Friday, February 18, 2011

ခြားနားခြင်း

နီးနီးကပ်ကပ်နေဖူးကြတဲ့သူအချင်းချင်း ခြားနားခြင်းတစ်ခု ၀င်ရောက်လာပြီဆိုရင်တော့ တော်တော်ကိုသိသာပါတယ် ။ အသက်ရွယ်ကြောင့် အနေဝေးခြင်းကြောင့် ဒါမှမဟုတ် နားလည်မှုလွဲမှားခြင်းကြောင့်ပေါ့ ။ ကျနော်က အငယ်လေးထဲက အစ်မနဲ့လိုက်နေတာပါ ရွာမှာကျောင်းမရှိတော့ မြို့မှာ အိမ်ထောင်ကျနေတဲ့ အစ်မနောက်လိုက်နေတာ ကိုယ့်က အငယ်ဆုံးဆိုပေမယ့် တစ်ကိုယ်ကောင်းမဆန်တတ်ပါဘူး တကယ်ပါ အငယ်လေးထဲက မိဘနဲ့ နီးနီးကပ်ကပ်မနေခဲ့ရတော့ ဆိုးတာတွေ ချွဲတာတာတွေမတတ်ပါဘူး ကောင်းကွက်တစ်ခုရလိုက်တာ လူတိုင်းနဲ့ တည့်အောင်ပေါင်းတတ်ပါတယ် လူချစ်လူခင်များတယ်လို့ပြောရမလားပဲ အဖွားကြီးတွေနဲ့လည်း ပေါင်းသင်းရတာအဆင်ပြေတယ် ခလေးတွေနဲ့လည်း အိုကေတာပဲး) ။

ဒီခြားနားခြင်းမှာ ကျနော်နဲ့ ကျနော့်ရဲ့ တူလေး ကြားက ခြားနားခြင်းပါ ။ ကျနော် ၃ တန်းနှစ်လောက်မှာ အစ်မက ဒုတိယမြောက်သားလေးကိုမွေးတယ် ကျနော်က အစ်မနဲ့ဆင်တော့ အမေတူသားလေးဖြစ်တဲ့ တူလေးဟာလည်း ကျနော့်ရဲ့ ညီလေးလို့ ထင်တတ်ကြပါတယ် ။သူ့ထက်အငယ်မရှိတော့ သူက ခုချိန်ထိ ခလေးကြီးလိုပါပဲ မှတ်မိနေသေးတယ် သူ့သွားတွေမပေါက်ခင် အံဖုံးလေးတွေ တုံးတိလေး ကျနော်က ခလေးထိန်းရင်း ကျနော့်မေးစေ့လေးကို ခလေးကိုပေးပေးကိုက်ပါတယ် တကယ်ပါ ရူးတယ်ပဲပြောပြော ဘာပြောပြော အဲ့အရသာလေးက ယားကျိကျိနဲ့ ပျော်ဖို့ကောင်းတယ် ။ ဈေးဆိုင်တစ်ဖက်နဲ့ အလုပ်မအားတဲ့ အစ်မ က ခလေးကို ဂရုမစိုက်နိုင်တော့ တူလေးက ကျနော့်လက်ပေါ်မှာပဲကြီးလာတာပါ တစ်ခုပဲ ကျနော်က ရွံတတ်တဲ့ သူ အီအီးပါတဲ့ အခါကျ တော်တော်ကိုစိတ်ညစ်ပါတယ် သူ့ပြသနာရှင်းပြီးလို့ သူ့ပါသာလည်း ဖြေရှင်းလို့မရသေးတဲ့ အရွယ်ဆိုတော့ အီးကုန်းပေး အီးကုန်းပေးလို့ အကျယ်ကြီးကိုအော်တတ်ပါတယ် ကျနော်ကလည်း ရွံတော့ သူကကုန်း ကျနော်က ရေခွက်ကြီးကိုကိုင် ညာဘက်ခြေတောက်နဲ့ ကုန်းပေးပါတယ် ပြောင်လားမပြောင်လားတော့မသိ လက်ကိုဆန့်ပြီး အပေါ်ကရေလောင်း ခြေတောက်နဲ့ပွတ်ပေး အချိန်ဆမမှန်တော့ ခလေးက ရှေ့ကိုမှောက်ရက်ကြီးလဲကျတာ နှာဖူးလေးပေါက်သွားလို့ အမာရွတ်လေးတောင် ခုထိရှိတုန်း အဲ့နေ့က ကျနော့်ခေါင်းတွေလည်း ပူထူးသွားပါတယ် အစ်မခေါက်လို့ပါး) ။

