Thursday, April 29, 2010

ကျနော့်အစ်မ

မိတ်ဆွေတို့ရဲ့ ဘ၀မှာ မိခင်နဲ့တူတဲ့ အစ်မတစ်ယောက် ၊ ကိုယ့်ရဲ့အနွံ့တာကိုခံပြီး ကိုယ့်ဘက်ကအမြဲတမ်းရပ်တည်ပေးတတ်တဲ့ အစ်မတစ်ယောက်ပိုင်ဆိုင်ဖူးပါသလား ။ကျနော့်မှာတော့ဒီလို အစ်မမျိုးတစ်ယောက်ပိုင်ဆိုင်ခဲ့တယ် သူမ အမြဲအဆင်သင့်ရှိနေတတ်တယ် နေမကောင်းဖြစ်တဲ့အချိန် ဈေးက ကျနော်ကြိုက်တတ်တဲ့ ခေါက်းဆွဲသုတ်စပ်စပ်လေးတစ်ထုတ်လောက် သူ့ဈေးရောင်းခထဲက ၀ယ်ပေးတတ်တယ် ။ အသားဟင်းမပါရင် ဂျီကျတတ်တဲ့ ကျနော့်ကို ဘာမှမရှိရင်တောင်ဘဲဥလေးတစ်လုံးပြုတ်ပေးနေကြ ။ အစ်မနဲ့ ကျနော့်ကြားမှာ အမှတ်ရစရာအကြောင်းရာတွေ တော်တော်များပါတယ် ။

အစ်မပုံက ဆံပင်ကထူထူ ယိုးဒယား ဆင်ကြယ်ဖိနပ်ကိုအမြဲစီးတယ် အလှပသိပ်မမက်ဘူး ယောကျာ်းလေးတစ်ယောက်လို အလုပ်လည်းလုပ်နိုင်သလို အစ်မဈေးရောင်းတယ် တောတိုးတယ် ( တောတိုးတယ်ဆိုတာ တောရွာတွေဘက် ပိုင်ရှင်ဘယ်သူမှန်းမသိသော ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ တောထဲမှာ ထင်းခွေခြင်း ၊ ရာသီပေါ် အသီးရွတ်များ ခူးခြင်း) ။ ခြံထဲမှာ စိုက်ထားတဲ့ ငရုတ်သီးလေးတွေ ၊ ပဲသီး ၊ခရမ်းသီး မြို့ပေါ်ဈေးမှာ မနက်စောစောတက်ရောင်းတယ် ညနေပိုင်း မြို့ကအဒေါ်အိမ်မှာ မောင်နှမနှစ်ယောက် ဈေးတောင်းတွေသယ်ပြီး သွားကြိုအိပ်တယ် နောက်ကျရင် ဈေးမကောင်းတော့ အဒေါ်ရဲ့ မီးဖိုချောင်ခန်းလေးထဲ မောင်နှမနှစ်ယောက် စောင်ကြမ်းလေးတစ်ထည်နဲ့ ကျောချင်းကပ်လို့ အဖြူရောင်မေတ္တာတွေနဲ့ နွေးထွေးခဲ့ကြတယ် ။ မနက် ၄ နာရီ ဘုန်းကြီးကျောင်း တုံးခေါက်သံကြားတာနဲ့ အစ်မက ငေါက်ခနဲထထိုင် ဈေးတောင်းပြင်နေပြီး “ခလေး ထတော့ အစ်မတို့ဈေးထွက်ရအောင် ” မျက်လုံးကမပွင့်တပွင့် အိပ်လည်းအိပ်ချင်တယ် ငိုမဲ့မဲ့ဖြစ်နေတဲ့ကျနော့်ကို “ ဈေးဦးပေါက်ရင် ခလေးကြိုက်တဲ့ ဘိန်းမုန့်ဝယ်ကျွေးမယ်လေ ” ပြူးသွားပြီး မျက်လုံး မီးအုပ်ဆောင်းလေးကိုကိုင်ပြီး အစ်မက ဈေးတောင်းလေးကို ရွတ်လို့ သူ့ဇတ်ကလေးတောင်ပုနေပြီး အစ်မသနားပါတယ် အဲ့ဒီတုန်းက အစ်မအသက် (၁၃)နှစ် ကျနော်က ၁၀နှစ် မပြည့်သေး ဒါကျနော်တို့ရဲ့ခလေးဘ၀နေ့ရက်တွေပေါ့ ။

