Wednesday, December 21, 2011

ကြုံရ ဆုံရ

တကယ်တော့ မင်္ဂလာရှိတဲ့ ခရစ်စမတ် အချိန်ခါမျိုးမှာ အားလုံး ပျော်ရွှင်စေချင်တဲ့စာမျိုးပဲ ရေးချင်တာ ခုက အောင့်မနိုင်လွန်းလို့ပါး) ပြီးတော့ နှစ်ဟောင်းက အကြွေးတွေ နှစ်သစ်ကိုလည်း ယူမသွားချင်ဘူးလေ အဲ့တော့ ပြောစရာရှိတာတွေ ပြောလိုက်တာပဲ ကောင်းတယ် ။ စာတွေဖတ်ရတာပါတယ် နိုင်ငံခြားက မြန်မာတွေ ပြည်တွင်းပြန်လာတိုင်း လေဆိပ်မှာ ကြုံရဆုံရတဲ့ အဖြစ်တွေပေါ့ ။ ကျနော်ကတော့ အဲ့လိုလေးတွေဖတ်ရတိုင်း ပြုံးမိတယ် သူတို့ကြုံရတာ ငွေပေးရတာလောက်ပဲပေါ့ ကျနော်တို့ ကြုံရတာတော့ ဆဲလည်း ဆဲခံထိတာပဲ ဘယ်သူ့ကို အဘခေါ်ရမှန်းလည်းမသိ အူကြောင်ကြောင်နဲ့ ကြောက်နေရတာမျိုးတွေ တကယ်ကိုစိတ်ပျက်စရာကြီးတွေပါ ။

ကျနော် ထိုင်းကိုမေ၇ာက်ခင် အစ်ကိုရှိတဲ့မဲဆောက်ကို 2004 လောက်တုန်းက တစ်ခါရောက်ဖူးပါတယ် လူငယ်အရွယ်လေးတွေ ဂိတ်တွေမှာ ဖမ်းတယ်ကြားတာနဲ့ ဂိတ်မရောက်ခင် အငှားဆိုင်ကယ်စီး လယ်ကွင်းတွေဖြတ် ချောင်းတွေကူးနဲ့ တကယ်ဆို ကိုယ့်နိုင်ငံအတွင်း ကိုယ်သွားလာတာ အဲ့တာတွေလိုလို့လားဗျာ လို့သာ ပြောလိုက်ချင်တော့တယ် ။ သူများတွေတော့မသိပါဘူး ကျနော် သိသလောက်ကတော့ 2004 လောက်ကတည်းကနေ ကျနော် ရင်းနှီးလာတဲ့ ဒီလမ်းကြောင်းတွေဟာ ခုထိလည်း ဒီလိုပဲ ဖြစ်နေတယ်ဆိုတာမျိုးပါ ။ မြ၀တီမြို့အထွက် ကုန်သွယ်ရေးဇုန်လို့ နာမည်တပ်ထားတဲ့ စစ်ဆေးရေးဂိတ်ကြီးတွေလည်း ဆိုးလိုက်တာဆိုတာ လ၀က တွေက ဘီလူးစီးနတ်စီးသလိုပဲ ငွေပဲ အာသာငမ်းငမ်းဖြစ်နေတော့တာ အခန့်မသင့်လို့ ဆက်ဆံရေးအဆင်မပြေရင် ကုန်သည်တွေစီက ကုန်စည်ကို သိမ်းလိုက်တာမျိုးလည်းတွေ့ဖူးတယ် အဲ့တာကြောင့် ကုန်သည်တွေ ကားသမားတွေက ဒီလမ်းကြောမှာတော့ ဒီလူတွေနဲ့ တည့်အောင် အောက်ကျို့ပေါင်းရတာမျိုးတွေ တွေ့ရပါတယ်။

