Showing posts with label ခိုက်တဲ့ကဗျာများ. Show all posts
Showing posts with label ခိုက်တဲ့ကဗျာများ. Show all posts

Thursday, August 23, 2012

ခဏ

အဝေးဆုံးကို သွားချင်လို့
အနီးဆုံးကို ကျောခိုင်းတယ်
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်
အင်း .... လူဖြစ်ရတာ
မီးခြစ်ထိုင်ခြစ်ရတာလောက်
ရင်ခုန်စရာ မကောင်းဘူး
...............................
...............................
...............................
..............................
..............................
ခဏနေလို့ ရေအိုးခွဲမှ တို့တွေ
ရှိုက်ကြီးတငင် ငိုကြတာပေါ့ ...။

မျှားပြာ







Monday, March 14, 2011

ဘဝ

ခေါက်သိမ်းမယ်ဆိုတော့လဲ

ခေါက်ရိုးကျိုးမှာစိုးတယ် …


ဒီလိုနဲ့ ဖြန့်ခင်းထားလိုက်တာ

နွေ ... မိုး ... ဆောင်း …


သွားစရာရှိလို့ဝတ်မယ်လုပ်မှ

အရောင်တွေ … အရောင်တွေလေ …

… … လွင့် … … လို့ … …



တည်ညိမ်းကို



Friday, March 4, 2011

မဲဆောက် (၂)

ပြန်လည်တမ်းတလို့ မရသော
ရယ်မောသံတွေနဲ့ တမ်းတမ်းတတ အလွမ်းညတွေဟာ
မဲဆောက် ဖြစ်တယ်။

မဲဆောက်ဟာ
မဲဆောက် ဖြစ်သလို
မဲဆောက်ကို လွမ်း
မဲဆောက် အလွမ်းသမားတွေလဲ
ဒုနဲ့ဒေး ရှိတယ်။

ပြန်လှည့်ကြည့်ပြန်တော့
လွမ်းလိုက်တယ် မဲဆောက်ရယ်လို့ ပြောဆိုပြီး
ဟမ်ပါဘာတကိုက် ဘီယာတကျိုက် သောက်နေသူတွေကိုလည်း
မဲဆောက်က ကြိုဆိုတယ်၊

ပြီးတော့တခါ
မိုက်မိုက်မဲမဲ
မဲဆောက်ကို မေ့သူတွေကိုလည်း မဲဆောက်ဟာ
မမေ့နိုင်ပြန်ရှာသူ မဲဆောက် ရယ်ပါ။

ပြန်လာခဲ့ပါမယ်ဆိုတဲ့ သူတွေရဲ့စကားကို
ယုံကြည်တမ်းတတတ်သူ မဲဆောက်ဟာ
ငါးဘတ်တန် ကျဆိမ့် လဖက်ရည်လေးနဲ့
စောင့်မျော်နေတတ်သူ မဲဆောက်ပါ။

အနာဂါတ်အတွက်လို့ ပြောဆိုပြီး
အနာဂါတ်ကို ဆိုဆုံးမခဲ့တဲ့ မဲဆောက်ဟာ
သူ ကျပျောက်သွားခဲ့တဲ့ အနာဂါတ်ကိုတော့
ဘယ်တော့မှ ပြန်ကောက်မရခဲ့တဲ့ မဲဆောက်ပေါ့။

လူက လူကိုလိမ်ခြင်း
ခေတ်က ခေတ်ကိုလိမ်ခြင်း
စော်ကားမှုက မေတ္တာတရားကိုလိမ်ခြင်း
စေတနာက ဝေဒနာကိုလိမ်ခြင်းတွေနဲ့
ပြည့်နှက်နေတဲ့ မဲဆောက်ဟာ
အင်တာနက်စာမျက်နှာတွေကိုလည်း
ကြည့်ရှုဖို့
ရွံရှာနေရှာသတဲ့။

