Saturday, April 9, 2011

သား .....ပြန်လာခဲ့ပါအုံးမယ် ။

အမေ့ မျက်ဝန်းတွေက သားကိုတွေ့တော့ တောက်ပသွားလိုက်တာ အမေ့မှာ မပြောင်းလဲသေးတာဆိုလို့ ဒီမျက်ဝန်းတောက်တောက်တွေပဲရှိတော့တယ်ထင်ပါ့ ။ အမေက သားကိုတွေ့တော့ ခေါင်းမှာပေါင်းထားတဲ့ ယောဂီရောင် သဘတ်လေးကို ဝှေ့ယမ်းလို့ “ သားငယ်ရေ ...အမေ ဒီမှာ” တဲ့ အမေမျက်နှာက ပြုံးပျော်သွားလိုက်တာ ။ အမေ့ အကောင်လေ ပိုပိုသေးသွားသလိုပဲ အမေ့ဆံပင်တွေကတော့ တော်တော်ကိုဖြူနေပါပြီ အမေ့အသားတွေ နေပိုလောင်သွားတယ် ။ အမေက သားကို အသားတွေဖြူလာတဲ့အကြောင်း ပြုံးပြီးပြောတော့ အမေ့အသားတွေ ပိုညိုသွားတဲ့အကြောင်း သားက ဘယ်လိုပြောရက်ပါ့မလဲ အမေ ။
**************************************************************************

ပြီးခဲ့တဲ့ ၄ ရက်လောက် အမေ ကျနော့်ဆီလာလည်တယ် ။ အမေ့ကိုတွေ့တော့ ရင်ထဲ စို့နင့် တကယ်တော့ပျော်ရမှာသိပါတယ် အမေ့ အရွယ်တွေက တစ်နှစ်ထပ် တစ်နှစ်ပိုပို အိုသွားသလိုပါပဲ သားသမီးတွေကို ချစ်တတ်တဲ့ အမေ့ရဲ့ အချစ်တွေကတော့မပြောင်းမလဲ ။ “ငါ့သား ပိုချောပြီး အသားတွေပိုဖြူလာတယ်ဟဲ့ ” တဲ့ အမေ့မျက်ဝန်းထဲ ရုပ်ဆိုးတဲ့ သားတောင် ချောတယ်ထင်တာ ။ အမေ နဲ့ ကျနော် ပြောဖြစ်လိုက်တဲ့ ဆွေမျိုးတွေအကြောင်း ရွာအကြောင်း သူ့မြေးတွေ ပိုပိုဆိုးလာတဲ့အကြောင်း “ နင်ကော ဘယ်လိုလဲ သား” ဆိုတော့ “ ဘာတုန်း အမေ ရ ” လို့ ဂျစ်ကန်ကန်ပြန်ဖြေဖြစ်တယ် ။ ကျနော့်ကိုမငယ်တော့ဘူးလေ ဘာလေးညာလေးမရှိသေးဘူးလားဆိုတော့ အရူးကြီးလုပ်လို့ အမေ့ခါးသေးလေးကို ဖက် “ သားက ခလေးပဲရှိသေးတာ ” ရယ်သံစွတ်ပြီးပြန်ဖြေတော့ အမေက ပြုံးနေတယ် ။


“နောက်ဆို မလောက်၇င် မ၀ယ်ပေးလိုက်နဲ့ သား ၊ ပြီးခဲ့တစ်ခေါက်က နင်ဝယ်ပေးလိုက်တာတွေ တူ / တူမတွေ မလောက်ဘူးလေ အဲ့တာ နင့်ယောက်ဖက စိတ်ကွက်သွားသေးတယ်ထင်တယ် အိမ်ကိုတောင်မလာတာကြာပြီ ၀ယ်ပေးရင်လည်း လူစေ့အောင်ဝယ်ပေးလိုက် ကြားလား ” ။ အမေ အဲ့လိုပြောတော့ သားသမီးတွေကြား အမေ အနေရခက်မှာ သနားသွားတယ် တူ /တူမတွေကလည်းမျာလိုက်တာ အယောက်စေ့သာဆို ဒီဦးလေးတော့ ခေါင်းပြောင်ပြီး “ မေ့..အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ သားမေ့နေလို့ ” ဆိုတော့ အမေ ပြန်ဖြေသံကြား လန့်သွားတယ် ၁၃ ယောက်တဲ့ အွန့် နာရှာထားလေးတွေတော့ ကုန်ပါပြီ ။ အမေ့ကို ဈေးခေါ်သွားတော့ ဒါက ဘယ်မြေး အတွက် ဒါလေးက ဘယ်သူနဲ့လိုက်တယ်ဆိုတာ အမေ ရွေးလိုက်တာမျာ ပိုက်ဆံအိတ်လေးထဲက ထိုင်းဘုရင်ရုပ်ကလေးတွေလည်း တစ်ရုပ်ပြီးတစ်ရုပ် ခုန်ခုန်ထွက်လို့း) ။

