Friday, February 25, 2011

သံဇကာကွက်လေး

သံဇကာကွက်လေးထဲ ငှက်ကလေးတွေလှောင်ထားတာ အကောင်ပလောင်ပေါက်စလေးတွေလှောင်ထားတာမြင်ဖူးတယ် ဒါက ပိုင်ရှင်က ချစ်မြတ်နိုးလို့ ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ အရာလေးပျောက်ရှသွားမှာစိုးလို့ လှောင်ပိတ်ထားတဲ့ သဘော ဒီ သံဇကာကွက်လေးမှာတော့ ချစ်ခြင်းနဲ့ လှောင်ပိတ်ထားတာပါ ။တစ်ခါခါတော့ ဆိုးသွမ်းလွန်းတဲ့ အကောင်ဆိုး ခွေးကြီးတွေကိုလည်း လှောင်ထားတာမြင်ဖူးပါရဲ့ ဒီိလှောင်ပိတ်ခြင်းမှာတော့ ပိတ်လှောင်ချင်တဲ့ သဘော ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်တွေအားလုံးဟာ လူထပ်နိမ့်တဲ့အကောင်လေးတွေပါ သူတို့မှာ ရှက်ခြင်း ကြောက်ခြင်းသိမ်ငယ်ခြင်းတွေ ဘယ်ရှိနိုင်မလဲလေ ။ လူ ဆိုရင်ကော လွတ်လပ်တဲ့ လောကကြီင်္းထဲ အမိဝမ်းထဲကနေ ကျွတ်လာတည်းက လွတ်လပ်စွာရှင်သန်ခွင့်ရဖို့ လာကြတဲ့သူတွေကြီးပဲလို့ထင်ပါတယ် သို့သော ...တစ်ချို့သောသူများမှာတော့..........။

မနေ့ညနေက ပျင်းပျင်းနဲ့ အိမ်ရှေ့မှာ ခဏထွက်ထိုင်ဖြစ်တယ် သံဇကာတွေနဲ့ကာထားတဲ့ ကားတစ်စီး အထဲမှာတော့ ကျနော်တို့ရဲ့ သွေးချင်းတွေ ယောက်ျား မိန်းမ သက်ရွယ်ပေါင်းစုံပါပဲ သူတို့ရဲ့ မျက်ဝန်းတွေက ညှိုးငယ်နေတယ် သံဇကာကွက်လေးထဲကကနေ လက်ကလေးတွေ ကုတ်တွယ်ထားလို့ မွန်းကြပ်ကြပ် ညနေခင်းမှာ သူတို့တွေ အသက်များရှူလို့ချောင်ပါ့မလား တွေးမိတော့ ရင်မောသွားတယ် ။ ကိုယ့်အတွက်ကတော့ ကံကောင်းခြင်းလို့ပဲဆိုရမလား နေတဲ့နေရာနဲ့ အလုပ်နေရာက တူတူပဲမို့ အပြင်ထွက် လုပ်ရတာမရှိပါဘူး ။ သိပ်တော့မကြာသေးဘူး အသိအစ်မတစ်ယောက်အဖမ်းခံထိလို့ အချုပ်မှာ သွားရွေးဖြစ်တယ် အချုပ်ဆိုရင် မြန်မာပြည်က အချုပ်ဆိုတာလည်း မမြင်ဖူးမရောက်ဖူးဘူး ဒီကိုလည်း ဒါ ပထမဆုံးရောက်ဖူးတာပါ သူ့ကိုခေါ်သွားတည်းက သူကဖုန်းဆက်တာနဲ့ ရုံးက ကားနဲ့ အချုပ်ရှေ့မှာ သွားစောင့်နေဖြစ်တယ် ။

