Wednesday, April 20, 2011

တူ / တူမ လေးများ

ခုရက်ပိုင်း ရွာကိုတော်တော် သတိရနေတယ် အမေ လာတုန်းက ခလေးတွေအကြောင်းပြောပြတော့ ပိုဆိုးသွားတယ်ထင်ပါ့ ။တူမ အငယ်လေးက ခုဆိုတော်တော်ကြီးပြီး လည်လာတယ်တဲ့ ။တူလေးတစ်ယောက်က ခုဆို အဘနဲ့ နွားကျောင်းအဖော်လိုက်ပေးနေပြီဆိုပဲ ။ ကျနော်က ကျနော့် တူ/တူမလေးတွေဆို သိပ်ချစ်ပါတယ် တစ်ခါခါကျ ကိုယ့်ပါသာ ပြန်ပြန်တွေးတယ် “အင်း...ကိုယ်ကသာ ချစ်နေရတာ သူတို့က နောက်ဆို ငါအသက်ကြီးရင် ဘိုးဘွာရိပ်သာပို့ကြမယ့်ဟာလေးတွေ ဦးလေးလူပျိုအိုကြီးကို ရှုပ်တယ်လို့ပြောကြမှာ ” လို့ တွေးမိတာပါ အဲ့အကြောင်း အမေ့ကို ပြောပြမိရင် ပေါက်ပေါက်ရှာရှာ တွေးတတ်ပါ့လို့ အမေကပြောကော ။

ဒီက ခလေးတွေ စားကောင်းသောက်ကောင်း စားနေကြတာ ပေါပေါလောလော ကိုယ့်တူ/တူမလေးတွေလည်း ကျွေးချင်လိုက်တာ ။ မှတ်မိပါသေးတယ် ရွာကို အလည်သွားဖြစ်တိုင်း မုန့်လက်ကောက်၊ အသားထုကြော် ၊ အသုတ် ၊ ဟာလ၀ါ တွေ အများကြီး ၀ယ်ဝယ်သွားဖြစ်တယ် ဟိုရောက်လို့ အဝေမတည့်ရင် ခလေးတွေက ရန်တွေဖြစ်တတ်ကြလို့ပါ ။မုန့်ဝယ်ပေးရင် တူတူပဲကိုလည်း သူ့ဟာကကြီးတယ် ငါ့ဟာကကြီးတယ်နဲ့ စကားနိုင်တွေလုလို့ပါ ။ဒီည ဖေ့ဘွတ်မှာ တူ / တူမ လေးတွေ ဓာတ်ပုံပြန်ကြည့်ရင်း ဒီမှာမတင်ရသေးတဲ့ ပုံလေးတွေလည်း ရှိတာနဲ့ တင်ပြီး ပို့စ်လေးရေးဖို့ စိတ်ကူးရမိတယ် ။


ဒီကောင်က ငကြွား အစ်မငယ်ရဲ့ သားလေးပါ ။တစ်ခါခါကျ သူတို့ချင်းကြွားတာ အားမရလို့ အဲ့အစားသေးသေးလေးကို ကုန်အောင်မစားရက် ခလေးတွေကစားဝိုင်းမှာ “ ဒါက ငါတို့ဦးသားလေး ၀ယ်ခဲ့ပေးတာ .....မယုံရင်လိုက်ကြည့်ပေါ့ကွ အဖွားတို့အိမ်မှာ ဟာလ၀ါတွေ အများကြီးကျန်သေးတယ် ” အင်မတန်ကြွားထူတဲ့ဟာလေးတွေ (ဦးလေးနဲ့တူလို့မဟုတ်ပါ :P) သူ စကားနိုင်လုလို့မနိုင်ရင် ကိုယ့်ကို သက်သေခေါ်တတ်သေးတာ ” ဦးသားလေး ရေ့ ဟာလ၀ါတွေ အများကြီးကျန်သေးတယ်နော် ဒီကောင်က မယုံလို့တဲ့ နောက်တစ်ခါကျ သားအတွက် ကုန်တင်ကားသေးသေးလေးတွေ ၀ယ်ခဲ့ပေးအုံးမယ်နော် ” ကိုယ့်မှာတော့ အူတူတူနဲ့ “ ဟေ....အေးအေး ” လို့ သူ့ကိုသက်သေလိုက်ပေးမိပြီ ဒီကောင်က လူလည် တစ်ခါတည်း ကိုယ့်ကို ခြေပြီးတုတ်လိုက်တာပါ ပြန်ခါနီးကျ “ ဦးသားလေး သားအတွက် ကုန်တင်ကားလေး ၀ယ်ခဲ့ပေးနော် ” လို့ မှာတာ အသေအချာပေါ့ ။