နှပ်ချေးညှစ်ရပျင်းလို့ သူ့လက်ဖမိုးနဲ့ ဆွဲတတ်လို့ သူ့ပါးမှာ နှပ်ချေးအကြောင်းတွေက သနပ်ခါးလူးထားသလို ။ဒါပေမယ့် ကျနော် သူ့ကိုအမြဲနမ်းတယ် ။ သူ့အစားကျ လူရှေ့မှာ လျှာကြီး အရှည်ကြီးထုတ် လာလာကြွားစားပြပြီး တောင်းစားလို့မရပါဘူး ကိုယ့်လက်ထဲမုန့်ရှိရင်တော့ လေသံက ပျော့ပျော့ ပြုံးစိစိနဲ့ ဦးသားလေး ဆိုပြီး ပေါင်ပေါ်ပြေးတတ်တဲ့ ကောင်ဆိုးလေးပါ ။စာတော်သလောက် ပျင်းတယ် ပေတံကိုကိုင်ရမှာပျင်းလို့ စာအုပ်မှာ လက်ညှိုးနဲ့ ပေတံလုပ်တိုင်းတဲ့ကောင်လေးပါ ။ စာကျက်ခိုင်းတဲ့ အခါကျ ကိုယ်က အေ တိုင်ရင် သူက ဘီ ကိုဆိုတတ်ပါတယ် ဒီတစ်ပုဒ်ရမှ ဆော့ရမယ်ဆိုရင် ဆော့ချင်စိတ်မက်တော့ ခဏလေးနေတာနဲ့ စာလာဆိုတာ ဟုတ်လို့ ။စိတ်ကောက်တဲ့ အခါကျ တစ်ကိုယ်လုံးကောက်ကွေး ခြေတောက်နှစ်ချောင်းကို ပွတ်လိမ်နေလိုက်တာများ ပြတ်ထွက်သွားမလားထင်ရတယ် သူ့အဖေ အမေ တွေ ချော့မရရင် ကျနော်က ရွှေပြည်အေးကြီးပေါ့ “ အငယ်လေးရေ ဦးပေါင်တို ဗွီဒီယို ရုံမှာ ဂျက်ကီချန်းကား သွားကြည့်မယ် လာ ” အစ်မဆီက မုန့်ဖိုးတောင်းပြီး ကျနော်က သူ့ကို ကုန်းပိုးလို့ လစ်ပါပြီး ။

သူကျောင်း ၈ တန်းလောက်ထိ ခလေးဆိုးကြီးလို နေတတ်တဲ့ အဖိုးအဖွား ဦးလေးအဒေါ်တွေဆိုရင် ကုန်းပိုးလိုက် ကလိထိုးလိုက် လုပ်တတ်တဲ့ ခလေးက ခုတော့ မေးရင်တောင် ခေါင်းညိတ် ခေါင်းခါပဲရတော့တယ် ။သူတို့နဲ့ ၃ နှစ်လောက် အနေဝေးပြီးမှ အိမ်တစ်ခေါက်ပြန်တော့ ကားဂိတ်မှာ လာကြိုတဲ့ သူတို့ကို ကျနော် မမှတ်မိပါဘူး အရပ်ကြီးတွေက ကိုယ့်ကိုတောင် မတိမ်းမယိမ်း အကောင်တွေကတော့ ကိုယ့်ထပ်ထွားလို့ပေါ့ ။ ပြုံးစိစိနဲ့ စကားနည်းသွားတဲ့တူလေး အနေတွေဝေးသွားတော့ သူ့အကြိုက်ကဘာလဲ သူ့နေထိုင်ပုံတွေပြောင်းလဲသွားတော့ ကိုယ်လိုက်လို့မမှီခဲ့ပါဘူး ။ သူမကြိုက်တဲ့ဟင်ချက်တဲ့နေ့ ဘာမှမစားပဲစိတ်ကောက်နေရင်တော့ သူကြိုက်တဲ့ လက်ဖက်သုတ်ကို ခရမ်းချဉ်သီးလေးပါးပါးလှီးလို့ သူ့အရှေ့ချပေးလိုက်ရင်တော့ ပန်းကန်ကို ပြောင်အောင်တီးသွားပါတယ် ။


