Friday, December 9, 2011

သူငယ်ချင်း

စကားလုံးလေးက သုံးလုံးတည်းပါပဲ ဒါပေမယ့် သူ့ရဲ့ အနက်ကတော့ကျယ်ပြန့်လွန်းတယ်ထင်ပါတယ် ။ ကျနော် ဖြတ်လျှောက်ခဲ့တဲ့ အချိန်တွေထဲမှာ ခဏတစ်ဖြုတ် ပြုံးပြနှုတ်ဆက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရှိသလို နွေးထွေးစွာ ဆုံစည်းခဲ့ကြပေမယ့် သတင်းလေးတောင် အစနမကြားရတော့အောင် အဆက်သွယ်ပြတ်သွားတဲ့ သူငယ်ချင်းတွေလည်းအများကြီးရယ် ။ညက ကျနော့်ရဲ့ မှတ်စုစာအုပ်လေး ပြန်ကြည့်မိတုန်း သူငယ်ချင်းအချို့ရဲ့လိပ်စာတွေ မွေးနေ့လေးတွေ မှတ်ထားတဲ့ စာရွက်ထဲမှာ တစ်ချို့က ဘလော့ပေါ်ကနေ ခင်ရတဲ့သူတွေ ထူးဆန်းပါတယ် အရင်က မမြင်ဖူးပါပဲ လက်ဖက်ရည်ဆိုင် တူတူမထိုင်ဖူးသလို စကားတွေလည်း ဖောင်ဖွဲ့မပြောခဲ့ကြဖူးဘူး ဒါပေမယ့် ခင်မင်ခဲ့ကြတာကတော့အမှန်ပဲ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ခင်ခဲ့တဲ့ မျှားပြာ ဆိုတဲ့ ဘလောဂါ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ကျနော် အမှတ်ရမိနေတုန်း ။တစ်ချို့တွေလည်း အမှတ်တရကနေ အမှတ်တမဲ့ ဖြစ်သွားကြပြီ စာမလာ သတင်းမကြားပေါ့ ။

ဒီကိုရောက်တော့ ကျနော့်အတွက် သူငယ်ချင်းဆိုတာ ရှားပါးကုန်တွေဖြစ်လို့ အလုပ်နဲ့ ပက်သက်လို့ သိကြတဲ့သူတွေရှိပေမယ့် နောက်ပြန်တွေ့ ပြုံးပြနှုတ်ဆက်ရုံထက်မပိုခဲ့ဘူး ။ သူငယ်ချင်းဆိုတာကို ဘယ်လို အနက်ဖွင့်နိုင်ပါသလဲ ကျနော်ကတော့ လူတစ်ယောက်ရဲ့ ကောင်းကွက် ဆိုးကွက်တွေကို သိရှိပြီးတဲ့နောက်မှာတောင် ရှောင်ဖယ်မသွားပဲ ကိုယ့်အနားမှာ ရှိနေသေးတဲ့ သူကို သူငယ်ချင်းလို့ သတ်မှတ်ချင်ပါတယ် ။ ကျနော့် အနားမှာကော ခိုတစ်ကောင်လို ခဏခဏ ငြီးတတ်တဲ့ကျနော် ပြသနာတစ်ခုကို စိတ်အေးအေးမထားပဲ ပရိတ်ရွတ်သလို တစ်တွတ်တွတ်နဲ့ ပူလောင်နေတတ်တဲ့ ကျနော့်အနားမှာ ဒီလိုမျိုး ကိုယ့်ရဲ့ မကောင်းကွက်တွေကို အကောင်းမြင်လို့ ပေါင်းသင်မယ့် သူငယ်ချင်းက ဘယ်ရှိနိုင်မတုန်း ။ ကျနော်ကလည်း မရှိနေပေါ့ မာနတွေက ခပ်တင်းတင်းနဲ့ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမပေါင်းဖြစ်တာ ဒီကိုရောက်စတည်းက သူ့အကြောင်းလည်း ကိုယ်မသိ ကိုယ့်အကြောင်းသူမသိတဲ့ ခေါ်ပြောနှုတ်ဆက်ကြတဲ့ မိတ်ဆွေအချို့တော့ရှိပါတယ် ဒါပေမယ့် မိတ်ဆွေနဲ့ သူငယ်ချင်းဆိုတာ တူတယ်လို့ကို မခံစားရဘူး ။