ဒါက အပေါ်က တစ်ယောက်ရဲ့ ညီမလေးပေါ့ တအားကိုစွာပါတယ် ဒါကတော့ ဦးလေးနဲ့တူတယ်း) တအားရန်ဖြစ်တတ်လို့ ပြောထားရပါတယ် သူ့အမေဆို ပြောမနိုင်တော့လို့ နင့်ကို ကျောင်းမထားပဲ ငါးပဲရောင်းခိုင်းရတော့မယ် ဆိုရင် “ ရောင်းမယ် အမေ ရောင်းမယ် ” တဲ့ ။ ကြီးတော် နဲ့ဆို ရန်ဖက်ပဲ အိမ်မှာ ရေလာခပ်လည်း သူ့ကို ကြီးတော်က မုန့်မကျွေးထားရင် ရေပုံးဖွတ်ထားတာမျိုးလည်း လုပ်တတ်ပါတယ် ကြီးတော်ကသူ့ကိုဆူရင် “ သမီးကိုကျ မုန့်မကျွေးပဲ သမီးတို့အိမ်မှာကျရေလာခပ်တယ် မပေးဘူး ရေလည်း လာမခပ်နဲ့ ရေပုံးဖွတ်ထားတယ် ” အသံစွာစွာနဲ့ ပြန်ပြောတတ်ပါတယ် ။ ကြီးတော်ကတော့ ကိုယ့်ကိုစစ်ကူးတောင်ပြီး ငါလည်းမနိုင်ဘူးဟယ် လုပ်ပါအုံး နင့်တူမကိုဆိုရင်တော့ “ ဟိတ် ..ပေးလိုက် ပေးလိုက် ငါလာရင်တော့ နာတော့မယ် ဟွန်းဟွန်း ” ဦးလေးဖြစ်ရတာ အဲ့တာ သာပါတယ် ကြောက်မယ့်သူလေး ဘာလေးရှိလို့ပေါ့း) အဲ့အခါကျ ပါးစပ်က ပွစိစိနဲ့ ဖွတ်ထားတဲ့နေရာက ပြန်ထုတ်ပေးတတ်ပါတယ် ။ ရွာက လူတွေ သူ့ကိုခေါ်တာ ရွာဆော်ပါစီကွေး တဲ့း) ။