ကားက အချုပ်ရှေ့ရောက်တာနဲ့ အထဲက မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာ ရင်ထဲကပဲ အောင့်သွားသလို တစ်ခြားတော့မဟုတ်ပါဘူး အဲ့ဒီမျှော်လင့်ချက်မျက်ဝန်းတွေကို မသိဟန်ဆောင်နေရတာမို့ပါ ။ ဖမ်းလာတဲ့ ကာပေါ်က ဆင်းတဲ့သူတွေထဲ တောက်တောင်ပြောင်ပြောင်နဲ့ ကုန်သည်တွေလည်းပါရဲ့ ဆယ်ကျော်သက်အရွယ် ပန်းရံအလုပ်သမားလေးတွေလည်းပါရဲ့ ကိုယ့်အဖေ အမေ အရွယ် အဒေါ်ကြီး ဦးလေးကြီးတွေလည်းပါရဲ့ ။ တစ်ချို့ကတော့ မထူးတဲ့ဇတ်က နေရသလို ဘာမှမဖြစ် ခေါ်တဲ့နေရာသွားထားတဲ့နေရာနေနေလိုက်တာပဲ ။ ကုလားလိုလိုကောင်လေးတစ်ယောက် သူ့ကိုဖမ်းတုန်းက ပြေးဖို့လုပ်တယ်ထင်တယ် ပုလိပ်က သူ့ဖိနပ်အထူကြီးနဲ့ ကောင်လေး ခြေထောက်ကိုနင်းနေလိုက်တာ ပါးစပ်ကလည်း “ ပြေးအုံးမလား ပြေးအုံးမလား ” လို့မေးပြီး လုပ်နေလိုက်တာများ ကျနော့်အကြည့်တွေ ကမန်းကတန်း လွှဲလိုက်မိတယ် စိတ်မကောင်းလွန်းလို့ပါး( ။

အချုပ်ရှေ့မှာ ပွဲစားဆိုတာလည်းမြင်ခဲ့ရရဲ့ “ ရွေးမလို့လား ဘယ်နှစ်ယောက်လဲ တစ်ယောက် ၈၀၀ ပေး ကျနော် ဖြေရှင်းပေးမယ် ခင်ဗျားတို့ကိုယ်တိုင်ပေးလို့ဘယ်ဖြစ်မလဲ အရာရှိကို ဒီတိုင်း ရော့ယူပါလို့ ပေး ဘယ်ကောင်းမလဲဗျ ခင်ဗျားတို့ကိုပဲ ပြသနာရှာနေအုံးမယ် ” ပွဲစားဆိုတဲ့အတိုင်း သူ့ပုံစက အထာနပ်နေတဲ့ ရုပ်နဲ့ ကိုယ့်ကိုတောင် တစ်ချက်ဆွေကြည့်လိုက်သေး ပြုံးပြလိုက်မိပါရဲ့ ဒါပေမယ့် မဲ့ပြုံးဆိုတာ အဲ့လူကောင်းကောင်းသိမှာပါ လူမျိုးတူခြင်း ခေါင်းပုံဖြတ်နေတဲ့သူတစ်ယောက်အတွက် ဖော်ရွေတဲ့ အပြုံးတစ်ချက် ပြုံးဖို့မတန်ဘူးလေ။ အထဲမှာ ဖုန်းငှားစားတဲ့သူလည်းရှိတယ် ကွမ်းယာ ဆေးလိပ်ရောင်းတဲံ့သူလည်းရှိတယ် အထဲမှာ ထိုင်နေကြတဲ့သူအချင်းချင်း သူတို့စိတ်ထဲရှိနေတာတွေက ဆန့်ကျင်ဘက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ အကျိုးဖြစ်တဲ့သူတွေက ဒီလိုနေရာလူများများရောက်ပါစေလို့များဆုတောင်းနေမလား တစ်ခြားသူတွေက ဒီနေရာမျိုးနောက်ထပ် မရောက်ပါစေနဲ့လို့များ ဆုတောင်းနေမလား ။။

