Thursday, November 1, 2012

မင်းမှုထမ်း

Paul Burrel ရဲ့ A Royal Duty ကို ဆရာကြီးဦးဝင်းငြိမ်းက ရွှေအမြုတေမှာ အခန်းဆက်ဖော်ပြဖူးတယ် ။ အဲ့ဒီကတည်းက တစ်ချို့လတွေဖတ်ရ တစ်ချို့လတွေ မဖတ်ရနဲ့မို့ စိတ်က အားမရခဲ့ဘူး ။ လိုချင်တဲ့စာအုပ်ဆို သဲသဲမဲမဲဖြစ်မိတဲ့ ကိုယ် ရန်ကုန်ရောက်တုန်း ဒီစာအုပ်ကို ၀ယ်လိုက်တယ် တကယ်တော့ ၅၅၀၀ ဆိုတဲ့ ဈေးက များပေမယ့် လိုချင်လွန်းလို့သာ စွန့်စားဝယ်လိုက်တယ် ကျိုက်ထို ပြန်ဖို့ကားခ အပြင် လက်ထဲ မရှိတော့တဲ့ ကိုယ့်ကို တက်စီကရှင်းပေး လမ်းမှာ စားဖို့သောက်ဖို့အိတ်ကပ်ထဲ အတင်းထိုးထည့်ပေးကြတဲ့ သူငယ်ချင်းမိုင်ရာနဲ့ ညီလေးရှင်းသန့် တို့ကို စာအုပ်စင်မှာ ဒီစာအုပ်ကလေးကိုတွေ့တိုင်း သူတို့ကို အမှတ်တရကျေးဇူးတင် သတိရမိပါတယ် ။


 ဒိုင်ယာနာမင်းသမီး သူမလို စိတ်နှလုံးသား မြင့်မြတ်တဲ့ တော်ဝင်မင်းသမီးတစ်ပါးရဲ့အကြောင်းကို ကိုယ့်လိုတောသားက စိတ်ဝင်တစားရှိတယ်ဆိုတာ နည်းနည်းတော့ လွဲနေမှာ ။ ဒိုင်ယာနာနဲ့ပက်သက်တဲ့ စာအုပ် ၃ အုပ်ဖတ်ဖူးပါတယ် ။ ရွှေကူမေနှင်းရဲ့ သုံးပွင့်ဆိုင်အချစ် တော်ဝင်မိသားစုဘက်က လိုက်ရေးထားတယ်လို့ ခံစားမိတာမို့ သိပ်မကြိုက်မိဘူး ။ ပြီးတော့ ဂျိမ်းဟေးဝစ် ရဲ့ Love and War အကြောင်းရာတင်ဆက်ပုံက ညံ့လွန်းတာမို့ အာသာမတွေ့ပြန်ဘူး ။ ခုတော့ ဒီမင်းမှုထမ်းစာအုပ်က စာအုပ်ဆို ဖတ်ရင်းမကြိုက်တော့တဲ့အခါ ဘယ်လောက်ကောင်းတယ်ဆိုဆို ဆက်မဖတ်တော့တဲ့ ကိုယ့်ကို အစမှ အဆုံးတိုင်း ဆွဲခေါ်သွားတော့တယ် ။ ပေါလ်ရဲ့ အကြောင်းရာ တစ်ခုစီတိုင်းမှာ အကြောင်းရာတင်ဆက်ပုံနဲ့ ဇတ်ကြောင်းပြန်ပြောပြတဲ့ လိုတိုရှင်းဝါကျတွေက တကယ်ပဲထိမိလွန်းတယ် ။ စာမျက်နှာ ၅၀၀ ကျော်ရှိတဲ့စာအုပ်တစ်အုပ်က စာဖတ်သူကို ပျင်းရိမသွားစေတာပဲ သူ့ရဲ့ စာပေအရေးသားက လေးစားစရာ ။ 