ဒါက ကျနော့်ရဲ့ အချစ်တော်လေးတွေပေါ့ သိပ်လိမ်မာပါတယ် ။ အလတ်မက ကျနော့်ကို တအားချစ်တယ် သူတို့အိမ်ရောက်တာ နဲ့ ရေလေးတစ်ခွက်ပြေးခပ်ပြီး ကိုယ့်ကို ယူလာပေးတတ်တယ် ။ဈေးဆိုင်တည်ထားတဲ့ အိမ်လေးဆိုတော့ ” ဦးသားလေး...ဒီမုန့်စားကောင်းတယ် စားမလား ဒါလည်းကောင်းတာပဲ ချိုတယ် ” မုန့်မဆာပေမယ့် သူတို့ပြောစကားလေးတွေက ပိုချိုနေသလိုပါပဲ ။ စာတအားကျက်ချင်တဲ့ခလေးမလေးပေါ့ ခုမှ ၃ တန်းက မနက် ၄ နာရီစာထကျက်မယ်ဆိုလို့ သူ့အမေက မနည်းဘူးတားထားရတယ် ။ ကျနော့်ကိုဆိုလည်း သူ့အတွက်ကြွားစရာကျနေတာပဲ “ ငါတို့ ဦးသားလေးမှာ နှုတ်ခမ်းမွှေးရှိတယ် နင်တို့ ဦးမှာ ရှိလို့လား ” အဲ့တာက သူတို့ ခလေးချင်းရန်ဖြစ်ရင်သုံးတတ်တဲ့စကား ။ တစ်ခါက သူတို့ဆရာမကိုကြွားတယ်တဲ့ “သမီးတို့ ဦးသားလေးမှာ ခြေသလုံးမွှေးတွေ အရှည်ကြီးပဲ ” လို့ပြောတော့ ဆရာမက မယုံဘူး ဒီတစ်ခါ နင်တို့ဦးလာရင် ငါ့ကိုပြောလို့ ပြန်နောက်လိုက်ကော တစ်နေ့ ကျနော်သူတို့အိမ် အလည်သွားတော့ ဆရာမကလည်း ဈေးဆိုင်မှာ ဈေးလာဝယ်တဲ့အချိန်နဲ့တိုးတယ် ခလေးက ဘာမပြောညာမပြောနဲ့ “ ဆရာမ ..သမီးတို့ ဦးသားလေးမှာ ခြေသလုံးမွှေး အရှည်ကြီးရှိတာမယုံဘူး ဟုတ် ဦးသားလေး ဆရာမကို လှန်ပြလိုက် လှန်ပြလိုက် ” တဲ့ သူ့ဆရာမကော ကျနော်ပါ ကြောင်တောင်တောင်တွေဖြစ်လို့ ဘာပြောရမှန်းမသိ ရှက်လိုက်တာဗျာ မီးဖိုချောင်ထဲပြေးဝင်ပြီး “ အစ်မ သမီးကတော့ လုပ်ပြီဗျာ ရှက်လိုက်တာ သူ့ဆရာမ ရှေ့မှာ ကျနော့်ကို ခြေသလုံးမွှေး လှန်ပြခိုင်းနေတယ် အစ်မလုပ်အုံး ” ။အစ်မလည်း ဆရာမကိုလည်း အားနာ ဘာလုပ်ရမှန်းမသိတော့ သူ့သမီးကို ၀ါးခြမ်းပြားနဲ့ ၃ ချက်တီးထည့်ပေးလိုက်တယ် ငိုပြီး ငြိမ်သွားကော ကျနော့်မှာ သူ့ဆရာမ မပြန်မချင်း မီးဖိုချောင်ထဲမှာ ပုန်းပြီး ကြံကြံဖန်ဖန် အဖြစ်ကိုလည်း တွေးပြီး ကြိတ်ရယ်မိပါရဲ့ ။




ဒါကတော့ ကိုယ်ရဲ့ အချစ်တော်လေးများပေါ့ ဓာတ်ပုံရိုက်ပေးမယ်ဆိုလို့ ရေအပြေးချိုးပြီး ပြင်ဆင်ထားတဲ့ရုပ်လေးတွေမို့ပါ မဟုတ်၇င်တော့ ဖုတ်လူးကောင်လေးတွေဖြစ်နေလို့ပေါ့ ။ အစ်ကို အစ်မ ၃ ယောက်က မွေးထားတာက ၈ ယောက် တော်တော် မွေးမြူရေးကောင်းကြပါတယ် ကိုယ့်မှာတော့ သူတို့ကိုကြည့်ပြီးမောလို့ ၁၅၀၀ ဆို ဝေးဝေးက ရှောင်ပါတယ်း) ။ ဒီမှာ အချစ်ဆုံးနဲ့ပြိုင်ဘက် ဆိုပြီး ပို့စ်တစ်ပုဒ်ရေးဖူးသေးတယ် ။ ဘာပဲဖြစ်ဖြစ် တစ်ခါတလေတော့ စိတ်ရှုပ်စရာ စိတ်မောစရာကောင်းပေမယ့် သူတို့လေးတွေ အားလုံးဟာ ကျနော့်အတွက်တော့ အမောပြေလေးတွေပါပဲ ။





19 comments:

puff said...

