Wednesday, May 23, 2012

ချစ်ခြင်းတရားများ

မိသားစု ဆိုတာ ချစ်ခြင်းတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဆောက်အအုံလေးတစ်ခုပါ ။ ကျနော်ဘ၀မှာတော့ ခုထိမိသားစုထက် တန်ဖိုးထားရမယ့်သူမရှိသေးတာ အမှန်ပဲ ။ ကျနော်စာရေးတွေကျဲနေ ဘလော့လည်တာတွေနည်းလာတာ တော်တော်ကြာပါပြီ တစ်ခါတလေကျတော့ အပန်းဖြေစရာ ကိုယ့်အတွက် ဒီနေရာလေးဟာလည်း အထီးကျန်လို့ လက်တွေ့ ဘ၀ထဲမှာ ရုန်းကန်လှုပ်ရှားရင်း မောပန်နေမိတော့တာပါပဲ ဒါပေမယ့်လည်း ကျနော် ကြည်နူးနေခဲ့မိတယ် ကျေနပ်ပျော်ရွှင်မိတယ် ။ မိသားစုနဲ့ တူတူမနေရတာတွေကြာတော့ မိသားစုလေးနဲ့ နေချင်စိတ်ကလေးက အဝေးရောက်တော့ပိုဆိုးပါတယ် ။ စိတ်ကူးလေးထဲမှာ ရှိပေမယ့် အကောင်ထည် မဖော်ဖြစ်ခဲ့တာ ကြာပြီ ကျနော် အဆင်ပြေရင် အမေ နဲ့ အဘ ကို ကျနော့်နားခေါ်ထားမယ်ဆိုတဲ့ စိတ်ကူးလေးပါ ။ တစ်ခေါက်ပြန်ရင် တစ်ခေါက် သိသိသာသာ ပိုပိုအိုစာသွားတဲ့ အမေ နဲ့ အဘ ကို ပြန်လာတိုင်း ထားခဲ့ရတာ တော်တော်ကိုဆိုးတဲ့ စိတ်ခံစားချက်ပါ ။ ညီကိုမောင်နှမတွေဟာလည်း သူတို့ဘ၀ သူတို့ကျောင်းရင်း ရုန်းကန်လှုပ်ရှားနေရတာလေ ဒါတွေကို နားလည်ပေးလို့ ကျနော် နေတတ်အောင်ကြိုးစားရတာပေါ့ ။

ဒီလဆန်းပိုင်းထဲက အပြင်မှာ အခန်းလေးငှားပြီး အမေ နဲ့ အဘ ကို ကျနော် ခေါ်နေဖြစ်ပါတယ် အခက်ခဲတွေအများကြီး စိတ်ပင်ပန်းမှုတွေအများကြီးပေမယ့် မိဘတွေကိုတော့ ငါဖြစ်အောင်စောင့်ရှောက်မယ်လေးဆိုတဲ့ စိတ်လေးနဲ့ ကြိုးစားမိတာ ခုတော့ အဆင်ပြေပါပြီ ။ အမေ က နှမြောတတ်တယ် ပထမ မလာနေဘူးလို့ ခေါင်းမာမာငြင်းနေတဲ့ အမေ့ကို “ ကျနော် အိမ်လခတွေ ပေးလိုက်ပြီ အမေ ပစ္စည်းတွေလည်း စုထားတာ စုံသလောက်ရှိပြီ အဲ့တာ မလာလို့မရဘူး မဟုတ်ရင် ပိုက်ဆံတွေဆုံးကုန်မှာပေါ့ ” အဲ့လိုတွေ ညာပြီး အမေ့ကို ခေါ်ရတာ အဘက တော့ “နင့်မေ သွားရင် အဘလည်းလိုက်တာပေါ့ ” တဲ့ ။ ကျေးဇူးတင်ပါတယ် သူတို့သား ပိန်ပိန်လေး ကျနော့်ကို ယုံကြည်မှုရှိရှိနဲ့ လိုက်လာခဲ့ပေးလို့ အမေနဲ့ အဘကို ကျေးဇူးတင်ပါတယ် ။ ခုတော့ ကျနော်တို့မိသားစုလေး ( အမေ၊ အဘ ၊ ကြွက်စုတ်ကလေးတစ်ကောင် နဲ့ ပြီးတော့ ကျနော် ) အေးချမ်းနေပါတယ် ။ ပျင်းနေမှာ စိုးလို့ အဘကို “ အဘ နေရတာ အဆင်ပြေရဲ့လား ” ဆိုတော့ အဘ ပြန်ဖြေတာက “ သိပ်ပြေတာပေါ့ကွ စားလိုက် အိပ်လိုက် အပေါ့အလေးသွားလည်း အပြင်တောင်ထွက်စရာမလိုဘူး ” တဲ့း) ။ မနက် အိပ်ယာနိုးလို့ အဘ လက်ဖက်ရည် သောက်ပြီးပြီ လားဆိုရင် ထမင်းကြမ်းနဲ့ စားပြီးပြီတဲ့ ။