 စာအုပ်ရဲ့ ပထမဆုံးအဖွင့်ကတင် စိတ်ဝင်စားမှုအပြည့်နဲ့ မင်းသမီးက ပေါလ်ကိုနောက်ဆုံးပြောခဲ့တဲ့စကားနဲ့ဖွင့်ထားပါတယ် ။`` ကျွန်မတို့တွေ့တော့မှပဲ ပြောပြစရာတွေ အများကြီး ပြောပြမယ် ၊ ဒီစကားသံဟာ ကျနော်နောက်ဆုံးကြားခဲ့ရတဲ့ မင်းသမီးရဲ့ အသံပါပဲ ´´ ။ ရွှေနန်းတော်ကြီးကို ပထမဆုံးရောက်လာတဲ့ တစ်ချိန်မှာ သူ့ရဲ့ ဘော့စ်ဖြစ်လာမယ့် ၁၉နှစ် အရွယ် မိန်းခလေးနဲ့ ပေါလ်ရဲ့ ဆုံတွေ့ခန်းက ``မျက်စိလည်နေလို့လားခင်ဗျား ´´ ၊ ``ဟုတ်ကဲ့…ကျွန်မ လမ်းပျောက်နေလို့ပါ ကျွန်မ အခန်းကို ပြန်ရောက်အောင် လိုက်ပို့လို့များ ရနိုင်မလား ´´ တဲ့ ရိုကျိုးတဲ့ မင်းမှုထမ်းနဲ့ မာနကင်းတဲ့ မင်းသမီးရဲ့ တွေ့ဆုံခန်းက တကယ်ကိုပဲ ရိုးရှင်းစွာနဲ့ ။ စာမျက်နှာ ၂၀၀ နီးပါးလောက်ထိ ပေါလ်ရဲ့ မင်းမှုထမ်း ဘ၀အစ ၊ ဘုရင်မကြီးးအနားမှာ အမှုထမ်းခဲ့တုန်းက သူ့ရဲ့ အတွေ့အကြုံ ပြီးတော့ သူ့ရဲ့ငယ်ဘ၀အစတွေကိုရေးထားပါတယ် ။


 ဒီစာအုပ်ဟာ တော်ဝင်မိသားစုတွေအပါး ခစားကြရတဲ့ အမှုထမ်းတွေရဲ့ ဘ၀က တာဝန်ပေါင်းများစွာ ၊ အတွေ့ကြုံသစ်ပေါင်းများစွာနဲ့ ဆိုတာ တွေ့နိုင်သလို ကိုယ်ပိုင်ခံစားချက်နဲ့ဆိုရင်တော့ တစ်ချို့နေရာတွေမှာ ရိုးရိုးသာမန်ကိစ္စလေးတွေကို အကျယ်ချဲ့လွန်းတဲ့ တော်ဝင်အသိုင်းဝိုင်းအကြောင်းကို ဖတ်ရတာ စိတ်ထဲ တစ်မျိုးကြီး ။ ပြီးတော့ မီဒီယာအင်အားကလည်း တော်ဝင်မိသားစုအကြား ကြောက်စရာကောင်းလွန်းစွာ ။ ဒိုင်ယာနာရဲ့ အိမ်ထောင်ရေး အက်ကွဲကြောင်းမှာ မီဒီယာကလည်း တရားခံတစ်ယောက်ပါပဲ ။ ကိုယ့် ဂျာနယ်စောင်ရေရောင်းရဖို့အတွက် တစ်ပါးသူရဲ့ အကြောင်းကို ခုတုံးလုပ်တဲ့ မီဒီယာလောကသားများအကြောင်း ။ အဲ့လိုပဲ ဒိုင်ယာနာကလည်း မီဒီယာကို အသုံးချလို့ တော်ဝင်မိသားစုက သူမကိုပစ်ပယ်ထားပေမယ့် ပြန်ပြီးသတိထားလာမိအောင် လုပ်ခဲ့တာတွေကိုလည်း တွေ့ရမှာပါ ။ 


