသင့်တဲ့အရွယ်ထက် မရင့်ကျက်တဲ့ စိတ်နေစိတ်ထားကို ဖော်ပြချင်ရင် အဲ့ဒီဥပမာနဲ့ပေးတယ်ထင်ပါတယ် ။အရင်တုန်းကတော့ အဲ့လိုပြောခံရရင် သဘောကျပါတယ် ခုတော့ တော်တော့ကိုမကြိုက်တော့ဘုး အဲ့လိုပြောတဲ့သူကိုတောင် စိတ်ဆိုးချင်တယ် ။ ဟော့ကြည့် စိတ်ဆိုးတယ်ဆိုတာဟာလည်း ခလေးဆန်လို့ပေါ့ ။ အိမ်မှာ အငယ်ဆုံးဆိုတော့ ကိုယ့်အတွက် ပုံတာရတဲ့ ဟင်းကနည်းရင် အစ်မတွေကို စိတ်ဆိုးတာတို့ ထမင်းမစားပဲ အရွဲ့တိုက်တာတို့ လုပ်ခဲ့ဖူးတယ်။ ကျနော်ဘ၀မှာ အပြောင်းလဲတွေ တော်တော်များများကို ကြုံဖူးပါတယ် ကိုယ်အရွယ်ရောက်စ လှချင်ပချင်တဲ့ အရွယ်ရောက်မှ ခြံတွေအစိုးရအသိမ်းခံရတဲ့ထဲ ပါသွားတာတို့ ။ ကိုယ့်ဘ၀ တစ်ဆစ်ချိုးကို အပြောင်းလဲ ပေးခဲ့တဲ့ ပညာရေးပိုင်းး တို့တွေပေါ့ အဲ့တာကြောင့် အပြောင်းလဲဆိုရင် သိပ်မုန်းပါတယ်။

အမှန်တော့ လောဘနည်းတာမဟုတ်ပေမယ့် တစ်နေရာလေးမှာ အတည်တကျနဲ့ ငြိမ်၂သက်၂လေး ဘ၀ကိုဖြတ်သန်းချင်မိတာ ကျနော် အလိုချင်ဆုံး အတောင်းတဆုံး ဘ၀နေနည်းလေးပါပဲ ။ဒါကို တစ်ချို့သော ပက်သက်ဖူးတဲ့သူအချို့ကတော့ လောဘမရှိတဲ့ ကောင်လို့ သတ်မှတ်ကြပေမယ့် ကျနော်ကတော့ အေးဆေးပါပဲ ။တကယ်ပါ ပူပူလောင်လောင်နေရတာတွေကို တကယ်ကြောက်ပါတယ် ဘ၀ဆိုတာ ရုန်းကန်မှုတွေနဲ့ ပက်သက်ဆက်နွယ်နေပေမယ့် အသစ်အသစ်သော ရုန်းကန်လှုပ်ရှားမှုတွေကို မလိုလားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘာရယ်မဟုတ်တဲ့ စကားလေးတစ်ခွန်းက ကိုယ့်စိတ်ထဲ တော်တော်ကို နေရာယူ စိုးမိုးသွားတယ် ။ “ ခလေးကြီးလို နေနေတယ်နော် ” တဲ့ ဒီစကားကို လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က ကြားရမယ်ဆိုရင်တော့ အမှန်တကယ်ကို ပျော်မိမှာပါ ဘာလို့လဲဆိုတော့ ကျနော်က လူကြီးမဖြစ်ချင်ပါဘူး လူကြီးဖြစ်လာလေ ဘ၀ရဲ့ ဒဏ်တွေကို ခံရ သင်ခန်းစာ အသစ်တွေနဲ့ ပူလောင်မွန်းကြပ်လွန်းလို့ပါ ။