ဒါပေမယ့် ကျနော့်မှာ သူငယ်ချင်းလို့ ဆိုရမယ့် သူငယ်ချင်းတစ်ယောက်ရှိလာတာ ကျေးဇူးတင်စရာ ။ လူတစ်ယောက်ကို စပြီး နှုတ်ဆက်ရတာလောက် ကျနော် ပျင်းတာမရှိ အထာကြီးနဲ့လိုပဲဆိုဆို ပျင်းတာတော့ တကယ်ပဲ ။ဒီကောင့်ကို စသတိထားမိတော့ ဗလတောင့်တာကို သိပ်မနာလိုဖြစ်တာပဲ ငါလည်း အဲ့လို ဗလတောင့်တောင့်ရလို့ကတော့လား ဖေ့ဘွတ်ပေါ်မှာ ပဲဆီ နှမ်းဆီ စက်ဆီ ဖြစ်အောင် ကို ဓာတ်ပုံရိုက်တင်ဖြစ်လိုက်မယ်ပေါ့ ခုတော့လား ဒီဘ၀ ဒီမျှနဲ့သာ။ စကားနည်းတယ်လို့ထင်ရပေမယ့် သူက ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ထက်တော်တာ သတိထားမိတယ် ညီ /ညီမ အရွယ်လေးတွေနဲ့လည်း ခေါ်ခေါ်ပြောပြော နှုတ်ဆက်တာတွေ့တယ် ကျနော့်ကို စနှုတ်ဆက်ခေါ်တော့ “အစ်ကို” တဲ့ သိပ်စိတ်ဆိုးပါတယ် ကျနော်က အစ်ကိုမဖြစ်ချင်ဘူး ကိုယ့်အသက်ကိုယ်မေ့နေတာပြောပါတယ်း) ကိုယ့်မှာ တူ /တူမတွေတောင် တစ်ဒါဇင်ကျော်နေပြီ အစ်ကိုလို့ခေါ်တာလောက်တော့ ဘာဖြစ်မတုန်း ။ဒါပေမယ့် ကျနော်တို့ သူငယ်ချင်း နှစ်ယောက်ကို ယှဉ်ပြီး ကျနော်တို့ကို အသက်မှန်းလိုက်ရင်တော့ သူ့ကိုက ၂၇ လောက်မှန်းပြီး ကျနော့်ကို ၂၃ ပဲမှန်းတော့ ပျော်လိုက်တာ ဟဟား ကိုယ်အရွယ်တင်တယ်ပေါ့ ဘယ်ဟုတ်မလဲ အကောင်ကသေးတော့ ငယ်နေသလိုဖြစ်နေတာ ။

သူငယ်ချင်းမှန်းရင် တစ်ယောက်နဲ့ တစ်ယောက်ပိုက်ဆံချေးငှားဖူးရမယ်လို့ ကျနော်တော့ထင်တယ် ပြီးတော့ အားနာတယ်ဆိုတဲ့ စကား တစ်ယောက်နဲ့တစ်ယောက်မှာမလိုအပ်ဘူး ဒါမယ့် ကျနော်ကတော့ အားနာတယ်ဆိုတဲ့ စကား ခဏခဏကိုပြောဖြစ်နေတော့တာ အကူညီ မယူဘူးလားဆိုတော့မဟုတ်ပါဘူး အကူညီ လိုချင်လို့ကို ရှေ့က အားနာတယ်ဆိုတဲ့ စကား ခံထားလိုက်တာ ဘလော့ဂါဆိုတဲ့ အမျိုးက အကွေ့အ၀ိုက်တွေတော်တယ်မှတ်လား ။ အမှန်တော့ သူနဲ့ ကျနော်က ဆန့်ကျင်ဘက်တွေများပါတယ် သူက တည်တည်ငြိမ်ငြိမ် အခက်ခဲနဲ့ ကြုံလည်း စိတ်အေးအေးထားပြီး ဖြေရှင်းတတ်တယ် ။ ကျနော် စိတ်ညစ်စရာရှိတိုင်း သူအားပေးတဲ့ စကားက “ အဆင်ပြေသွားမှာပါ ” တဲ့ စကားလုံးလေးက တိုပေမယ့် အားပါတယ်လို့ထင်ပါတယ် ။ အနားမှာ လူတွေအများကြီးမလိုပါဘူး ကိုယ်ရင်ဖွင့်သမျှကို မငြီးမငြူနားထောင်ပေးပြီး အကြံညဏ်ကောင်းပေးနိုင်တဲ့ သူတစ်ယောက်လောက်ပဲ လိုပါတယ် အဲ့တာ ကိုယ့်သူငယ်ချင်းလို့ဆိုနိုင်တဲ့သူပါပဲ ။