ဟားဟား .. တော်တော်ဟုတ်တဲ့ဟာလေးတွေ.. ဆရာမ ရှေ့ မှာ ရှက်သွားမဲ့ ကိုမောင်မျိုး မျက်နှာကို မြင်ယောင်မိပါတယ် :)

ညီလင်းသစ် said...

ညီ့ရဲ့ အချစ်တော် တူမလေးတွေက ချစ်စရာ ကောင်းလိုက်တာ..၊ မျက်လုံးတောက်တောက်လေး တွေနဲ့ ကြီးလာရင် ထက်မြက်မယ့် ရုပ်ရည်လေးတွေ ကိုယ်စီနဲ့..၊ အရိုက်ခံရတယ် ဆိုတာတော့ စိတ်မကောင်း ဘူး၊ အထူးသဖြင့် ဆရာမက မယုံဘူး၊ ငါ့ကိုပြော-လို့ ပြောထားတာမို့ ကလေးက ဆရာမစကားအတိုင်း လုပ်တာဟာ အပြစ်လုံးလုံး မရှိပါဘူး၊ လူလည်ခေါင် ခြေသလုံးမွှေး လှန်ပြတာဟာ မသင့်တော်မှန်း သူတို့လေးတွေ ဘယ်သိနိုင်မှာလဲ၊ ဆီလျော်တဲ့ ရှင်းပြမှု အစား ဝါးခြမ်းပြားပဲ ရလိုက်တော့ ဘယ်လောက်များ နာကျင်သွားလိုက်မလဲ၊ ပြောရဲဆိုရဲတဲ့ စိတ်ကလေးတွေ ကလေးတွေမှာ တိမ်ငုပ်မသွားစေဖို့ မိဘနဲ့ ပတ်ဝန်းကျင် က လူကြီးတိုင်းမှာ တာဝန်ရှိပါတယ်၊ ဘာပဲ ဖြစ်ဖြစ်ပါ၊ ဒီပို့စ်လေးမှာ ၅၂၈ တွေ သင်းပျံ့နေတာတော့ အမှန်ပါပဲ ညီရေ...။

Mon Petit Avatar said...

เด็กทุกคน น่ารักมาก ๆ ค่ะ

Anonymous said...

ရယ်လိုက်ရတာ။ အဟုတ်ဘဲ တူလေး၂ကောင်ရှိပါတယ်။ ဒင်းတို့ ငယ်တုန်းကချစ်လိုက်ရတာ တုန်လို့  ခုများကျတော့ ရန်ကုန်ရောက်ရောက်ခြင်း လက်ဆောင် လာယူတဲ့နေ့  နဲ့ ရန်ကုန် အပြန် လေဆိပ်ဆင်းတဲ့ နေ့ ဘဲ အဒေါ်ကိုလာတွေ့ ဖော်ရ တယ်

မိုးခါး said...

ဟားဟား
ဆရာမနဲ့ တွေ့မှပဲ ဦးသားလေး ဒွတ်ခရောက်ပေတော့တာကိုး .. :D

ကလေးတွေပဲ ကောင်းတယ် ..း)

Anonymous said...