အဲ့သူငယ်ချင်းလေးက ပြောတယ် လူဆိုတာ စုံအောင်လုပ်ဖူးရတယ်တဲ့ ကျနော် သူ့ကို အပြုံးလေးနဲ့ တုံြု့ပန်လိုက်တယ်း) ။ ဆေးလိပ်ကို မပြတ်သောက်တတ်တဲ့ သူငယ်ချင်းလေး လွတ်လပ်တဲ့ ဒီနိုင်ငံမှာ သူဟာ လွတ်၂လပ်၂ပေါ့ ။ “ အစ်ကို့ကို ကျနော်သင်ပေးစရာတွေ အများကြီး ရှိတယ် မိန်းမတွေအကြောင်း ဘယ်လိုလူနဲ့ ဘယ်လိုပေါင်းရမယ်ဆိုတဲ့အကြောင်းတွေ အများကြီး သင်ပေးရအုံးမယ် ” ကျနော်တော်တော်ကို ရယ်ချင်မိသွားတဲ့ အကြောင်းပါ သူပြောလည်း ပြောချင်စရာထင်ပါ့ ကွေးကွေးကောက်ကောက်မတွေးတတ်တာဟာ ကျနော့်ရဲ့ ညံ့ဖျင်းမှုလား ဂုဏ်ယူရမယ့် ရိုးသားခြင်းလား မခွဲခြားတတ်ပါဘူး ။ “ ဟမ်း ..အဲ့လိုထင်တယ်လား အဲ့ ငါမသိဘူးကော ” ဒီစကားက ကျနော့်ရဲ့ လက်သုံးဆောင်ပုဒ်လိုကိုဖြစ်လို့ ။ တကယ်ပဲ ဆန်းဆန်းပြားပြားတွေမတွေးတတ်ပါဘူး အဲ့လိုအတွေးဝင်လာရင်တောင် သူများမဟုတ်ရင် အားနာစရာဆိုပြီးး အမြန်စိတ်ထဲက ဖျောက်ပစ်လိုက်တယ် ။

“ခလေးကြီး လိုနေနေတယ် ” တဲ့ ကျနော်က ဟန်ဆောင်ရတာကိုမကြိုက်တဲ့သူဆိုတော့ အဲ့ဒီဟန်ဆောင်ခြင်းအတတ်ပညာမှ တော်တော်ညံ့ပါတယ် ။ ရယ်စရာရှိလည်း အကျယ်ကြီးရယ်လိုက်တာပဲ စိတ်ညစ်စရာရှိလည်း စိတ်ထဲမထားပဲ ယုံကြည်ရတဲ့သူတွေကို ဖွင့်ပြောတိုင်ပင်လိုက်တာပဲ ။ ဒီလူကြီးကတော့ အရေးပါ အရာရောက်တဲ့သူမို့ အရမ်းကြီး ရိုကျိုးနေရတာမျိုး ဘာအရာမှမရောက်တဲ့သူမျိုးကို စကားတွေသေချာပြောနေတာမျိုး ဝေဖန်ခံရပေမယ့် ကိုယ်ကတော့ အေးဆေး။ဟဟား ဒီစာကို ရေးရင်းနဲ့ ဘယ်လို နိဂုံးချုပ်ရတော့မလဲမသိး) ကျနော်တော်တော် ညံ့ပါသေးသည် ။ သူငယ်ချင်းလေးကို ဘာမှပြန်မပြောလိုက်ပေမယ့် စိတ်ထဲမတင်မကျ ဖြစ်နေတဲ့ အဲ့စကားရဲ့ ဆိုလိုရင်းကို ကိုယ့်ပါသာ အဖြေပေးလိုက်တာက “ ချစ်သူတစ်ယောက်ရဖို့ တကူးတကကြီး လိုက်ကြောင်နေရာမျိုးတွေ မလုပ်ချင်ပါဘူး အချိန်တန်လို့ အချစ်စစ်ဆိုတဲ့ အရာ ကျနော့်ရင်ဘတ်ထဲရောက်လာတဲ့နေ့ (ဒီလိုနေ့မျိုး ရှိချင်မှလည်းရှိလာနိုင်မှာပါ) ကျနော်ချစ်သူထားမှာပါ ။ ငွေနောက်လိုက်ရင်း ငွေရဲ့သားကောင် ဖြစ်မှန်းမသိ ဖြစ်မသွားချင်ပါဘူး ( တော်တော်ကို သိမ်ဖျင်းတဲ့အတွေးဖြစ်ချင်ဖြစ်မှာပါ ) ။အရက်သောက် ဆေးလိပ် သောက်မှ ခေတ်မှီ ယောကျာ်းပီသမယ်ဆိုရင်လည်း ထင်ချင်သလိုထင်ကြပါစေလို့ပဲ ပြောလိုက်ချင်တော့တယ် ။

