Thursday, March 21, 2013

ခုတလော...




ဘလော့ရပ်ဝန်းကြီးတိတ်ဆိတ်ငြိမ်သက်လို့နေတယ်   အဲ့လိုဖြစ်တိုင်း တဂ်ပို့စ်လေးတွေကအပျင်းထူနေကြသော  ဘလော့ဂါတွေကို ပုတ်နှိုးစမြဲပါပဲ  ။ ကျနော်လည်းရေးချင်တာတွေများ ပြောချင်တာတွေများပေမယ့်  ဘာမှလည်းဟုတ်တိပတ်တိမရေးဖြစ်ဘူး   ။ တဂ်ပို့စ်လေးတွေဆိုရင်တော့ပျော်တယ်   သိပ်စဉ်းစားစရာမလိုပဲ   ပေါ့ပေါ့ပါးပါးလေးရေးလို့ရတာမို့ပါ   တဂ်ပေးတဲ့  အစ်မသက်ဝေ ကိုကျေးဇူးဗျ  ။ ကျနော်ရေးချင်တဲ့စာဆို   အဲ့လိုပဲ   ရေးချင်တယ်ပြောမိကော  နာမည်တပ်မခံရပဲ ရေးဖို့ကျတော့  အောင့်သလားလို့  ဘလော့ဂါဆိုတာလည်း  အထာကြီးတွေနဲ့သူတွေလည်းရှိတယ်မို့လား အဲ့အထဲ ကိုယ်လည်းပါတယ်း)
တွေးနေမိတာက
(၁) ဘ၀ဆိုတာ  ထင်တာတွေနဲ့ ဖြစ်လာတာတွေ  ဘယ်တော့မှ ထပ်တူမကျနိုင်ဘူးဆိုတာ  ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေ  ရင့်ကျက်လာတာနဲ့ အမျှပိုပိုသိလာတယ်  ။ တက်ကျိုးရင်  လက်နဲ့လှော်  ဒီနေရာရောက် ဒီ က ကွက်နဲ့က  ဟိုနေရာရောက်တော့ ဟို က ကွက်နဲ့ က  ပေါ့  ဖြေသာရင် နေသာပေမယ့်  ဖြေသာဖို့  အားယူရတာက ခက်တယ် ။
(၂) နေ့ရက်တွေ ကုန်မြန်တာကို  ထူးဆန်းနေတော့တာ   ငါ ဘာမှလည်း မဖြစ်သေးဘူးဆိုတဲ့ အတွေး ခဏခဏ ၀င်နေမိတယ် ။

(၃) ဗေဒင်မယုံတဲ့သူတယောက်ကို ဗေဒင်ထဲမှာပါတဲ့ နေ့စွဲတွေက လှည့်ဖြား ဖမ်းစားနေတဲ့ အကြောင်း (နီးတော့ နီးနေပါပြီစနေဂြိုလ်ဟာ လှလှပပကို ထွက်ခတ် ခတ်နေတာပဲ)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အင်းးမောင်မျိုး  မင်းတစ်ခုခုတော့ လုပ်တော့  ယောင်ပေပေ လုပ်မနေနဲ့ ။