“သား.... ရွာက နင်တို့ကိုစိန်သော့လေ ရေတွင်းထဲကျတာ ဆုံးသွားပြီသိလား သနားလိုက်တာဟယ် ကိုယ့်မျက်စိရှေ့တင်ဆိုတော့ ” ။
“ အိမ်က နွားမကြီး သားအထီးလေးကျထားတာ သားရယ် ချောလိုက်တာ ချစ်စရာလေး ” ။ “ နင်တို့ဘ ကအော်ဂင်လိုချင်လို့တဲ့ အခု မယ်ဒလင်ကိုမပူဆာတော့ဘူး အဲ့တာ သူတီးချင်တယ်ဆိုလား အေး...တတ်တယ်လေ နင့်အဘက ၁၂ ကြိုး လူကသာ ခပ်တုံးတုံး အနုပညာတော့ တော်တော်ရသား ” ။“ အမေ့အိမ်လေး ဒီနှစ်တော့ သွပ်ကလေးတင်ချင်တယ် သားရယ် ” ။ “ နင့်အစ်မငယ်တို့လည်း အဆင်မပြေပါဘူးဟယ် အမေ ခံနေလို့သာပေါ့ မဟုတ်၇င်တော့ မလွယ်ဘူး ဒါနဲ့ သူ့သားအငယ်ကောင်လေးက ငါ့သားမျက်နှာပေါက်လေးဟဲ့ ” ။“ ရွာက လူတွေလား အဆင်မပြေကြပါဘူး ခုရေတွေလည်း ခမ်းပြီ အလုပ်ကိုင်တွေလည်းရှားလိုက်တာဟယ် ပြောမနေနဲ့တော့ နေ့စားလုပ်ဖို့ ခေါ်မယ့်သူတောင်မရှိ ဒီကြားထဲ ရာသီဥတုကဆိုးသေး ” ။ “ အေးအေး .... ဒီသင်္ကြန် အမေ ရွာမှာ ငါ့သားတို့ ကန်တော့လိုက်တာလေးနဲ့ အလှူကလေးပြန်လုပ်အုံးမယ် ရွာက လူတွေက ငတ်ကြတယ် ” ။ “ သား...မ၀တ်တော့တဲ့ အကျီင်္လေးတွေ အမေ့ပေးလိုက် ရွာမှာ ပြန်ဝေရမယ် သူတို့အတွက်တော့ ဒါလည်းအသစ်ပဲ ၀ယ်မ၀တ်နိုင်ကြပါဘူး သူတို့လေးတွေ ” ။

သားမိ နှစ်ယောက် ပြောလိုက်တဲ့စကားတွေ မကုန်နိုင်မခမ်းနိုင် အစားကောင်းလေးစားရတိုင်း အမေနဲ့အဘကို ကျွေးချင်လိုက်တာ အမေ တို့ကတောသူဆိုတော့ ချွေတာတယ် ပြီးတော့ နှမြောတတ်တယ် ထမင်းစားပြီးရင် ကွမ်းကလေး ငုံထားလိုက်၇င်ပြီးပြီ ။ “ အမေ..ဒီဖျော်ရည်လေး သောက်ကြည့် တအားသောက်ကောင်းတယ် ” ၊ “ ဟယ်...တော်တော် အမေ မကြိုက်ဘူး နှမြောစရာ ခုပဲ ထမင်းစားပြီးတယ် ငွေမဖြုန်းစမ်းပါနဲ့ဟယ် အမေ မဆာဘူး ” အမေက ကျနော် အအေးဖိုးရှင်းတော့ အဲ့ပိုက်ဆံလေးကိုကြည့်ပြီး အဲ့တာ ရွာမှာ ဆို လူတစ်ယောက် တစ်နေ့လုပ်အားခပဲတဲ့ ပြောသေးတယ် ။အမေက တစ်ခုခုဆို တောသူဆိုတော့ မသိတာတွေများလိုက်တာ အဲ့တာကို သေချာရှင်းမပြပဲ စိတ်မရှည်တဲ့လေသံနဲ့ အမေ့ကို “ အဲ့တာ အမေမသိဘူး ”လို့ပြောလိုက်မိတာလေး ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုစိတ်တိုလိုက်တာ အမေက သားသမီးတွေမျက်နှာကို သိပ်ဖတ်တတ်တာပဲ ။

