Saturday, February 5, 2011

သောင်းရင်းရဲ့ မြစ်ကမ်းမှာ

ဒါကို မြန်မာလို ဖွင့်ဆိုရမယ်ဆိုရင်တော့ ရေလိုက် ငါးလိုက် ပေါ့ ။ ကျနော်က သူများတွေတိုင်ပင်တဲ့ အခါကျ နားထောင်ပေးရ ကူပြီးခံစားပေးရတာကို ပူလောင်မှန်း စိတ်ရှုပ်ရမှန်းသိပေမယ့် နားထောင်ပေးတတ်ပါတယ် ဒါကလည်း ကိုယ်ခင်မင်ရတဲ့သူတွေအတွက် ကျနော်က ထွက်ပေါက်လေးတစ်ခုအဖြစ် ရင်ဖွင့်ရာလေးတစ်ခုအဖြစ် ရှိနေချင်တာကြောင့်ပါ ။ဒီအရပ်မှာတော့ သောင်းရင်းရဲ့ မြစ်ကမ်းမှာ မေးတင်ကြတဲ့ ကျနော်တို့တွေ နည်းနည်းစကားကြမ်းကြမ်းသုံးရရင်တော့ ရွှေ့ပြောင်းအလုပ်သမားများ အတွက်တော့ အပူမီး အခက်ခဲတွေက အမြဲတမ်းလိုလိုရှိနေတတ်ကြပါတယ် ။ သတင်းတွေမကြာမကြာ ကြားနေရတယ် လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကစလို့ ထိုင်းနိုင်ငံရောက် မြန်မာတွေ တရားဝင်အလုပ်လုပ်ခွင့် ဆိုပြီး ၂နှစ်ခံပတ်စပို့စ်တွေလုပ်ပေးပါတယ် ပထမ ထိုင်းအစိုးရ ချမှတ်ထားခြင်းမှာ မပါတဲ့ စည်းမျဉ်တွေ နောက်ပိုင်းမှ ပေါ်လာတဲ့ အခါကျ ပထမဆုံးနစ်နာရတာ အခြေခံအလုပ်သမားတွေပါ ။

“အစ်ကိုပဲ စဉ်းစားကြည့်ဗျာ မဲဆောက်မှာ အလုပ်သမားတစ်ယောက် ရတဲ့ ပျမ်းမျှ လုပ်အားခက ၈၀ ၀န်းကျင်ပဲရှိတယ် ကျနော်တို့ပတ်စပို့စ်လုပ်တယ်ဆိုတာက ဒီ့ထက်သာတဲ့နေရာကို ပြောင်းရွှေ့အလုပ်လုပ်ဖို့လေ ဘန်ကောက်လိုနေရာမျိုးကို ကယ်ရီနဲ့မဟုတ် လမ်းမှာ ဘေးကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက်လေ အခုတော့ဗျာ ရတဲ့လခလေး ဒီထဲပဲထည့်နေရတာ စာအုပ်ကြီးကိုင်ထားတာတောင် ပုလိပ်ကရစ် ထိုင်းတောမောင်း( လ၀က) ကရစ်နဲ့ တရစ်ရစ်နဲ့ကို ပါးပါးလှီးခံနေရတော့တာဗျာ လိုချင်စိတ်တောင်မရှိတော့ဘူး ” ။ အဲ့လို အချိန်ကျ ကျနော်လည်း သူ့ကိုမေးကလေးထောက် ခေါင်းကလေး ညှိပ်လို့ “ အင်းပေါ့ အင်းပေါ့ ” ဆိုပြီး ဖော်ရွှီးလေးပဲလိုက်ပေးနိုင်တာပေါ့ ကျနော် ဘာများတတ်နိုင်မှာမို့လဲလေ ။