အိုဘယ့် မဲဆောက် ခင်ဗျာ
မိန်းမတယောက်ရဲ့ ထမီနား ခိုစားခဲ့ပြီး
အဲဒီ မိန်းမကို မှိုချိုး မျှစ်ချိုး
ပြောဆိုနေကြတဲ့
လူတစုကို နားမလည်နိုင်စွာ ငေးမောရင်း
မဲဆောက်ဟာ မဲဆောက်မြို့မှာ
တိတ်တိတ်လေး ငိုကြွေးနေရှာလေရဲ့။


ဒီလက်မျိုး
ဖေဖော်ဝါရီလ ၂၂ ရက်

Monday, January 24, 2011

မောင်မျိုး မေမေ့ မိန့်မှာမှု


မောင်မျိုး မင်းမမှားမီ မေမေမိန့်မှာမယ်။

မောင်မျိုး… မမူးမီ၊ မမေ့မီ… မှတ်မှတ်… မင်းမိန်းမ မော်မော် မြိုးမြိုးမြက်မြက်များ မြင်မှမြင်၊ များမှမြတ်မှမြင်။

မော်မော်မှာ မင်း မောမှာမို့၊ မှားမှာမို့ မမေးမမြန်း၊ မမေးမမြူ။

မင်းမှတ်၊ မောင်မျိုး မှတ်… မေမေ မှာမယ်၊ မိန့်မြွက်မယ်။

မော်မော့်မှာ မောမှမော… မေမြို့မှာ မျောက်များ၊ မြင်းများမွေးမြူ… မြိတ်မှ မဲမဲမှောင်မှောင် မှို၊ မြက်၊ မက်မန်းမျိုးများမှာ… မြောင်းမြမှ မျှစ်၊ မျှော့၊ မြွေ များမှာ… မုန့်မှုန့်မန်၊ မီးမြှိုက်၊ မီးမြှင်း…။

မျောက်များ၊ မြင်းများ၊ မျောက်မွှေး၊ မျောက်မြီး၊ မြင်းမွှေး၊ မြင်းမြီးများ၊ မက်မန်း၊ မှို၊ မျှစ်၊ မျှော့၊ မြွေများ မိုးမမိမီ မြစ်မှ မြန်မြန်မျှော။

မင်းမိန်းမ မော့်မော့်မှာ မြန်မှမြန်… မြင်မှမြင်။

မောင်မျိုး၊ များများမှတ် မင်းမှတ်မှ။ မင်းမှာ မြင့်မြင့်မားမား မြင့်မြင့်မြတ်မြတ် မမှန်း… မိန်းမ မမြင်၊ မှုန်မှုန်မှိုင်းမှိုင်း… မူမမှန်၊ မိုးမမှောင်မီ မြိန့်မြိန့်မူးမယ်၊ မိန်းမမာန်မဲမယ်… မေမေ မျက်မြင်မှမျက်မြင်။

မှားမယ်… မောင်မျိုး မင်းမှားမယ်… မင်း…. မြေမျိုမှာ၊ မင်းမမှားမီ မေမေ မိန့်မှာမယ် မှန်မှန်မြင်… မောင်မျိုး။




ဟန်သစ်ငြိမ်

Tuesday, December 21, 2010

မက်ဆေ့ခ်ျ

တစ်ရက်ထဲမှ ၂၄ နာရီကိုနှုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။

မီးကြွင်းမီးကျန်ဆိုရင်နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုငြှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။

အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွှတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။

ကိုတင့်

Thursday, September 23, 2010

“ဒီလိုပါပဲ”



ဒီလိုပါပဲ
ဒီလိုပါပဲ ဆိုတဲ့စကားလုံးကို အပြည့်အစုံရှင်းပြနိုင်အောင်…

ကြိုးစားခဲ့တာ ဘာမှအရာမထင်ခဲ့ပါဘူး…
နွေဦးကာလတစ်ခုကို လွန်မြောက်ခဲ့ပြီးတဲ့နောက်…
ရာသီအဖွင့်အပိတ်တွေတိုင်း အမြဲရောက်လာတဲ့ စကားလုံးက…
ဒီလိုပါပဲ ဖြစ်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..