သူငယ်ချင်းနှစ်ယောက် အမဲအစ်နေ့မှာ ငါးဆင့်ချိုင့်ကြီးနဲ့ အသိအိမ်မှာ သွားယူတာလည်း မှတ်မှတ်ရရပါပဲ “ ရှက်လိုက်တာကွာ ငါ့မျက်နှာကြီးဘယ်နားသွားထားရမှန်းကိုမသိဘူး ” ဆိုတော့ ဆိုင်ကယ်အုပ်ထုတ်မှန် ချထားလိုက်တဲ့ ။ သူက တစ်ခါတလေ ကျနော် မရဲတဲ့ အလုပ်တွေ လုပ်တတ်တာလည်း အံ့သြစရာ ဥပမာ အင်္ကျီဆိုင်က မ၀ယ်ပဲနဲ့ ကိုယ်အိတ်ကပ်ထဲလည်း ပိုက်ဆံမပါပဲ ဟိုးရွေးဒီရွေး လုပ်ပြီး ပြန်ထွက်လာရမယ့် အဖြစ်က ရှက်စရာ သူကတော့ မမှု ဟိုလှန် ဒီလှန် နဲ့ ပြီးရင် မကြိုက်သေးတဲ့ပုံစံနဲ့ ပြန်ထွက်လာတတ်တာ ကျနော်ကတော့ ဆိုင်ရှင့်မျက်နှာ စူပုတ်ပုတ်ကြည့်ပြီး ၀ယ်ဖို့ အစီစဉ်မရှိပါပဲ တစ်ထည်လောက်တော့ ၀ယ်လိုက်ရကော ပြီးရင် “ မင်းကတော့ ငါ့ကို အလိမ်မာနည်းနဲ့ ငမွဲဖြစ်အောင်လုပ်နေတော့တာပဲ ” လို့ပြောတိုင်း “ အဖတ်တင်တာပေါ့ဗျာ ” တဲ့ အဖတ်တင်လား မတင်လားတော့မသိ လကုန်ရင် အကြွေးတင်တာတော့ အမှန်ပဲ ။


တစ်ခါတလေ နှစ်ယောက်သား ဘော့စ်ခိုင်းလို့ ဈေးသွားတဲ့ အခါ စတိုင်လ်တွေကတော့ လန်းလို့ မျက်မှန်တွေတပ် အပြင်ခံအင်္ကျီတွေဝတ်လို့ ၀ယ်ရတဲ့ ပစ်စည်းတွေက ငရုတ်စုံ ဒယ်အိုး ဒန်အိုးတွေ ၀ယ်ရတဲ့အလုပ် မရှက်ဟန်ဆောင်လို့ ခပ်တည်တည် ဈေးထဲလည်း လိမ့်ကြတာပဲ ။ ဆရာနေမကောင်းတုန်းက ဆေးရုံမှာ ညသွားစောင့်အိပ်ဖြစ်တဲ့ကျနော် “ မင်းကလည်း တပည့်ကောင်း မပီသလိုက်တာ နည်းနည်းပါးပါး ဆရာ့ကို လာကြည့်ပါအုံးဟ ” ဆိုတော့ သူပြန်ပြောတာက “ ကျနော်က စိတ်အမြဲရောက်ပါတယ်ဗျာ ” တဲ့ ရှင်းနေကော လဒ စိတ်နဲ့ကတော့ လူတိုင်းရောက်တာပေါ့ ။ဒီနိုင်ငံမှာ ကျနော့်တို့ အရွယ်တွေ အမြီးမပေါက်သေးရင် ဟိုမျောက်လို့များ ထင်တတ်ကြလေရော့သလားမသိပါဘူး စတိတ်ကျောင်းသားကျောင်းသူမှာကတည်းက ရည်းစားတွေ ရှိနေတတ်ကြတဲ့သူတို့ လူနေမှုမှာ အချစ်ရေးတွေ စိတ်မ၀င်စားတဲ့ ကျနော်တို့ သူငယ်ချင်း နှစ်ယောက်က ထူးဆန်းနေသလိုဖြစ်နေတော့တာ အချစ်ရေးထက် ဘ၀အရေးတွေ အရေးကြီးနေတာ သူတို့မသိပေမယ့် ကိုယ်တွေကတော့ လူမသိ သူမသိ တိတ်တဆိတ် ရုန်းကန်နေကြရတာ ။