အနေအေးပြီး အိမ်အလုပ်တွေပဲ စိတ်ဝင်စားတတ်တဲ့ အစ်မ ကျနော်ဘာလုပ်လုပ် သူသိနေတတ်တယ် ။ဘယ်သူနဲ့ရန်ဖြစ်ခဲ့လဲ ဘယ်သူ့သရက်ပင်ပေါ်သွားခိုးတတ်ခဲ့တယ် သူကုန်ကိုသိနေတာပါပဲ ။ သင်္ကြနားနီးရင် ကျနော့်အတွက် အ၀တ်စားတစ်စုံလောက်ဝယ်ပေးချင်လို့ နွေနေပူထဲ ယားလွန်းတဲ့ ပဲခင်းထဲဆင်း ငါးပိကြော်လေးနဲ့ ထမင်းထုတ် မနက် ၅ နာရီကနေ ညနေ ၅ နာရီထိ လုပ်ရတယ် ။ တစ်ခါခါတော့ ကွမ်းစီလိုက်တယ် တစ်နေ့လုံးအညောင်းချိအောင် ကွမ်းထိုင်စီမှ ရတဲ့နေ့ထွက်လေးက ၄၅ ကျပ်။ သူ့မှာ အချစ်ရေးတွေမသိပါဘူး သူချစ်တဲ့ မောင်အတွက်ဆိုတဲ့ အရေးနဲ့ပဲသူ့မှာပင်ပန်းနေခဲ့ရတာ ။ အစ်မအပျိုဖျန်းလေး လှသွေးကြွယ်တဲ့ အရွယ်ပေါ့ ရွာထဲက ကာလသားတွေ ယောက်ဖလေးလို့ခေါ်ရင် ကျေနပ်နေတတ်ပြီး မုန့်ညာစားတတ်တဲ့ကောင်က အစ်မကိုပေးရမှာတော့သေလောက်အောင်ကြောက်တယ်။အစ်မ..မရှိရင် ကျနော့်အ၀တ်တွေ ဘယ်သူလျှော်ပေးမှာလဲ ရိုက်ခံထိရင် ဘယ်သူက ရှေ့ကကွယ်ပေးမှာလဲ...ဟင်အင်း အစ်မ မရှိပဲကျနော်မနေတတ်ဘူး ။

အစ်မကို..ယောက်ျားပေးစားတော့မှာတဲ့ တော်ရမယ့်ယောက်ဖဘက်ကမိဘတွေနားလာဖောက်တယ်.... အဲ့နေ့က ငိုလည်းမငိုဘူး ရယ်လည်းမရယ်ဘူး အိမ်မှာအမျိုးတွေစုံပြီး
ရှုပ်ရှက်ခပ်လေ လူကအလိုလိုနေရင်း ဒေါသထွက်လေ အဲ့ဒီညက ထမင်းမစားပဲကျနော့်ရင်ဘတ်ကြီးပြည့်နေတာ ဘာကြောင့်ပါလိမ့် ဆိုင်သာဆိုင်မပိုင်တော့ဘူးပေါ့ဆိုတဲ့စကား ဒါကိုပြောတာလား ။ တစ်နေကုန်ရွာထဲလိုက်ဆော့တယ် အစ်မကိုလည်း စကားမပြောသလို ဘယ်သူ့ကိုမှလည်းမပြော ။တစ်ည တော်ရမယ့်ယောက်ဖအိမ်လာလည်တဲ့နေ့ မီးဖိုထဲက ပန်းကန်တွေကို တစ်ချပ်ချင်းပစ်ခွဲ ပစ်လိုက်တယ် အိမ်ရှေ့ကလူတွေအလန့်တကြားနဲ့ ပြေးဝင်လာပေမယ့်တစ်ယောက်မှ စကားမဟဘူး ။ အစ်မက မှောင်ရိပ်ထဲ တိတ်တိတ်လေးငိုနေတယ် ပြီးတော့ ကျနော့်နားတိုးလာပြီးစကားစလာတယ် “ခလေး” သူ့ခေါ်သံမဆုံးခင် ကျနော့်လည်ပင်းကြောတွေ ကွဲသွားအောင် အော်ပစ်လိုက်တယ်...“သွားးးးးးးးးး ကျနော့်အနားမလာနဲ့ ” လက်ထဲကနောက်ဆုံးကျန်တော့တဲ့ ပန်ကန်ကိုပစ်ခွဲလိုက်တဲ့အချိန် မနေသာတော့တဲ့ အဖေက “အငယ်ကောင်..မင်း ခလေးက ခလေးလိုနေ လူကြီးတွေကိစ္စ ၀င်မပါနဲ့ ” တော်ပြီး အားလုံးကိုမုန်းတယ် ။ မင်္ဂလာဆောင်တဲ့နေ့ ကျနော်ဖျားချင်ယောင်ဆောင်ခဲ့တယ်အစ်မ အိမ်ထောင်ကျတော့ သူ့အသက် (၁၈)နှစ် ။