 မင်းမှုထမ်း ပေါလ် ကို ပတ်ဝန်းကျင်က ဒိုင်ယာနာ ရဲ့ ကျောက်ဆောင်ကြီးကို ခနဲ့ကြလေရဲ့ ဒိုင်ယာနာကတော့ သူ့ကို ရှင်ကတော့ ကျွန်မဘ၀ရဲ့ တတိယမျက်လုံးပါပဲ ပေါလ်ရယ် တဲ့ ။သူဟာတကယ်ပဲ သူ့သခင်မအပေါ်မှာ သစ္စာရှိခဲ့ပါတယ် ။သူ့ရဲ့ အားလက်၇က်မိသားစု အပန်းဖြေနေ့ရက်တွေမှာတောင် မင်းသမီးရဲ့ ရင်ဖွင့်စကားတွေကို အချိန်ပေးနားထောင်ပေးတာမို့ ဇနီးသည်ရဲ့ ငြိုငြင်မှုကိုတောင် ခံရတတ်ပါသေးတယ် ။ ပေါလ်ကတော့ သူ့ရဲ့ မင်းမှုထမ်းဘ၀ကို မစ္စစ်ဝီဆင် ရဲ့ Gosford Park ရုပ်ရှင်ကားထဲက စကားကို အကြွင်းမဲ့ လက်ခံထားတယ် `` ကျွန်ကောင်းတစ်ယောက်အတွက် ကိုယ်ပိုင်ဘ၀ဆိုတာ ဘယ်တော့မှ မရှိဘူး ´´တဲ့ ဟုတ်ပါတယ် ပေါလ်အတွက် ကိုယ်ပိုင်အချိန်တွေ တကယ်ပဲရှားပါးခဲ့တယ် ။ ဒီစာအုပ်မှာ နောက်ပိုင်းအကြောင်းရာတွေက ပိုပြီးဇတ်ရှိန်မြင့်ပါတယ် ။ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ နန်းတော်က ကြေငြာချက်တစ်စောင်ထုတ်ခဲ့ပါတယ် ။ ဝေလမင်းသမီးဒိုင်ယာနာက ချားလ်စ်မင်းသားရဲ့ မေတ္တာရပ်ခံချက်အရ ကွားရှင်းပြတ်စဲဖို့ သဘောတူလိုက်ကြောင်း ။ မင်းသမီး ဘက်တော်သားဖြစ်တဲ့ စာဖတ်သူ ကိုယ်ကတော့ ဒီကြေငြာချက်ကြီးကိုကတင် တစ်ဖက်သတ်ဆန်နေသလားလို့ သိပ်တော့လည်းမထူးဆန်းလှပါဘူးလေ လောကကြီးကိုက မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြတယ်မဟုတ်လား ။ တစ်ခုလပ်မလေး ခင်ပွန်းသည်ရဲ့ ဖောက်ပြန်မှုကို အမုန်းတွေနဲ့ တုံ့ပြန်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် နန်းတော်ကြီးထဲမှာ မနာလိုမှုပေါင်းများစွာ ၊ မုန်းတီးမှုပေါင်းများစွာထဲမှာ သူမဘယ်လိုရပ်တည်မှာပါလိမ့် ။ ပေါလ်ကတော့ သူမ ဘ၀ရဲ့ဒီရေ အတက်ကျတွေတိုင်းမှာ သူမနဲ့အတူအမြဲရှိနေခဲ့တယ် သူဟာ သူ့ရဲ့သခင်မအတွက်တော့ အစစ်မှန် မင်းမှုထမ်းကောင်းတစ်ယောက်ပေါ့ ။ အကြောင်းရာတစ်ချို့ကိုလည်း စာဖတ်သူကို ပေါလ်က ၀ှက်ဖဲကလေးတွေနဲ့ ချပြသွားလေရဲ့ ဒိုင်ယာနာ ရဲ့ နားခိုရာ အချစ်ရိပ်တစ်ခုအကြောင်း ….။ 