ကဲ ..ဒီပို့စ်ကိုဖတ်ရသလောက် လူကြီးမင်းတို့ကော ဘယ်လိုထင်မိပါသလဲ “ ခလေးကြီးကျနေတာပဲ ” ဆိုတဲ့ စကားကိုပေါ့း) ပက်၂စက်၂ သာဝေဖန်ခဲ့စမ်းပါဗျာ ။ ကျနော် တကယ့်လူကြီးကြီး တစ်ယောက်လို နေလိုက်ရင် ကျနော့်ရဲ့ ရိုးသားမှု မီးအိမ်လေး ငြိမ်းသွားလိမ့်မှာ ကြောက်တယ် ။

9 comments:

ဆွေလေးမွန် said...

တစ်ကယ်တော့ လူတိုင်းက ငယ်ဘ၀ရဲ့ရိုးသားမှုကို တောင့်တမိကြတာကြီးပါပဲ။
ဆွေလေးကတော့ သူငယ်ချင်းတွေနဲ့ ဦးလေးတွေ အဒေါ်တွေကြားထဲမှာဆိုရင်တော့ တစ်ကယ်ကလေးလိုပဲနေပါတယ်..
အလုပ်နဲ့ပတ်သတ်တဲ့ နေရာတွေမှာတော့ ရင့်ကျက်မှု တည်ငြိမ်မှုတို့ကို အချိုးကျရောစပ်ပြီး အသုံးပြုပါတယ်။

ဟဲဟဲ

:) :) :-)

Anonymous said...

ပက်၂စက်၂ တော့မဟုတ်ဘူးပေါ့ မောင်မျိုးရေ...
မီးအိမ်လေးကို ဆီနဲနဲ ထည့်ကြည့်ချင်ယုံပါ...
သေချာနေတာတစ်ခုက ကိုယ်တို့ တွေရဲ့ အသက်ဆိုတာငယ်သွားနေတာ မဟုတ်သလို၊
ရပ်တန့် နေမှာလည်းမဟုတ်ဘူးလေ။
တစ်နေ့ ပြီးတစ်နေ့ ကုန်ဆုံးသွားနေ
ရင်းအသက်တွေက ကြီးလာတာ။ အချိန်တွေရဲ့
ရွေ့ လျားမှုနဲ့ အတူ ကိုယ်ပိုင်ဆိုင်ထားတဲ့ ရိုးသားခြင်းဆိုတဲ့မီးအိမ်လေးမှာ တည်ငြိမ်ရင့်ကျပ်လာခြင်း၊ လောကဓံကို
နှုတ်ဆက်တတ်လာခြင်း၊ အမှားအမှန်ကြားမှာ ကျားကန် တတ်လာခြင်း၊ခြင်းးး...ပေါင်းများစွာသော
လူပီသခြင်းတွေဆိုတဲ့ မီးစာတွေကိုပဲ ထပ်ဖြည့်သွား
ရမှာလို့  ယုံတယ် မောင်မျိုးရေ။
ဆေးလိပ်သောက်တတ်မှ လူကြီးပီသရမယ်ဆိုရင်တော့
မိန်းခလေးတွေ လူကြီးပီသလာဖို့ ဆိုတာ...???
ကဲ.... မောင်မျိုးကို ဝေဖန်တာမဟုတ်။
ခေါင်းစဉ်လေးကိုက ဆွေးနွေးလို့ ကောင်းတာမို့ 
ပါဝင်မိခြင်းသာ။ ကျွန်မကိုယ်တိုင်လဲကြိုးစားနေဆဲမို့ ။
ဒီလောက်ထိ တွေးနေတာကိုက မောင်မျိုး
လူသားဆန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတာ
လို့ ပြောချင်လာရင်း...:)
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

Anonymous said...