အစ်မ..သူစိမ်းတစ်ယောက်ရဲ့ဇနီးမယားဖြစ်သွားပေမယ့် ကျနော့်ကိုတော့ ဂရုစိုက်မြဲ ပုံနေတဲ့ အ၀တ်တွေလာယူလျှော်ပေးမြဲ မပြေလည်တဲ့ လက်လုပ်လက်စားလေးတွေဖြစ်ကြပေမယ့် ကျနော့်အတွက် ကျူရှင် ၂ ဘာသာဖိုးလောက်ကိုတော့အစ်မကလတိုင်းလာလာပေးတတ်တယ်။အစ်မ အဆင်ပြေနေရင်ကျနော်ပျော်ပါတယ် သူ့တို့မိသားစုလေးအကြောင်းကိုတော့ကျနော် အမြဲနားစွင့်နေတတ်တယ် ။ နှစ်တော်တော်ကြာ ယောက်ဖနဲ့ မျက်နှာချင်းမဆိုင်သလို စကားလည်းမပြောပါ ။ နေသားတကျဖြစ်သင့်တဲ့အချိန်တန်ပေမယ့် ကျနော့်စိတ်တွေက အသားမာတတ်သွားပြီးရယ် အစ်မလည်း ခလေးတစ်ယောက်ကနေ နှစ်ယောက်တောင်ရလာပြီး မိသားစုအရေး ဇနီးကောင်း မိခင်းကောင်းတာဝန်တွေ ထမ်းဆောင်နေရပေမယ့်ကျနော့်အတွက်လည်း အစ်မကောင်းတစ်ယောက်ဖြစ်အောင် သူကြိုးစားနေမြဲပါ။

ကျနော် ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်လို့ဆိုသာတဲ့အခြေနေရောက်ပေမယ့် တူမလေးတွေ မုန့်ဖိုးကလွဲပြီး တခါမှ အစ်မကိုမထောက်ပံ့ဖူးဘူး ။ အစ်မကလည်း ဘယ်တော့မှ အကူညီမတောင်းလာပါ ။ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကစပြီး အလုပ်အကိုင်တွေအဆင်မပြေတော့တာ သတိထားမိတယ် ယောက်ဖလည်း ရှိသင့်တဲ့အရွယ်ထက်ပိုမိုအိုစာနေတယ် အစ်မကလည်း နားပေါက်ဟောင်းလောင်း ပြီးတော့ သူ့ဗိုက်ထဲမှာနောက်ထပ် ခလေးလေးတစ်ယောက် ။ရွာကို ကျနော်ရောက်တယ်ကြားတာနဲ့ အပြေးလေးလာတဲ့ ကျနော့်တူမလေး
“ ဦးသားလေး...အမေက နွားနို့ထဲ ထန်းလျက်ခဲထည့်ကျိုထားပေးတယ် အဲ့တာလာသောက်တဲ့ ”
“နင့်..အဖေ ရှိလား ”
“ဟုတ်...ရှိတယ် ”
“အဲ့တာဆို..မလာဘူးလို့သွားပြောလိုက်” အမေက ဘယ်လိုပြောလိုက်တာလဲဆိုပြီး လှမ်းဟောက်တယ် ငိုမဲ့မဲ့လေးနဲ့ ပြန်သွားတဲ့ တူမလေးကို လည်းမသနားတတ်ပါ ကျနော်အသဲမာသလား ? ခဏနေတော့ ထပ်ရောက်လာတယ် “ဦးသားလေး..အဖေ ခြံထဲဆင်းသွားပြီး လာတော့တဲ့ ” မပြုံးပဲမနေနိုင်အောင် ဒီခလေးတွေ လာလုပ်နေတယ် သူတို့မှာ အပြစ်မရှိတာ သိသိကြီးနဲ့ ။

