Saturday, November 17, 2012

စကားပြန် နှင့် ပါရာစီတမော



ဆိုင်လားမဆိုင်လားတော့ ကျနော်လည်း သေချာမသိ  ဒါပေမယ့်  အဲ့ဒီစကားပြန် တစ်ယောက် မနေ့က  ပါရာ ၂ လုံးလောက်သောက်လိုက်ရတယ်ဆိုတာ ကိုယ်တွေ့ ။  ကိုယ်တွေ့ဆိုလို့  တစ်ခြားသူမှမဟုတ်တာ ကိုယ်တိုင်ဖြစ်နေတာကိုးး)    အဟုတ်ပါ  တစ်ခါတလေ   ရုံးအလုပ်အပြင်  အရေးကြီးဧည့်သည်မျိုး ၊အလာပ သလာပ ဧည့်သည်မျိုးတွေ လာတဲ့  အခါကျ  စကားပြန်လုပ်ပေးရပါတယ် ။  အမှန်ကတော့ မလုပ်ချင်ဘူး ရုံးမှာ ခလေးမသေးသေးလေးတစ်ယောက်ရှိတယ်  သူက  ဒီမှာမွေးတဲ့ သူပါ ။မိဘနှစ်ပါက ကရင်တွေပေါ့  ။ သူက ကရင်စကားလည်းရတယ်  ထိုင်းကျောင်းလည်း  ၄ တန်းလောက်ထိနေဖူးတယ် ။  ဗမာစကားလည်း ပြောတတ်တယ်ပေါ့  ဒါပေမယ့် သူက  လူကြီးတွေနဲ့ စကားပြောရမယ်ဆို  ရှက်တတ်တယ် ဘာလို့ဆို စကားကို စကားအတိုင်းပဲပြောတတ်လို့ပါ ဥပမာ ခရိုင်မှုးနဲ့တွေ့လည်း  သူက ဦးလေးပဲ ဗိုလ်မှုးစောချစ်သူတွေ့လည်းသူက ဦးလေးပဲ ခေါ်တတ်တယ်  စကားကိုလှလှအောင်မပြောတတ်တာ  သူ့ကိုယ်သူ သိတော့  ခလေးမက ဧည့်သည်လာရင်  ဦး ပဲ သွား သမီး စကားပြောတာ မကောင်းဘူး နော်  နော် ဆိုပြီး အတင်းတွန်းထည့်တတ်တယ် ။

တကယ်တော့လေ  စကားပြန်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့သူတွေကို ကျနော် သိပ်ချီးကျူးပါတယ်  ။ကိုယ်တိုင်လုပ်ဖူးတော့  တော်တော်မလွယ်တဲ့အလုပ်ဆိုတာ သတိထားမိတယ်  ဒါတောင် ကျနော်က  ကြုံတဲ့အခါလေးပဲ လုပ်ရတာမို့တော်သေး ။  တစ်ချို့ဧည့်သည်တွေက  တော်တယ်   စကားကို လိုရင်းအချက်လောက်ပဲ ပြောတယ်  အဲ့အခါကျ ကိုယ်လည်းသက်သာတယ် ပြန်ရတာလည်း အဆင်ပြေတယ် တစ်ချို့တွေကျတော့ဘယ်ဟုတ်မလဲ ထင်မြင်ချက်တွေ ယူဆချက်တွေ နိုင်ငံရေး  လူမှုရေးတွေ  ပြောလိုက်များ  သူလည်းပြောပြီး ကျနော်လည်း ငုတ်တုတ်မေ့ကော  ဘယ်က စပြောလို့ပြောရမှန်းမသိတော့ဘူး ဘော့စ်ကို  လိုရင်း  အဓိကလောက်ပဲ ဘာသာပြန်ပေးတာ  သူက မကြည်တဲ့ပုံနဲ့ ``ဟဲ့…သူပြောတာက  အရှည်ကြီး နင်ပြန်တာက တိုတိုလေးလား´´ တဲ့  ကျနော်လည်း   သူပြောတာက  အရှည်ကြီး ဒါပေမယ့် လိုရင်းမရောက်ပဲ ရှည်နေတာလို့ ပြန်ပြောလိုက်တယ် 