အမေကတော့ စာကလေးဖတ်လိုက် လျှောက်ဖွတ်လိုက် သူ့မြေး တစ်ကောင်နဲ့ အလုပ်တွေ ရှုပ်လိုက် ရှိတာလေး ချွေတာ ချက်ပြုတ်လိုက်နဲ့ အဝေးက သားသမီးတွေကို စိတ်ပူပေမယ့် မမြင်ရတော့ နေရတာ စိတ်ကလေး အေးချမ်းလာတယ် ကျနော်လည်း တတ်နိုင်သမျှ အမေ့ကို အခက်ခဲတွေမပြောပဲ ဒီတိုင်းလေးပဲ အဆင်ပြေအောင် ကြိုးစားတတ်လာတယ် ။ ခုဆို ညနေပိုင်း အလုပ်ကနေ အိမ်ပြန်ရင် စိတ်ပင်ပန်းလူ ပင်ပန်းဖြစ်ပေမယ့် နွေးထွေးတဲ့ မေတ္တာရိပ်တွေကြောင့် စိတ်ကလေးတွေ အေးချမ်းလာတယ် ။ ဘ၀ကို ပျော်အောင်နေတတ်လာတယ် ။






စစ အိမ်ပြောင်းတုန်းက အဘ ကိုစောင့်အုံးမယ် ကျနော်လည်းမလုပ်တတ်ဘူးဆိုပြီး သစ်ကရှား သံတွေ တူတွေမရှိတာနဲ့ လုပ်ပြီးသား ဘုရားစင်လေးပဲ ၀ယ်ယူပူဇော်ဖြစ်တော့တယ် အမေက အိမ်က ဘုရားစင်မရှိတော့နေရတာတစ်မျိုးကြီးတဲ့ ။ ကျနော့်အိမ်က ဘုရားစင်လေးပါ ။



အိမ်ရှေ့က မြင်နေရတဲ့ မြင်ကွင်းလေးပါ ညနေခင်းနေ၀င်ခါနီး သိပ်နေလို့ကောင်းတယ် ကျနော်တွေးမိသား မလေးအိမ့်ချမ်းမြေ့ ဆို ဘယ်လောက်များ စိတ်ကူးတွေ.ယဉ်ပြီးစာကောင်းတွေထွက်မလဲဆိုပြီးတော့ပေါ့း)






ကျနော် အလုပ်သွားရင် ဒီလမ်းကလေးပေါ်ကနေ စက်ဘီးကလေးနဲ့သွားတယ် ၁၀ မိနစ်ကျော်ကျော်လောက်တော့နင်းရတယ် ။ မဲဆောက်မြို့ထဲပေမယ့် ကျနော် ငှားဖြစ်လိုက်တဲ့ အိမ်ခန်းလေးက အစွန်နားကျပြီး တိတ်ဆိတ်အေးချမ်းတယ် ။ညနေပိုင်းကျ လမ်းလျှောက်လို့ကောင်းတယ် တစ်ယောက်တည်းဆိုရင်တော့ ပျင်းစရာကောင်းမယ်ထင်တာပဲး)






