တကယ်တော့ ဒီစာကိုမရေးချင်လှပါဘူး ( အဲ့လိုပြောပေါင်းများပေါ့ မရေးချင်ဘူး မပြောချင်ဘူးနဲ့ အတင်းတွေ ချပေါင်းလည်းများပြီ :P) ဒီပို့စ်လေးရေးဖို့ အာရုံရသွားတာက ကိုညီရဲသစ် ရဲ့ ဒီပို့စ်လေး ကြောင့်ပါ ။
တကယ်တော့ မဲဆောက်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀က ပြားချပ်ချပ် ပါ အလုပ်ရှင်က ဖိလို့ပြားတယ် ပွဲစားက ဖိလို့ပြားတယ် အစိုးရဌာနတွေက ဖိလို့ပြားတယ် ဖိ လို့ ပြားလိုက် ပြားလို့ ထပ်ဖိ လိုက်နဲ့ ဘ၀က ပြားချပ်ချပ် ။ ခုနောက်ပိုင်းမှလေ ဟိုလူကြီးလာလို့ အလုပ်သမားအရေးဆွေးနွေးလိုက် ဒီလူကြီးလာလို့ ပြောလိုက်နဲ့ သူတို့လာမှ ပိုဆိုးသွားသလိုပါပဲ ။ ခုဆို မဲဆောက်မှာ အလုပ်သမားကဒ်နဲ့နေထိုင်သူတိုင်း မဖြစ်မနေ ပတ်စပို့စ်လုပ်ကြရပါတယ် ဘန်ကောက်ကို ပြောင်းလုပ်ကြမယ့် သူတွေအတွက် အဆင်ပြေပေမယ့် ဒီမှာပဲ အခြေချ နေထိုင်မယ့်သူတွေအတွက်ကျတော့အဆင်မပြေပါဘူး ။
ဒီနှစ် နှစ်ကုန်ပိုင်းမှာ ပတ်စပို့စ်မလုပ်ရင် မရဘူးဆိုပြီး ထိုင်းအစိုးရက အရေးပေါ်ကြေငြာပါတယ် အကယ်လို့များ မလုပ်ပဲနေရင် တည်ဆဲ ဥပဒေအရ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅ သောင်း တဲ့ ။ မဲဆောက်က သူတွေက တရားဝင် လုပ်အားခမရကြသေးပါဘူး တစ်နေ့ ဘတ် ၃၀၀ ရလို့ကတော့ ဘယ်ငြီးမတုန်း ခုတော့....။
ဒါတွေကထားပါ မုဆိုးဖြစ်မှတော့ သားရဲလည်းကြောက်လို့မဖြစ်တော့ဘူး မလုပ်မနေရဆိုတော့ လုပ်ပေါ့ ဒီပို့စ်မှာ အဓိက ရေးချင်တာက မြန်မာလ၀က တွေအကြောင်း ကျနော်တို့လည်း ကြောက်ရတဲ့ခေတ်မှာ ကြီးပြင်းလာရလို့လားမသိ ကြောက်တဲ့စိတ်က တုံးတိဖြတ်မရသေး ၀တ်စုံတွေကလည်း ပြောင်းကြတယ်မှတ်လား ၀ါဝါမြင်လည်းကြောက် ၊ ဖြူဖြူမြင်လည်းကြောက် ရတဲ့ဘ၀တွေပါ ။ ဒီဘက်မှာ နေတဲ့သူတွေအတွက် ပတ်စပို့စ်ဟာ မဖြစ်မနေလိုအပ်နေတယ်ဆိုရင် အမှန်အကန်လုပ်တဲ့သူတွေဆိုရင်ပေးသင့်တာပေါ့ ။ကုလားတွေ တရုတ်တွေကျ မှတ်ပုံတင် တွေရတာလွယ်ပြီး တိုင်းရင်းသားတွေကျ စီစစ်နေတာ အံ့သြစရာ ။