ကျန်းမာရေး
အကောင်းကြီးလည်းမဟုတ်  အဆိုးကြီးလည်းမဟုတ်  ၆ နှစ်ကျော်လောက် တက်လည်းမတက်  ကျလည်းမကျ ပဲ  ထိန်းထားတဲ့  ၄၅ ကီလိုဟာ        ကီလိုလောက်ကျသွားလို့တော်တော်စိတ်ပျက်နေတယ် ။ အိပ်ခန်းမှာ နှစ်နှစ်ခြိုက်ခြိုက်  အိပ်မပျော်တာလည်းပါတယ်  ။ ခုတော့ နေစရာ လည်းအဆင်ပြေ အလုပ်ကလေးလည်းအဆင်ပြေပြီမို့   ပြန်ဂရုစိုက်နေတယ်    အသီးရွက်တွေနဲ့   ကြက်ဥကို အမျိုးမျိုးကြော်စားတယ် ။အိပ်ရေးဝအောင်အိပ်တယ်  ။ ရေများများသောက်နေတယ် ။ စိတ်ကျန်းမာရေးကတော့ တက်လိုက်ကျလိုက်နဲ့ပါပဲ  ပုံသေမဟုတ်  သေချာတာကတော့မရူးသေးဘူး  ရူးရင်လည်း  အချစ်ရူးပဲ  ဖြစ်ချင်တာ ကျန်တာမရူးပါရစေနဲ့   ချစ်ဖူးတယ်  အိုးဟိုး  ကိုယ်မလွယ်ဘူးရူးနိုင်တယ်   အားဟား  အာဟား (  ဦးချစ်ကောင်း)  :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
စာအုပ်တွေက  မဲဆောက်မှာတုန်းက  စင်ကလေးနဲ့ကို ရှိတာ  ပြောင်းတော့ ယူလို့အဆင်မပြေတာနဲ့ မယူခဲ့ရဘူး ။  ကော်ပုံကြီးနဲ့ ထည့်သိမ်းခဲ့ရတယ် ။  ခု ပါလာတာ  ၄ အုပ်ပဲရှိတယ်    အဲ့တာတွေအပြင်   အီးဘွတ် (  အညာသူ အညာသား- ခင်ခင်ထူး၊  စာပေလူကြမ်းသမား အောင်သင်း ၊  ၀င်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲ )  အဲ့တာတွေ ဖတ်နေတယ် ။
ရောက်နေဖြစ်တာက
နေရာသစ်နေတစ်နေရာ  …. အားလုံးအသစ်တွေပဲမို့  အလွဲတွေလည်း အများကြီး  မိုးပျံရထားစီးတော့  လွဲတာလေးပြောပြအုံးမယ်  အသိတစ်ယောက်နဲ့ ချိန်းထားတာ  ဘုန်းကြီးလူနာတစ်ပါး ဆေးလာစစ်တာနဲ့   ကုသိုလ်ဖြစ် စကားပြန်သွားလုပ်ပေးတာပါ  ကားတွေမှားစီးပြီးး တော်တော်ဝေးဝေး ရောက်သွားတယ် ။  တက်စ်စီ  စီးမယ်ဆိုလည်း ကားကြပ်တာနဲ့ ဘယ်လိုမှ  အဆင်မပြေ အဲ့တော့ ရထားတက်စီးရတာပေါ့  ဘယ်နားလက်မှတ်ဖြတ်ပြီး ဘယ်လို စီးရမှန်းလည်းမသိပါဘူး  အဲ့တော့ ကောင်တာမှာသွားမေးတယ် အဲ့အစ်ကိုကလည်း အိပ်ငိုက်နေပြီး   အကြွေစေ့ပဲ  လဲပေးတယ်  ပထမ ၁၀ ဘတ်စေ့  ၂ စေ့ထည့်တယ် ဘာမှလည်းထွက်မလာ  သူ့ကိုပြန်ကြည့်တယ် သူက  ၄ ချောင်းထောင်ပြတယ်  အဲ့တော့ ကဒ်ကလေးထွက်လာတယ်  ရုပ်ရှင်ထဲကကြည့်ထားတဲ့အတိုင်း ခပ်တည်တည်ထည့်လိုက်တယ်  ကဒ်ကလေးပြန်ထွက်လာတယ်  ဒါက ပြသနာမဟုတ်သေး ဆင်းတော့ ကိုယ်ဖြတ်ထားတဲ့ လက်မှတ်နဲ့ ပိုပြီး  တစ်ဘူတာ ပိုစီးမိသွားတယ်  ဘယ်လိုထည့်ထည့်  ကဒ်က ပြန်ထွက်လာပြီး တံခါးက ပွင့်မလာ  ဘယ်အပေါက်က ဆင်းရင်ကောင်းမလဲဆိုပြီး  လိုက်ကြည့်သေးတယ်  ဘယ်မှာမှ  ထွက်လို့မရအောင်လုပ်ထားတယ် တော်တော် လည်တဲ့ဟာတွေ  ။ ဆိုတော့ ကောင်တာသွားပြန်မေးတော့  ငါးဘတ် လိုနေတာနဲ့ ထပ်ပေးလိုက်ရတယ် အဲ့တော့မှ  တံခါးက  ပွင့်တော့တယ်    ကိုယ့်ချင်း ကိုယ့်ချင်းတွေတောင်  ငါးဘတ်လေးနဲ့ တွက်ကြတဲ့ဟာတွေမပြောချင်တော့ဘူးး ။