ကိုယ်နဲ့ ရုပ်ချင်းဆင်သလောက် အကျင့်စရိုက်ပါ တူတတ်တဲ့ တူလေးက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်တတ်တဲ့ကျောင်းမှာ ပြန်တက်နေပါတယ် ။ ကိုယ့်အလှည့်တုန်းက မပြေလည်နဲ့ စီးပွားရေးအခြေနေကြောင့် ချို့ချို့တဲ့တဲ့ ကျောင်းတက်ခဲ့ရပေမယ့် ကိုယ့်အတူလေး အလှည့်ကျ ဒီလိုမဖြစ်စေချင်တာလည်း ဦးလေးတစ်ယောက်ရဲ့ စေတနာပါ ။သူနဲ့လိုက်မယ့် အထည်လေးတွေပို့လိုက် ကျောင်းမှာလိုမယ့် အဆောင်မှာသုံးလို့ရမယ့် ပစ်စည်းလေးတွေပို့လိုက်နဲ့ သူ့အတွက်ကိုယ်က ဖြည့်စည်းသူတစ်ယောက်ဖြစ်ရတဲ့ ဖြစ်တည်ခွင့်ကိုလည်းကျေနပ်ပါတယ် ။ဖုန်းဆက်လိုက်တိုင်း ဟုတ်ကဲ့ က လွဲပြီး စကားအပိုတွေမပြောတတ်တဲ့ ကျနော့် တူလေး နဲ့  ကျနော့်ကြားက ခြားနားခြင်းက ပိုပိုကြီးမာလာသလိုပါပဲ ။

သူတို့ရဲ့ ကြီးထွားလာခြင်းနဲ့ အတူ ကျနော့်ရဲ့ အိုမင်းခြင်းတွေကလည်း တဖြည်းဖြည်းနေရာယူလို့ ကျနော့်တို့ ၂ယောက်ကြားမှာ ခြားနားခြင်းမဟုတ်တာဆိုလို့ စစ်မှန်တဲ့ မေတ္တာတရားပဲရှိမယ်ထင်ပါတယ် ။





13 comments:

မေဓာဝီ said...

ဒီလိုပါပဲ မောင်မျိုးရေ ...
အသက်အရွယ် ခြားနားမှုရဲ့ နောက်ဆက်တွဲ အမြင်ချင်း၊ အတွေးအခေါ် အယူအဆချင်း၊ နားလည်မှုချင်းတွေလဲ တဖြည်းဖြည်း ခြားနားလာတတ်ကြတယ်။
ကိုယ့်တုန်းကလဲ လူကြီးတွေဒီလိုပဲ ခံစားခဲ့ရမှာပဲလေ ... ။ ကလေးတွေကိုလဲ နားလည်ပေးလိုက်ပါ။ ဘာတွေဘယ်လိုပဲ ခြားနားနေပါစေ မေတ္တာတရား မခြားနားသရွေ့တော့ မျိုးဆက် နှစ်ခုကြားက ကွာဟမှု သိပ်မကြီးလောက်သေးပါဘူး။

မိုးယံ said...

အသက်တောင် 26 နှစ်မပြည့်သေးတဲ့ ဦးသားလေးရယ်.. နောက်ဆုံးပိတ်ကျတော့ စိတ်မကာင်းဖြစ်မိပေမယ့်.. ကလေးဖင်ကို စောင့်ကန်ပြီး မှောက်လျက်လဲအောင် အီးကုန်းတတ်တဲ့ နင့်ကိုရယ်လိုက်ရတာအေ။

Anonymous said...

အင်းးး
ဒီလိုပေါ့လေ .. အနေတွေဝေးကုန်ပြီကိုး
ငါ့ဆို တူမတွေက မှတ်မိလားဆိုတာတောင် မမှတ်မိဘူးတဲ့
အဲဒါ ငယ်ငယ်ကဆို ငါ့ပေါ်ကကို မဆင်းတဲ့ ကလေးတွေ
အေးပေါ့လေ
ဖြစ်တတ်ပါသည်ပေါ့း)

မိုးခါး

Thet Wai said...

