Saturday, July 28, 2012

ပြေးလမ်း



သူငယ်ချင်းရေ ငါတို့အရင်လိုမဟုတ်ပဲ ဒီတစ်ခါ စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကြစို့ ။ နှုတ်ခမ်းမွှေး မရိတ်ဖြစ်တဲ့အကြောင်း ဆံပင်ပုံမှန်မညှပ်ဖြစ်တော့တဲ့အကြောင်းတွေတော့ ပါချင်မှပါတော့မယ် ။ တို့တွေ ဘ၀နဲ့ရင်း အရှုံးတွေထဲက သင်ခန်းစာတွေအကြောင်း အများဆုံးပြောဖြစ်မယ်ထင်ပါ့ ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကြောင်း ဝေမျှမလှယ်ကြရင်း မင်းနဲ့ ငါ မတွေ့ဖြစ်တဲ့အတောအတွင်း တစ်ယောက် ခံစားချက် တစ်ယောက် ဖောက်သည်ချကြအုံးစို့ ။

သူငယ်ချင်းရေ မင်း သိရဲ့လား တစ်ခါတရံတော့ ငါတို့ရဲ့ နေ့စဉ်ရပ်တည်ရှင်သန်ဖို့အတွက် ငါတို့ မာနတွေနဲ့ အလဲအလှယ် လုပ်ချင်လည်း လုပ်ရမှာပဲ ဒါကို အောက်ကျို့တယ်လို့ ပတ်ဝန်းကျင်က ဆိုကြလေမလား ငါကတော့ ခဏခဏကို လဲလှယ်တတ်လာလို့ အရောင်းဝယ်နည်းစနစ်တွေတောင် နည်းနည်းတတ်လာပြီ ပြီးတော့ ၀င်ငွေလည်ပတ်စီးဆင်းမှုဆိုတဲ့ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ အီကိုဘာသာရပ်ကို ခုမှ သေသေချာချာနားလည်လာတာတော့ သိပ်နောက်ကျသွားတာပေါ့ကွာ ဒီကချေးထားတဲ့အကြွေး ဟိုက အတိုးနည်းနည်းနဲ့ပြန်ယူ ပြီးတော့ ဟိုဆပ် ဒီချေး အဲ့တာလည်း ၀င်ငွေလည်ပတ်စီးဆင်းတာပေါ့ကွ ပြောင်ပြောတယ်ထင်သလား မဟုတ်ဘူးဆို အဟုတ်တကယ်ကြီး ခုဆို ငါ အဲ့တာ တော်တော် ကျွမ်းလာပြီး ။

အရင်လိုလည်း ဆိုင်မှာ ခေါင်းမလျှော်ဖြစ်တော့ပါဘူး ခုဆို ဇိမ်ခံတယ်ဆိုတာ ဘာမှန်းတောင် သိပ်မသိတော့ဘူးရယ် ခြေစွပ်တွေလည်း ပေါက်ပြဲနေပါပေါ့ သွားတော့ မှန်မှန်တိုက်ဖြစ်ပါရဲ့ အာရုံနဲ့ လူနဲ့မကပ်တော့ ထမင်းဝါးဖို့ကို မေ့မေ့နေတာ မြိုချမိတော့နင်တာပေါ့ တော်ပါသေးရဲ့ အမေ ဘေးနားရှိနေပေလို့ ရေအေးလေးတစ်ခွက်နဲ့ အမေကတော့ ပြောသား သားရယ် ဖြေးဖြေးစားစမ်းပါတဲ့ ။ငါ အရင်လောက် မနုညံ့တော့ဘူးဆိုရင် မင်းယုံမလား ပြီးတော့ စိတ်ရိုင်းတွေကိုလည်း မြိုချပစ်တဲ့အခါကျ ထမင်းမ၀ါးပဲ မြိုချမိသလို မနင်တော့ဘူးရယ် ။ မိတ်ဆွေတစ်ချို့တော့ ပြောသား သားရည်ထူတတ်လာပြီတဲ့ ။