ဟီးဟီး ဆရာမက မယုံဘူးပြောတယ်ဆိုပြီး ခြေသလုံးမွှေး လှန်ပြခိုင်းတော့ ဆရာမရော ဦးသားလေးရော ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်မှာပေါ့။ ရှက်ရှက်နဲ့ အထဲဝင်ပြေး၊ ရှက်ရှက်နဲ့တိုင်၊ အမေကလဲ သူပါရှက်ရှက်နဲ့ရိုက်နဲ့ ရှုပ်ကုန်တာ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဆရာမခမျာလဲ မရိုက်ပါနဲ့ တားရအောင် သူ့မှာအခက်။ တားရင် သူ့ပါ တစ်မျိုးထင်သွားမှ ဒုတ်ခ။

blackroze said...

တူမလေးတွေတူလေးတွေရဲ့ဦးသားလေး

ကိုယ်ပိုင်ပစ္စည်းလေးထုတ်လုပ်ဖို့လည်း
ကြိုးစားတော့လေ...
စတာနော်မောင်မျိုး..စိတ်မဆိုးကြေး..

ညယံ said...

ဟ ဟ။နောက်ဆိုဆရာမ ဈေးလာဝယ်ရဲတော့ မှာဟုတ်ဘူး။
ကလေးဘဝဆိုတာ သူတို့ ပြောချင်တာ စွတ်ပြောတာလေးတွေကိုက အပစ်လဲကင်း၊ ချစ်စရာလည်းကောင်းပေါ့။ :D

စော(အဝါရောင်မြေ) said...

အော် ဆရာမလေးနဲ့  ဘာညာ ဘာညာပေါ့။
:D
ဒီလို မပြောရဘူးလို့  ဆုံးမရမှာပေါ့ ဘယ်နဲ့  ရိုက်ရတယ်လို့ ။

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာတူ၊တူမလေးတွေပဲ...ကိုမျိုး
တစ်ယောက် တောထွက်တော့မလား ...အဟီးးး
ကျားကြောက်ဘူးလား....:P:P:P

...အလင်းစက်များ said...

အဟိ ဦးယေးရေ... ဦးယေး လူပြိုကြီးရေ... :P

Anonymous said...

Lovely group of nieces and nephews.All of them are so cute that u can't move to get own chance:D
Gyidaw

နေ၀သန် said...

စွာတယ်ပြောတော့မကြိုက်.. သူ့ဘာသာကျတော့ စွာတယ်ပြောချင်ရင်ပြော.... လုံးလည်ချာလည်လိုက်နေတယ်.. :P

တန်ခူး said...

အဲဒါ ကလေးတွေရဲ့ ရိုးသားဖြူစင်မှုပေါ့ မောင်မျိုးရေ... အပြစ်ကင်းပြီးသိပ်ချစ်စရာကောင်းပါတယ်

ဟန်ကြည် said...

ကလေးတွေကြည့်ရတာ ရိုးသားပွင့်လင်းမယ့်ပုံလေးတွေပါလား...လူချွန်လူကောင်းလေးတွေ ဖြစ်ကြဖို့ ၀ိုင်းပံ့ပိုးဖို့တော့ မမေ့စေချင်ဘူး...

မြစ်ကျိုးအင်း said...

တော်သေးတာပေါ့ ခြေသလုံးပဲ ပြခိုင်းလို့း)
ကျွန်တော်လည်း တူတွေ တူမတွေ အများကြီးပဲ။
စာဖတ်ရင်း သတိရမိသေးတယ်။
သံယောဇဉ်ကြိုးတွေပေါ့...။

လပြည့်ရိပ် said...

ဟားဟား ...တူမလေးက ဦးလေးကို ခြေသလုံးလှန်ပြခိုင်းပြီးပွဲထုတ်တာပေါ့လေ.. တူမလေးရဲ့ ဖြူစင်မှုက ချစ်ဖို့ကောင်းလိုက်တာ...
ဒါနဲ့ ဆရာမလေးကရော ချောလား .. :P

Maung Myo said...