အစ်မကို မြင်တော့ ၃၀ မပြည့်သေးတဲ့ အစ်မက အရွယ်တွေကျသွားလိုက်တာ ကျနော့်ရင်ဘတ်ထဲဆို့နင့်သွားတယ် ။တစ်ခါမှ မမေးဖူးတဲ့ အစ်မတို့ မိသားစုအကြောင်း ပထမဆုံးအကြိမ်မေးဖူးခြင်းပဲ အလုပ်ကိုင်တွေမကောင်းတဲ့အကြောင်း ခလေးတွေကျောင်းစရိတ်နဲ့ အကြွေးတွေရှိတဲ့အကြောင်း ။ပြီးတော့ အစ်မပြောတဲ့စကားက “စိတ်မညစ်ပါဘူး လူမသေ ငွေမရှား အစ်မတို့လည်းလုပ်နေတာပဲ သူများတွေလိုသုံးဖြုန်းနေတာလည်းမဟုတ် အဆင်မပြေတာတော့မတတ်နိုင်ဘူးလေ” တဲ့ ပြီးတော့ သန်းမရှိတဲ့ကျနော့်ခေါင်းကို အစ်မအကြာကြီးရှာနေတယ် အစ်မ ကျနော့်ကိုသတိရနေတာပဲ ။ အဲ့နေ့က အစ်မကို နှုတ်ဆက်ပြီးပြန်လာတော့ ကျနော့်ရင်ထဲဆို့နင့်နေတယ် ။ အစ်မက အစ်မကောင်းတစ်ယောက် ပီသပေမယ့် ငါက မောင်တစ်ယောက်ပီသရဲ့လားဆိုတဲ့ မေးခွန်းကလည်း အထပ်ထပ် နဲ့ပေါ့။

ပြီးခဲ့တဲ့တစ်ပါတ်လောက် အစ်မ နောက်ထပ် သမီးလေးတစ်ယောက်မွေးတဲ့အကြောင်းကြားလိုက်တယ် ။အဆင်မှပြေပါ့မလား စိုးရိမ်စိတ်လေးနဲ့ မဖြစ်စလောက် ငွေလေးနည်းနည်းရယ် စာတိုလေးတစ်စောင်...

“အစ်မ....နေကောင်းရဲ့လား ကျနော်လည်း အလုပ်အဆင်ပြေရင် ပိုက်ဆံလေးစုပြီး အကြွေးတွေ ၀ိုင်းဆပ်ပါ့မယ် ။ ပြီးတော့ ခလေးလည်းထပ်မယူပါနဲ့တော့ စီးပွားရေးအဆင်မပြေပဲ ခလေးပဲယူနေတာ ကျနော်စိတ်ညစ်တယ် ။ အစ်မမောင်...အဝေးတနေရာမှ ”

ကျနော့်စာထဲမှာ အမိန့်သံတွေပါနေသွားသလိုပဲ ဒါပေမယ့် ကျနော့်စာရရင် အစ်မပျော်မှာပါ သူ့ဘ၀မှာ အချစ်ဆုံးလူသားတွေထဲ အချစ်ဆုံးမောင်ဆိုတာ ကျနော်တစ်ယောက်ထဲပဲရှိတာ ။ အစ်မ..ကိုကျနော်ချစ်ပါတယ် စကားလုံးနုနုတွေ မပြောဖြစ်တာ ဘာလို့လဲဆိုတာ ကိုယ်တိုင်လည်းမသိပါဘူး စိတ်ထဲမှာတော့ ချစ်ရတဲ့ အစ်မတို့မိသားစု အဆင်ပြေပါစေဆိုတဲ့ဆုတောင်းသံတွေအထပ်ထပ်နဲ့ ပဲ့တင်သံတွေကို ကျနော်တစ်ယောက်တည်းကြားနေရတယ် ။

9 comments:

Anonymous said...