ရိုးသားမူ့ ဆိုတာမီးအိမ်တဲ့လား?
မီးအိမ်ဆိုရင်တော့လေကလေးတိုက်တာနဲ့ 
ငြိမ်းသွားမှာပဲ...။
ကိုယ်ကတော့ ရိုးသားမူ့ ဆိုတာ
ဘယ်တော့မှမငြိမ်းနိုင်တဲ့မီးရှူးတိုင်ကြီး
လို့ တင်စားချင်တယ်...။
ကလေးလိုပဲနေနေ
လူကြီးလိုပဲနေနေ
အရူးအပေါလိုပဲနေနေ
ကြိုက်သလိုနေ
ရိုးသားမူ့ ရှိရင်လူပီသပြီးသားပဲ...
ထို့ အတူ
ရိုးသားမူ့ မရှိရင်တော့
ဘယ်လိုနေနေ လူမပီသတဲ့လူပဲ...။

Without honesty
there is no real growth.

Without honesty
there is no freedom.

Without honesty
there is no hope.

Without honesty
nothing is real.

Without honesty
nothing is.
( ဆရာတော်ဦးဇောတိက )

လေးစားစွာဖြင့်,
(ထင်မြင်ယူဆဆွေးနွေးမူ့ တွင်
အမှားများပါခဲ့သော်ခွှင့်လွှတ်ပါ...။ )

မေပယ်လ် said...

ခု အိပ်ယာနိုးတယ်ဗျာ
အဲဒါ တစ်ယောက်သော သူက ဖုန်းဆက်လိုက်လို့နိုးတာ
အင်း အဲ နဲ့ထူးတော့ ဘာပြန်ပြောတယ်မှတ်လဲ
ခလေးလေး ကျနေတာပဲတဲ့..
အဲဒါ ဆိုင်မဆိုင်မသိဘူးဗျာ

Yan Naing Aung said...

သူငယ်ချင်းရ။ ငါထင်တာလေးပြောမယ်နော်။ သူများတွေ ပြောတာ ဝေဖန်တာကိုထား။ မင်းတို့ငါတို့ဟာ ဗုဒ္ဓဘာသာဝင်တွေမို့လား။ မင်းလုပ်နေတဲ့အရာတွေ။ မင်းယုံကြည်တဲ့အရာတွေ၊ မင်းရဲ့အမူအကျင့်တွေဟာ ဘုရားဟောနဲ့ မဆန့်ကျင်ဘူးဆိုရင် မင်းအသက် ဘယ်လောက်ပဲရှိရှိ လူကြီးဆန်တ......ဲ့သူ။ ရင့်ကျက်တဲ့သူပဲ။ လူဆိုတာအစုံလုပ်ဖူးရမယ်၊ မကောင်းမှန်းသိရင်ရှောင်လိုက်ပေါ့ဆိုတဲ့စကားကို ပြောတဲ့သူတွေ တော်တော်များများငါတွေ့ဖူးတယ်။ တကယ်က သူတို့ဟာသူတို့ မဟုတ်တာလုပ်ချင်တာနဲ့ အကြောင်းပြချက်ရှာတာပါကွာ။ အစုံလုပ်ဖူးစရာမလိုပါဘူး။ အရက်သောက်လို့ ဘ၀မှာတိုးတက်ကြီးပွားသွားတဲ့သူ ဘယ်နှစ်ယောက်မြင်ဖူးလို့လဲ။ ဒါဟာမကောင်းဘူးဆိုတာ လူတိုင်းသိနေတာပဲ။ စမ်းကြည့်စရာမလိုပါဘူး။ အဲလိုအစုံလုပ်ဖူးချင်ရင်အက်ဆစ်သောက်ရင်သေတတ်သတဲ့။ စမ်းကြည့်ကြပါလား။ ဥပမာပြောတာပါကွာ။ လူတိုင်းကတော့ အမြင်အမျိုးမျိုးပေါ့။ တကယ်ပြောရရင် ဘ၀လောကဓံကို အများကြီးကြုံခဲ့တဲ့ မင်းက တော်ရုံတန်ရုံလူတွေ (ငါအပါအ၀င်ပေါ့) ထက် ရင့်ကျက်ပြီးသားလို့ငါထင်တယ်။ ဘာသာတရားနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တရားစီရင်ပါကွာ။ လူများပါးစပ်တွေနောက်လိုက်ရင် ပင်းပန်းတယ် သူငယ်ချင်း။