 
ကွာရှင်းပြတ်စဲပြီးတဲ့နောက် ဘုန်းတော်ကြီးမြတ်လှသော ဆိုတဲ့ ဘွဲ့ကိုရုပ်သိမ်းခံလိုက်တဲ့ သူမ ကို သားတော်ဝီလျှံက `` စိတ်မပူပါနဲ့ မာမီရယ်၊ သားရှင်ဘုရင်ဖြစ်တဲ့ တစ်နေ့ကျရင် မာမီ့ကို အဲ့ဒီဘွဲ့ပြန်ပေးမှာပေါ့ ´´တဲ့ သူမ အဲ့ဒီစကားကြားတော့ မျက်၇ည်မဆယ်နိုင်ဖြစ်ခဲ့ရတယ် ။ သားဆိုတာ မိခင်တွေအတွက်တော့ အား ပါပဲ အဲ့ဒီလိုပါပဲ မိခင်ဆိုတာ သားတွေအတွက်တော့ နားခိုရိပ်ကလေးတစ်ခုပေါ့ ။ စိတ်တွေ ယိုင်နဲ့လာတဲ့ မင်းသမီးကတော့ လူမှုရေးလုပ်ငန်းတွေနဲ့ သူမရဲ့ ဘ၀ကို ပြန်တည့်မတ်နိုင်ခဲ့တယ် ။လူမှုရေးလုပ်ငန်းတွေအပေါ် သူမ လုပ်ကိုင်ဖြစ်ဖို့ဖြစ်လာတဲ့ ခွန်အားပေးစာလေးကိုတော့ ပေါလ်ကို ဒိုင်ယာနာက ရေးလိုက်တဲ့စာ ပါကစ္စတန်နိုင်ငံရဲ့ အကျော်အမော်ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆာမိုလ်ဘမ် အာဘာ့လ် ရဲ့ စာသားကို ကိုးကားလို့ပါ .. ဘုရားသခင်ကို နှစ်သက်တဲ့သူတွေအများကြီးရှိပါတယ် သူတို့က တောတွေ ၊တောင်တွေ လှည့်လည်ပြီး ရှာဖွေနေကြပါတယ်။ ကျွန်တော်ကတော့ ဘုရားသခင်ကိုချစ်တဲ့သူတွေထက် ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားများကို ချစ်တဲ့သူတွေကိုသာ ချစ်ပါတယ် ´´တဲ့ ။ အဲ့ဒီစကားကို ယုံကြည်လက်ခံတဲ့သူမ လူသားမျိုးနွယ်အတွက် ကြိုးစားလုပ်ဆောင်ခဲ့တယ် ။ ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ အင်ဂိုလာ နိုင်ငံမှာ သူမကိုယ်တိုင် တုတ်တစ်ချောင်းနဲ့ မြေမြှုပ်မိုင်းဆန့်ကျင်ရေးမှာ ဦးဆောင်ခဲ့ပါတယ် ။ ဒီလို သူမရဲ့ လုပ်ရပ်တွေကို အကောင်းမမြင်နိုင်တဲ့ အင်္ဂလန်ဇာနယ်စင်းတွေကတော့ သူမကို ဦးတည်ရာမဲ့လေလွင့်နေတဲ့ ကင်ပွန်းတပ်ကြတာနဲ့ ပက်သက်ပြီး သူမ ပြန်ဖြေခဲ့တာလေးက ခပ်ရှင်းရှင်းပါပဲ ။ ``ကျွန်မ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတစ်ခုကို လုပ်တာပါ နောင်လည်း ဆက်လုပ်သွားဦးမှာပါပဲ ´´လို့ဖြေကြားခဲ့ပါတယ် ။ 


 ဒီစာအုပ်ကို ရီဗြူးပုံစံလေးရေးဖို့တွေးထားတာကြာပေမယ့် အကြောင်းရာပိုင်းက သိပ်ကိုကျယ်ပြန့်လွန်းတာမို့ရေးရ တော်တော်ခက်ပါတယ် ။ စာအုပ်ကိုဖတ်ပြီး စိတ်ထဲစွဲထင်နေတဲ့ အကြောင်းရာလေးတွေလည်းရှိပါသေးတယ် ။ အင်တာဗျူးတစ်ခုမှာ ဂျိမ်းဟေးဝစ်ကို သူမတကယ်ပဲ ချစ်ခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မရဲ့ အိမ်ထောင်ရေးက ၃ယောက်ပေါင်းနေရတဲ့ အိမ်ထောင်တစ်ခုနဲ့တူပါတယ်လို့ ပြန်ဖြေထားတာလေးတွေပါ ဘယ်အခန်းမှာ ပြောခဲ့တာလဲ ဆိုတာ ပြန်ရှာတဲ့အခါမှာတော့ ဘယ်နားမှာမှန်းမမှတ်မိတော့ပါဘူးး) ။ ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ မနက် ၄ နာရီမှာတော့ မင်းသမီးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်တဲ့ သူ့ရဲ့ သခင်မ လောကကြီးမှာ မရှိတော့ဘူးဆိုတဲ့ သိလိုက်ရတဲ့အချိန်မှာ စောင့်တည်ရာမရဖြစ်မိတဲ့ ပေါလ်ရဲ့ ခံစားချက် ၊ ၀မ်းနည်းရင်းနဲ့ပဲ သခင်မရဲ့ နာရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ အကြောင်းတွေ၊ သစ္စာရှိခဲ့တဲ့ သူ့ရဲ့ မင်းမှုထမ်းဘ၀ကို ၂၀၀၂ ခုနှစ်မှာ တော်ဝင်မင်းသမီးတစ်ပါးရဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အမှုစွဲတဲ့အကြောင်း နဲ့ နိုင်ငံရဲ့ တရားစီရင်းရေးတွေမှာ ဘယ်တော့မှ ၀င်မစွက်ဖက်ခဲ့တဲ့ ဘုရင်မကြီး ကိုယ်တိုင်က သူ့ရဲ့ အမှုမှာ လွတ်မြောက်ဖို့ ပါဝင်ခဲ့တာတွေကို ရေးထားပါတယ် ။