puff ...း) တကယ်ကြီး မြင်ယောင်သွားတယ်ပေါ့လေ ပိုတောင်ရှက်သွားသလိုပဲဗျ ။

ကိုညီ... ဟုတ်ကဲ့ အစ်ကိုရေ့ အဲ့လိုရိုက်ဆုံးမတတ်တဲ့ ဓလေ့ဆိုရင်တော့ ညီတို့ ဘိုးဘွားတွေကို သာ သွားအပြစ်တင်ရတော့မလိုပဲ တောသူတောင်သားတွေဆိုတော့ အပြစ်လုပ်ထားရင် နာကျင်အောင်လုပ်ပြီး ဆုံးမတတ်ကြသလိုပဲ အစ်မလည်း ရွာကတောသူလေးဆိုတော့ ဒီလိုပါပဲ အဲ့အချိန်တုန်းက ကိုယ်ကလည်း တားလိုက်ချိန်တောင်မရှိပါဘူး ရှက်နေမိတာနဲ့လေ အစ်ကိုပြောမှ တူမလေးကိုတောင် ပြန်သနားသွားမိတယ် ။ အစ်ကို့သားလေးကတော့ သိပ်ကံကောင်းတာပဲနော် ။

Mon Petit Avatar ..น่ารักมาก ๆ ค่ะ ဆိုလို့ကျေးဇူးပါး)

အမည်မဲ့...အဲ့တာပေါ့ အဲ့တာပြောတာ ကျနော်လည်း အဲ့တာကြောက်တာဗျး))

မိုးခါး.... သူများဒွတ်ခရောက်တာကိုရယ်နေသေးတယ် နော် တော်တော် ပဲ ။

အမည်မဲ့၂ ... ထင်တာပဲ ကျနော်လည်း ဆရာမလည်းရှက်နေမယ်ဆိုတာ ဘာလို့လည်းဆိုတော့ ရွယ်တူဖြစ်နေတာကိုးး)


blackroze.... တော်တော်ပျောက်နေတာပဲ အဆင်ပြေတယ်ဟုတ် ။။ ကိုယ်ပိုင်ပစ်စည်းထုတ်ဖို့ကလည်း စက်ရုံဆောက်ဖို့ မြေနေရာတောင်ရှာမတွေ့သေးဘူးဗျ ။

ညယံ... ဟုတ်ပါ့ ဦးလေးကိုအရှက်ခွဲတဲ့ ခလေးတွေ ။

စော.... ဘာညာ ညာဘာ မဟုတ်ပါဘူးလေ ။

အိန်ဂျယ်...တောထွက်ဖို့ ဖိနပ်လိုက်ရှာနေတယ် အဟုတ်။

ကိုလတ်.. အစ်ကိုက ကျနော့်ထပ် ပိုပြိုတာဝေ့ ဖွပြီ ။

ကြီးတော်... ဟုတ်တယ် တူမလေးတွေ အပျိုဖြစ်ရင်တော့ ဒီဦးလေး မျက်နှာပွင့်လန်းအုံးမယ် အဟားး)

နေ၀သန်...မင်းကတော့လေ ငါ့ကိုဒါပဲပြောနေတော့တယ်နော် လဒ ။

မတန်ခူး... ဟုတ်ကဲ့အစ်မ သားသားအကြောင်းလေးတွေရေးတင်ပါအုံး သားက ပိုထွားလာသလိုပဲ ။

ဆြာဟန်ကြည်...ဟုတ်ကဲ့ဗျ.

ကိုမြစ်.. အဲ့ကြိုးလေးတွေကိုတော့ သာယာတယ် ကိုမြစ်ရေ ကျနော်တော့ကြိုက်တယ် ရေးအုံးလေ ကြိုးကလေးတွေအကြောင်း ။

လပြည့်ရိပ်... ဆရာမလေးက ညိုချောလေးပါ ချစ်စရာကောင်းတယ် ရိုးရိုးနော် ဘာမှမဟုတ်ဘူး ။

အိမ့်ချမ်းမြေ့ said...

ချစ်စရာ ကလေးလေးတွေ......

LinkWithin

Related Posts Plugin for WordPress, Blogger...