နေ၀သန် said...

မောင်မျိုး... နားလည်မှုလွဲနေတယ်လို့ ထင်တာပဲ...။ လူကြီးဆန်တယ်ဆိုတာ ဟန်ဆောင်ကောင်းတယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ..။ ပြီးတော့ ကလေးဆန်တိုင်း ဟန်မဆောင်တတ်တဲ့သဘောမှ မဟုတ်တာ..။ လူကြီးဆန်တယ်ဆိုတာ အရာရာတိုင်းကို ရင့်ကျက်တဲ့စိတ်နဲ့ တွေးတယ်၊ ဆင်ခြင်တယ်၊ သုံးသပ်တယ်...။ ဖြစ်ချင်တာထက် ဖြစ်သင့်တာဟာ ဘာလဲဆိုတာကို လေ့လာနိုင်စွမ်းရှိသူတွေကို လူကြီးဆန်တယ်လို့ခေါ်တယ်...။ တကယ်တော့ လူကြီးဆန်တယ်ဆိုတာ အသက်ငယ်တုန်း အဲလိုစိတ်မျိုးမွေးနိုင်တဲ့သူတွေကို သုံးတာပါ..။ အသက်ကြီးလာရင် အဲလိုစိတ်မျိုးက မဖြစ်မနေရှိရမှာဖြစ်ပြီးတော့ လူကြီးဆန်တယ်လို့လည်း ဘယ်သူမှ ဆိုမှာ မဟုတ်ဘူးလေ...။ ကလေးဆန်တာမှာ နှစ်မျိုးရှိတယ်..။ တစ်ခုက ပင်ကိုယ်စိတ်ကိုက ရိုးသားပြီးတော့ ကလေးဆန်ဆန်ပြုမူပြောဆိုတာ...။ နောက်တစ်ခုက ကိုယ်အနိုင်ကျင့်ချင်တဲ့သူတွေကိုမှ ရွေးပြီး ကလေးဆန်ပြီး အနိုင်ယူတာ...။ ဒီအတိုင်းကြည့်ရင်တော့ နှစ်ခုလုံးမကောင်းဘူး..။ ဒါပေမယ့် ဒုတိယဟာက ပိုဆိုးတယ်...။ အဲဒီ ဒုတိယလိုပုံစံမျိုးဆိုရင် ရိုးသားမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ရဲမလား...။ နောက်ပြီး ကလေးဆန်ဆန်ပြုမူပြောဆိုတတ်တဲ့သူတွေမှာ သူ့ကို လက်ခံနိုင်မှုဟာ အကန့်အသတ်ပဲရှိတယ်...။ အေးပေါ့... ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတဲ့စိတ်မျိုးရှိရင်တော့ ဒါဘာမှ ဂရုစိုက်စရာတော့မဟုတ်ဘူးပေါ့...။ ဒါပေမယ့် ဘ၀မှာ ရှင်သန်ရဦးမယ့် ခရီးက အရှည်ကြီး...။ ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ရမယ့် ခရီးက အဝေးကြီး...။ ဒါကြောင့် အောင်မြင်တဲ့ဘ၀ကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ကလေးဆန်ဆန်အတွေးခေါ်တွေကို ဖျောက်ပစ်နိုင်ရမယ်...။ မင်းရဲ့ နောက်ဆုံးစာကြောင်း ကျနော် တကယ့်လူကြီးကြီး တစ်ယောက်လို နေလိုက်ရင် ကျနော့်ရဲ့ ရိုးသားမှု မီးအိမ်လေး ငြိမ်းသွားလိမ့်မှာ ကြောက်တယ်ဆိုတာကိုတော့ ရှင်းရှင်းလေးပဲ ငြင်းပယ်ခဲ့ပါရစေ သူငယ်ချင်း...။

ခင်မင်တဲ့
နေ၀သန်

Kyaw Nyo Thway said...