တစ်ယောက် တစ်နေရာစီ နဲ့ ဖုန်းတောင် သိပ်မပြောဖြစ်တဲ့ သူငယ်ချင်းရဲ့ သတင်းတွေ နားစွင့်လို့ အဆင်ပြေပါ့မလားလို့ စိတ်ထင့်မိတာတော့ အမှန် လူဆိုတာ အချိန်တန်တော့လည်း ကိုယ်ကျရာ ဇာတ်ကွက်မှာ အကောင်းဆုံး ကပြ အသုံးတော်ခံကြရတဲ့သူတွေမဟုတ်လား ။ကိုယ်စိတ်ပျက် အားငယ်တဲ့အချိန်တိုင်း အားပေး နှစ်သိမ့်တတ်တဲ့ သူငယ်ချင်းအတွက် သူ့အားငယ်တဲ့အချိန် ကျနော်ကကော ဘယ်လို စကားတွေနဲ့ နှစ်သိမ့်ရမှာပါလိမ့် ။ကျနော့်ထက် ငယ်ပေမယ့် ဆရာကြီးပုံစံနဲ့ ဆုံးမစကားတွေ မဆိုပါပဲ သူ့အပြုမူတွေက ကျနော့်ကို ဆုံးမစကားပြောနေသလိုပါပဲ ။လက်ဆောင်ရဖုးတဲ့ ကဗျာထဲကလို ..

မြေလွှာအောက်က ထိုးထွက်လာတာခြင်းတူတော့
ရင်ဘတ်မှာက ဖုတ်မြေတွေ အလိမ့်လိမ့်တတ်
ကိုယ့်မျိုးစေ့ကို ရေလောင်းပေါင်းသင်
အသီးအပွင့်တွေရှင်သန်ခဲ့ကြတယ်...။


ဟုတ်တာပေါ့ သူနဲ့ကျနော်ဟာ ဖြတ်သန်းခဲ့ရတဲ့ လောကဓံလမ်းကြမ်းချင်းက တူလေတော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်စွာနဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတာထင်ပါရဲ့ ။

ခပ်ကျဉ်းကျဉ်း ကမ္ဘာမှာ
နေရာတစ်နေရာအတွက်
ကိုယ်ထူကိုယ်ထ စနစ်ထဲ
အနာဂါတ်တွေနဲ့ ထိုးနှက်ရိုက်ထည့်


ကဲ... သူငယ်ချင်းရေ... ညီလေးရေ...
ဒီတစ်ကြိမ်တော့ ကိုယ့်ဗီဇကိုယ်ဖိသွေး
ငါတို့ကိုယ်ငါတို့
အနာဂါတ်တွေနဲ့ ပစ်ပေါက်ကြစို့....။


သူငယ်ချင်းရေ့ ဒီတစ်ကြိမ်လည်း အနာဂါတ်ကိုမျှော်တွေးလို့ တို့တွေ လမ်းဆက်လျှောက်ကြသေးတာပေါ့ ။ ကျနော် သူ့ကိုပြောဖူးပါသေးတယ် “ သူငယ်ချင်းဆိုတာ တွေ့တုန်းသာ ခင်ခင်မင်မင်ရှိကြပြီး နောင်ပြန်တွေ့တဲ့အခါ ပြုံးပြ နှုတ်ဆက်ရုံနဲ့ ခင်မင်မှုတွေက အဆုံးသတ်သွားမယ်ဆိုရင်တော့ ငါတို့ ခင်မင်ခဲ့တဲ့ အချိန်တွေက အလကားဖြစ်သွားမှာပေါ့ အဲ့တာကို သူငယ်ချင်းလို့ မခေါ်ဘူး ” ဒီလိုပြောပေမယ့် စိတ်ထဲကတော့ သိနေပါသေးတယ် ကျနော်တို့ ပြန်တွေ့တဲ့ အခါ ပြုံးပြနှုတ်ဆက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူးဆိုတာ အနည်းဆုံးတော့ ဖန်ခွက်ချင်းတိုက်လို့ ချီးယားစ် လုပ်ဖြစ်ကြအုံးမှာပါ “ အဆင်ပြေပါစေ သူငယ်ချင်းရေ့ ” ။





21 comments:

Anonymous said...