“အေးပါ အမေကြည့်လုပ်လိုက်မယ် အဆင်ပြေအောင် ” ဒါက အမေ့ပြောစကားလေး ။“အလုပ်မလုပ်လို့ရမလားလေ လုပ်နိုင်သလောက်တော့ လုပ်ရမှာပေါ့ ဒီတိုင်းထိုင်နေရတာလည်း ပျင်းစရာ အမေတို့ရှိတော့ အမေ့မြေးတွေလာ ကျွေးနိုင်တာပေါ့ သားအိမ်မှာဆို ချွေးမကို မျက်နှာပူရ သမီးအိမ်မှာကျ သားမက်ကိုမျက်နှာပူရအုံးမယ် ခုတော့ အမေ့သဘောပဲနေရတာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ ” အမေကတော့ အဲ့လို သူ့ရဲ့တွက်ကိန်းကလေးနဲ့ ။အမေ့ကို ဒီ့ထက်ပိုပျော်စေချင်တယ် အမေကတော့ သားတွေကို စိတ်ညစ်စရာရှိရင်တောင်ဖွင့်မပြောတတ် ။အမေ လာတယ်သတင်းကြားတော့ သူ့တူတွေ တူမတွေဆက လာလိုက်တဲ့ဖုန်းတွေ “ ဟဲ့...အမေ့နားတွေ အူပြီ မပြောချင်တော့ဘူး အမေပြန်ပြီလို့ ညာလိုက်တော့ ဖုန်းကိုင်ရတာ လက်လည်းညောင်းပြီး သားရဲ့ ” တဲ့ ရိုးလိုက်တဲ့ ကျနော့်အမေ ။

အမေပြန်တော့ ကားဂိတ်မှာ ခဏစောင့်ရင်း စကားပြောဖြစ်တော့“ ဘယ်တော့ပြန်လာအုံးမလဲ ငါ့သား ” လို့မေးတော့  မသိသေးပါဘူးလို့ပဲဖြေလိုက်တော့တယ် တကယ်ဆို ကျနော်လည်း အမေ့နားပဲနေချင်တာ ။ အမေက ကျနော့်ကို ဂရုစိုက်ဖို့မှာ ကျနော်က အမေ့ကိုပြန်မှာနဲ့ ကားထွက်တော့မယ်ဆိုမှ “အမေ...ဒါဆို သားလည်းပြန်တော့မယ်နော် ရောက်ရင်ဖုန်းဆက်လိုက်သိလား ” အမေ့ကို နှုတ်ဆက်စကားဆိုတော့ အမေ့မျက်ဝန်းတွေက အရည်တွေလဲ့လာပြီ သိပ်မကြာခင် အမေငိုတော့မှာ သိတော့ မြန်မြန်ပြန်မှပဲလေလို့ တွေးလိုက်တယ် နောက်တစ်ခေါက် “ ကျနော် သွားတော့မယ် အမေ ” ထပ်နှုတ်ဆက်လို့ နောက်မကြည့်ပဲ လျှောက်လာလိုက်တာ တော်တော်ကလေးလှမ်းမှ နောက်ပြန်လှည့်ကြည့်တော့ အမေက ကျနော့်ကိုကြည့်နေတုန်း သဘတ်ကလေးယမ်းလို့ လှမ်းနှုတ်ဆက်နေတုန်း ။ သား တို့အိမ်ပြန်ချိန် နောက်ကျမှာ စိုးတယ် အမေ ။ အမေ နေကောင်းပါစေ သားလည်းပြန်လာခဲ့ပါအုံးမယ် ။




20 comments:

ညိမ်းနိုင် said...