နားထောင်ဖြစ်နေတာက
ကောင်းကောင်း ရဲ့   ညီမျှခြင်း ဆိုတဲ့ သီချင်းလေးနဲ့  West Life   အဖွဲ့ရဲ့ Try Again ဆိုတဲ့သီချင်းလေးပါ ။

ရွတ်နေမိတဲ့ကဗျာက
ကျနော်က  ကဗျာတွေဆို  အလွတ်မရတာများတယ်  အဲ့တော့   ကိုယ့်ပါသာ ပေါက်ကရရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ကို   တစ်ခါတလေ  ဘောင်တွေများတဲ့ လောကကြီးကို အရွဲ့တိုက်ချင်တိုင်း လုပ်ချင်ရာ လုပ်ပစ်လိုက်ချင်တိုင်း ရွတ်မိ တွေးမိတဲ့ ကဗျာလေးပေါ့  ..
အနိစ္စ ဒုက္ခ အနတ္တ
မြဲချင်မြဲ  မမြဲချင်နေ
မသေခင်တော့ ကဲချင်တာကဲမယ်

ဖြစ်ချင်နေတာက
အလုပ်လည်းမလုပ်ချင်တော့ဘူး  လူတွေအများကြီး တိုးကျိတ်နေတာကို ကြည့်ပြီး မောမောလာတိုင်း တောခြံကလေးတစ်ခြံ အသင့်တင့်အိမ်ကလေးတစ်လုံး နဲ့  အပင်တွေစိုက်  စာအုပ်ကလေးဖတ်ပြီး အေးအေးဆေးဆေး နေချင်တော့တယ်   အဖော်ပါရင်ပိုကောင်းမယ်  ) ( တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရတာပေါ့လို့ ပြောမလို့ပါ )

စားဖြစ်နေတာက
 မရီးလုပ်ထားပေးလိုက်တဲ့ ငါးခြောက်စင်းကြော်၊  အစ်မကြော်ပြီးလုပ်ပေးတဲ့  ချဉ်ပေါင်ရွက်ကြော်  ထမင်းကို   လိုသလောက်ချက် ပြီးတာနဲ့ စားလိုက်တာပါပဲ   အပြင်စာတွေ အရင်ကစားပေမယ့်  ဈေးများပြီး  လူတွေကလည်းတိုးနေရတာနဲ့  မစားဖြစ်တော့ဘူး  မာမားထုတ်တွေတော့ အများကြီး ၀ယ်ထားလိုက်တယ်   ပျင်းရင်  အဲ့တာပဲပြုတ်စားလိုက်တယ် ။
သောက် - မနက်ဆို ကော်င်္ဖီသောက်တယ်  ညဆို  ရေခဲ ၈ ဘတ်ဖိုးဝယ်ပြီး  ဆဲဗင်းက ၀ယ်ထားတဲ့ စတော်ဗယ်ရီ ဖျော်ရည်ဗူးကို  ဖျော်သောက်တယ်  အရမ်းကြိုက်လို့ ။

သနားနေမိတာက
နဂိုကတည်းက သနားဓာတ်ခံရှိတဲ့သူဆိုတော့  ကိုယ့်ကိုယ်ကိုက လွဲပြီး မျက်လုံးထဲ  သနားစရာကောင်းတယ်လို့ ထင်တဲ့သူ တော်တော်များများကို သနားတယ် ။

လွမ်းနေမိတာက
မဲဆောက်က  အိမ်ကလေး  ညနေပိုင်းဆို နေ၀င်ချိန် သိပ်လှတဲ့  နေရာလေးပေါ့ ညပိုင်းဆို  အိမ်အပြင်မှာ ဖုန်းပြောလို့ကောင်း  ၊ စကားထိုင်ပြောလို့ကောင်းတဲ့နေရာလေး  ခုလည်းးတစ်ယောက်တည်း နေရပြန်တော့  အဲ့အိမ်ကလေးမှာတုန်းက  အမေရယ် အဘရယ် တူကလေး ၂ယောက်ရည် ပြီးတော့ ကျနော်ရယ် ဆူညံပွက်လောရိုက်နေတဲ့  အိမ်ကလေးကို လွမ်းတယ် ။