ကမောင်မျိုးက အကောင်သေးပေမယ့် အမြီးရှည်တယ်လို့လုပ်လိုက်

Maung Myo said...

ဘယ်လို သိသွားပါလိမ့်.....း)

မြသွေးနီ said...

အဆက်အသွယ်ပြတ်နေတဲ့ ငယ်သူငယ်ချင်းမလေးကို အရမ်း သတိရသွားတယ်။ သူငယ်ချင်းတွေရဲ့ သံယောဇဉ်က ဘယ်အချိန်မဆို နွေးထွေး ချိုမြိန်နေတတ်တယ်နော်..။

မိုးပျံမ said...

အခုလက်ရှိ ဘော်လီ..အဲလေ...ဘော်ဒီကို ဒါ့ပုံရိုက်တင်ရင်လဲ..စက်ဆီ နှမ်းဆီ မဖြစ်တောင်....ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးတို့.....ဒုက္ခသည်များဆိုင်ရာ မဟာမြင်းဂျီးများ ရုံးတို့.....ဟင်နရီ ဒူးနန့်ရဲ့ သားသမီးများ ဂရု တို့ကနေပြီး နင့်အတွက် ရံပုံငွေ ရှာပေးနိုင်ပါတယ်ဟယ်.....


“ သူငယ်ချင်းဆိုတာ တွေ့တုန်းသာ ခင်ခင်မင်မင်ရှိကြပြီး နောင်ပြန်တွေ့တဲ့အခါ ပြုံးပြ နှုတ်ဆက်ရုံနဲ့ ခင်မင်မှုတွေက အဆုံးသတ်သွားမယ်ဆိုရင်တော့ ငါတို့ ခင်မင်ခဲ့တဲ့ အချိန်တွေက အလကားဖြစ်သွားမှာပေါ့ အဲ့တာကို သူငယ်ချင်းလို့ မခေါ်ဘူး ”

Anonymous said...

Hote pa.Your post made me miss my old friends.How long we apart each others,it's just like yesterday when we meet again.Wish you be among your tha nge chins at least one beside you.
Gyidaw

ညီလင်းသစ် said...

ဘဝမှာ ဒီလို သူငယ်ချင်းမျိုးတွေ ရတာဟာလည်း ကံကောင်းခြင်း တမျိုးပါပဲ..၊ မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းလို့ အားရပါးရ ခေါ်နိုင်မယ့် လူတွေကို ပြန်သတိရ နေမိတယ်...။

ညိမ်းနိုင် said...

အင်း....အသက်ကလေးရလာတာနဲ့အမျှ တစ်ခုတ်တရ
တန်ဖိုးထားလာတတ်တဲ့အရာထဲမှာ သူငယ်ချင်းဆိုတာ
လည်း ပါတယ်ထင်ရဲ့...၊ငယ်တုန်းကတော့ ကိုယ့်မာန
နဲ့ကိုယ်ပေါ့လေ...၊ကိုယ့်ဘေးမှာ တိုင်ပင်ဖော်တိုင်ပင်
ဘက် သူငယ်ချင်းရှိတာကောင်းတယ်ဟ...။

ညီရဲ said...

လောကမမှာ တန်ဖိုးအထားသင့်ဆုံး အရာတွေထဲမှာ သူငယ်ချင်းဆိုတာလဲ ပါတယ်လို့ ထင်တယ်။ သူငယ်ချင်း မှန်ရင် တစ်ယောက် အနွံတာကို တစ်ယောက် ခံဖူးရမယ်။ တစ်ယောက် တစ်ပြန်အမြဲ ကူညီနေနိုင်ရမယ်။ လိုအပ်လာရင် ကူညီနိုင်ဖို့ အမြဲအဆင်သင့် ရှိနေရမယ်လို့ အစ်ကိုထင်တယ်။ အဲဒီလို နေနိုင်အောင်လဲ ကြိုးစားတယ် ညီရေ... မောင်မျိုးပြောသလို ပိုက်ဆံလဲ ချီးဖူးရမယ်ပေါ့...

Cameron said...

ကိုယ့်ဘ၀မှာလဲ မိဘမောင်နှမပြီးရင် အတွယ်တာဆုံးကသူငယ်ချင်းပဲ....။ သူငယ်ချင်းကောင်းပီသရင် အတူတူ တိုက်ပွဲဝင်ရဲကြတယ်ဆိုတာမှန်တယ်...။

ဆက်ဆီမျှစ်.. said...