မှတ်ပုံတင် ပြလည်း 500 (ခုတော့ 1000 မှရတော့တယ် ) မပြလည်းပေးရတာဆိုတော့ တစ်ချို့တော့ ပိုက်ဆံပဲပေးလိုက်ကြတော့တယ် အေးကောပေါ့ ။ အပေါ်မှာ ပြောဖို့ကျန်သွားလို့ အဲ့လို ဂိတ်ကြီးတွေမှာ တစ်ချို့တွေက အဆင်ပြေအောင် ခပ်ဟော့ဟော့ အမျိုးသမီး စကားပြောကောင်းတဲ့အမျိုးသမီးတွေကို လမ်းကြောင်းရှင်းတဲ့သဘော ငှားကြတာမျိုးလည်းရှိတယ် ''ကိုကြီးကလည်း ၊ ဆရာကလည်း လုပ်လိုက်၇င် သွားသွား ညီမလေးဆိုတာမျိုး ရှိကြတာကိုး ကိုယ်တွေဆိုရင်တော့ ..ဟိုကောင် မင်းအထုတ်ဖွင့် ဘယ်ကပြန်လာတာလဲ ဘာညာနဲ့ ရိုက်စားဖွင့်ကြတာမျိုးပါ ။ အိမ်ပြန်ရမယ်ဆိုတိုင်းပျော်တယ် အဲ့လို လမ်းမှာ အရာမရောက်တဲ့ နိုင်ငံ့ဝန်ထမ်း မိုက်၇ိုင်းလွန်းလှတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့တွေ့ရင် သေချင်စော်ပါနံပါတယ် ။

ပြန်တုန်းက နွေရာသီဆိုတော့ ပူလို့ ကုတ်လေးကတစ်ထည် အကျီ င်္ခပ်နွမ်းနွမ်း၊ ဘောင်ဘီကလည်း အရောင်ကျနေပါပြီ ကိုယ့်ရုပ်က သန့်ပြန့်နေပြီး သူဌေးသားရုပ်လည်းမပေါက်ရပါဘူး အသိတွေကတော့ပြောသား လုံချည်ဝတ် စုတ်စုတ်ပြတ်ပြတ်ပုံပြန်တဲ့ လမ်းမှာ အရစ်မခံထိအောင် ကျနော်က ခရီးသွား လုံချည်ဝတ်ရင် ခဏခဏ ကျွတ်လို့ ၀တ်ရခက်လို့ မ၀တ်ချင်ဘူးဗျ စထွက်တုန်းကတော့ ကားပေါ်မှာ မျက်မှန်နဲ့ အနွေးထည်နဲ့ စတိုင်တစ်ခွဲသားနဲ့ပေါ့ ကားက သိပ်ကောင်းနေတာမဟုတ်ပါဘူး အောက်မှာ ပုံတွေရှိတယ် ကြည့်ကြည့်ပါ ။ စပယ်ရာက ပြောတယ် ဂိတ်ရောက်၇င်တော့ မင်း ဒီပုံစံဆင်းလို့မရဘူးနော်တဲ့ ဟုတ်ကဲ့လို့ ပြောလိုက်တယ် ဟိုး အရင်ခေါက်တွေပြန်တုန်းကလည်း ပေးနေရတာပဲမို့ သိပ် ဂရုမစိုက်တော့ဘူး အလှူပေါ့ ။


