Wednesday, February 13, 2013

ပြောင်းလဲခြင်းရဲ့နောက်ဝယ်....



ကိုယ့်ကိုယ်ကို ထင်မှတ်ထားတာက အပြောင်းလဲသစ်တစ်ခုခုကြုံရင် ထိတ်လန့်တတ်တယ်ဆိုတာ   ဒါကိုပဲ  အချိန်ဆိုတဲ့ မျက်လှည့်ဆရာက  ကိုယ့်ကို ပြောင်းလဲခြင်းများစွာနဲ့ အတွေ့ကြုံသစ်တွေပေးလို့ တစ်ခါတရံ ရေပေါ်အရုပ်ရေးသလို ရုပ်လုံးပေါ်ပါ့မလားဆိုတဲ့ စိုးစိတ်တွေနဲ့  တစ်ခါတရံမှာတော့ ၂၁ နှစ်သားတုန်းကလို စွန့်စားချင်စိတ်တွေက တစ်ရေးနိုးပြန်ထလို့  လောကကြီးကို ရင်ဆိုင်လိုက်စမ်းမယ်ပေါ့  (ဒီတစ်ခါလည်း ကြီးကြီးကျယ်ကျယ်ကြီးတွေ တွေးမိပြန်ပေါ့ )။  အမေကတော့  ယတြာခြေပေးတဲ့ သဘောတဲ့  ကျနော့်ရဲ့  ၂၇ နှစ်ပြည့်မွေးနေ့မှာ  ရာဟုထိုးလို့  ရွာမှာ  အလှူကလေးလုပ်လိုက်သေး။

ပြောင်းလဲခြင်းရဲ့နောက်မှာ  အဟောင်းတွေကိုစွန့်လို့ နေရာသစ်မှာ ကျောတစ်နေရာစာရဖို့အရေးကြိုးစားရုန်းကန်နေရတုန်း ။ ကျေးဇူးတရားနဲ့  သံယောဇဉ်တစ်ချို့ကို  ကြိုးစားမေ့လို့     စိုးပြေခြင်းတရားကို  ဝိုးတ၀ါးရှာတယ် ။ခြေရင်းအိမ်က ချစ်စရာကောင်းတဲ့  အန်တီကြီးရဲ့  ချဉ်ပေါင်ဟင်းလေးနဲ့မြိန်ခဲ့ရတဲ့ နေ့ရက်တွေကို အမှတ်ရရင်း ကြက်ဥကိုပြုတ်လိုက် ကြော်လိုက်  စားကောင်းအောင် ကြိုးစား စားတတ်ခဲ့ပြီ ။ ကားတွေ  ၂ ခါ  ပြန်ပြန်စီးလို့  လမ်းတွေရှုပ်တဲ့ မြို့မှာ  ယောင်လည်လည်ဖြစ်တဲ့ အခါတွေလည်းဖြစ်တယ် ။Taxi  မောင်းတဲ့ ဦးလေးကြီး  လမ်းကို ၂  ခါပြန်မောင်းတဲ့အခါ  ဒီလမ်းမဟုတ်ဘူးလေး ဆိုပြီး ခပ်တည်တည်နဲ့ ဟောက်စားလည်း လုပ်တတ်ခဲ့ပြီ ။ ရေချိုးဖို့တန်းစီစောင့်ရတာ မရှက်တော့သလို ရေအိမ်ဝင်တိုင်းလည်း  အသက်အောင့်ကျင့်စဉ်ကို  ကျနော် မောင်ကြီးကျယ်က  ကျင့်တတ်ခဲ့ပြီ ။