အပြင်ပန်းမှာ Generation Gap ကြောင့် ခြားနားခြင်းတွေရှိနေနိုင်ပေမယ့် ရင်ထဲက ချစ်ခြင်းမေတ္တာတွေကတော့ သံစဉ်တူညီ လှပပါလိမ့်မယ်...

Su Myat Htar said...

"ကျနော်ကလည်း ရွံတော့ သူကကုန်း ကျနော်က ရေခွက်ကြီးကိုကိုင် ညာဘက်ခြေတောက်နဲ့ ကုန်းပေးပါတယ် ...."မျက်စိထဲ မြင်ယောင်ပြီး..ရီလိုက်ရတာ..လုမြောင်ရယ်..အတွေးကောင်း...အရေးကောင်းတဲ့ ပိုစ့်လေးပါ။

Ainn Chann Myay said...

စိတ်ကောက်ရင် ခြေထောက်လေးလိမ်ပွတ်တာ ချစ်စရာလေးး))

Than Lae said...

ကျနော့်တို့ ၂ယောက်ကြားမှာ ခြားနားခြင်းမဟုတ်တာဆိုလို့ စစ်မှန်တဲ့ မေတ္တာတရားပဲရှိမယ်ထင်ပါတယ်။" ,,, အဲ့ဒီ့အရာလေးရှိနေဖို့ ပဲအရေးကြီး တာပါ။ ထင်သာ၊ မြင်သာအောင် စာရေးတတ်တဲ့ မောင်မျိုးရေ သူလည်း နှာဖူးကအမာရွတ်လေး စမ်းမိတိုင်း မောင်မျိုးကို သတိရလိမ့်မယ်ထင့်ပါ့နော်။ ,,,, :)

SHWE ZIN U said...

အင်း အပြစ်မရှိတဲ့ ကလေးလေး တွေကို ဘဲ ချစ်ဘို့ကောင်းတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညိမ်းနိုင် said...

ဒီလိုပဲပေါ့ ညီရယ်....၊ခြားနားခြင်းတွေက တဖြည်းဖြည်း
ဝင်ရောက်လာမှာပါပဲ...၊သန့်စင်တဲ့မေတ္တာတရားတွေရှိ
နေသေးရင်ပဲ ကျေနပ်စရာပါ....။

ညီလင်းသစ် said...

မျိုးဆက် ကွာဟမှုကတော့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိတာပါပဲ မောင်မျိုးရေ....၊ ကိုယ်နဲ့ အနေဝေးသွားတော့ ဒီဟာက ပိုပြီး သိသာတာပေါ့၊ ဆက်ကျော်သက်တိုင်း လိုလိုမှာ ပုန်ကန်ချင်တဲ့ ဂျစ်တစ်တစ် စိတ်ကလေးတွေ ရှိတတ်ကြပါတယ်၊ အရေးကြီးတာက ညီပြောတဲ့ မေတ္တာ မခြားဖို့ပဲ မဟုတ်လား..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးလေးတစ်ယောက်ရဲ့ စေတနာတွေ အထင်းသားတွေ့ရပါတယ်.. ပီတိဖြစ်စရာပါ။
အီးကုန်ပေးပုံကတော့ ရယ်စရာကောင်းလို့ မနေနိုင်ဘဲ ရယ်လိုက်မိတယ်..
ခြားနားခြင်းတဲ့
အင်း ထပ်တူကျဖို့ ဘယ်မှာ လွယ်လို့တုန်း
အသက်အရွယ်ခြင်း တူကြသူချင်းတွေ စိတ်သဘောချင်း အတွေးအခေါ်ခြင်း တူမှ မတူညီနိုင်တာ
အရေးကြီးတာ ရင်ထဲမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာရှိကြဖို့ လိုရင်း မဟုတ်လားနော်

အုပ်ကြီး said...

မောင်မျိုးဆီကိုလာရင် ပေါ့ပေါ့ပါးပါးနဲ့  တကယ့်ကိုယ်တွေ့ တွေဖတ်ရတယ်ဗျာ ...
စာရေးသူနဲ့ ဖတ်သူကြားတော့ ဘာမှ မခြားနားဘူးနော် ...

Anonymous said...

off white outlet
nike x off white
palm angels
nike sb
bape
off-white
kawhi leonard shoes
off white t shirt
supreme
bape

LinkWithin

Related Posts Plugin for WordPress, Blogger...