ဒါက ကော့ကရိတ်နဲ့ ဘာအံကြားက နေရာတွေပါ သိပ်သာယာတယ်လို့ပြောလို့ရတယ် ။

ကားပေါ်ကနေပဲ လှမ်းရိုက်လိုက်တာ ။



ကရင်ပြည်နယ်က တောင်တွေ အများကြီးး ။



ဒါက ဘာအံမြို့အ၀င်လမ်းပါ ။
မြ၀တီကိုတက်လာတဲ့ ကားတွေက ဒါမျိုးတွေကြီးပါပဲ မရယ်ကြနဲ့နော် ခရီးသည်တွေဆိုတာ လင်ဗန်းထဲ ထည့်လှိမ့်ထားတဲ့ ဇီးဖြူသီးတွေလို ပိုးလိုးပက်လက် လန်လို့ပါပဲ ။
ဒါက ကျနော်တို့ စီးခဲ့တဲ့ကား ပြောရင် ယုံမှာမဟုတ် လမ်းမှာ ကားဘီး ၆ ခါပေါက်ပါတယ် ဘုရားမတယ်ပြောရမယ် တောင်ပေါ်မှာ ကားဘီးမပေါက်လို့ ပေါက်လိုက်လို့ကတော့ မောင်မျိုးတို့ ခုနေ ဒီလို အတင်းတုတ်လို့မရတော့ဘူး နတ်ပြည်မှာ နတ်သမီးလေးတွေနဲ့ ပျော်မြူးနေလောက်ပြီ ။ မသိသေးသူများ အမှတ်တရပေါ့ အကယ်လို့များ မြ၀တီ လာမယ်ဆိုရင် ကားက အတက်နဲ့အဆင်းဆိုပြီးခွဲထားပါတယ် ဘာကြောင့်လည်းဆိုတော့ ကားက များပြီး တစ်စီးနဲ့တစ်စီးရှောင်လို့မရတဲ့အတွက် အန္တရာယ်များလို့ အတက်နေ့နဲ့ အဆင်းနေ့ဆိုပြီးခွဲထားပါတယ် ။ ကျနော်မှန်းကြည့်တာပါ အတိကျတော့မသိ အတက် အဆင်း ပုံမှန်နေ့တိုင်းမှာ ကားအစီးရေ 500 အထက်တော့ရှိမယ်ထင်ပါတယ် အဓိက ကတော့ ထိုင်းကုန်စည်တွေကို သယ်ယူကြတာပါ ကျနော်တို့ကျိုက်ထိုနဲ့ မြ၀တီထိကိုမှ ကားခက ၇၀၀၀ ကျပ်ပဲ ပေးရပါတယ် ။ မြ၀တီ လမ်း လာမယ်ဆိုရင်တော့ ကုသိုလ်တွေသိပ်ရတား) ဘုရားတနေရတာကိုး ချောက်ကမ်းပါးတွေမှာ ကားတွေ အလုအယက်နဲ့ မောင်းနေလိုက်ကြတာ ဆက်ကပ်ထဲကလိုပါပဲ ။ ဒါပေမယ့်လည်း အမေ့အိမ်ရောက်ဖို့ ကျနော်တို့တွေ ပင်ပန်းတာ မမှုခဲ့ရဘူးပေါ့။

ညီအစ်ကို ၂ယောက် အမေ့ကျန်းမာရေး အပူနဲ့ စကားတောင် ကောင်းကောင်းမပြောဖြစ်ကြ အစ်ကိုက မပြန်တာကြာပြီ ။ ကျနော်တို့တွေ အဆိုးဆုံးစစ်ဆေးရေးဂိတ်လို့ဆိုမလား ဘာအံတံတား (သံလွင်မှာ စစ်ခံထိပါတယ် ) ကားပေါ်မှာ ခရီးသည်ချင်းပဲဆိုတော့ ပါသွားတဲ့ ငွေနည်းနည်းလေးပေမယ့် မအပ်ခဲ့ရဲဘူးလေ အဲ့တော့ လွယ်သွားဖြစ်တယ် အမှန်က ကျနော်တို့ စပယ်ရာကို လမ်းကြောအတွက်ဆိုပြီး ညီအစ်ကို၂ယောက် ၅၀၀၀ ပေးပြီးသားပါ ဒါပေမယ့် စပယ်ရာက နောက်မှာ ဂိတ်ကြေးရှင်းနေတုန်း ကျနော်တို့ဆီလာဖို့နောက်ကျသွားတာနဲ့ လ၀က က ကျနော်တို့ကို စစ်လိုက်တာပါ စစ်လိုက်တယ်ဆိုတာက တရားမ၀င် အရာတွေပါလို့မဟုတ်ပါဘူး အသားနံ့ရလို့ အုံလာတဲ့ယင်ကောင်တွေလိုပါပဲ ကျနော့် အိတ်ကလေးက အကုန်လုံးသွန်ချပစ်လိုက်တယ် ကဒ်တွေကော ကံဆိုးချင်တော့ ဘတ်စေ့လေးတစ်စေ့ကလည်း ကပ်ပါသွားတာမသိလိုက်ဘူး သူတို့အတွက် ခွင်ဖြစ်သွားတာ ကင်မရာတွေလည်းဖွင့်ကြည့် စုံလို့ပါပဲ မေးလိုက်တာဆိုတာ ။