တရားရုံးက သူ့ကို တရားခံစာရင်းက ပယ်ဖျက်ခဲ့ပေမယ့် သူ့ရဲ့ရင်ထဲမှာတော့ ဝေလမင်းသမီး ဒိုင်ယာနာဟာ ဆိုတဲ့ အမည်ကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့မရနိုင်ပါဘူးတဲ့ ။ သူက ပြောထားသေးတယ် ကျွန်တော်ဟာ ကျွန်တော့်သခင်မ အပေါ်တကယ်ပဲ သစ္စာရှိခဲ့ပါတယ်တဲ့ ။ ဘယ်သူတွေ ဘာပြောပြော ပေါလ်ရဲ့ ရင်ထဲကနေဘယ်သူမှ ထုတ်ပယ်လို့မရနိုင်တဲ့စာတစ်စောင် ရှိနေပါတယ် မင်းသမီးမကွယ်လွန်ခင် တစ်လလောက်အလိုမှာ မင်းသမီးရေးခဲ့တဲ့စာပါ ။ ဒီစာလေးနဲ့ပဲ ဒီစာအုပ်ကို ပေါလ်က နိဂုံးချုပ်သွားလေရဲ့ ……………… 



ပေါလ်ရေ….
ရှင်က ကျွန်မအတွက်  တတိယမျက်လုံးလိုဖြစ်နေတာကြောင့် ဒီရက်သတ္တပတ်ဟာ  အရမ်းအရေးကြီးတယ်ဆိုတာ ရှင်သိနေမှာပါ

နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ ဘယ်လောက်၇င်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတာကိုလည်းရှင်သိနေတာဆိုတော့  အထူးပြောဖို့ လိုမယ်မထင်ဘူးနော် ဒီကိစ္စက ရှင် နဲ့ ကျွန်မသာ   သိတဲ့  လျှို့ဝှက်ချက်နော်

ရှင်ဟာလေ ..တကယ့်ကို ထူးချွန်တဲ့  လူတစ်ယောက်ပါ ကျွန်မ မေးသမျှ  မေးခွန်းတိုင်းကို မညည်းမညူ ဖြေပေးတဲ့အပြင်  ပြောသမျှတွေဟာလည်း  အမှန်တွေချည်းဆိုတာ ကျွန်မ ၀န်ခံပါတယ်

ကျွန်မ ဘ၀ရဲ့ မှောင်မိုက်တဲ့ ကာလတွေမှာ ရှင့်ပံ့ပိုးမှုတွေသာ မပါဘူးဆိုရင် ကျွန်မ ဘယ်လောက်ခံစားရမလဲဆိုတာမတွေးတတ်အောင်ပါပဲ

အခုတော့ ကျွန်မ ဘ၀ရဲ့ ဒီရေအတက်အကျဟာလည်း ပြောင်းလဲခဲ့ပါပြီ   ရှေ့လျှောက်ပြီး  ကျွန်မပျော်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်   ကျေးဇူးပါ  ပေါလ်ရယ် ရှင်ဟာ ကျွန်မရှေ့မှာ ရဲတိုက်ကြီးတစ်ခုလို မားမားမတ်မတ် ရပ်ပေးခဲ့တဲ့အတွက်  အထူးကျေးဇူးပါ

အချစ်များနဲ့
ဒိုင်ယာနာ ………



 လျှို့ဝှက်ချက်တဲ့။ 
ဘာလျှို့ဝှက်ချက် ပါလိမ့် ။


 P.S = စိတ်ဝင်စားစရာ အပြည့်နဲ့ စာအုပ်ကောင်းတစ်အုပ်ကို ပြန်ခံစားပြီးရေးတဲ့အခါ စာဖတ်သူတွေ အာသာမတွေ့ရင် စာရေးသူ ကျွန်တော့ အပြစ်သာဖြစ်မှာပါ ။ ဒါပေမယ့် မိတ်ဆွေတွေမဖတ်ရသေးဘူးဆိုရင်တော့ ဒီစာအုပ်လေးဟာ ခဏခဏပြန်ဖတ်ချင်စိတ်ဖြစ်မိမယ့် စာအုပ်ကောင်းကလေးပါပဲ ။ စာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ။


12 comments:

ညီလင်းသစ် said...