မရပ်လိုက်နဲ့ သူငယ်ချင်း မရပ်လိုက်လေနဲ့ ဘ၀ဆိုတာ ပြေးလမ်းကြောင်းတစ်ခုပေါ့ ခုချိန်ဟာ ငါတို့တွေ ပြေးလမ်းကြောင်းပေါ်မှာ အရှိန်နဲ့ပြေနေတုန်း လမ်းဘေးတစ်လျှောက်မှာတော့ ဆူးခြုံတွေ ပေါတဲ့အခါ ပေါမယ် ၊ လေပြေတိုက်တဲ့အခါတိုက်မယ် ၊ ပါးစပ်သေနပ်တွေ မင်းကိုယ်ပေါ်ကို ထွင်းဖောက်သွားတဲ့အခါ ဖောက်မယ် ၊ ခွေးတွေဟောင်ချင်ဟောင်မယ် အဲ့တာတွေ ခံနိုင်ရည်ရှိအောင်တော့ တို့တွေ ပြေးလမ်းကြောင်းပေါ်မှာ ပြေးရင် သင်ယူသွားရမှာပေါ့ အဲ့ဒီအခါ မင်းခံစားချက်တွေ အိမ်မှာ ချိတ်သိမ်းခဲ့ဖို့ မမေ့လေနဲ့ ။ မရပ်လိုက်နဲ့ သူငယ်ချင်း မရပ်လိုက်လေနဲ့ အရှိန်မထိန်းပဲ မင်းရပ်လိုက်ရင် မင်းလဲ ကျသွားလိမ့်မယ် လူတိုင်းကိုယ်စီ ပြေးလမ်းကြောင်းပေါ် ပြေးနေရတာမို့ မင်းလဲနေရင် သူတို့တွေထူချင်မှ ထူကြလိမ့်မယ် အဲ့အတွက် သူတို့ကို နားလည်ပေးနိုင်အောင်လည်း မင်းကြိုးစား ။ အေး.. မင်းလဲကျတဲ့အချိန် ထူမတ်ပေးတဲ့ လက်ကလေးများရှိခဲ့ရင် အဲ့တာတွေဟာ အစစ်မှန်တွေဆိုတာ တွက်စရာမလိုပဲ မင်းဦးနှောက်ထဲ ရိုက်သွင်းထားလိုက် သေချာတယ် အကြွင်းမရှိတဲ့ စစ်မှန်မှုပဲ ။

မမောဘူးလားလို့ မေးရက်လေသလား သူငယ်ချင်းရာ မောတာပေါ့ကွာ ဒါပေမယ့် အဲ့အမောတွေက သက်ပြင်းတွေအဖြစ် ရှူသွင်းလိုက်တော့တာပဲ ရင်ဘတ်တော့ နာတာပေါ့ ။ အချစ်လား အဲ့တာကြီးက ဘိတ်ဆုံးမှ ခဏထားအုံးမှထင်တယ် သူက ပူတယ်လေဟ အဲ့တာ့ သူ့ကို ဘိတ်ဆုံးမှာနေရာပေးထားတာ အကောင်းဆုံးပဲ ငါကအပူကြောက်တယ် ။ ဒီလိုပဲ ယိမ်းယိုင်မိသွားတဲ့အခါတော့ ဘေးနားက ဖေးကူးစရာလေးများ ရှိမလားလို့ တမ်းတမိတာပေါ့ သူငယ်ချင်းတွေ ဖြစ်ချင်ဖြစ်မယ် မိသားစုတွေဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ငါ ယိမ်းလို့မဖြစ်ဖူးဆိုတာ ငါ့ကိုယ်ငါ အသိ ငါ ယိုင်လဲသွားရင် ငါ့ကိုမှီတွယ်နေတဲ့ အရာတွေပါ ယိုင်လဲသွားကြလိမ့်မယ် ငါအဲ့လိုမဖြစ်ချင်သေးဘူး ။
အခက်ခဲဆိုတာ ငါတို့ အသက်တာ ရင့်ကျက်စေဖို့လို့ ခံယူထားလိုက်တော့လည်း ဖြေသိမ့်စရာဖြစ်သား ငါတို့က သားရည်ကွင်းကလေးတွေနဲ့များတူနေသလို ငါတို့မှာ ခံနိုင်ရည်အား တွန်းကန်အားဘယ်လောက်ရှိလဲဆိုတာ အခက်ခဲဆိုတဲ့ လူဆိုးကြီးတွေက အားကုန်းဆွဲကြည့်ကြလိမ့်မယ် ပြတ်ထွက်မသွားပဲ ခံနိုင်ရည်ရှိဖို့တော့ ကြိုးစားဖို့လိုမယ် ။