ကိုယ့်မိတ်ဆွေတစ်ချို့ဟာ  အရင်လို မိတ်ဆွေမဟုတ်တော့သလို ခံစားရတဲ့အခါ  စာရေးစက အချိန်တွေကို ပြန်ပြောင်းသတိရမိပါရဲ့  ။  ကိုအေးပါ  နဲ့ ဆုံတုန်းက  မင်းက  မာနကြီးတယ်လို့မထင်ဘူးလားလို့  အမေးခံရတုန်းက နောင်ဆို  သူငယ်ချင်းတွေကို  ဂရုတစိုက်ရှိဖို့ ပြန်သတိရမိသွားတယ် ။ ကျောင်းတုန်းက  သူငယ်ချင်းတွေနဲ့ ဆုံတော့  သူတို့တွေ ဘာမှဖြစ်မလာသေးတဲ့အကြောင်း  ငြီးချင်ချတာကို နားထောင်ရင်း အားပေးစကားမဆိုမိပဲ   ဒါဆို  ငါအဖော်ရှိသေးတာပဲလို့  အားမနာ လျှာမကျိုး ပြောခဲ့တုန်းက  သူငယ်ချင်းက  ကိုယ့်ကို အူကြောင်ကြောင်မျက်လုံးတွေနဲ့ကြည့်တာကို  မသိချင်ယောင်ဆောင်ခဲ့တယ် ။စိတ်ပျက်အားငယ်နေတဲ့  သူငယ်ချင်းနဲ့ဆုံပြန်တော့  သူ့ရင်ဖွင့်စကားတွေ နားထောင်ရင်း  မင်းလုပ်သမျှ ပြုလုပ်သူဟာ မင်းဖြစ်သလို   ခံရမယ့်သူကလည်းမင်းပဲ  အဲ့တော့  ဆုံးဖြတ်ရဲရင်  ခံရဲဖို့လည်းကြိုးစား  မင်းလုပ်သမျှ  အကောင်းပဲ မှတ်လို့ပြောတော့ သူ့မျက်လုံးတွေ တောက်သွားတာမြင်ရတော့ စိတ်ချမ်းသာတယ် ။ ဒါမယ့် တစ်ခါတလေ  သူများတွေကို ဆရာကြီးလုက်တတ်တဲ့ကောင်က  ကိုယ့်အလှည့်ကျတော့  အပူရုပ်ကို ဟန်လုပ်ဖို့ မေ့  မေ့နေခဲ့တယ် ။ရွာက ကြီးတော် ရဲ့ စကားကို ပြန်သတိရရင်း  ကိုယ့်ကိုယ်ကို အားပေးလိုက်တယ် ဘဝဆိုတာ တိုတိုလေး အားမငယ်နဲ့  တစ်ယောက်တည်းပဲ ဒါပေမယ့်  အထီးမကျန်ဘူးပေါ့း)

၂၀၁၃  ကို ဒီပို့စ်လေးနဲ့ဖွင့်ရင်း မိတ်ဆွေများကို  နှုတ်ဆက်လိုက်ပါရဲ့ ပြောင်းလဲခြင်းရဲ့နောက်ဝယ်မှာ ပျော်ရွှင်ခြင်းတွေ  ကြိုဆိုနေပါစေလို့ ။




7 comments:

ညိမ်းနိုင် said...

ရေစီးရယ်တစ်ခါ...ရေသာရယ်တစ်လှည့်ပေါ့ ညီ....၊ဆိုးရွား
လှတဲ့ခေတ်ပျက်ကြီးထဲမှာ လူဖြစ်လာရတဲ့ ကိုယ်တွေအဖို့
ကတော့ ဘဝခရီးမှာ သက်တောင့်သက်သာမဟုတ်
တောင် ကိုယ်ကြိုးစားသလောက် ကိုယ်ပြန်ရမယ့် ခေတ်
သစ်တစ်ရပ်ကိုမျှော်လင့်ရင်း တက်နိုင်သ၍ ရုန်းကန်နေရ
သပေါ့...၊အပြောင်းအလဲတစ်ခုမှာ အစစအဆင်ပြေပါစေ
ကြောင်းပါဗျာ....။

ညီလင်းသစ် said...

မတွေ့တာကြာနေလို့ အပြောင်းအလဲ စီးကြောင်းတစ်ခုမှာ မျောပါ၊ ကူးခတ်နေပုံပဲလို့ တွေးနေမိတာ ညီရ...၊ ရပ်သစ်၊ ရွာသစ်တစ်ခုကို ရောက်ရင် အသားကျဖို့ဆိုတာ အချိန်တစ်ခုတော့ အနည်းနဲ့အများ ကြာတတ်ကြတာပဲ မဟုတ်လား..၊ လူဆိုတာမျိုးက ကြုံရာ၊ ကျရာ နေရာမှာ ပျော်ဝင်၊ ရှင်သန်နိုင်တဲ့ အရည်အသွေးတစ်ရပ် ပါလာပြီး သားပါ..၊ ညီလည်း အစစ၊ အရာရာ အဆင်ပြေပါစေဗျာ...။း)

မေဓာဝီ said...