ဒီစာအုပ် အကြောင်းတော့ ထွက်ကာစတုန်းက ကြားလိုက်မိတယ်ဗျ..၊ တော်ဝင်မိသားစု အတွင်းမှာ မြင်တတ်မယ်ဆိုရင် သံဝေဂ ရစရာတွေ အများကြီးပါပဲ၊ ရီဗျူးလေး ကောင်းတာနဲ့ ဖတ်ချင်စိတ်တွေ ဖြစ်သွားခဲ့ပြီ...။း)

Anonymous said...

စာအုပ်လက်ဆောင်ရရင် ကောင်းမှာ

နှင်းနဲ့မာယာ said...

ဝယ်ပီးသားလူဆီက ငှားဖတ်ရမလားလို့ကိုမျိုးရေ။

မနှင်း

An Asian Tour Operator said...

စိတ်ဝင်စား စရာပဲ..

:P said...

အခန်းဆက်တော့ ပြတ်တောင်း ပြတ်တောင်းဖတ်ဖူးတယ်.. မောင်မျိုးရေ
မောင်မျိုး ရီဗျူးရေးတော့ တစ်အုပ်လုံး ထိုင်ဖတ်ချင်စိတ်တွေ ပေါ်လာပြီ...။

မစဒက

ညိမ်းနိုင် said...

ရွှေမှာ လစဉ်မပျက်စောင့်ဖတ်ခဲ့ရတာက မင်းမှုထမ်းရယ်၊
မအိမ်ကံရယ်လေ....၊ဒိုင်ယာနာကို ငယ်ကတည်းကသိပ်
ချစ်တာ.....ဘာကြောင့်မဆိုနိုင်ဘူး...၊ကိုယ့်အမေကသိပ်
သဘောကျလို့ လိုက်ချစ်မိတာဖြစ်မယ်....၊ညီရေးထား
တဲံ ရီဗျူးလေးဖတ်ပြီး အဲ့စာအုပ်ပြန်ဖတ်ချင်လိုက်တာ....။

rose of sharon said...

စိတ်ဝင်စားဖို့ကောင်းတဲ့... ဖတ်သင့်တဲ့စာအုပ်လေးဘဲနော်..ရန်ကုန်ပြန်ရင်ဝယ်ဖတ်မယ်... ကျေးဇူးနော်...

နှင်းနဲ့မာယာ said...

ဒီမှာ ဝယ်လို့မရဘူး ရှိဘူးတဲ့။ ကိုမျိုးဆီက ငှားရမယ်။
မနှင်း

မလေး အိမ့်ချမ်းမြေ့ said...

``ဟုတ်ကဲ့…ကျွန်မ လမ်းပျောက်နေလို့ပါ ကျွန်မ အခန်းကို ပြန်ရောက်အောင် လိုက်ပို့လို့များ ရနိုင်မလား ´´
တောထဲတောင်ထဲဆိုဟုတ်သေးနော်... ကိုယ့်ရဲတိုက်ကြီးထဲမှာ ကိုယ်လမ်းပျောက်နေတာကို ..
She'd been pretty seductive since she was 19.

အဘိုးကြီးတွေလည်း ကမ္ဘာကုန်သည်အထိ သင်ခဏ်းစာ မရကြတော့ဘူးထင်တယ်။ ရာဇဝင်ထဲမှာ မှားခဲ့တဲ့အမှားတွေကိုလည်း ထပ်ခါထပ်ခါ မှားတတ်ကြတယ်။ မိန်းမငယ်ငယ်လေးတွေယူပြီး ရင်မှာမီးကိုပိုက်နေရတာ ဘယ်၂ယောက်ရှိနေကြပြီလဲ။ တစ်ကယ်ကို လှတာမက်လို့ ညစာခက်လည်း ဆက်လက်အငတ်ခံနေကြဦးမယ်ထင်ရဲ့။

ဒိုင်ယာနာဟာ သူ့ယောင်္ကျားထက်ငယ်တဲ့ ယောင်္ကျားတွေကို ကားနောက်ဖုံးထဲထည့်လာပြီး ရဲတိုက်ကြီးထဲ ခေါ်သွားတာတွေ ရဲတိုက် security ကင်မရာကနေ မြင်နေရတဲ့ ချားလ်ရဲ့ ရင်တွေ ဘယ်လိုနေလိမ့်မလဲ...