အဲ့လိုဧည့်သည်မျိုး  လာရင် နည်းနည်း စကားလေး ကြိုပြောထားလိုက်တယ် `` အစ်ကို  လိုရင်းကိုပဲ အရင်ပြောနော် ထင်မြင်ချက်တွေ ယူဆချက်တွေ ထည့်မပြောနဲ့ ကျနော် ပြန်ရခက်လို့ပါ ´´   ကိုယ်မတတ်တာ မတတ်ဘူးဝန်ခံထားလိုက်တယ်    အရေးကြီးတဲ့ အစည်းဝေးမျိုးတွေကျ  သိပ်ဂရုစိုက်ရပါတယ်   ဥပဒေ အကြောင်းရာမျိုး လုပ်ငန်းအခေါ်အဝေါ် တွေကျ တစ်ခါတလေ  ကျနော်တို့နဲ့ အလှမ်းဝေးတဲ့  စကားမျိုးတွေဆို အခက်ခဲဖြစ်တယ် ပြီးတော့ ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ အများကြီးရှိပါလားလို့လည်း အားမလို  အားမ၇ဖြစ်တယ် ။စကားကတိုက်ရိုက်ပြန်၇င်  နားဝင်မချိုတာမျိုးတွေလည်းရှိတယ်  အဲ့အခါကျ  ကိုယ့်ပါသာ ဖြတ်  ညှပ်  ကပ် လုပ်ရတာပေါ့  အဲ့တာကြောင့်  တတ်နိုင်သလောက်ရှောင်တယ် မလုပ်ချင်ဘူး   အစိုးရပိုင်းနဲ့ဆို ပိုဆိုး မျက်ခွက်ကြီးတွေက  မာတင်းနေပြီး  ကိုယ့်ကိုယ်ပါ တစ်ခါတလေ ဟောက်ထည့်သေးတယ် ။

 ပါရာစီတမော  ရာဇ၀င်က ဒီလို  မနေ့က ဧည့်သည်တစ်ယောက်ရောက်တယ် သူရောက်တာ ၁၀ နာရီကျော်ကျော်  အဲကွန်းမကြိုက်တဲ့ ကျနော်  ထမင်းမစားရသေးတဲ့ ကျနော်  ၁၂  ခွဲလောက်ထိ  အောင့်အီးထိုင်ပြီး  စကားပြန်လုပ်ရတဲ့အဖြစ် တော်တော်တင်းဖို့ကောင်းတယ်  ကျနော့်ဘော့စ်ကလည်း စိတ်မပါလို့  စကားမပြောချင်ရင်  ၁ နာရီ  စိတ်ပါရင်တော့ ၃ နာရီလောက် အနည်းဆုံးကြာတတ်တယ်  ဟိုဘဲကြီးကလည်း သူဥရောပမှာ ဘယ်လိုကြီးပြင်းခဲ့   ဘယ်နိုင်ငံတွေ နေခဲ့ဖူးတယ်ဆိုတာ ဖောင်းနေလိုက်တာ   ကိုယ့်စိတ်ထဲတော့ ကလိကလိနဲ့  ပြီးတော့ ဘိုလိုတွေလည်းမှုတ်   ဒီကတစ်ယောက်ကလည်း အားကျမခံ ဘိုလိုပြန်ပက်  အသံထွက်ချင်းက မတူတော့ ကိုယ်က  ကြားက  ၀င်ဖြေရှင်း  အားပါးပါး ခေါင်းတွေပါကိုက်တယ်    ၁၂ ခွဲလောက်ကျတော့  ဗိုက်က  အရမ်းစာနေပြီ  တော်သေးတာပေါ့ ဘော့စ်က နာရီကြည့်လိုက်လို့   ထမင်းသွားစာရအောင်ဆိုပြီးအပြင်ထွက်စားကြတာ  ၀ဋ်ကျွတ်ပြီထင်နေတာ  ဘယ်ဟုတ်မလဲ  ဆိုင်ေ၇ာက်တော့ အစားသောက်အကြောင်းပါ ဆက်ပွားကြသေးတာ ကိုယ်လည်း ခေါင်းတွေ မူးလာတော့ ဆိုင်ကြော်ငြာရိုက်နေတဲ့ မင်းသမီးလား ဘာလားမသိ  သေချာပြင်ဆင်ထားတဲ့ ပုံလေးပဲ ချစ်စရာကောင်းလို့  ငေးလိုက်တာ  `` ဟဲ့…ဒီမှာကြည့်လေ  ဘာငေးနေတာတုန်း ´´  တဲ့  အော်…ဘ၀ ဘ၀  ငမ်းတာတောင် လွတ်လွတ်လပ်လပ်  မငမ်းရတဲ့  ဘ၀ပါလားနော်   ဆိုင်က ပြန်လာတော့  ၃နာရီကျော်ပြီ   မနေ့က အလုပ်လည်း ဟုတ်တိပတ်တိ သိပ်မများပဲ  ခေါင်းကိုက်သွားလို့  ပါရာတစ်လုံးသောက်လိုက်ရတယ် ။ ညနေရုံးဆင်း  သင်တန်း  ၂ နာရီ သွားဆက်တတ်တော့  ခေါင်းကပြန်ကိုက်ပြန်ကော  အဲကွန်းမတည့်ဲ အကြာကြီးထိုင်ရ ဆိုတော့ ညက နှာလည်းစီး  ခေါင်းလည်းနောက်   ရေအစောကြီးချိုးပြီး ဆေးသောက်  အိပ်ပစ်လိုက်တယ် ။

စကားပြန်အလုပ် လုပ်ရတာများ  ကျန်တာတွေ  ခေါင်းကိုက်ရပေမယ့် ဖြတ် ညှပ် ကပ်  လုပ်တတ်လွန်းလို့ ရွှေပြည်ကြီးပြန်ရင်  အပ်ချုပ်ဆိုင်တောင် ပြန်ဖွင့်စားလို့ရလောက်ပြီ ။





7 comments:

ညီလင်းသစ် said...