အမေတို့မရောက်ခင် ရက်ပိုင်းတုန်းက အိမ်မှာ ကျနော့်ပါသာ အလွယ်ချက်ပြုတ်စားဖြစ်တာလေးး)




အိမ်ရှေ့ခန်းပါ စာအုပ်စင်ကလေးကိုတော့ ဘယ်နားပြောင်းပြောင်း ယူသွားဖြစ်တယ် ခုဆို ညပိုင်းကျ အင်တာနက်မရှိ ကွန်ပျူတာမရှိ ဆိုတော့ စာအုပ်တွေပိုဖတ်ဖြစ်လာတယ် ။ ဖေ့ဘွတ်မှာ အရင်လို အချိန်တွေမကုန်တော့ဘူး ။စာတွေတော့ အရင်လို ရေးချင် ဖတ်ချင်တိုင်း မလွယ်တော့ဘူးပေါ့ ။




ဒါတွေကို တစ်ခုချင်းနည်းနည်းစီ စုရတာ တစ်ခါသွားဝယ်တိုင်း တစ်ခါ စိတ်တိုစရာကြုံတယ် အိမ်သုံးပစ္စည်းတွေ ၀ယ်တာ ဘာလို့ မိန်းမကိုမ၀ယ်ခိုင်းပဲ အစ်ကိုက လာလာဝယ်တာလဲတဲ့ ။ ပန်းကန်စင်အောက်က ကော်ဗူးထဲမှာ ဒညင်းသီးဆားရေစိမ်တွေ အမေရွာကယူခဲ့တာ ။ ငါးခြောက်တွေ သရက်သီးခြောက် အစိမ်းမှုန့် အကြက်မှုန့်တွေလည်း အမေ ယူခဲ့တယ် ။





အများကြီးမဟုတ်ပေမယ့် ဒါလေးတွေနဲ့ပဲ မိသားစု အဆင်ပြေသား ။


ဖြစ်သလို အိပ်တတ်တဲ့ ကျနော့်ကို ကျနော်ကျောတွေနာတယ်ဆိုလို့ အိပ်ယာခင်းလေး ပြင်ပေးတဲ့ အမေ့ရဲ့ နွေးထွေးမှု ပြယုဂ်ကလေးပါ ။


ရွာကလာတုန်းက အသစ်တွေကို ဗီရိုထဲ ထည့်သိမ်းခဲ့ပြီး အနွမ်းကလေးတွေပဲ ယူခဲ့တဲ့ အမေနဲ့ အဘကို “ အသစ်က ၀တ်မှပဲ ဟောင်းမှာပေါ့ဗျာ ” ဆိုပြီး နောက်တစ်နေ့ဈေးသွားပြီး အမေ နဲ့ အဘအတွက်ဝယ်ပေးဖြစ်တာလေးတွေ ။

သတင်းလေးကြားပြီး အဝေးကနေ အားပေးစကား တကူးတက ပြောပေးတဲ့ ကိုတင့် ၊ ဆာမျိုး က ကောင်းတာလုပ်တာပဲ အဆင်ပြေသွားမှာပါလို့ဆိုတဲ့ အစ်မသူဇာ တို့ကိုကျေးဇူးအများကြီးတင်ပါတယ် ။ အကူညီပေးကြတဲ့ မဲဆောက်က မိတ်ဆွေအနည်းငယ်ကိုလည်း သူတို့ဖတ်ဖြစ်လား မဖတ်ဖြစ်လားမသိပေမယ့် ကျေးဇူးစကားဆိုချင်ပါသေးတယ် ။ပျောက်နေမယ့် စိတ်မပူကြပါနဲ့လို့ သတိတရရှိတဲ့အကြောင်းနဲ့ မိတ်ဆွေကို အဆင်ပြေပါစေကြောင်းအမြဲ ဆုတောင်းနေမိသားပါ ။ အမေနဲ့ အဘအကြောင်း စီးရီးလေးတွေ နောက်များရေးပါအုံးမယ် ။ ဒီအခြေနေလေးကို ဖြစ်တည်ခွင့်ပေးတဲ့ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ် ။

မဲဆောက်ကို ရောက်ခဲ့ရင်များဖြင့် ကျနော်တို့ အိမ်ကလေးဆီ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား ချစ်ခြင်းတရားများစွာဖြင့် ဖိတ်ခေါ်ပါတယ် ။





18 comments:

အိမ့်ချမ်းမြေ့ said...