( တရားရုံးမှာ ရှင်းမယ်) တဲ့ ကျနော်လေ အံ့သြလို့ဗျ ဥပဒေဆိုတာ အာဏာသေးသေးလေးရှိတဲ့သူလည်း ထုတ်လို့ရပါလားလို့ ဟောက်လိုက်တာများဆိုတာဗျား( တကယ် တစ်ခါမှ အဲ့လိုဆက်ဆံပုံမျိုးမကြုံဖူးဘူး မင်းတို့ တစ်ခြားနိုင်ငံကပြန်လာတာမှတ်လားတဲ့ မဟုတ်ဘူးဆိုလည်းမရ ဟုတ်တယ်ဆို ပိုပေးရတယ် ။ ဒါက ခရီသည်တိုင်း ကြုံရတဲ့ ပြသနတွေပါ ။ သူတို့မိုက်ရိုင်းလို့ ပြန်ရိုင်းတဲ့သူကို ထိုးလိုက်တာမျိုးလည်း ကြုံဖူးတယ် နားမခံသာအောင် ဆဲလိုက်တာတွေလည်းကြားဖူးတယ် ။ ဖေ့ဘွတ်မှာ ဒီအကြောင်းတင်သေးတယ် စတေးတပ်လေ အစ်ကိုတစ်ယောက်က အဲ့တာကြောက်စိတ်တဲ့ ဖျောက်ပါလို့ပြောသွားတာလေ သွားအမှတ်ရတယ် ပညာတတ် အသိစိတ်ဓာတ်မြင့်တဲ့ ၀န်ထမ်းကောင်းတွေဟာ သိပ်စကားပြောလို့ကောင်းမှာပါ ကျနော်တို့ ကြုံရ ဆုံရတဲ့ သူတွေကတော့ အဲ့လိုမဟုတ်ဘူးရယ် ကြုံဖူးစေချင်ပါရဲ့ဗျာ ။

အစ်ကိုနဲ့ ကျနော့်ကို ဘာမှန်းပြောပြလို့မတတ်တဲ့ ဒဏ်ကြေးဆိုတာနဲ့ ငွေ ၄ သောင်းတောင်းလိုက်တာ ဆိုတာ အလကားရသလိုပါပဲ သူတို့က ပိုက်ဆံမြင်တာကိုး တောင်းတော့မှာပေါ့ ။ ပထမတော့ ကျနော်က နေခဲ့မယ် ပြောလိုက်တယ် တရားရုံး ပို့ ဘာအမှုနဲ့ပို့မလဲပေါ့ အစ်ကိုက စကားလည်းနည်းတယ် သူက မပြန်တာကြာတော့ ၀တ်စုံတွေ များပြီး ဟောက်စားလုပ်တဲ့သူတွေကို စိတ်ပျက်တာလည်းပါတယ် ပြီးတော့ အဲ့ဒီအချိန်မှာ ညီအစ်ကို ၂ယောက်လုံးအတွက် နေမကောင်းလို့ ဆေးရုံပဲတင်ရမလိုလို ဖြစ်နေတဲ့ အမေ့ကျန်းမာရေးကိုပဲ သိချင်လှပြီ အမေ့ကိုစိတ်ပူတဲ့စိတ်နဲ့ ကျနော်တို့ ငွေ ၄ သောင်းမလဲနိုင်ဘူးလေ အစ်ကိုက ပေးလိုက်ပါတော့ ညီရာ အစ်ကို အိမ်ရောက်ချင်လှပြီတဲ့ ကျနော်လည်း နှမြောစွာနဲ့ပဲ ပေးလိုက်ရတော့တယ် အဲ့တာ ကျနော်တို့ ချွေးနဲ့ရင်းထားရတာတွေဗျ သူတစ်ပါးနိုင်ငံမှာ ကျနော်တို့ အောက်ကျနောက်ကျ သည်းခံခြင်းတွေနဲ့ရင်းပြီး ရထားတဲ့ ငွေတွေပါလို့ ပြောချင်လိုက်တာ ။ ကျနော့်ကိုပြောသေးတယ် ညီလေးကိုက သနားလို့တဲ့ အောင်မလေးဗျာ ထိုင်ပြီး ရှစ်ခိုးချင်စိတ်ပါ ပေါက်သွားတယ် တကယ် တကယ် ။