မောင်မျိုး ရေ .. အမ ဒီပို့စ် လေး ကို မျက်ရည် တွေနဲ့ ဖတ် သွားတယ် ... အမ မှာလည်း အမ သိပ်ချစ်ရတဲ့ တဦးတည်းသော မောင်လေး ရှိတယ် ... လွန် ခဲ့ တဲ့ နှစ်နှစ်လောက်ကဘဲ ( မိဘ တွေ သဘော မ တူ တဲ့ သူနဲ့ ) အမ ဆီက မုန့်ဖိုးတောင်းပြီး မိန်းမ ခိုးပြေးသွားခဲ့လို့ သူ့အပေါ် စိတ်တွေ ဆိုးခဲ့ ရ ဖူးတယ် ... မိသားစု အပေါ်မှာ သိပ်လိမ္မာခဲ့တဲ့ မောင်လေးတယောက် အဲ လိုလုပ်သွားတာ အမ အရမ်းခံစားခဲ့ရတယ် ... အရေးအသားလေး ကောင်းတယ် မောင်မျိုး... ( ပျောက်သွားတာ တနှစ်လောက်ရှိပြီ ထင် တယ် .. အခု စာ ပြန်ရေးတာ ၀မ်းသာမိတယ် )

mie nge

Unknown said...

ပြာသိုရေ စာဖတ်ရင်း မျက်ရည်ကျမိတယ်
ဝမ်းနည်လွယ်တဲ့စိတ်ကြောင့်လား မောင်နှမမေတ္တာကို ပေါ်လွင်အောင်ရေးတတ်တဲ့ ပြာသိုရဲ့  အရေးအသားကြောင့်လားမသိဘူး
စာတွေ ဆက်ရေးပါ အားတဲ့အခါ လာဖတ်ပါ့မယ်
အားပေးလျှက်

မေဇင် said...

ငိုချင်တယ်....နောင့်မှာလဲ အဲ့လို အစ်မ တစ်ယောက်ရှိတယ်...မောင် နဲ့ ညီမလေး အပေါ်မှာ သိပ်ချစ်ပြီး မိသားစု အရေးကိုပဲ ကြည့်တတ်တဲ့ အစ်မ ပေါ့....ခုထိ အပျိုကြီး လုပ်ပြီး မိသားစု တာဝန်ကိုပဲ ယူထားတယ်....။ ဘယ်အချိန်စဉ်းစား စဉ်းစား သနားပြီးတော့ ချစ်ရတဲ့ အစ်မကြီး။ လွမ်းတယ်။

နေ့အိပ်မက် said...

ဖတ်ရတာ ၀မ်းနည်းစရာ.. တကယ်ဆွေးဆွေးလေးဖတ်နေတာ....

သတ်ပုံအမှားတွေ လာလာနှောင့်နေတာကိုတော့ ပြင်ရမှာပျင်းတယ်ဆိုလို့ မပြောခဲ့တော့ဘူးနော်....

သင်္ကြတို့(သင်္ကြန်)၊ အသဲမား (အသည်းမာ)တို့လို နှစ်ခေါက်ပြန်ဖတ်ရတာတွေရှိတယ်ဆိုတာလည်း မပြောခဲ့တော့ဘူးနော်... :P :P :P

မိုးခါး said...

ဟမ်
လူကို ငိုချင်အောင် .. x-(

My Heaven said...

အခုမှတစ်ခါရောက်ဖူးတာပါ...တူ တူမတွေအကြောင်းရေးတာတွေ့လို့ ကိုယ်တွေလိုပဲဆိုပြီး ၀င်ဖတ်ကြည့်တာ...ဒီပို့စ်ရောက်တော့ မျက်ရည်တွေ အတောင့်လိုက် ကျသွားရပါကြောင်း............

Maung Myo said...

ဖတ်ပေးသွားတဲ့ သူများ အားလုံးကျေးဇူးပါဗျာ ကျနော်တို့ မောင်နှမရဲ့ တကယ့်အဖြစ်ပျက်လေးအကြောင်းကို အခုလို ခံစားပေးသွားတာ တကယ်ကျေးဇူးတင်ပါတယ် ။ မျက်ရည်ကျသွားတယ်ဆိုလို့ စိတ်မကောင်းပါ ။ မောင်နှမ သံယောဇဉ်ကြောင့် ဒီပို့စ်လေးက အသက်ဝင်သွားတာနေမှာပါ ကျနော် အဲ့လောက်စာရေးမကောင်းပါး)

my heaven နောက်လည်း လာဖတ်ပါအုံးလို့ ဖိတ်ခေါ်ပါတယ် ။

minn thuka said...

ဖတ်မှတ် သင်ယူသွားပါသည်။

. said...

အစ်မကြီး အမိရာဆိုတာ ဒါကိုပြောတာ။

ရတနာလည်း အိမ်မှာအကြီးဆုံးမလို့ အစ်မပီသအောင် ကြိုးစားနေပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...