အမေချက်တဲ့ ဟင်းများပါ ဆက်လက်မျှော်နေပါမယ်..း))

Anonymous said...

မောင်မျိုးရေ... အဖေအမေနဲ့ တူတူနေရတာ ပျော်စရာကြီးဟာ..အားကျပါတယ်...။ ကိုယ့်မိဘကို နီးနီးနားနားခေါ်ထားနို်င်တာ သိပ်တော်တာပဲ ...

မစန်ဒါကြီး

မိုးခါး said...

လည်စရာ နောက်တခု တိုးဘီ .. နင်နဲ့ နင့်အဖေအမေနဲ့တော့ အပြင်မှာ တကယ်ဆုံချင်သား ..း) လာလည်ရင် ထွက်မပြေးနဲ့ဟေ့

Angelhlaing(May everybody be happy and healthy! said...

ဝမ်းသာ ကြည်နူးစရာ...လေးပါ ကိုမျိုး ..မိဘနှစ်ပါးနဲ့ အတူနေထိုင်ခွင့်လေး သူများတွေလို မျှော်လင့်မိပါရဲ့နော်...အားကျတယ်ဝေ့..:)

evergreen said...

Cheers!
Wish ur family all the best!

Anonymous said...

အဖေ နဲ့ အမေ နဲ့ အတူတူ နေရတာ
ပျော်စရာကြီး ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးငွေ့........ said...

မိဘကိုသိတတ်တဲ့ကလေးအများကြီးတိုးတက်ဦးမှာ...။ အမတို့လည်း အမေနဲ့အတူနေနိုင်တာ ခုနှစ်နှစ်ပဲရှိသေးတယ်..ဒါကြောင့် ကိုယ်ချင်းစာမိပါတယ်...။ အိမ်ကိုသပ်သပ်ရပ်ရပ်ကလေးထားတတ်တာ အိမ်ရှင်ရဲ့ သန့်ရှင်းမှုကိုပြတာပဲ...။ မလေးပြောသလိုပဲ အမေ့လက်ရာဟင်းခွက်လေးတွေမျှော်နေမယ်..။

ဟန်ကြည် said...

အင်း မောင်မျိုးကိုတော့ မပြောတော့ဘူး...တကယ်ဆို အခြေအနေလေးဘာလေး ဖုန်းဆက်ပါလား...လိုတာရှိလည်း ကူညီရတာပ...ဆရာတို့မှာလည်း နတ်မျက်စိမရှိတော့ လှမ်းမြင်ရတာ မဟုတ်ဘူးရယ်...ဖုန်းဆက်ပါ ဖုန်းဆက်ပါလို့ ပြောရတာလည်း ပြောရတဲ့လူတောင် စိတ်ပိန်လာပြီ...

ဒီလောက် လက်ပေါက်ကပ်တဲ့လူတော့ မဲ့ဆောက်လာမှ နှိပ်စက်ရမယ်...

mstint said...