အခုတောင်အတော်နောက်ကျနေပြီလားမသိပါဘူး ငါ့ညီရာ......:((။ ဖတ်ရတာ လွမ်းလွမ်းဆွေးဆွေးလေးနဲ့
အမေနဲ့ သားကြားက မေတ္တာကိုအထင်းသားမြင်လိုက်ရ
တယ်...၊

EvergreenPhyo said...

ဒီစာလေးဖတ်ပြီး ထပ်တူခံစားရတယ်..။ ရင်ထဲမှာမကောင်းတာထက် ပိုပြီးမပြောပြတတ်တော့ဘူး..။ အမေ့မေတ္တာတွေ မကုန်ခန်းနိုင်အောင်ပါဘဲ..။

Anonymous said...

ဒီစာလေးဖတ်ပြီး
ငိုချင်ရက် လက်တို့ကို ပိုလုပ်နေသလိုပဲ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်း ငိုတောင် ငိုချင်သွားတယ် ကိုမျိုးရယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ပိုင်းက ဖတ်ရင်း ပြုံးစိစိလုပ်နေမိတာ
အောက်ဆုံးရောက်တော့ ရင်ထဲ နင့်ခနဲဘဲ
ဒီခံစားချက်မျိုး သိပ်ခံစားဖူးတာပေါ့
ရန်ကုန်မှာ နေတုန်းက အမေနဲ့ မတွေ့ရတာ ၃နှစ်ရှိပြီ။ အဲဒါ အမေက ရန်ကုန်လာလည်တယ်။ သူပြန်တော့ ဘူတာ လိုက်ပို့တာ ရထားပေါ်မှာ မျက်ရည်ကို မဆည်နိုင်ဘူး။ အသည်းအသန်ငိုခဲ့ဖူးတယ်. ခုပြန်တွေးတောင် ငိုချင်လာတုန်း ၊
ခရီးထွက်ဦးမယ် မောင်မျိုးရေ.. ပြန်လာမှ စာလာဖတ်မယ်
အဖေအမေဆီ ပြန်လိုက်ပါဦးမယ်.
နှစ်သစ်မှာ ပျော်ရွှင်ပါစေ နော်

မိုးယံ said...

နောက်တစ်ခါ အဲဒါမျိုး မရေးနဲ့။ ရေးရင် မဖတ်တော့ဘူး။ မျက်ရည် ၀ဲလို့။

အဲလို ရသမျိုးတွေ ရင်ထဲဝင်လာတိုင်း အိမ်ပဲ ပြန်ချင်တယ်.. နောက်လ အဖေက အိမ်ကို သွပ်တင်ချင်တယ်လို့ အရိပ်အမြွက် ပြောတယ်။

ညီလေးက ဆိုင်ကယ်စီးချင်ပြန်သတဲ့။ ဦးသားလေးရဲ့ ဘ၀ကို စာနာတယ်.။ ဘ၀တူတွေမို့ ..နင် လင်ယူလိုက်ပါဟယ်။

Thet Wai said...

အမေ့ကို ကျန်းကျန်းမာမာနဲ့ တွေ့ရပြီး အမေနဲ့ အတူ သွားလာ ပျော်ရွှင်၊ အမေနဲ့အတူ စကားတွေပြော ရယ်မော၊ အမေလိုချင်တာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်း လိုက်လျောပေးနိုင်ခဲ့တဲ့ အဖြစ်တွေကို ပြန်တွေးရင်း ဝမ်းသာပါ မောင်မျိုးရေ...း))

Ainn Chann Myay said...

“ မေ့..အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ သားမေ့နေလို့ ” ဆိုတော့ အမေ ပြန်ဖြေသံကြား လန့်သွားတယ် ၁၃ ယောက်တဲ့ အွန့် နာရှာထားလေးတွေတော့ ကုန်ပါပြီ ။ အမေ့ကို ဈေးခေါ်သွားတော့ ဒါက ဘယ်မြေး အတွက် ဒါလေးက ဘယ်သူနဲ့လိုက်တယ်ဆိုတာ အမေ ရွေးလိုက်တာမျာ ပိုက်ဆံအိတ်လေးထဲက ထိုင်းဘုရင်ရုပ်ကလေးတွေလည်း တစ်ရုပ်ပြီးတစ်ရုပ် ခုန်ခုန်ထွက်လို့း) ... အပြင်ရောက်နေပြီး ကျန်ခဲ့သူတွေကို အမှတ်တယရှိတတ်ကြတဲ့ သူတွေအားလုံးရဲ့ စေတနာတွေ...း)) ပီတိဖြစ်မိပါတယ်

Anonymous said...