ကလေးဆန်တာပဲဖြစ်ဖြစ် လူကြီးဆန်တာပဲဖြစ်ဖြစ် ကိုယ်လုပ်တာတွေက မှန်တာလုပ်နေဖို့လိုတယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေကို အာရုံစိုက်နေဖို့လိုတယ်။ သူများပါးစပ်မှာ အာရုံတွေလွင့်မျောမသွားနဲ့ လွင့်မျောသွားမိရင်တောင် ကိုယ့်ကိုယ်ကို ပြန်ထိန်း။

ကမ္ဘာကျော်ကဗျာဆရာကြ...ီး ရှယ်လီတောင်မှ သူ့ကို ကလေးဆန်တယ်လို့ ဝေဖန်တာခံရဖူးတာပဲ။

လူတိုင်းမှာ ရှင်သန်ကြီးပြင်းလာကြတဲ့ ပတ်ဝန်းကျင်မတူတာကြောင့် ကိုယ့်ရဲ့ တွေးခေါ်ပုံ နဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေ မတူကြဘူး။ မင်းသာ တက္ကသိုလ်ဆရာ နဲ့ ဆရာမရဲ့သား ဆိုရင် မင်းရဲ့ ပြောပုံ ဆိုပုံနဲ့ နေပုံထိုင်ပုံတွေ အခုလိုဖြစ်နေမှာမဟုတ်ဘူး။ ငါပြောတာ မဖြစ်ရကောင်းလားလို့ ပြောတာမဟုတ်ဘူးနော်...။ တစ်ကယ်တမ်းတော့ မင်းက နယ်မှာမွေးတယ် ၊ ကြီးမှ မြို့ကိုရောက်တယ်။ နယ်မှာဆိုတော့ ဒီမှာလို ဘာမှထိန်းချုပ်စရာမလိုဘူးလေ... လွတ်လွတ်လပ်လပ်ပြော ၊ လွတ်လွတ်လပ်လပ် ခံစားမှု့ရတယ်။ အစွန်းနှစ်ဖက်ကို ချက်ချင်းဆွဲစေ့ လိုက်တဲ့ အခါ ဝေဖန်သံတစ်ခုခုတော့ ကြားရမှာပေါ့။

ကိုယ်နေတတ်သလိုသာ ကိုယ့်ကိုယ်ကို ရိုးသားရင်းနဲ့နေစမ်းပါကွာ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အဲ့ ဂရုစိုက်ရမှာက မင်းအခုရှိနေတဲ့ ရိုးသားမှု့တွေကို မချိုးဖောက်မိစေနဲ့ ။

လောကကြီးမှာ အစုံလုပ်ဖူးစရာမလိုဘူး။ အစုံသိဖို့တော့လိုတာပေါ့လေ...။
သူမျာလုပ်တိုင်းလိုက်လုပ်တဲ့ အထဲမှ မင်းမပါတာသိတော့ ငါဝမ်းသာပါတယ်။
ဒီလိုပဲ...ငါအခုထိ နားပေါက်မဖေါက်ဘူး၊ ဆေးမှင်ကြောင်မထိုးဘူး။ ကိုယ့်ခံယူချက်နဲ့ ကိုယ်နေရတဲ့ ဘ၀ ဂုဏ်ယူဖို့ကောင်းသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု့လည်းပိုတယ်။