မေ့လျော့ပစ်နေရတာက
၁) ဖြစ်ခဲ့ပြီးတာတွေ အတိတ်ဆိုးဆိုးတွေ  လမ်းကြမ်းတွေအကြောင်း  ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲလို့   ဆရာကြီးလိုလို ဘာလိုလိုနဲ့   မေ့လျော့ပစ်နေရတာ ။အကြောခံရတာတွေ  ကိုလည်း မေ့ပစ်လို့  အဲ့လူတွေကိုတောင် သနားသလိုလိုဖြစ်လို့  ဘာပဲဖြစ်ဖြစ်  အုတ်ရောရော ကျောက်ရောရော  မပါသွားတာကကိုပဲ ကျေးဇူးတင်စရာလို့  ဖြေသိမ့်တွေးတတ်လာတယ် ။ တော်တော်များများကို မေ့ပစ်ထားတာပါပဲ ဖြစ်ခဲ့တာတွေကိုကော ဖြစ်နေတာတွေကိုကော ဖြစ်လာမှာတွေကိုကောပေါ့ မေ့ပစ်သင့်လျှက်နဲ့  မမေ့ပဲ ထားတာတွေကိုလည်း အတင်းမေ့ပစ်ဖို့မကြိုးစားဘူး   အဲ့တာတွေကတော့  ခြွင်းချက်ပေါ့ ။


ခါးသက်နေမိတာက
စကားလုံးချိုချိုလေးတွေနဲ့ မုသားသုံးတတ်တဲ့သူတွေ မြင်တိုင်း ၊ နာမည်ကြီးဖို့ အတင်းလုပ်နေတာတွေမြင်တိုင်း  ၊အမှန်ကို သတ္တိရှိရှိမပြောတော့တဲ့ အရင်လို  စိတ်ထဲရှိတာကို  ၀ိုင်းဒိုင်းမကျဲတော့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ခါးသက်တာပဲ ။ ဒါပေမယ့်  အခါးက  လေရောဂါကိုပျောက်စေတယ်တဲ့  ကျနော်က လေနာရောဂါရှိတော့ အခါးက ကျနော်နဲ့တည့်တယ်  ခါးခါးလေးလည်းကောင်းပါတယ် ။

တမ်းတနေမိတာက
ပြောရင်လည်း ယုံမှာမှ မဟုတ်ပဲ မပြောတော့ဘူး  အချစ်နဲ့ ပက်သက်ပြီး မောင်မျိုး ဘာပြောပြော မယုံတော့တဲ့  ပိတ်သတ်ကြီးကို မုန်းဒယ် ။

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ့်ကိုယ်ကို   ငါအကောင်သေးသေးပိန်ပိန်လေးနဲ့   အလုပ်တွေ တော်တော်စုံအောင်လုပ်နိုင်တာပဲလို့   သနားရင်း  ချီးကျူးမိတယ်
ကြိတ်ပြီးအထင်သေးနေမိတာက
စာသူခိုးတွေ  ။ အရင်တုန်းကလည်း ကြားနေရ မြင်နေရတာပါပဲ   ဒါပေမယ့် အဲ့တာတွေမြင်တိုင်း  အထင်သေးမိတုန်းပဲ  ကိုယ့်မယားမဟုတ်ပဲ  အသားယူပြီး ပေါင်းနေကြတဲ့သူတွေနဲ့တူတယ် ။


ဆန္ဒမရှိတဲ့နေရ
မေတ္တာတရား ခေါင်းပါးးတဲ့ အရပ် 

ဆန္ဒရှိနေတဲ့ကိစ္စ
အကြွေးမြန်မြန်ဆပ်နိုင်ဖို့  

မုန်းတီးနေမိတာက
မရှိပါဘူးလေ  ပြီးတော့   မမုန်းတတ်အောင်လည်း  အမြဲကြိုးစားတယ် ။

ချစ်နေတာက
မနေ့ကတင် ၀ယ်လာတဲ့  အိပ်ယာခင်းအပြာလေးပါ 



စိတ်ပျက်နေမိတာက
အချိန်တစ်ချိန်ထဲကိုပဲ မြန်တယ်လို့ထင်သွားလိုက်    နှေးတယ်လို့ထင်သွားလိုက်နဲ့   ဂနာမငြိမ်ဖြစ်တတ်တဲ့   ကျနော့်ရဲ့ စိတ်ကိုပါ  တကယ်ဆို ဒီအရွယ်ဟာ ထိုက်သင့်တဲ့  တည်ငြိမ်မှုလေးရှိသင့်ပေမယ့်  အပြောင်းလဲတွေ များတဲ့ ကာလမှာ  စိတ်တွေကလည်း   မြန်လိုက်  နှေးလိုက်  ဖြစ်နေတတ်တာကို စိတ်ပျက်မိပါတယ် ။