Reader ထဲက ဖတ်တဲ့ လူကိုတောင် ဘလော့ပေါ်တက်လာအောင် ဆွဲဆောင်သွားတယ်ဗျို့...
အားလုံး အဆင်ပြေသာယာပါစေ

လေးစားလျက်
တောင်ပေါ်သား

သက်ထွေး said...

ထိလွန်းတယ် ကိုမျိုးရာ .. အိုးအိမ်မခွဲရပဲ ကိုယ့်မိဘနဲ့ အတူနေပြီး စီးပွားရှာနိုင်ကြလဲကောင်းတာပဲ။ အခုတော့ ငှက်တွေတောင် ကျွန်တော်တို့ထက် အိမ်တန်းမှန်မယ် ထင်ပါ့။

ညီလင်းသစ် said...

ဒီပို့စ်လေးကို စောင့်နေခဲ့တာ ညီရ...၊ အမေလာမယ်လို့ သိကတည်းက ဒီအကြောင်း တစုံတခုတော့ ရေးတန် ကောင်းပါရဲ့လို့လေ..၊ အခုဖတ်ရပြီ၊ ထိတယ်၊ စလယ်ဆုံး ရသအစုံပါပဲ၊ အမေနဲ့ ခွဲခွာချိန်တွေက ဒီလိုပဲ အမြဲဆို့နင့်စရာ ကောင်းနေမယ် ထင်တာပဲဗျာ၊ အမေ သက်ရှိထင်ရှား ရှိနေသေးတာ၊ သွားနိုင်လာနိုင် သေးတာ၊ ဆွေမျိုးတွေက ဝိုင်းချစ်ကြတာ၊ ကိုယ်ကလည်း အမေ့ကို နိုင်သလောက် ကူပြီး၊ တတ်နိုင်သလောက် ပျော်စေခဲ့တာ... ဒါတွေကို တွေးပြီး နောက်တခါ ဆုံမယ့်အချိန်ကိုပဲ ပြင်ဆင်ကြတာပေါ့ဗျာ..။

Anonymous said...

သား တို့အိမ်ပြန်ချိန် နောက်ကျမှာ စိုးတယ် အမေ ။ အမေ နေကောင်းပါစေ သားလည်းပြန်လာခဲ့ပါအုံးမယ် ။

that sentence make me feel sad ...i don't want to b late too

ငိုချင်သွားတယ်

ခနွဲ said...

ထပ်တူထပ်မျှ ခံစားရတယ်။ သားအမိ မေတ္တာကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်။

နေ၀သန် said...

မောင်မျိုးရေ.. တောင့်ထားဝေ့...

ခင်မင်လျက်
နေ၀ဿန်

မိုးခါး said...

း(
ငိုချင်ရဲ့ လက်တို့

Maung Myo said...

ကိုညိမ်းနိုင်.... ဘယ်သူများလည်းမှတ်တယ် နာမည်ပြောင်းလိုက်တာကို မိုက်တယ် ညီတော့ကြိုက်တယ်ဗျ ။ အမေ နဲ့ သားကြားက ချစ်ခြင်းတရားတိုင်းကတော့ အစ်ကိုတို့ ကျနော်တို့တွေ တူတူပဲနေမှာပါလေ ။

ညီဖြိုး.... ညီလည်း အမေ့ကိုလွမ်းနေမှာပေါ့ နေကောင်းပါစေ ညီ ။

ဆောင်းနှင်း.....း) အဲ့တာဆိုရင်တော့ ဆောရီးပါဗျာ အမေကိုလွမ်းနေရင် ပြန်လည်လိုက်ပေါ့ ။