နာလဲ သူငယ်တွေ အဲလေ သူငယ်ချင်းတွေကို လွမ်းတယ်..လက်ရှိမှာ ငယ်သူငယ်ချင်းထဲက တစ်ယောက်ပဲကျန်တော့တယ်..:(

ကိုအောင်(ပျူနိုင်ငံ) said...

အဖော် ...မိတ်ဆွေ ... သူငယ်ချင်း ... အများကြီးပဲနော် ... ဘ၀က ရှည်ရင် ရှည်သလိုပဲ ...

mayookhin said...

အမလည်းမျှားပြားကိုသတိရတယ်မောင်လေးရေ..
သူ့ဘလော့လေးလည်းပိတ်သွားပြီ..သူ့ကိုသတိ
ရလို့သူ့ကဗျာလေးတွေပြန်သွားဖတ်ချင်တာတောင်
ဖတ်ဘို့မရှိ့တော့ဘူးမောင်မျိုးရေ..
ညိမ်းညိုနဲ့ဖြိုးငယ်ကိုလည်းသတိရမိတယ်မောင်လေးရေ..
သူတို့အားလုံးအစစအရာရာအဆင်ပြေကြပါစေလို့
အမြဲစိတ်တည်းကနေဆုတောင်းပေနေမိပါတယ်....

...အလင်းစက်များ said...

သူငယ်ချင်း မှန်ရင် ပိုက်ပိုက် ချေးရတယ်နော် မောင်မျိုး လခ ထုတ်ရင် ငါ့ဖုန်းဆက်ဦး သိလား။ :P

blackroze said...

အရင်တုန်းကတော့သူငယ်ချင်းတွေ
အများကြီးဘဲ
ခုတော့သိပ်မရှိတော့ဘူး..
တကယ့်သူငယ်ချင်းကောင်းဆိုတာ
ပိုတောင်မရှိတော့သလိုပါဘဲ
မောင်မျိုးရယ်..

San San Htun said...

အွန်လိုင်းလဲမလာ..ဖုန်းလည်း မဆက်နိုင်လို့  မတွေ့ ဖြစ်တာ ၁နှစ်လောက်တောင် ရှိတော့မယ်..ဒါပေမဲ့ ရင်ဘတ်ချင်းနီးနေသေးတယ်..

သူကြီးမင်း (တုံးဖလား) said...

သူငယ်ချင်း.. သူငယ်ချင်းးး
ဒီဝေါဟာရတောင် မေ့နေတာ အတော်ကြာရောပေါ့။
ရှားပါးလိုက်တဲ့ သူငယ်ချင်း။

ရှားပါးဆို စကားပြောရမှာ စိတ်မ၀င်စားတာလဲ ပါတယ်။
တစ်ယောက်ထဲ နေတာများလာတော့ နှစ်ယောက်ဖြစ်လာမှာတောင် အတော်လေး ကြောက်မိသား။

ဒါဖြင့် သံသရာကို ကြောက်တာလားဆိုတော့
မဟုတ်ပြန်ဘူး။

အမှန်က.. မဟုတ်က ဟုတ်ကတွေကို စကားအဖြစ် ပြောနေရတာကိုက ပျင်းစရာ ကောင်းနေတာ။

ဘ၀မှာ သူငယ်ချင်းကောင်း တကယ် လိုအပ်ပါတယ်။
သူ့ကူညီ ကိုယ့်ညီပေါ့။ သူ့ဖေးမ ကိုယ့်ဖေးမပေါ့။

Anonymous said...

အင်း..တွေ့ဘူးတဲ့သူတွေကဆို...
ငယ်ငယ်လေးလို့...နုလိုက်တာလို့ပြောမှာ..
လုပ်ပါဦး..အေးကြည်မအကြောင်းလေးတွေ..

mstint said...