ခေါင်းစဉ်ဖတ်ပြီး ဒို့မောင်လေး ဘာတွေများ ပြောင်းလဲနေပြီလဲလို့ ... ။
လက်စသတ်တော့ ... ကြက်ဥ ပြုတ်ကြော် စားတတ်တာတို့ ဟောက်စား လုပ်တတ်တာတို့ အိမ်သာထဲမှာ အသက်အောင့် တတ်တာတို့ ကို ပြောတာကိုး ... :)

နောက်တာပါ မောင်မျိုးရေ ... မမေရဲ့ ခံယူချက်ကတော့ ...
ဘ၀ဆိုတာ ပြောင်းလဲခြင်းပဲ ... ပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာ စိန်ခေါ်ခြင်းတွေနဲ့ ပြည့်နေတယ် ... ပျော်စရာပဲလာလာ ... စိတ်ညစ်စရာပဲ တွေ့တွေ့ ... ဒါဟာ လောကဓံပဲ ... ဒါဟာ ကိုယ့်ကို စိန်ခေါ်တာပဲ ... မကြောက်ရွံ့ကြေး ... နောက်မတွန့်ကြေး ... မတုန်လှုပ်ကြေး ... ပေါ့ ... ဟုတ်တယ်ဟုတ် ...

အဲ ... မောင်မျိုးလိုပဲ ... မမေလဲ သူများကို ဆရာကြီးလုပ်ပြီး ကိုယ်ကတော့ မျက်ရည်လည်ရွဲ နှပ်တွဲလွဲ ဖြစ်နေမလား မသိ ... :D ...

မောင်လေး မောင်မျိုး ပြောင်းလဲခြင်းတွေမှာ နေသားကျစွာ ပျော်ဝင်နိုင်ပါစေ ...

johnmoeeain said...

ကျွန်တော်တော့ "ခရီး" ဆိုတဲ့ ကဗျာတစ်ပုဒ်ကို သွားသတိရတယ်..။ မရောက်သေးရင် ရောက်အောင်သွား တဲ့... ရောက်တဲ့နောက်တော့.. နောက်မှာ ဘာမှ မရဖူး ဆိုပဲ..။ ဒီလိုပဲ...။ ရေခြားမြေခြား ရောက်သွားလည်း ဒီအတိုင်းပဲ ခံစားမိပါတယ်..။

ဒီတော့ တစ်ယောက်တည်း... အထီးမကျန်ဖူးပေါ့..။ :)

မောင်မျိုး said...

ကိုညိမ်းနိုင်... ဒီလိုပါပဲ အစ်ကိုရေ ဘ၀ ရေစီးကြောင်းမှာ အလိုက်သင့်မျောပါနိုင်ဖို့ ကျနော်တို့ကြိုးစားရမှာပေါ့ ခံစားချက်တွေ ခံယူချက်တွေကောပေါ့ ။

ကိုညီ.... ဆုတောင်းလေးအတွက် ကျေးဇူးအစ်ကို ကျနော် အစ်ကိုတို့ကို အမြဲသတိရပါတယ် ။

မမေ... အစ်မ ဆုံးမ စကားလေး ကျနော် မှတ်ယူထားအုံးမှ ပြီးတော့ ပြုံးမိတယ် မမေ တို့ကတော့ ကျနော်တို့ထက် ဘ၀တိုက်ပွဲမှာ ပိုစုံတယ်မှတ်လား ကျေးဇူးနော် ။

ဂျွန်မိုးအိမ်... ဟုတ်ကဲ့ ကျနော်လည်း ရောက်အောင်သွားနေတယ်ဗျး) ခံယူချက်တစ်ချို့ တူနေတယ် တစ်ယောက်တည်းပဲ အထီးမကျန်ဘူးး ။

San San Htun said...

အတူတူပါပဲ မောင်မျိုးရေ..ဟုတ်တယ်..ဘဝဆိုတာ တိုတိုလေး အားမငယ်နဲ့ တစ်ယောက်တည်းပဲ ဒါပေမယ့် အထီးမကျန်ဘူးပေါ့း)

yanmaneee said...

adidas superstars
nike basketball shoes
calvin klein outlet
yeezy boost 350
nike air max 270
adidas zx flux
kyrie 6 shoes
hermes handbags
nike air max 95
supreme hoodie

LinkWithin

Related Posts Plugin for WordPress, Blogger...