ငါအရင်လိုပဲ ဟန်လုပ်ပြီးလည်း ပြုံးတတ်တုန်းပဲ ၊ ခရမ်းချဉ်သီးလည်း စိတ်လိုလက်ရ မသုတ်စားဖြစ်တော့ပါဘူး စိတ်ပါတဲ့နေ့တွေတော့ လက်ဖက်သုတ်ကလေး သုတ်စားဖြစ်တယ် ။ ကဲ... ပေါ့ဆိမ့်တစ်ခွက်လောက် ထပ်မှာပေးစမ်းပါကွာ ငါ့အကြောင်းတွေကြီးကြီးကျယ်ကျယ်ပြော ဒသနတွေဖွင့်လို့ ပွားရတာလည်း များသွားပြီး ။ မင်းအကြောင်းတော့ နောက်မှ သိချင်တာတွေထပ်မေးအုံးမယ် ။ မရပ်လိုက်နဲ့နော် သူငယ်ချင်း မရပ်လိုက်နဲ့ မှန်မှန်သာ ဆက်ပြေးကြအုံးဆို ငါလည်း ပြေးတုန်း လမ်းတွေမဖြောင့်တော့တဲ့အကြောင်း အချိန်ကုန်ခံလို့ တွေးမနေတော့ဘူး ပြေးရမှာက ကိုယ့်တာဝန် ...တစ်နေ့တော့ ငါတို့ပန်းတိုင်ရောက်မှာပါ ကဲ.... သူငယ်ချင်းရေ ပြေးကြအုံးစို့လားကွာ ။







12 comments:

သိင်္ဂါကျော် said...

ဒီလိုပါပဲ.. ကိုယ့်လမ်းနဲ့ကိုယ် ပြေးနေကြတုန်းပေါ့..

mstint said...

ရင်တွင်းပွင့်အံချက်လေးတွေ ဖတ်သွားတယ် မောင်မျိုးရေ။ ဘဝရပ်တည်မှုအတွက် မရပ်မနားပြေးနေရအုံးမှာပေါ့နော်။ သွားတော့မှန်မှန်တိုက်ဖြစ်တယ်ဆိုလို့ တော်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

ခြေကုန်လက်ပန်းကျရင် ခဏနား နောက်မနားတမ်း ဆက်ပြေးကြတာပေါ့ဗျာ

ညိမ်းနိုင် said...

ကိုယ်ဝါသနာပါရာအေးရိပ်သာလေးမှာ ခဏတော့နားပါဦး
ငါ့ညီရယ်....။

Angelhlaing(May everybody be happy and healthy! said...

ခုထိလည်းပြေးနေတုန်း မနားသေးဘူးကိုမျိုးရေ..:)

နေ၀သန် said...

ဖြေးဖြေးမှန်မှန်နဲ့ တစိုက်မှတ်မှတ်ပြေး.. တနေ့ထိပ်ရောက်ကိုရောက်လိမ့်မယ်။ ဒါနဲ့ အသုပ်ဆိုတာကို​ `သုပ်` နဲ့ရေးတယ်။ `သုတ်`ဆိုတာ လက်သုတ်ပုဝါလိုမျိုးမှာသုံးတာပါ။ :P.. မပြောရမနေနိုင်..



ခင်မင်လျက်

နေ၀သန်

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

Unknown said...

ကိုမျိုး အရေးအသား တွေကြိုက်တယ်...
အဲလိုရေးတတ်ဖို့ရာ လည်း စာများများဖတ်မှ ရမယ်ထင်တယ်..
ဘ၀တွေက မရပ်မနားပြေးနေရတော့ စာဖတ်ချိန်ကို
မနည်း လုယူနေရတယ်

Unknown said...

ဆန္ဒချိုချိုတွေကို စိတ်ကူးယဉ် သောက်သုံးရင်း ဘ၀အမောတွေ ဖြေဖြောက်နေရတာပါပဲ အကို ရာ...

Unknown said...
This comment has been removed by the author.
Gnome said...

ငါ့ညီကြောင်မျိုးလေး ရေးတုန်း ပြေးတုန်းကိုး
အတော်လေးရင့်ကျက်လာသယောင်ရှိတယ်
သိပ်တော့မချီးမွန်းရဲသေးဘူး ;)

San San Htun said...

ဟုတ်ပါ့ မောင်မျိုးရေ..မပြေးဘဲ ရပ်နေရင် နောက်ကျကျန်ခဲ့မှာပေါ့..

LinkWithin

Related Posts Plugin for WordPress, Blogger...