မောင်မျိုးပြောသလို ထူးထူးဆန်းဆန်း အဖြစ်ဆိုလို့
တီတင့်လည်း အခုဆိုရင် ဘလော့ဂါ ၁၅ ဦးရှိပြီ
အပြင်မှာတွေ့တာ ပထမဦးဆုံးအကြိမ်တွေ့ပေမယ့်
ရင်းနှီးနေတယ် အချင်းချင်း နှစ်ပေါင်းများစွာက
ခွဲခွာခဲ့တဲ့သူတွေ ပြန်တွေ့ရသလို အချင်းချင်း
ပြုံးပျော်စွာနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်း)
မောင်မျိုးရဲ့ သူငယ်ချင်းလည်း ဒီပို့စ်လေးကို ဖတ်ပြီး
ကြည်နူးနေမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ခွန်အားတွေ တိုးသွားသလိုပဲ ကိုမျိုးရေ...:)
သူငယ်ချင်းတွေကို လွမ်းထှာ..နော် ..တစ်ချို့တွေလဲ အမှတ်တရကနေ အမှတ်တမဲ့ ဖြစ်ကုန်ပြီလေ...:(

Maung Myo said...

မမြသွေးနီ.... ဟုတ်တယ်ဗျ သူငယ်ချင်းတွေ တကယ် ရေချမ်းစင်လေးပါ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ ။

မိုးပျံမ.... ငါ့များပြောထားလိုက်တာ ကိုယ့်ကိုယ်ကို မှန်ပြန်ကြည့်နော် မတာမ

ကြီးတော်..သူငယ်ချင်းတွေနဲ့ မကြာမကြာ ဆုံနိုင်ပါစေဗျာ.

ကိုညီ.... ဟုတ်ပါ့ဗျာ သူငယ်ချင်းဆိုပြီး လည်ပင်းကိုဆွဲဖက်ပြီး အားရပါးရခေါ်ချင်လိုက်တာ ။

ကိုညိမ်းနိုင်... ဟုတ်တယ်ဗျ အများကြီးတော့မလိုပါဘူး နားလည်ပေးတဲ့သူဆို အဆင်ပြေပါတယ် ။

ကိုညီရဲ.. အစ်ကိုဖွင့်ဆိုသွားတဲ့ သူငယ်ချင်းရဲ့ အနက်လေးတွေကလည်း စိတ်ဝင်စားစရာပဲဗျ ပိုက်ဆံတော့ ခဏခဏ မချေးနဲ့နော့်း))

မမိုးငွေ့ ...ဟုတ်တယ် သူငယ်ချင်းကောင်းဟာ ရဲဘော်ရဲဘက်ကောင်းနဲ့ တူတယ် ။

မျှစ်..... ကျန်တဲ့သူငယ်ချင်းတွေက မိန်းမရကုန်လို့လားဟ

ကိုအောင်... ဟုတ်တယ် အများကြီး တွေ့ရအုံးမှာပဲ ထင်တယ် ။

မမေ...ဟုတ်တယ် သတင်းတော့ သဲ့သဲ့ကြားတယ် အတိကျတော့မသိဘူးရယ် အဆင်ပြေကြမှာပါလေ ။

ကိုလတ်... ချေးဘူးးး))

ဘလက်စ်...ဟုတ်တယ် ကျနော်လည်း တစ်ခါတလေ အဲ့လို အတွေးတွေဝင်တယ်။

မစန်းထွန်း... ဒါပေါ့ သူငယ်ချင်းဆိုတာ အနေဝေးပေမယ့် စိတ်ချင်းနီးနေကြမှာပါ ။

ကိုကိုမောင်...သူကြီးက ၂ယောက်ဖြစ်လာမှာကြောက်တယ်ဆိုတာ မိန်းမ မယူချင်သေးလို့များလားး))

အမည်မဲ့...အေးကြည်မ တောင်မေ့တေ့တေ့ဖြစ်နေပြီကောဗျ ။

တီတင့်...ဘလော့ဂါတွေက အပြင်မှာဆုံရင် အမျိုးတွေလိုပဲ တကယ်ပြောတား) သူငယ်ချင်းကတော့ ဒီပို့စ်ဖတ်ပြီး ဘာမှတ်ချက်မှမပေးဘူးဗျ သူက စာဖတ်ပျင်းတယ် ။

အိန်ဂျယ်....အမှတ်တရ ကနေ တကယ်ကို အမှတ်တမဲ့ပါပဲ ဒါပေမယ့် သူတို့တွေလည်း အမှတ်ရနေကြမှာပါ ။

Anonymous said...

nike dunks
off white
off white outlet
pg 1
yeezy boost 350
birkin bag
alexander mcqueen shoes
golden goose sneakers
bape outlet
kd13

LinkWithin

Related Posts Plugin for WordPress, Blogger...