ကျနော်တို့ ညီအစ်ကိုထိုင်းမှာ ဘယ် ပုလိပ်ကိုမှ ငွေ ၁၀၀ မပေးဖုးပါဘူး သူတစ်ပါနိုင်ငံမှာ ဥပဒေနဲ့ လွတ်ကင်းအောင်နေရင် ဘယ်သူ့ကိုမှကြောက်စမရာမလိုပေမယ့် ကိုယ့်နိုင်ငံကိုယ်ပြန်မှ ဒီလိုအဖြစ်မျိုးတွေကြုံရတာ ရင်နာလိုက်တာဆိုတာဗျာ။ ကားပေါ်က ခရီးသည် အဖွားတွေက တောင်းရက်လိုက်ကြတာဟယ် တဲ့ သားရယ် အလှူလို့သာ သဘောထားလိုက် ဒီမှာပဲ အမျှဝေလိုက်တဲ့း) ကျနော့်မှာ ငိုအားထက် ရယ်အားသန်နေရမလို ။ဒီအဖြစ်တွေက ဘယ်တော့ထိ ရှိနေအုံးမှာလဲ ဘယ်လောက်ကြာမှ ပြောင်းလဲမှာလည်းဆိုတာ မသိပေမယ့် ကျနော်ကတော့ ရှိနေအုံးမယ်လို့ သိနေသေးတယ် ဒီလို အကျင့်ပျက်လာဘ်စားမှုတွေဟာ ဒီမိုးက ဘယ်လိုပဲ ရေစီးစီး မျောပါသွားမယ့် ပုံတော့မမြင်ဘူးရယ်။

ညီအစ်ကို ၂ယောက်ကတော့ အိမ်ပြန်ရောက်ခါနီးလေး တိုင်ပင်သွားဖြစ်တယ် ၊ အမေ့ ကိုမပြောနဲ့နော် အမေက နှမြောတတ်တယ် စိတ်မကောင်းဖြစ်နေလိမ့်မယ် ၊ ဆိုပြီးတော့ပေါ့ ငွေ ၄ သောင်းထက် ကိုယ့်နိုင်ငံထဲမှာ အပြစ်သားတစ်ယောက်လို ဆက်ဆံခံရတာတွေကတော့ ဆိုးလွန်းပါတယ် ။ ကျနော့်အဖြစ်လေးကလည်း အသေးဖွဲလေးတွေဖြစ်နေအုံးမှာပါ ဒီပို့စ်ကိုဖတ်မိသူတစ်ချို့တစ်လေလည်း ကျနော်တို့ထက် ဆိုးတဲ့အဖြစ်လည်းရှိချင်ရှိနေအုံးမှာပါ ။ ကဲ....ပြောချင်တာတွေ ပြောလိုက်ရလို့ ရင်ထဲတော့ပေါ့သွားပြီး ဒါမျိုးတော့ နောင်များ မကြုံချင်တော့ပါဘူး။



22 comments:

Anonymous said...

နောက်ဆိုအဲ့လိုမဟုတ်တော့ဘူးဆိုတယ်...

ပိတ်ကားပေါ်မှာ ဘာဆက်ပြမလဲ မျှော်...

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းနဲ့တောင် ဒေါသ ထွက်ရတယ်ကိုမျိုးရေ... ဟုတ်ပါတယ် သူများနိုင်ငံမှာ ချွေတာစုစောင်းလာတဲ့ ငွေတွေ သူတို့က အသင့်စောင့်ပြိး လူလည်လုပ် ဗိုလ်ကျတာတော့ ..လွန်ပါတယ်...:(

ညီလင်းသစ် said...