စွဲလန်းနေမိတာက
ကြည်နူးစရာအချိန်တွေကို ပြန်တွေးရတာကို ကြိုက်တယ် ။  မိသားစုနဲ့ ဆုံတဲ့အချိန်တွေ   ကိုယ့်ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ကိုယ်ကချစ်ခင်တဲ့သူတွေအကြောင်း မကြာမကြာ ပြန်တွေးရတာကို  နှစ်သက်စွဲလန်းပါတယ် ။ 
လိုအပ်နေတာက
အများကြီးပဲ ပြောရင် ကုန်မှာတောင်မဟုတ်   ….း)  
ရောက်နေတဲ့ နေရာက
အသိတစ်ယောက်ပြောတာ မှတ်မိနေတယ် ဟုတ်လား မဟုတ်လားလည်းမသိပါဘူး  ယုံတမ်းစကားတွေ ဖြစ်ချင်လည်းဖြစ်မှာ ဒါပေမယ့် တိုက်ဆိုင်နေလို့  ဦးအောင်ဇေယျက ကျိန်စာတိုက်ထားတယ်တဲ့  သောင်းရင်းမြစ်ကို ဖြတ်ဖူးတဲ့သူတွေဟာ နောင်လည်း ဒီနေရာကို မကြာမကြာ ရောက်ရမယ်တဲ့      ခု ကျနော်လည်း  အဲ့လိုဖြစ်နေတော့တာလားမသိ  သောင်းရင်းရဲ့  ဒီဘက်အခြမ်းမှာ  ကျနော်ရောက်နေပါတယ် .

နက်နက်နဲနဲ ပြန်စဉ်းစားနေမိတာက
စစ်မှန်တဲ့  သံယောဇဉ်တွေအကြောင်း ။

တဂ်ပို့စ်တွေက  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်လို့ပြောတတ်ကြတယ် ။ ဒါပေမယ့်  ဆိုးသာမှ ဆိုးတော့   ကျနော်တို့  ပြန်မတွေးဖြစ်တာလေးတွေကို  တဂ်ပို့်စ်လေးတွေက ပေးတယ် ။  တစ်ချို့မေးးခွန်လေးတွေက   ညဏ်စမ်းဖြေရသလို  တစ်ချို့ကျတော့  ပျော်စရာလေးဖြစ်လိုက်  တစ်ချို့ကျပြန်တော့ လေးလေးနက်နက်တွေးပြီး ဖြေရနဲ့   အတွေးတွေ အများကြီး တစ်ချိန်တည်းဖြစ်စေတယ် ။

ဆက်ပြီးတော့   ကျနော့်ကို စားလုံးပေါင်းတွေ ပြင်ဖို့  အမြဲပြောတဲ့ ရှမ်းလေး နေ၀သန်  ကိုတဂ်ပါတယ် ။



11 comments:

ပစ်ပစ် said...

မောင်မျိုးရေ
ခုတလောကို လာရောက်ခံစားသွားပါတယ်
အမရဲ့ခုတလောကလည်း
တော်တော်လေးခါးသက်နေတာတော့
တူတယ်။..

Lorem Ipsum said...

လာလည်သွားပါတယ်း) ညီမလည်းခါးသက်နေမိတာတွေတော်တော်များနေတယ်..း)

Aunty Tint said...

တဂ်ပို့စ်လေး ကြည်နူးစွာနဲ့ ဖတ်သွားတယ် မောင်မျိုးရေ.. တီတင့်လည်း ခရီးကပြန်ရောက်မှ ရေးဖြစ်တော့မယ်...
မောင်မျိုးကအလုပ်တွေအများကြီးလုပ်တဲ့သူမို့ ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးသွားပါတယ် .. ၀ါသနာတူလို့ ဟိဟိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ွှTagစာလေး လာစား.. အဲ.. လာဖတ်သွားတယ် မောင်မျိုးရေ..။
Tag ပို့စ်တွေဖတ်ရတာ အညောင်းမိနေတဲ့ စိတ်တွေ ပေါ့ပါးလာစေတယ်။ စာရေးသူရဲ့ ရိုးသားတဲ့စိတ်အခံကို လှစ်ခနဲ ပြလိုက်သလိုပဲ..။

သက်ဝေ said...