အဲ့နေ့က သွားလုပ်တဲ့သူ ၇၀ ကျော်မှာ ၄၀ ပဲရခဲ့တယ် ကျန်တဲ့သူတွေက မှတ်ပုံတင်မရှိလို့မလုပ်ပေးဘူးတဲ့ ဟောက်လိုက်တာများဆို အားပါးပါးပဲ ။ ထိုင်းအစိုးရဌာနတွေမှာ စစ်တော့ လန့်မိသေးတယ် မချေမငံဆက်ဆံမလားလို့ အားလုံးအဆင်ပြေပါရဲ့ ဟိုဘက်ကမ်းရောက်မှ အံ့သြချက် စာလုံးပေါင်းသတ်ပုံကအစ စစ်တယ်ဗျာ မှားရင်မလုပ်ပေးဘူး ကျနော်တို့က ဖောင်ဖြည့်တဲ့အခါကျရင်လည်း ဘွဲ့ရ လို့မဖြည့်ရဘူုး ဒဏ်ငွေထိပါတယ် အဲ့တော့ ၁၀ တန်းပေါ့း) ကျနော်က မှတ်ပုံတင်ပျောက်နေတာကြာပြီး အိမ်ထောင်စု စာရင်းနဲ့ သွားလုပ်ပါတယ် ဖောင်တစ်ခုလုံး မွှေနောက်ထားတာ မွစိနေပြီ ပြသနာတက်တာက အဖေက ကရင် အမေက ဗမာ အစ်ကိုတွေ အစ်မတွေ အားလုံးမှာ ဗမာတွေကြီး ဖြည့်ပေမယ့် ကျနော့်အလှည့်ကျတော့ ကရင်+ဗမာ ဖြည့်ထားတယ် အဲ့တာလည်း လ၀က ကထုတ်ပေးတဲ့ အိမ်ထောင်စု စာရင်းပဲ ကိုယ်လည်းမသိဘူးရယ် သူပြောတယ် လူမျိုးလွဲနေတယ်တဲ့ ဟင်.. ဒီအဖေ နဲ့ ဒီအမေက မွေးတဲ့နောက်တော့ ဒီ ကရင်+ဗမာဖြစ်တာဆန်းသလား တွေးတွေးကြည့် ရေးရေးမြင်လိုက်မယ် ဒါမျိုးက သိပ်ရှင်းပြလို့ကောင်းတဲ့အရာမဟုတ် အဲ့ + အပေါင်းလေးကိစ္စကို ရစ်လိုက်တာ ၁၅ မိနစ်လောက်ကြာလို့ ကျနော့်မှာ ခြေတွေပါတောင့်တယ် ။
ဘာအလုပ်လုပ်လဲ မေးတယ် ဈေးေ၇ာင်းလို့ဖြေတယ် ကိုယ့်ရုပ်က ထိုင်းမင်းသားလို သိပ်သားနားနေတော့ မယုံဘူးလားမသိး) မင်းက ဈေးရောင်းတာဟုတ်ရဲ့လား ၊ ဟုတ်တယ်ဗျ စတိုးဆိုင်မှာ ဈေးရောင်းတာလို့ဖြေလိုက်တယ်။ တကယ်ဆိုရင် ရှင်းနေတာတွေ ရှုပ်အောင်လုပ်ပြီး ရှုပ်နေတာတွေမရှင်းလို့ ကျနော်တို့တွေခက်နေကြတာပါ ။ တကယ်လိုအပ်နေသူတွေအတွက် တကယ်သာ လုပ်ပေးလိုက်ရင် သိပ်ပြီး မခဲယဉ်ပါဘူး ။ အိမ်မှာ နေနေတဲ့အစ်မကြီးတွေဆို ကရင်ပြည်နယ်ထဲက ဒီကိုရောက်တာပဲ နှစ် ၂၀ လောက်ရှိပြီ မှတ်ပုံတင်ဆိုတာလည်းမသိကြတဲ့ တိုင်းရင်းသူတွေ ဟိုရောက်တော့ မရခဲ့ဘူး စိတ်လည်းမကောင်း ကိုယ်လည်း မကူညီနိုင် ။
ကိုယ့်ရဲ့ လက်မှတ်ကလေးတစ်ချက်ကြောင့် ကိုယ့်တိုင်းရင်းသားတွေ သူတစ်ပါးနိုင်ငံမှာ စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်မယ်ဆိုတာလေးတွေးစေချင်လိုက်တာ ။ ဒီပတ်စပို့စ်ရခဲ့ပြီးလည်း ဆေးရုံးသွေးစစ်ခ ၊ အလုပ်သမားအခွန်ကိစ္စတွေ ပေးဆောင်ရမှာ အများကြီးရယ် အဲ့တာတွမရှိပဲ သုံးလို့ကတော့ ပုလိပ်(ထိုင်းရဲ)က ငွေညှစ်အုံးမှာ ။ဘန်ကောက်ကို အလည်ဖြစ်ဖြစ် ကိစ္စရှိလို့ဖြစ်ဖြစ်သွားမယ်ဆိုရင်လည်း အခက်ခဲကရှိသေး ဂိတ်တွေမှာ ငွေတောင်းတာမျိုးပေါ့ အဖွဲ့စည်းတွေကတော့ ဒီကစ္စကို လိုက်ပေးနေတာကြားတယ် ။
ဒါကြောင့်ပြောတာ ပြားချပ်ချပ်လို့ သိပ်မဖိကြပါနဲ့လား ဒီမှာ ပြားချပ်ချပ်နဲ့မို့ပါ ။