အဲဒီလို ခြောက်စား၊ ဟောက်စား ဇတ်လမ်းတွေ အခုထိ ကြားနေရတာ စိတ်ပျက်ဖို့ ကောင်းတယ်၊ နယ်တွေ ဖက်မှာဆို တော်တော်ဆိုးတယ်လို့ သိရတယ်၊ စာရိတ္တက တော်တော်လေးကို ပျက်နေတာဆိုတော့ အလွယ်နဲ့တော့ ပျောက်မယ် မထင်ဘူး၊ ဖတ်ရတာ မောပါ့ ညီရာ...။

mirror said...

နင် ငါ့ကို
၁) လွမ်းရအောင်(ပုံတွေကြည့်ပြီး)
၂) ဒေါသတွေ အလိပ်လိုက်ထွက်ရအောင်

ပိုစ့်တစ်ခုထဲနဲ့ ရေးပြလိုက်တာပဲဟ။
ပြောပါတယ်.. မျက်နှာသနပ်ခါးနဲ့ ပေါင်မှာကျဉ်ငယ်စီးကြောင်းနဲ့ ဒီမိုကရေစီပါလို့။ :)

Anonymous said...

Your experience is one of the reasons oversea Burmese take other citizenship. People in Burma never understand the kind of pain.

blackroze said...

မောင်မျိုးရယ်
ဖတ်ပြီးတော့
ရင်ထဲဘယ်လိုကြီးမှန်းမသိဘူးဟယ်..
ဘယ်လိုခံစားချက်ဆိုတာ
ကျမရေးမပြတတ်ဘူး..
အမှန်တော့..အဲလိုဖြစ်ရပ်တွေဆိုတာ
လုံးဝမရှိသင့်တဲ့အရာတွေပါ..

Anonymous said...

ဲ။နယ်စပ်လိုင်းကဗမာတွေမလုပ်ဘူး၊ကုလားတွေပဲလုပ်ကြတာ။အကုန်ကုလား
ချည်းပဲ၊ဗမာတွေဘာကြောင့်မလုပ်လဲဆိုတော့ဗမာတွေကကြောက်တတ်တယ်။ နောက်နယ်စပ်အထိသွားလုပ်ရင်လူ့တန်ဖိုးဆိုတာဘာမှမရှိတော့ဘူး၊သိလား၊အဲဒါအဆိုးဆုံးပဲ၊တွေ့ကြုံဆက်ဆံရတဲ့လူတွေရဲ့ပြောဆိုဆက်ဆံမှုတွေဟာလူတွေကိုပြောနေတာတောင်ဟုတ်ရဲ့လားလို့
ကိုယ်ဖါသာတောင်ထောင်သားတွေများလား လို့ထင်မိတယ်။ရဲ၊နစက၊ ကလူတွေအကုန်ပဲ။အဲတော့ဗမာကဘယ်လုပ်ချင်တော့မလဲ၊
မုတ်ဆိတ်နဲ့ကုလားတွေပဲလုပ်ကြတာ။သူတို့ကတော့ဟရေးဆရာ၊ဟရေးဘာဘူနဲ့ဘယ်လိုဆဲဆဲသည်းခံပြီးကိုယ့်အလုပ်ကိုဖြစ်အောင်လုပ်သွားကြတာ။ဗမာတွေကဒီဒဏ်ကိုမခံချင်ကြဘူး။ကျနော်ဆိုမရမ်းချောင်အထိကိစ္စတစ်ခုနဲ့လိုက်ဘူးတယ်၊မလိုက်မဖြစ်တော့လို့၊စိတ်ထဲမှာမျိုသိပ်ပြီးဆလံပေးဆက်ဆံပေမဲ့လည်းမရပါဘူး၊ဦးမျိုးရာ။နောက်ဆုံးတော့
I understand how you feel.
I was born in Myawaddy and I hate that region because of those people...

ပြည်ကောင်းအောင် said...