ဖုန်းလာတော့ ခပ်တည်တည်နဲ့ဖုန်းပြောနေလိုက်တယ် ဘယ်သူမှ သတိမထားလိုက်မိပေမယ့် ကားမောင်းတဲ့ အစ်ကိုကတော့ ကားပေါ်ရောက်မှ စောနက ရုံးမှာ ဗမာလို ပြောနေလိုက်တာ ကြားလို့ကတော့ ဆွဲစိခံနေရအုံးမယ် နေခဲ့ချင်လို့လားလို့ ပြုံးရင် စမေးတယ် ။ နောက်တစ်ယောက်ပြောလိုက်တဲ့စကားကတော့ ။
နာ့သာ အမျိုးနိ မွင်ခွန်ထိုင်းလေနန် မိတ်ပင်လိုင်လော့ ” ။ “ အမျိုး မျက်နှာက ထိုင်းနဲ့တူတယ် ပြသနာမရှိဘူး ဟုတ်တယ်ဟုတ် ” သူတို့ပြောတဲ့စကားတွေ ကိုယ့်နားထဲမ၀င်ပါ ကိုယ့်မျက်လုံးထဲမြင်နေတာ သံဇကာကွက်လေးထဲက လက်ချောင်းလေးတွေနဲ့ မျှော်လင့်ခြင်းမျက်ဝန်းတွေပါ ။

15 comments:

Anonymous said...

;(

ဘာလို့ စိတ်မကောင်းစရာတွေကြီး မြင်နေ တွေ့နေ ဖတ်နေရပါလိမ့်နော် ..

Anonymous said...

လူတွေ လူတွေ ကိုယ်ရောက်နေတဲ့ နေရာကို တန်ဖိုးထားပြီး သင့်တယ် .. ဒါထက်ပို မနိမ့်ပါးရအောင်ပေါ့ .. ခုတော့ ကတုံးပေါ် ထိပ်ကွက်တယ် .. သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ချင်တယ် ..

ဖြေပါတယ် .. ဒီက ပိုက်ဆံရမှ သူတို့ မိသားစု စားလောက်မှာလို့ .. ဒါပေမယ့်ဟာ သူများ မျက်ရည်ပေါက် ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံနဲ့ စားဝင်သလားး(((

မိုးခါး
(အပေါ်ကလည်း ငါပဲ)

မေဓာဝီ said...

မြန်မာပြည်က အဲဒီလို သံဇကာကွက်လေးတွေကိုလဲ သတိရမိတယ် မောင်မျိုးရေ ... ။
အဲဒီလို ပိတ်လှောင်ခံရမှာစိုးလို့ အမကတော့ ငှက်တွေ ငါးတွေ ဘယ်တော့မှ မမွေးဘူး။
သံဇကာကွက်လေးတွေ နောက်ကွယ်က အပြစ်မဲ့သူများ အမြန်ဆုံး လွတ်လပ်ကြပါစေလို့ပဲ ဆုတောင်းနေရတယ်။

ညီလင်းသစ် said...

ညီ ကြုံရတဲ့ ဘဝတွေက တကယ့်ကို စုံလွန်းပါလား၊ သောင်ရင်းမြစ်ကမ်းက အမောတွေ ဆိုတာ တကယ်ပါပဲ၊ အထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အဲဒီ သံဇကာကွက်တွေက ဘဝများစွာကို ချိနဲ့စေတယ်၊ ဖတ်ရတာ စိတ်မကောင်းဖြစ်ရပါတယ်...။

နေ၀သန် said...

စိတ်ဆင်းရဲတယ်ကွယ်... ခက်တာက မြန်မာဆိုတဲ့အမျိုးက ကိုယ့်အချင်းချင်းထဲမှာတောင် ခေါင်းပုံဝင်ဖြတ်တတ်ကြတော့... အဲဒီအချက်ကတော့ အတော်ကိုဆိုးရွားလွန်းတယ်....

ခင်မင်တဲ့
နေ၀သန်

ဟန်ကြည် said...