အလုပ်မှာ ၀န်ထမ်းတွေ လျှော့ ထွက်တဲ့သူနဲ့ ခုဆို လူနည်းနည်းပဲကျန်တော့တယ် အဓိကကတော့ တံတားကြီးပေါ့ ၇ လနီးပါ ပိတ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် အဓိကထိခိုက်ကြတာဟာလည်း ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ ။ အလုပ်မှာ အစ်မအရင်းလို ခင်ရတဲ့ အစ်မတစ်ယောက် သူက တောင်ကြီးဇာတိသူ ထိုင်းရောက်တာ ၁၅ နှစ်လောက်ရှိပြီး မြန်မာစကား အနည်းကျဉ်းပဲတတ်တော့တယ် မသိရင် အစ်မက ထိုင်းနိုင်ငံသူတစ်ယောက်လိုပါပဲ ဒါပေမယ့် အစ်မကိုယ်ထဲ စီးနေတဲ့ သွေးက ဗမာသွေးပီပီ အစ်မ က စိတ်ထားနုညံ့ပီး အလုပ်မှာတော့ ကျနော်တို့ဘက်က အမြဲရပ်တည်ပေးတဲ့ စိတ်ကောင်းတဲ့ အစ်မတစ်ယောက်ပါ ။ သူ့အခက်ခဲကတစ်မျိုး ထိုင်းတွေရဲ့ လူနေမှုစရိုက်မှာ နှစ်တွေကြာပေမယ့် အစ်မစိတ်တွေကမပြောင်းပါဘူး ထိုင်းအမျိုးသားနဲ့ အိမ်ထောင်ကျ ဒီနိုင်ငံဟာ စိတ်ပျက်စရာအကောင်းဆုံးလူနေမှုစရိုက်ကတော့ အိမ်ထောင်ရေးဖောက်ဖျက်ခြင်းပဲလို့ကျနော်ထင်ပါတယ် ။ စီးပွားရေးလေး ပြေလည်တော့ အစ်မယောက်ျားက ဇာတိလေးပြလာတယ် ခလေး ၂ယောက်နဲ့ အစ်မ စိတ်ဆင်းရဲတော့ ကိုယ့်ကိုရင်ဖွင့်တဲ့အခါကျ “ ဆုံးဖြတ်ချက်တွေ မမြန်ပါနဲ့လေ သေချာထိန်းကြည့်ပါအုံး သူစိတ်ပြန်လည် လာမှာပါ” လို့ အားပေးရင်း အစ်မအတွက်စိတ်မကောင်းဖြစ်မိတယ် ခုတော့ အစ်မလည်း အနီးကပ်ကိုယ်ရံတော်လုပ်ဖို့အတွက် အလုပ်ကနေထွက်ပြီး ယောက်ျားအနား ပါတော်မြဲလေးလုပ်နေရတာပေါ့ ။ အစားကိုသာ ဝေစားချင်စားမယ် အချစ်ကိုတော့ ဝေမျှမပေးနိုင်တဲ့ အစ်မရဲ့ ခံစားချက်ကိုနားလည်ပေးလို့ရတယ် ။

မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားသားသမီးတွေအတွက် ကျောင်းကြီးတစ်ကျောင်းဖွင့်ထားတာတွေ့တယ် နိုင်ငံခြားကနေ လာဆောက်လှူဒါန်းထားတဲ့ ကျောင်းအကောင်းစားကြီးတစ်ကျောင်းပါ ဒေါက်တာဒေါ်စင်သီယာမောင် တို့ ဦးစီးတဲ့ ရည်ရွယ်ချက်ကောင်းကောင်း နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကောင်းတစ်ခုပါ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ခလေးတွေပါ တော်တော်ကို ရည်ရွယ်ချက်နည်းတယ်လို့ထင်မိတဲ့ ကျနော့်အတွက် သူတို့လေးတွေ စကားနားထောင်လိုက်ရင်တော့ ငါပြောရမှန်းမသိပဲ သက်ပြင်းချမိတဲ့အဖြစ် ။ ခလေးတွေက ဆေးလိပ်သောက် ကွမ်းစား ကော်ရှူ ဖုန်း ဇတ်လမ်းတွေနဲ့ တွေ့ရတာ စိတ်မချမ်းသာစရာပါ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ ပန်းတိုင်ကဘာလဲဆိုတာ မေးကြည့်ချင်ပေမယ့် ကျနော်က အဲ့လောက်တော့ ဆရာကြီးလည်းမလုပ်ချင်ဘူး ။ မြန်မာပြည်ကနေ ကျောင်းတစ်ပိုင်းတစ်စနဲ့ တက်လာတဲ့ခလေးတွေ ဒီမှာပဲ မွေး ဒီမှာပဲကြီးကြတဲ့ ခလေးတွေ အများစုကတော့ တိုင်းရင်းသားတွေများပါတယ် ။