ဟားဟားဟား... သဘောတကျနဲ့ အော်ရီသွားတယ် ညီရေ...၊းD

ခေါင်းကိုက်တာအတွက် စိတ်မကောင်းပေမယ့် မပြီးနိုင်မစီးနိုင် စကားလုံးတွေကြားမှာ ဗိုက်ကဆာ၊ စိတ်တွေတို၊ ငေးချင်တာလေး ငေးမရ..၊ တစ်ယောက်တည်း ဒုက္ခ များနေပုံကို မြင်ယောင်ကြည့်ပြီးတော့ပါ..၊ ဟုတ်တယ်ဗျ၊ ဘေးမှာ ကိုယ့်စကားကို ပြန်ပေးမယ့်သူ တစ်ယောက် ရှိပါလား ဆိုတာကို ဂရုမစိုက်ဘဲ တစ်ခါပြော ဝတ္ထုတစ်ပုဒ်စာလောက် ဆက်တိုက်ပြော သူတွေနဲ့ဆို တကယ့်မလွယ်ကြော...၊ အဲဒီလို လူတွေက ညီ့စကားနဲ့မှ ကိုက်မယ်၊ ဘာတဲ့..'လိုရင်းမရောက်ဘဲ ရှည်နေတာ..' တဲ့...။းD

mstint said...

စိတ်ရှည် သည်းခံ လိုရင်း တိုရှင်းတဲ့ စကားပြန်မို့ အားကိုးတာ ဖြစ်မှာပေါ့ မောင်မျိုးရေ။ ဘော့စ် ကိုကျေးဇူးတင်ရမယ် နာရီကြည့်ဖော်ရလို့ ဟိဟိ
Fighting !!! :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Maung Myo said...

ကိုညီ... အစ်ကိုကတော့ ညီ့အကြောင်းလေးတွေ ဘာပဲရေးရေး သဘောကျ နှစ်သက်တတ်တာတွေ့လို့ ၀မ်းသာပါတယ်ဗျား) ဒီပို့စ်ရေးတော့ ညီ့အကြောင်းတွေသိပ်မဖတ်ရတော့ဘူး လို့ပြောဖူးတဲံ့ အစ်ကို့ကို သွားသတိရမိသေး ။ အဲ့နေ့ကတော့ တော်တော် စိတ်ညစ်ရတဲ့နေ့ဗျ တိုက်တိုက်ဆိုင်ဆိုင် ညီ ဒီပို့စ်ရေးတုန်း အဲ့ဧည့်သည်ဦးလေးကြီး ဖုန်းဆက်သေးတယ်း))။

တီတင့်... ဟုတ်သား ကျေးဇူးတင်ရအုံးမယ် မဟုတ်ရင် ကျနော်တော့ ဗိုက်ကဆာ အဲလ်ကအေး စိတ်ကတိုနဲ့ ဘာတွေဆက်ဖြစ်မလဲမသိဘူးး)

မေဓာဝီ said...

ခေါင်းကိုက်တတ်တဲ့ ဘာသာပြန်ဆရာလေးကို ကွန်နက်ရှင် မကောင်းတဲ့ကြားက လာပြီး ခဏ ဖက်ထားပေးတယ်နော်။ xxx

အစစ အဆင်ပြေပါစေ ...

မမေ

မေဓာဝီ said...

ခေါင်းကိုက်တတ်တဲ့ ဘာသာပြန်ဆရာလေးကို ကွန်နက်ရှင် မကောင်းတဲ့ကြားက လာပြီး ခဏ ဖက်ထားပေးတယ်နော်။ xxx

အစစ အဆင်ပြေပါစေ ...

မမေ

မေဓာဝီ said...

အဲ ... ကွန်နက်ရှင်ကြောင့် ၂ ခါတောင် ဖက်မိသွားပြီ။ :))

San San Htun said...

စကားပြန်လုပ်ရတာ မလွယ်ပါလားနော်..ကျန်းမာရေး ဂရုစိုက် မောင်မျိုး...

LinkWithin

Related Posts Plugin for WordPress, Blogger...