ညီလေးရေ...လောဘသားတွေလို့ ဖြေတွေးရင် ရပေမယ့် ကိုယ့်တိုင်းသူပြည်သားချင်း စာနာရမယ့်အစား လူပေါ်လူကျောပြီး ခေါင်းပုံဖြတ်တာတော့ ဒေါသထွက်မိတယ်...နယ်မြေငြိမ်းချမ်းပြီး တံတားမြန်မြန်ဖွင့်ပါစေ...အားလုံး အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ပါတယ်...

မောင်လေး said...

နေဝသန်ပြောတဟုတ်တယ်...၊ကိုယ်တို့မြန်မာတွေက ကိုယ့်
အမျိုးသားချင်း ခေါင်းပုံဖြတ်လွန်းတယ်...၊စိတ်ဆင်းရဲစရာ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

လူလူချင်း ဖျံကျ လက်ဝါးကြီးအုပ် သွေးစုပ် အမြတ်ထုတ်
အဲလိုလုပ်စားတဲ့သူတွေကို မုန်းတယ်
ပွဲစားဆိုရင်လည်း ပွဲစားနဲ့တန်အောင်လုပ်ပါ ဒါပေမဲ့ စေတနာတော့ထားသင့်တယ် ကိုယ့်လူမျိုးချင်းချင်းကို။
ကိုယ့်လူမျိုးကိုယ်မှ မကူညီရင် တိုင်းတစ်ပါးက ကူညီဖို့တော့ ဝေးရောနော်
သက်ပြင်းချမိတယ်

ညီသူအိမ် said...

ရယ်စရာ ရေးတော့လည်း အူတွေတတ်
ငိုစရာရေးတော့လည်း မျက်ရည်ဝိုင်း
စိတ်မကောင်းစရာလေးတွေ ဆိုပေမယ့်
ဆင်ခြင်စရာတွေ အများကြီးရလိုက်တယ်

မိုးယံ said...

ဘ၀ သံသရာ.. ရှည်လျား ထွေပြား မနားတမ်းသွားကြမှာ.. ဘ၀ သံသရာတစ်ယောက် ဆင်းတစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ... ( ... သီချင်း )

Than Lae said...

အဲ့လို စိတ်မကောင်းစရာတွေ တွေ့ ကြုံ့ တိုင်း ကိုယ်တတ်နိုင်သလောက်ကူညီ၊ မနိုင်ရင်တော့ မျက်နှာလေး အသာအယာလွှဲနေဖို့ကလွဲလို့ ဘာလုပ်ပေးနိုင်မှာလဲမောင်မျိုးရယ်။ လောကကြီးမှာ စိတ်ကသွားတိုင်း ကိုယ်မပါနိုင်တဲ့အရာတွေ
အများကြီးမို့  စိတ်မကောင်းစရာအဖြစ်များကြုံတွေ့ ခြင်းမှ ကင်းလွတ်နိုင်ကြပါစေလို့ ပဲ ဆုတောင်းကြတာပေါ့,,,,

ကိုဇော် said...

တယ်ကောင်းတဲ့ အတွေးအမြင် မှတ်စုပါလား ဟရို့။ လေးစားပါတယ်။

လူဇိုး ညည်းလုပ်တာနဲ့ လူတကာက ဝန်ကြီးလား လို့ လာလာမေးနေကြပြီ . . . အဲ . . ကိုယ်ဝန်ကြီးနဲ့လားလို့ . . .

ရဲထွန်းဇော် said...

စိတ်မကောင်းပါ

မေသိမ့်သိမ့်ကျော် said...

တကယ် စိတ်မကောင်းဘူး။ ဒီလိုတွေဖြစ်တာ ဘယ်သူ့ကို တရားခံရှာရမှန်းမသိတော့ ကံပေါ့လို့ပဲ ယိုးစွပ်ဖြေတွေးနေမိပါတယ်။

An Asian Tour Operator said...

အိမ်နီးချင်းထဲ မှာ သူတို့ ကိုယ့် အပေါ်အနှိမ် ဆုံးပဲ။

LinkWithin

Related Posts Plugin for WordPress, Blogger...