သူတို့ပြောတဲ့ စကားလေးတွေနားထောင်ကြည့်ရအောင်လား “ သမီးတို့အတွက် အာမခံချက်ဆိုတာေ၀၀ါးဝါးပါ ဦးရာ ဒီကျောင်းမှာတော်ရင် ကျောင်းဆက်တက်ခွင့်ရမယ်ဆိုပေမယ့် လူ ၁၀၀ မှာမှ ၅ ယောက်လောက်ခေါ်တာလေ ပြီးတော့ အငယ်လေးထဲက မြန်မာစာပဲသင်လာရတဲ့ သမီးတို့အတွက် ဒီမှာ ထိုင်းစာ ကော အင်္ဂလိပ်စာပါ အပိုအနေနဲ့ လေ့လာရတာ အခက်ခဲတွေ ရှိတယ် တကယ်တော့ သမီးက ရှေ့နေဖြစ်ချင်တာ ဘယ်လောက်တောင်ရူးသလဲဆို ရုပ်ရှင်တွေကြည့်ပြီးရင် အဲ့ထဲက ရှေ့နေတွေအတိုင်း လိုက်လုပ်ရတာ အမော အခု သမီးရည်ရွယ်ချက်က ထိုင်းစာတော့ ပိုလေ့လာနေတယ် ထိုင်းစာတတ်ရင် ဒီကကုန်တိုက်တွေမှာ အရောင်းဝန်ထမ်းဝင်လုပ်ရင် လစာကောင်းကောင်းရနိုင်တယ်လေ ပြီးတော့ သမီးကောင်လေးကို နိုင်ငံခြား အရင်ပို့မယ် ပြီးရင် သမီးသူ့နောက်လိုက်သွားမယ် ” ဒါကတော့ ၁၅ နှစ်သမီးအရွယ် ခလေးမလေးတစ်ယောက်ပြောတဲ့ သူ့ဘ၀ရဲ့ အနာဂတ်ပါ ဟာ့စ်ထိတဲ့ သူ့ရဲ့နောက်ဆုံးစကားလေးက “ တကယ်ဆိုရင်တော့ မြန်မာပြည် ပြန်ချင်တာပေါ့ ဦးရယ် ဖြစ်မှမဖြစ်နိုင်သေးတာ ” တဲ့ ။

နောက်တစ်ယောက်ကတော့ ခုနောက်ပိုင်းမှာ တော်တော်ခင်လာပြီး အစ်ကို့က ကျနော့်အတွက်တကယ့်အစ်ကိုပဲလို့ဆိုလာတဲ့ ညီလေးတစ်ယောက်ပါ ။ ဆိုင်ကယ်မှောက်လိုက် ကွမ်းစားလိုက် ဆေးလိပ်လေးသောက်လိုက်နဲ့ “ မင်းတို့ကျောင်းကို လှူထားတဲ့ နိုင်ငံခြားသားတွေသာ မင်းခုပုံစံကိုမြင်လို့ကတော့ ရှော့ရပြီး လဲသွားနိုင်တယ် ” လို့ပြောတော့ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်ထင်တယ် “ကျနော် နောက်နှစ်ကျောက်းတက်ဖို့မသေချာတော့ဘူး အစ်ကိုရ အဲ့တာကြောင့် စိတ်ညစ်ညစ်နဲ့ လုပ်ချင်တာတွေလိုက်လုပ်နေတာ ခု ကားမောင်းသင်နေတယ် သူဌေးကားလိုက်မောင်းမလို့လေ အဖေ့အလုပ်က သူဌေးပဲ ပိုက်ဆံရှာတာပဲကောင်းပါတယ်လေ မရေရာပဲကျောင်းတက်နေတာထပ်စာရင် ငွေရှာကတာကမှပိုကောင်းအုံးမယ်” ။ ဒါလည်း ဟုတ်တာပါပဲလေ သူ့ကိုတွေတွေလေးငေးလို့ ကျနော် ခေါင်းကိုညှိပ်တော့ သူက မချိပြုံးလေး ပြန်ပြုံးပြတယ် ။

တစ်ချို့သော ဖြစ်ရပ်မှန် ဘ၀တွေက ဇတ်လမ်းဇတ်ကွက်တွေထပ် ပိုဆန်းကြယ်ပါတယ် ဟော့ဒီ သောင်းရင်းရဲ့ မြစ်ကမ်းမှာ မေးတင်ကြတဲ့ ကျနော်တို့ရဲ့ အဖြစ်သနစ်တွေဟာလည်း ပြောမယ်ဆိုရင်တော့ တစ်ထောင့်တစ်ည ပုံပြင်တွေ ဖြစ်သွားမယ်ထင်ပါရဲ့ ဇတ်လမ်း ဇတ်ကွက်တွေနဲ့ တူလှတဲ့ ဖြစ်ရပ်မှန် အကြောင်းရာတွေမှာ ခြေထိုးမှန်မှန်နဲ့ ကကွက်မှန်အောင် ကနေကြတဲ့ ကချေသည်တွေဟာ ကျနော်တို့တစ်တွေပေါ့ဗျာ ။




13 comments:

Anonymous said...

စိတ်မကောင်းစရာ
မဖြစ်သင့်တဲ့ အရာတွေ ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

pandora said...

ရင်မောစရာ သူတို့တွေဘ၀ပါလား

နေ၀သန် said...

စိတ်မချမ်းသာလိုက်တာ...း(((... နိုင်ငံရဲ့ အနာဂတ်တော့ရင်လေးမိပါရဲ့...

ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်နိုင်ငံတော်ကြီး ဘာကြောင့်များ ဒီလောက် အခြေအနေဆိုးတာပါလိမ့်နော်
တစ်ခြားနိုင်ငံတွေ မပြောနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတောင် အဆိုးဆုံးလို ဖြစ်နေတယ်
မြန်မာဖြစ်ရတာ ဂုဏ်ယူရမဲ့အချိန် ဘယ်တော့မှ ပြန်ဖြစ်မှာပါလိမ့်
ရင်မောမိတယ်..

ညိမ်းနိုင် said...

အင်း....စိတ်ညစ်လို့မြစ်ကမ်းပါးထိုင်....၊ထိုင်မိတဲ့မြစ်ကမ်း
က သောင်ရင်းမြစ်ကမ်းဖြစ်နေပါရောလား...ညီရာ....:(
စိတ်ဆင်းရဲ၊စိတ်မကောင်းဖြစ်ရုံကလွဲလို့ အစ်ကိုတို့
ဘာများတတ်နိုင်တာရှိမလဲ....ကြည့်၊ကြည့်တာပေါ့ကွာ...၊
လောလောဆယ်တော့ ကိုယ့်ဒွတ်ခနဲ့ကိုယ်ရယ်.....:(((

nYi ThU E@in said...

ဘယ်တော့များမှ
သောင်ရင်းမှာ
အမှောင်ခွင်းနိုင်မလဲနော်

Baby taster said...

:( စိတ်မကောင်းလိုက်တာ
အမြန်ဆုံး ဆန္ဒနဲ့ဘ၀ တထပ်တည်းကျနိုင်ပါစေ

ညီလင်းသစ် said...

တကယ့် ဘဝတွေပါပဲလား မောင်မျိုးရာ...၊ ညီ့စာထဲက ဖတ်ရတာနဲ့တင်ကိုပဲ အတော်လေး မောနေရပြီ..၊ဟူး...။
တကယ်ကို စိတ်မကောင်းပါဘူး...။

မိုးခါး said...

ဒီလိုအဖြစ်တွေ မြင်ရ ကြားရတာ မောလိုက်တာ ..း((

rose said...

သနားစရာ ဘ၀လေးတွေ အကြောင်း လာဖတ်သွားပါတယ်။ ကိုယ့် မြန်မာ ပြည်သူ ပြည်သားတွေ အေးချမ်း သာယာတဲ့ ဘ၀လေးကို ပိုင်ဆိုင်စေဖို့ တောင်းဆုလေး ဘယ်တော့များမှ ပြည့်ဝမှာပါလိမ့်နော်။

မိုးယံ said...

မောင်မျိုးရေ နင့်ဘ၀ ဇတ်ခုံပေါ်ကို သောင်ရင်းမြစ်ဘေးထိုးပြီးက နေ ။
ငါလည်း ဘာမှ မထူးပါဘူး. မျှော်စင်ညီနောင် မော့မော့ကြည့်ပြီး က နေတာပါပဲ။

Maung Myo said...

ဆောင်းနှင်း... ကျနော်ဘာပြောရမလဲ ဒီလိုပဲပေါ့ဗျာ ။

ဒေါ်လေး.... ဟုတ်တယ် ရင်မောစရာတွေ။

နေ၀သန်.... အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေပေါ့ကွာ..

မချော... ဒီမှာဆို ပိုများတာပေါ့ဗျာ အမြဲ စိတ်မကောင်းဖြစ်ရတယ် ။

ကိုမောင်လေး...အစ်ကိုပြောတာ မှန်ပါ့ လာလည်လေ သောင်ရင်းကို သောင်ရင်းက ရေခမ်းနေတာကြာပြီးး။။


ညီသူ..... ဆုတောင်းရင် တကယ်ကောပြည့်လား ညီ

မဘေဘီ.....ဟုတ်တယ်ဗျာ ။

ကိုညီ....ကျနော့်စာတွေက သူတို့ဘ၀တွေအကုန်လုံးကိုတော့ မထင်ဟပ်နိုင်သေးဘူး အစ်ကို နောက်ကြုံရင် ကျနော်ရေးပါအုံးမယ် ။

မိုးခါး....မောရင် ရေသောက် စလုံးသူရေး)

မရို့စ်......ဘယ်တော့မှားမှ ဟုတ်ပါ့ဗျာ ကျနော်လည်း အဲံ့တိုင်းပြောချင်တော့တာ ။

မိုးယံ....မင်းကတော့ ငါ့ထပ်သာသေးတာပေါ့ ။

An Asian Tour Operator said...

မောတယ်ကွယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...