"တဂ်ပို့စ်တွေက  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်လို့ပြောတတ်ကြတယ် ။ ဒါပေမယ့် ဆိုးသာမှ ဆိုးတော့ ကျနော်တို့  ပြန်မတွေးဖြစ်တာလေးတွေကို တဂ်ပို့်စ်လေးတွေက ပေးတယ်"

အမှန်ပဲ မောင်မျိုးရေ... ကိုယ့်ကိုယ်ကို သတိထားပြီး ပြန်ကြည့်ဖြစ်သွားလို့... အမလည်း ဒီ Tag ပိုစ့်လေးကို စိတ်ရှည်လက်ရှည် ရေးဖြစ်တယ်...း-)

ညိမ်းနိုင် said...

ကောင်းသား....ရေးထားတာလေးက....။အချစ်အကြောင်း
ဘာရေးရေး မယုံတော့တာကတော့ အသေအချာပဲ... :D

ရွှေအိမ်စည် said...

ခုတလော လေးကို တိတ်တိတ်ကလေး လာဖတ်သွားတယ်။
ဖတ်နေရင်း စာရေးသူတွေရဲ့ ခုတလောမှာ အမောတွေ များနေသလို ခံစားရတယ်..။
ကိုယ် လည်းအပါအ၀င် :D ။

Cameron said...

ပြောရင်လည်း ယုံမှာမှ မဟုတ်ပဲ မပြောတော့ဘူး အချစ်နဲ့ ပက်သက်ပြီး မောင်မျိုး ဘာပြောပြော မယုံတော့တဲ့ ပိတ်သတ်ကြီးကို မုန်းဒယ် ။

Maung Myo said...

ပစ်ပစ်..... ခါးသက်နေတဲ့အကြောင်းကတော့ ပြောကိုမပြောနေချင်တော့ဘူးဗျ ပစ်ပစ်လည်းကျနော့်လို အခါးနဲ့တည့်ပါစေဗျာ ။

ဆုမြတ်မိုး.. အခါးလေးတွေ လျော့ပါစေဗျာ ။

တီတင့်... ကိုယ့်ကိုယ်ကို ချီးမွမ်းတာ များလို့ သူများတွေ အမြင်ကပ်နေအုံးမလားမသိး)

မမြသွေးး.... ကျေးဇူးတင်ပါတယ် အစ်မရေ ကျနော်က ရသ တွေ ဘာတွေမရေးတတ်လေတော့ ဒီလိုပဲ ရေးလိုက်တာပါပဲ ။

အစ်မသက်ဝေ ..ဟုတ်တယ် နောက်ဆို အဆင်သင့်ရင် တဂ်ပါအုံးး) ရေး၇တာပေါ့ဗျာ။

ကိုညိမ်းနိုင်.. မယုံလည်းနေပေါ့ ဟွင်းး

မသူသူဟန်..ဟုတ်တယ် မော စရာကြီးကိုဗျ။

မမိုး.... ကော်ပီကူးတယ်ပေါ့လေ မယုံတဲ့သူတွေထဲ သူလည်းပါတယ်ထင်တယ် ။

ဆွေလေးမွန် said...

တစ်ချို့ စာပိုဒ်လေးတွေက ဖတ်ရတာ ကြည်နူးဖို့ ကောင်းတယ်.. တစ်ချို့နေရာလေးတွေကျတော့ ခါးသက်နေပြန်ရော.
စာအုပ်လေးဖတ်ပြီး ခြံလေးစိုက်စားတဲ့ စိတ်ကူးလေတော့ သဘောကျတယ်.

Maung Myo said...

ဆွေလေးမွန်... ဟုတ်ကဲ့ဗျ အဝေးေ၇ာက်သူတွေရဲ့ ခံစားချက်တွေက နီးစပ်တာများတယ်နော် ။ ကိုယ့်စိတ်ကူးလေးတွေ ဖြစ်လာဖို့တော့ ကျနော်တို့ကြိုးစားရမှာပါပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...