လူကြီး ဆန်တဲ့ သူငယ်ချင်းတစ်ယောက် တွေ့ဖူးတယ်။ သူ့ကြည့်လိုက်ရင် လူကြီး လူကောင်းလို သပ်သပ်ရပ်ရပ်နဲ့ ကိုယ်တို့ထက်တောင် ရင့်ကျက်မယ့်ပုံပဲ တစ်ကယ်တမ်း စိတ်နဲ့ပေါင်းကြည့်တော့ မိန်းမတစ်ယောက်လောက်တောင် ရင့်ကျက်မှု့နဲ့ စာရိတ္တမကောင်းတာ တွေ့လိုက်ရတယ်။ ငါ့ကိုယ်ငါတောင်ရင့်ကျက်တယ်လို့မထင်ခဲ့ဘူး။ ရိုးသားတယ်လို့ မထင်ခဲ့လို့။ ရင့်ကျက်မယ်ထင်တဲ့လူကို ပေါင်းမိကာမှ ကိုယ့်ထက်ပိုဆိုးနေတာတွေ့ရတယ်လေ... ။

မိတ်ဆွေငါးဆယ်ရှိပေမယ့်။ ရိုးသားပြီး ရင့်ကျက်တဲ့ လူငါးယောက်နဲ့ တွေ့ဖို့ကမလွယ်ဘူး။ ရင့်ကျက်တဲ့ လူတွေ့စေဦးတော့ ရိုးသားတဲ့ လူနဲ့ တွေ့ဖို့ကမလွယ်ဘူး။

ညိမ်းနိုင် said...

အသက်နဲ့အမျှတော့ ရင့်ကျက်ရမှာပဲလေ မောင်မျိုးရ..။
ဒါပေမယ့် ရင်ကျက်လာတာက မရိုးသားတော့တာတော့
အဖြစ်သင့်ဘူးပေါ့....။ဒါဖြင့်ရင် ရင့်ကျက်လာတယ်ဆိုတာ
ကရောဘာလဲ...?ကိုယ့်အမြင်တော့ စိတ်ခံစားမှုကို သိပ်ပြီး
ဦးစားမပေးတော့တာမျိုး၊ပြတ်သားသင့်တာကို ပြတ်သား
လာနိုင်တာမျိုး...။လူကြီး မဆန် ဆန်အောင်ဆိုပြီး ရုပ်
တည်ကြီးနေဖို့တော့ လိုဘူးထင်တယ်..။ဆိုတော့ ရီချင်
သလား....အကျယ်ကြီးရီလိုက်...။စိတ်ညစ်စရာတွေကို
ဖွင့်ပြောမှဖြစ်မယ်ထင်ရင်ဖွင့်ပြောလိုက်..။ဟန်ပန်တွေ
မဆောင်ကြေးပေါ့...။ပြောသာပြောနေတာ ကိုယ်လည်း
ခုထိ မရင့်ကျက်နိုင်သေးဘူး...:)။

Brova Bravo said...

ခလေးကျ နေတာပဲကလေး ကျနေတာ ပဲ ဆိုတာကကျွန်တော့်အထင် ကလေး တစ်ယောက်ရဲ့ အတွေးမျိုးကလေး တစ်ယောက်ရဲ့ နေထိုင်ပုံစံမျိုးကလေး တစ်ယောက်ရဲ့ ခံယူချက်မျိုး မပျောက်သေးတာကို ဆိုလိုတာများလားဗျမရင့်ကျက်သေးဘူးလို့ ဆိုလိုတာ မဟုတ်ဘူးသူ့မှာ ကလေး တစ်ယောက်ရဲ့ အပြူအမူမျိုး ပြန်ပေါ်လာတာကို ဆိုလိုတာမျိုးကျွန်တော်အတွေ့အကြူံအရကလေး ကျ နေတာပဲ ဆိုပြီး ဆူတာ ရှိသလိုချစ်ဖို့ကောင်း တယ် ကလေး ကျနေတာပဲ ဆိုတာမျိုးလည်း ရှိပါ့ဗျာ

LinkWithin

Related Posts Plugin for WordPress, Blogger...