း(( ပြောပြန်ရင်လည်း ကိုယ့်တိုင်းပြည်ကို နှိမ့်ချချင်တဲ့၊ နိုင်ငံခြားကိုမှ အထင်ကြီးချင်တဲ့သူလို့ အပြောခံရ ပြန်သေးတယ် ဗျာ။ မြန်မာနိုင်ငံသား (စိစစ်ရေးကတ်ပြား ပြနိုင်သူ ) မှန်သမျှကို ဂိတ်တွေက စစ်ချင်ရင် ဖောက်ခွဲရေး ပစ္စည်း ပါမပါလောက်ပဲ စစ်ဆေးခွင့်ရှိပြီး အခြား နည်း ( လဝက ဥပဒေ စသည်တို့အရ ) ရစ်လို့ မရအောင် အစိုးရက အမိန့်ထုတ်ထားရင် ဒီလို ကိစ္စတွေကို လျှော့နိုင်မှာပါ။ ဒီဖက်နိုင်ငံတွေ မှာတော့ ဒါမျိုးကြုံရရင် ကိုယ်နဲ့ဆိုင်တဲ့ ပြည်နယ် လွှတ်တော်အမတ်/ ပြည်ထောင်စုလွှတ်တော် အမတ်တွေ ဆီကို email ရေးပြီး တွေ့ဆုံဖို့ Appointment လုပ်ကြတယ်ဗျ။ ကျနော်တို့ဆီ မှာလည်း ပြည်သူတွေက ပြည်သူ့ကိုယ်စားလှယ် ( အမတ် ) တွေကို အဲဒီအကျင့်တွေ သင်ပေးရင် ကောင်းမယ်..။

Anonymous said...

နောင့် ရွာ ပြန်တိုင်း မကြာခဏ ကြားနေရတဲ့ အဖြစ်လေးတွေပါ။ ဒီလမ်း ဒီခရီးကို ရွာကလူတွေ ပြောလွန်းလို့ သိနေပေမယ့် မမြင်ဖူးဘူး။ ခုတော့ ဓာတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူးပါ။
ရွာကလူတွေက လိုက်လည်ပါလား ပြောပေမယ့် သူတို့ ပြောပြောနေတဲ့ ဒေါန တောင်တန်း ဆိုတာကြီး မဖြတ်ရဲလို့ ရောက်ဖူးမယ်လဲ မထင်ဘူး။း)
နောင့် ဒီပိုစ့် လေးကို ဖေ့ဘွတ်မှာ ရှယ်ချင်ပါတယ် ကိုမောင်မျိုး။း)


နောင့်

နွေးနေခြည် said...

အားလုံးကို အဆင်ပြေစေချင်လိုက်တာ

မဒမ်ကိုး said...

ဒါခြောက်တောင်စားလို့ခေါ်တယ်လေ မောင်မျိုးရယ်
မောင်မျိုးရဲ့ Adventure ခရီးစဉ်က ၆ ခါဘီးပေါက်သောကားကို အင်မတန်မှစိတ်ဝင်စားသွားပါသည်း)

TZH1985 said...

တခါက ရန်ကုန်က ပြန်လာတာ ရေကြီးလို့ ရထားမရှိတဲ့အခါ ကျောပိုးအိတ်လွယ်ပြီး ရွာကို လမ်းလျှောက်ပြန်တာ တဘက်နိုင်ငံက ပြန်လာတာလား ဆိုပြီး အစစ်ခံရတယ်... တော်သေးတာပေါ့ ကျောပိုးအိတ်မှာ စာအုပ်တွေချည်းပဲမို့... ကိုယ်နယ်ဆိုတော့ ဒါတွေ အမြဲတမ်းပဲ ကြားရပါတယ်။ ရှယ်လိုက်မယ် လူများများသိပြီး နားပေါက်အောင်လို့...

8Yar said...

စိတ်မကောင်းဘူးဗျာ။ ကိုယ့်ချွေးနည်းစာကိုပေးရတာ ရင်နာသဗျာ။ မိဘအတွက် မသုံးရပဲ အဲဒီကောင်တွေပေးရတာ မသထာဘူး။ ပြောရင်းဒေါသတောင်ထွက်တယ်ဗျာ။

Anonymous said...

