အလုပ်မသွားခင် လာကြိုမယ့်ကားကို အဲ့ဒီနေ့က မစောင့်ခဲ့ရင်ဆိုတဲ့ အတွေးမျိုး ခုနေ ပြန်တွေးကြည့်မိတယ်။ တစုံတရာစေ့ဆော်မှု (စိတ်ထဲက သတ်မှတ်မိတာပါ) ကြောင့်ထင်ရဲ့ ၇နာရီမထိုးခင် ဟိုတယ် ဧည့်ခန်းမကိုရောက်နေမိတဲ့အဖြစ်။ ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို လေ့လာရင်း ဟိုတယ်က ချထားပေးတဲ့ စာအုပ်ကို ကောက်ကိုင်မိတယ်။ ၁၃ရာစုဟာ ကိုယ့်လက်ထဲကို အဲ့ဒီအချိန်မှာ ထိုးထည့်လိုက်တာပါပဲ…
စိမ်းလဲ့နေတဲ့ ပတ်ဝန်းကျင်မှာ အနီရောင် အဆောက်အဦးက ကိုယ့်နှလုံးကို လှုပ်နိုးနေခဲ့တယ်။ စာရွက်တွေ တဖျတ်ဖျတ်ကျော်သွားပေမယ့် ဟဒယဆိုတဲ့ ဘဝင်မှာတော့စွဲလို့ ကျန်ခဲ့လိုက်တာ။ စပါးကြီးညှို့ ခံရတဲ့သူတယောက်လို၊ အိပ်မွေ့ချခံထားရသူတယောက်လို ၁၃ရာစုက ကိုယ့်ကို ပြုစားသွားခဲ့ပါပြီ။ အိပ်မက်မြို့တော်များနဲ့ ဆက်စပ်ကြည့်လိုက်တဲ့အခါ ကြက်သီးမွှေးညင်းထသည် အထိ။ လိုချင်တဲ့အချက်အလက်တွေကို ကွန်ယက်ထဲမှာ ရှာကြည့်မိတယ်။ အတိတ်ကိုတူးဖော်ဖို့အတွက် အဲ့ဒီနေရာကို သွားမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် တော်တော်နဲ့ မရောက်ဖြစ်ခဲ့နိုင်လိုက်ဘူး။ ကိုယ့်ဘူမိဒေသမှန်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ စိတ်ထဲမှတော့ တေးထားလိုက်တယ်။ ကိုယ်လာမှာပေါ့ မြို့တော်ရယ်.
Photo: The Poten
တောင်ပေါ်ကနေ ဘုရားကျောင်းကို မြင်ရတဲ့အခါ မကြားရတဲ့ အသံတွေကို နားထဲက ကြားယောင်နေမိတယ်။ ရွတ်ဖတ်ပူဇော်နေကြသံတွေနဲ့အတူ စတေးခံမင်းသားလေးရဲ့ အဖြစ်က ရင်ထဲမှာဆို့နစ်လာခဲ့တယ်။ ဒါဟာ ပုံပြင်တပုဒ်ပဲလို့ ကိုယ့်ကိုနားချရင်း ရပ်တန့်လုမတတ်ဖြစ်နေတဲ့ နှလုံးသားကို နာကြင်စွာ ဥပေက္ခာပြုထားခဲ့တယ်။ အဲ့ဒီနေ့က ဘယ်တော့မှ ဖျောက်ပစ်နိုင်မှာ မဟုတ်တော့ဘူး။ ဘုရားကျောင်းကို အဝေးကနေပဲ လှမ်းကြည့်ရဲတဲ့အဖြစ်လေ။ အနားကို တိုးကပ်သွားဖို့ ကိုယ့်စိတ်တွေ ဘယ်လိုမှ မဆောက်တည်နိုင်ခဲ့ဘူး။ ကြောက်ရွံ့ခြင်းဆိုတာမျိုးမဟုတ်