လူချင်းတူပေမယ့် ကံချင်းမတူနိုင်ဘူးဆိုသလိုပေါ့ မောင်မျိုးရေ။ လူတိုင်းမှာ မိဘရှိကြပေမယ့် ပြုစုခွင့်ကြုံဘို့ ကံ လူတိုင်းမပါဘူးလေ။ အချိန်တွေကို တန်ဘိုးရှိရှိ ကုန်လွန်စေရင်း ကုသိုလ်တွေ ရယူနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

ဒီပို့စ်လေးကနေ ရှိတာနဲ့ ရောင့်ရဲတတ်တဲ့၊ အေးချမ်းပြီး မေတ္တာတွေ ယိုစီးနေတဲ့ မိသားစု အိမ်ကလေးတစ်လုံး ကို တွေ့လိုက်ရတယ်၊ စာဖတ်ရုံနဲ့တင် ကျနော်တောင် မိသားစုဝင် ဟန်ဆောင်ပြီး လာနေချင် လာပြီ၊း)

အိပ်ရာကလေး ကိုလည်း သဘောကျတယ်၊ ညီက အခုလောလောဆယ် မှာတော့ ဖက်ခေါင်းအုံးနဲ့ အိပ်နေတုန်းပဲနော်...။းP

မြသွေးနီ said...

လိမ်မာတဲ့သား..ဒီထက် အောင်မြင်မှုတွေ အများကြီး ရဦးမှာ..။ မိဘတွေ အနားမှာဆိုတော့ ခွန်အား၊ လုံခြုံမှု အများကြီး ရသွားပြီပေါ့..။
စာတွေတော့ ရသလောက် အဆက်မပြတ် ရေးပါဦးလေ...။

ဆွေလေးမွန် said...

ကောင်းတာလုပ်တာပဲ သူငယ်ချင်းရယ်.
အခက်အခဲဆိုတာ ရှိပေမယ့် နောက်တော့ လဲ အဆင်ပြေသွားမှာပါ.
ကဲ ခုဆိုရင် အလုပ်ပြီးချိန် အိမ်ပြန်ရင် အရင်လို ခြောက်ကပ်ကပ်မဟုတ်ပဲ
စိုပြေတဲ့ အေးချမ်းတဲ့ မိသားစုလေး ရှိနေပြီ..
အားကျတယ်..

သက်ဝေ said...

ပျော်စရာ ကြည်နူးစရာ နွေးထွေးတဲ့ မိသားစုကလေးပေါ့... ဓါတ်ပုံလေးတွေကလည်း ချစ်စရာ ခံစားမှုလေးကို ပေးစွမ်းနိုင်တယ်... အမေနဲ့ အဘရော မောင်မျိုးပါ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အချိန်တိုင်း အတူတူ နေထိုင်နိုင်ကြစေရန် ဆုတောင်းသည်...း)

Anonymous said...

မိဘနဲ့အတူနေခွင့်ရတာ ကံကောင်းတယ်ဗျာ။
အားကျတယ်။ မဲဆောက်ကိုမရောက်ဖူးပေမယ့် အပြီးမပြန်ခင်တော့ ရောက်အောင်သွားလည်ဦးမယ်။
(လီယို)

...အလင်းစက်များ said...

ရောက်တုန်း ရောက်ခိုက် မူကထ ကျွေးဖြစ်အောင် ကျွေးအုန်း၊ သူချည်း ဇိမ်ခံနေပုံရတယ်။ မိဘ စိတ်ပျော်အောင်ထား၊ အဲ့လို အခွင့်အရေးမျိုး လူတိုင်း မရနိုင်ဘူး။ ကောင်းတယ်။ သာဓုခေါ်ပါရစေ။

ဘိုင်သဝေး ပန်းခြံတင် မကဘူး တစ်မြို့လုံးလိုက်ပို့ ပေးမယ်။ စိတ်ချ။

san htun said...

မိဘကို အနားခေါ်ထားနိုင်တာ သိပ်တော်တယ်..မောင်မျိုး အိမ်လေးက ချစ်ခြင်းတရားတွေနဲ့  သာယာနေတယ်..မဲဆောက်ရောက်ရင် လာလည်မယ်ဝေ့...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

တခါလောက်ဆုံဖြစ်ချင်တယ်ဗျား)

Anonymous said...

တကယ်တိုးတက်နေပြီ..
လူဟောင်းတွေသိပ်မတွေ့ဘူးနော်..

LinkWithin

Related Posts Plugin for WordPress, Blogger...