အိန်ဂျယ.်....ငိုပါနဲ့ဗျာ ကျနော် နောက်ဆို ဒါမျိုးတွေ နည်းအောင်ရေးမှ ပဲ ။

မချော... အစ်မကတော့ အိမ်ပြန်ရလို့ ပျော်စရာကြီးပဲ ပျော်ရွှင်ပါစေ အစ်မရေ ။

မိုးယံ...အတည်မန့်လာပြီးမှ ဇာတိက ပြတယ် နင့်ပါသာ ယူပါလား မသာမရဲ့ ငါ့ကိုလာပြီ လင်ယူခိုင်းနေတယ် ။

မသက်ဝေ နဲ့ မအိမ့်..ကျေးဇူး ။

တောင်ပေါ်သား...ပျောက်နေပါတယ်မှတ်တာ ရီဒါကနေဖတ်နေတာကိုး တကူးတကန့်လာမန့်ပေးသွားတာကျေးဇူး ။

ကိုသက်ထွေး....ဟုတ်ပါ့ဗျာ ကျနော်တို့ အတောင်တွေလည်း အဝေးကိုပျံဖို့များ ဖြစ်လာလေသမားမသိတော့ပါဘူး ။

ကိုညီ...ဟုတ်ကဲ့ အစ်ကိုရေး) ပထမတော့ စိတ်မကောင်းဖြစ်စရာမို့မရေးတော့ဘူးလားလို့ပဲ အစ်ကို ပြောဖူးတာလေးနဲ့ သတိရ အမေ့ကိုလည်း သတိရလိုက်တာနဲ့ ပြန်ရေးဖြစ်သွားတာပါ ။

ငိုချင်သွားတယ်ဆိုတဲ့တစ်ယောက် အိမ်ပြန်ချိန်တွေ နီးပါစေဗျာ ။

ခနွဲ... ကျေးဇူးညီ ။

နေ၀သန်.... တောင့်ထားတယ်ကွ အီးယားးးး)

မိုးခါး....ပြိတ်တာမျက်ရည် မြေမကျကောင်းဘူးတဲ့ ဟဟား ။ မငိုနဲ့ ရုပ်ဆိုးရတဲ့အထဲ မလှပဲနေမယ် ။

ကောင်းမွန်ဝင်း said...

မေမေလာလည်တုန်းက ရင်ထဲမှာဖြစ်ရတာတွေအတိုင်းပဲ ပြန်သတိရတယ်။
ထိတယ်။

Maung Myo said...

မကောင်းမွန်ဝင်း...ဟုတ်ကဲ့ပါ အစ်မရေ မိခင်နဲ့ပက်သက်တဲ့ သားသမီးတိုင်းရဲ့ ခံစားချက်တွေတိုင်းကတော့ ထပ်တူကျနေမယ်ထင်ပါတယ်ဗျာ ။

Anonymous said...

ဒီဘလော့လေးကိုဖတ်မိတော့ မျက်ရည်ဝဲမိတယ်။း(( လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော် စင်ကာပူကိုထွက်လာခါနီး အဖေနဲ့အမေကို ကန်တော့တာ အဖေခမျာ မျက်၇ည်မထိန်းနိုင်၇ှာဘူး။ ငို၇င်းနဲ့ သား၇ယ် အချိန်၇၇င်ပြန်တော့ပြန်လာပါတဲ့.။ အမေလဲ မထိန်းနိုင်တော့ဘူး။ ညီမလေးဆို လမ်းမှာ ငို၇င်းနဲ့စကားတွေပြောနေခဲ့တာ။ အိမ်ထောင်ကျသွားတဲ့ အစ်မကြီးလဲလိုက်ပို့တော့ သား၂ယောက်နဲ့ငိုတာပဲ။ အဲဒီနေ့ကတော်တော်ကို စိတ်မကောင်းဘူး။ခုထိ အမှတ်၇နေတုန်း။ တနေ့နေ့တော့ ကျွန်တော်တို့တွေ အိမ်ပြန်နိုင်ကြမှာပါ။ အဲဒီချိန်က နောက်မကျပါစေနဲ့လို့ပဲ ဆုတောင်းကြတာပေါ့ဗျာ။

လေးစားလျက်
စိုင်းထွန်းအောင်

Anonymous said...

fear of god outlet
hermes outlet
off white clothing
hermes bag
golden goose sneakers
jordan 12
supreme outlet
jordan
off white nike
supreme hoodie

LinkWithin

Related Posts Plugin for WordPress, Blogger...