Photo: Madakaripura waterfall 1
စိတ်ငြိမ်ရာ ရဖို့ အေးချမ်းတဲ့အရပ်ကိုပဲ ရှောင်ပြေးခဲ့ပါတယ်။ ဒီရေတံခွန်ကို သွားခွင့်မပြုလို့ ဧည့်လမ်းညွှန်က တားမြစ်တဲ့အခါ ကိုယ်နဲ့ အတိုက်အခံအချေအတင် စကားတွေ ပြောဖြစ်တယ်။ ကြမ်းတမ်းခက်ခဲတဲ့ ခရီး ၁ကီလိုမီတာခွဲဆိုပေမယ့် တနာရီမကအောင် သွားရတဲ့ခရီးပေါ့။ ရေထဲဆင်းလိုက် ကျောက်တုံးတွေကို ဖြတ်လိုက်နဲ့ မနက်ကတည်းက ဆုတွေခြွေမိတာ မိုးမရွာဖို့ပါပဲ။ မိုးရွာရင် အသက်အန္တရာယ်ပါစိုးရိမ်ရတာမို့ လုံးဝဆက်သွားခွင့် ရမှာမဟုတ်လို့ပါ။
Photo: Madakaripura waterfall 2
ကောင်းကင်ဘုံက ကျလာတဲ့မြစ်တစင်းပေါ့။ မောပန်းလာသမျှဟာ ဒီမြစ်ရဲ့ ရေအလျဉ်နဲ့အတူ ပြေပျောက်ကုန်တယ်။ ဒီနေရာမှာ တရားလာလာအားထုတ်တဲ့ သူရဲကောင်းဝန်ကြီးချုပ်ကို အားကျဦးညွှတ်မိပါတယ်။ အေးချမ်းလိုက်တာ။ မခွာချင်ပေမယ့် ခွာရဦးမယ် ကိုယ်သွားရမယ့်နေရာတွေက အများကြီးမဟုတ်လား။
Photo: Singosari Temple
မပြီးဆုံးသေးတဲ့ ဘုရားကျောင်းတခုပေါ့။ အကြောင်းပြချက် တိတိကျကျမသိရပဲ ဆောက်လက်စတွေကို ရပ်တန့်ပြီး အချောမသပ်ပဲ ထားခဲ့တဲ့ ဘုရားကျောင်းပါ။ ပဟေဠိ ဆန်လွန်းတဲ့ အကြောင်းအရာတွေကို တွေးတောနေမိပြန်တယ်။
Photo: Candi Jago
အနုလက်ရာ မြောက်လှစွာသော ဘုရားလို့ အမည်တပ်ချင်ပါတယ်။ ဘုံအဆင့်ဆင့်တွေရဲ့ ပတ်ပတ်လည်မှာ ဇာတ်နိပါတ်တော်တွေကို ထွင်းထုပူဇော်ထားပြီး အပြည့်အစုံသာ ဖူးလိုက်ရရင်ဆိုတဲ့ အာရုံတွေ စိတ်ထဲမှာ ပေါ်လာမိစေခဲ့တာပါ။
Photo: Story from Jago
ထွင်းထုထားတဲ့ အရာတွေတိုင်းကို စိတ်နှလုံးနဲ့ပါ ရှုကြည့်မိပါတယ်။ လက်နဲ့တို့ထိရင်း အဲ့ဒီအရုပ်တွေကို တပါတည်း သယ်ဆောင်ချင်လိုက်တာလို့၊ ပန်းချီကား အဖြစ်ဖန်ဆင်းမယ်လို့ စိတ်ကရည်မိတယ်။
Photo: Wringin Lawang