သိပ်ကို စိတ်ပျက်စရာပဲ
အဲဒါတွေ အဲ့လမ်းမှ မြင်ဖူးတယ်... ဘာကောင်တွေမှန်းကို မသိဘူး...


မစန်ဒါကြီး

Anonymous said...

I can't imagine how do they want to spend others' money of blood and sweat.What kind of drive made their hearts do so,i wonder.Himmmmmm .... i just came back from Ko Yin and Doe kalayEeven Christmas time???????????????
Gyidaw

SHWE ZIN U said...

ဒီလိုနဲ့ သူဌေးလုပ်နေကြတာလေ

ကိုအောင်(ပျူနိုင်ငံ) said...

အမ မရွှေစင် ပြောသလိုပါပဲ ..
ဓါတ်ပုံတွေ မြင်ရတာ လွမ်းတော့ အလွမ်းသား ...

ညယံ said...

ဇွဲကပင်ပွဲသွားရင်း ဘားအံဘက်ကိုရောက်ဖူးတယ် ။ တောင်တွေလည်း တော်တော်များတယ်နော် .
ရှုခင်းတွေလည်းလှဒယ်။
မျက်နှာပြောင်ကြီး နဲ့ ပိုက်ဆံတောင်းတာလောက်တော့ သူတို့ အတွက် ထမင်းစားရေသောက်လေ.. စိတ်ပျက်ချက် ..

မြသွေးနီ said...

အဲ့ဒါမျိုးတွေက နေရာတော်တော်များများမှာ ရှိနေတုန်းပဲ...။ အရိုးစွဲနေတာတွေ မဖျောက်သရွေ့တော့ ကြုံနေရဦးမှာပဲ...။

ညီရဲ said...

အစ်ကိုတို့ လဲ ဘာထူးလဲ ညီရေ... မြန်မာပြည် လေယာဉ်ကွင်း ခြေချမိတာနဲ့ တန်းအတောင်းခံရတော့တာဘဲ။ ဟား... မင်းက သုံးနှစ်လောက်လုပ်လာတာဆိုတော့ တော်တော်လေး စုမိလာမှာပေါ့... တို့ အတွက်လဲ လုပ်ဦးလေတဲ့... ဘယ်လောက်ပါးပိတ်ရိုက်ပစ်လိုက်ဖို့ ကောင်းလဲ။ မသိကိုယ်ကဘဲ သူ့ ကို လုပ်ကျွေးဖို့ နိုင်ငံခြားသွား အလုပ်လုပ်တာကျနေတာဘဲ...

San San Htun said...

လေယဉ်ကဆင်းတာနဲ့  တန်းတောင်းတော့ပဲ..အလုပ်လုပ်နေတာလား..ဘယ်မှာလဲ အခွန်ဆောင်ထားတာ..ဘယ်မှာလဲ ခွင့်..ပိုက်ဆံပေးရင်တောင် ဟောက်သေးတာ..တောင်းတာတောင် ကောင်းကောင်းမတောင်းဘူး...ကျက်သရေမရှိ အတော်မိုက်ရိုင်းတဲ့ သူတောင်းစားတွေ..စလုံးကို ပြန်ရင် ဘာမှ ပေးစရာ၊ ဘာမှ ပြစရာမလို..ကိုယ့်နိုင်ငံကို ပြန်ရင် အတော်စိတ်ရူပ်ရတယ်

မိုးဇက် said...

ဟုတ်တယ်ကိုမျိုးရေ ၊ အဲ့ကောင်တွေကလဲ ခုထိကိစ္စမတုံးကြသေးဘူးဗျာ ၊ စိတ်ညစ်ဖို့ကောင်းတယ် ၊ ကိုယ့်ဘာသာနေတာတောင် တရားခံကြီးလိုဆက်ဆံခံနေရတာ တစ်ကယ်တစ်ကယ် ၊

LinkWithin

Related Posts Plugin for WordPress, Blogger...