နောက်ဆုံးတော့ သူတို့မနှစ်သက်တဲ့ ဘာသာခြားယောင်္ကျားတစ်ယောက်နဲ့ ယူတော့မယ်ဆိုတော့ အပျောက်ရှင်းလိုက်ကြပုံရတယ်လို့ ဆိုတယ်။ အခုထိ ဒိုင်ယာနာစီးတဲ့ကားကို နန်းတော်က ဂိုဒေါင်ထဲမှာပဲ ထားတယ်၊ သက်ဆိုင်ရာကို မအပ်ဘူး။ (တရားဥပဒေစိုးမိုးရေး???)

အလှနတ်ဘုရားမ ဒိုင်ယာနာဘက်က ကမ္ဘာတစ်ခြမ်းကျော်ကျော်က ရပ်တည်နေတဲ့အချိန်မှာ အကြိမ်ကြိမ်သစ္စာဖောက်ခံရတဲ့ အဘိုးကြီးချားလ်စ်ကတော့ သူ့ကိုနားလည်မယ့် သူနဲ့အတွေးခေါ်ချင်းရင်ဘောင်တန်းနိုင်မယ့် အဘွားကြီးကမစ်လာနဲ့ လက်ဆက်သွားတော အဘွားကြီးကမစ်လာဟာ စုန်းမကြီးဖြစ်လို့သွားတော့တယ်။ (အဘိုးကြီးချားလ်စ်ဟာ ဒိုင်ယာနာလို ချစ်သူတွေအများကြီးထားပြီး ဒိုင်ယာနာ့အပေါ်သစ္စာမဲ့တာမဟုတ်ဘူး၊ ကမစ်လာနဲ့ပဲ တွဲခဲ့တာလို့ ဆိုတယ်)။

ကမ္ဘာတလွှားက လူတွေကိုဖမ်းစားနိုင်တဲ့.... ဘယ်နေရာသွားသွား ကြာမျက်လုံးကြီးတွေနဲ့ လှန်လှန်ကြည့်တတ်တဲ့ ဒိုင်ယာနာ။ ရာဇအိနြေ္ဒကန့်လန့်ကာနောက်က ကြာမျက်ဝန်းကြီးတွေ...။ ဆယ်ကျော်သက်ထဲက ထိုမျက်လုံးကြီးတွေနဲ့ ရင်းနှီးလာရတာ ခုချိန်ထိ မြင်ယောင်နေမိတုန်း....။ ထိုအလှဘုရင်မရဲ့ ယောင်္ကျားနေရာမှာ တစ်ခါလောက်နေကြည့်မိတယ်။ နန်းတွင်းပွဲသဘင်တွေမှာ ကိုယ့်ဘေးက မိဘုရားမဟာ ကြောက်ရွံထိန့်လန့်ရှက်ရွံ့ဟန်ပြည့်နေတဲ့ မျက်ဝန်းတွေသယ်ဆောင်လို့.. ။ ကိုယ်ဖြစ်စေချင်တာက ရဲရင့်တည်ကြည်ပြီးရာဇအိနြေ္ဒအပြည့်ရှိတဲ့ မျက်ဝန်းတွေ......။

လောကဇာတ်ဆရာဆွဲခံထိတဲ့ ရုပ်သေးရုပ်လေးတွေလို ကိုယ့်ကိုကိုယ်လည်း ခံစားမိပါတယ်...
( မေင်မျိုးစာဖတ်ပြီး တော်တော်လေး မုဒ်ဝင်သွားပါတယ်)

San San Htun said...

အဲဒီစာအုပ်လေး ဖတ်ချင်တယ်...

yanmaneee said...

yeezy boost 700
michael kors outlet
jordan shoes
michael kors outlet online
lebron 10
cheap mlb jerseys
lebron 11
yeezy boost
fila shoes
reebok outlet

thesoez said...

Contin https://www .dolabuy.co continuez à lire ceci réplique gucci leur explication Dolabuy Dior

LinkWithin

Related Posts Plugin for WordPress, Blogger...