ဟောဒီ ပွင့်နေတဲ့ မြို့တံခါးကို တွေ့ရတဲ့အခါ ယိုဖိတ်စီးကျလာတဲ့ အလွမ်းကို ဘယ်လိုမှ ချည်နှောင်ခွင့်မသာခဲ့ပါ။ အုတ်မြို့ရိုးတခုလုံး ပျောက်ဆုံးသွားပေမယ့် ထီးတည်းကျန်ခဲ့တဲ့ ဒီတံခါး။ ဒီတံခါးကနေ ကျော်ခဲ့ရင် ကိုယ့်ရဲ့နေရာတခုခုကို မြင်ရမယ်လို့ မှန်းထားခဲ့တာ။ တံခါးကိုကျော်တဲ့အခါ ကြံခင်းစိမ်းစိမ်းတခုကလွဲရင် ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့။
Photo: Barhu Temple
ဘုရင်တွေရဲ့ အရိုးပြာတွေကို သိမ်းဆည်းထားတဲ့ စေတီ။ ဒီစေတီ အပေါ်တက်ခွင့်ကို ပိတ်ပင်လိုက်တဲ့နောက် အရိုးပြာတွေကို ရှာဖွေစူးစမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီဘဝအတွက်တော့ လက်လျှော့လိုက်ပေဦးတော့။
Photo: Candi Tikus
ကြွက်သိုက်တခုကနေ အစပြုပြီးတွေ့ရှိခဲ့တယ်လို့ ဆိုကြတယ်။ တော်ဝင်မိသားစု ရေချိုးတဲ့နေရာ၊ အိမ်ရာတွေကို ရေဝေတဲ့နေရာလို့ ခုထိတော့ ငြင်းခုံနေကြတုန်းပဲ။ ပူဇော်ပသတဲ့သူတွေ အတွက်တော့ ကိုးကွယ်ရာတခုအဖြစ် ယုံကြည်စေတဲ့ အထောက်အထားတွေလည်း ရှိနေပြန်သေးတယ်။ ရေမြုပ်နေတဲ့ နောက် ဘေးပတ်ပတ်လည်က ကြာကနုတ်ရေပန်း တွေကို ကြည့်ရှုဖို့ မဖြစ်နိုင်ပြန်တော့ဘူးပေါ့။ ဒီအဆောက်အအုံရဲ့ထူးခြားချက်က အုတ်အနီတွေတွင်မကပဲ အောက်ခြေမှာ ကျောက်တွေနဲ့ ပါတည်ဆောက်ထားတာမို့ ခေတ်နှစ်ခေတ်ရဲ့ သမိုင်းကို ထင်ဟပ်စေတဲ့နေရာပါ။
Photo: Bajang Ratu
ဝိဉာဉ်တံခါး။ ကိုယ့်ကို စာအုပ်ထဲကနေ ဆွဲယူသွားတာလည်း ဒီတံခါးပါပဲ။ အနီရောင်တံခါးကနေ ကိုယ်လည်း ပျောက်သွားချင်လိုက်မိခဲ့တယ်။ ပျောက်သွားခဲ့လို့ ၁၃ရာစုကိုများ ရောက်သွားခဲ့ရင် ကိုယ့်အတိတ်တွေ အကြောင်းကို ဂဎဏန သိခွင့်ရပြီပေါ့။
သမိုင်းဆိုတာမျိုးက ဘယ်တော့မှ အလွယ်တကူ ပျောက်ကွယ်သွားတတ်တာမျိုးမဟုတ်
အခုကိုယ်ကိုတိုင်က ၂၁ရာစုမှာ ဖြစ်ပျက်နေတာဆိုတော့ နေရစ်ခဲ့တော့ မြို့ဟောင်းရေလို့ တိုးတိုးလေးညည်းညူရင်း….
စာကြွင်း။ စိတ်ကူးပုံဖော်ထားတာဖြစ်လို့ သမိုင်းအချက်အလက်များနဲ့ မတိုက်ဆိုင်ခဲ့ရင် စာရေးသူရဲ့ ဖန်တီးမှု သက်သက်ပဲလို့ မြင်ပေးစေချင်ပါတယ်။
မှတ်ချက် ။ စာဖတ်သူရေးဖူးတဲ့ ဒီပို့စ်နှင့်ဆက်နွယ်သော ပို့စ်တစ်ပုဒ်က ဒီမှာ ပါ ။