ထမင်းစား ရေသောက် ဘာတွေဖြစ်နေသလဲ ဒီလိုပါပဲ…
ငွေရေးကြေးရေး အလုပ်ကော အဆင်ပြေသလား ဒီလိုပါပဲ…

ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲထဲက ဒီလိုပါပဲ…
ဘယ်လိုပါလဲ ဒီလိုပါပဲ ဒီလို ဒီလိုပါပဲ….
အသိမ်းအနှုတ် အသော့အရမ်း အထေ့အငေါ့…
အမြောက်အပင့် အချေးအဌား အချစ်အလွမ်း…
ကျန်တာတွေမေ့ထားကြပေါ့….


သူတို့တွေပြောကြတဲ့ ဒီလိုပါပဲ…
ဒီလိုပါပဲဟာ ကူးစက်ရောဂါ…
ဒီလိုပါပဲဟာ နေထိုင်မှုဘ၀…
ဒီလိုပါပဲဟာ စီးနေကြဘတ်စ်ကား..
ဒီလိုပါပဲဟာ အပေါင်ဆုံးသွားတဲ့အရာတစ်ခု…
ဒီလိုပါပဲဟာ ရွေ့လျားနေတဲ့ မျှော်လင့်ချက်…
ဒီလိုဘာပဲဟာ ဘေးမှာရပ်နေတဲ့ သေခြင်းတရား…
ဒီလိုပါပဲနဲ့ပဲ နှုတ်ဆက်ကြ နှုတ်ဆိတ်ကြ…
တစ်နေ့ တစ်နေ့ ဒီလိုပါပဲထဲခုန်ချ…
ဒီလိုပါပဲ စကားတွေပြောကြ…
ကျွန်တော်ဟာ အမြဲဒီလိုပါပဲ….

~~~~~ ဘာလာရှာပါသလဲ ဘာမှမရှိလို့စိတ်မကောင်းပါ…
ပန်ကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲ ရှိတဲ့ထမင်းလုံးလား…
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ…
ငါ့ကို လာမကိုက်ကြနဲ့ မရတော့ဘူး ~~~~~~

ဒီလိုပါပဲ ပုံပြင် ဒီမှာ အဆုံးသတ်၏
မျှော်သူကား ပေါ်မလာခဲ့…
ကဲ.. အဲတာဆို အိမ်ပြန်ပြီ…
ဒီလိုပါပဲ….။

တောကျောင်းဆရာ (မုတ်သုန်လေ)

Thursday, September 9, 2010

ဘ၀ကို အဆိပ်ခတ် သတ်ပစ်လိုက်ခြင်း

ဘ၀မှာ …
ခါးသက်ခြင်း
ချိုမြိန်ခြင်း
မိန်းမောခြင်း
တွေဝေခြင်း
သာယာခြင်း
နာကျည်းခြင်း
………………..
သူမတူတဲ့အရာများစွာနဲ့
ဖွဲ့စည်းနေတာ “ဘ၀”

ဒါပေမယ့် …
ဘ၀ဆိုတာ
လက်မပါ, ခြေမပါ
ဦးဏှောက်မပါတဲ့
စိတ္တဇနာမ်တစ်ခု

ငါ,ဆိုတာ
စဉ်းစားတတ်တယ်
ဆင်ခြင်တတ်တယ်
တွေးတောတတ်တယ်
ကျော်ဖြတ်တတ်တယ်

ဒီလို လူတစ်ယောက်က
ဘ၀ကို အရှုံးပေးဖို့ဆိုတာ :(

ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ
လှိုင်းဘယ်လောက် ထန်ထန်
လေဘယ်လောက် ကြမ်းကြမ်း
ဖြတ်သန်းဖို့ တွေဝေ
ရင်ဆိုင်ဖို့ နောက်တွန့်
ကြောက်ရွံ့နေခဲ့မယ်ဆိုရင် …

ငါ့ကို ဖိနှိပ်
တရိပ်ရိပ်တက်လာမယ့် အရာတွေ

ဟေ့ ......
နင်လားဟဲ့ လောကဓံ
လူပြောမသန်
လူသန်မပြောတဲ့ငါ

“ဘ၀”
လာစမ်းဟဲ့ ငါ့ရှေ့
ဘ၀မေ့စေမယ့်
အဆိပ်တစ်ခွက်နဲ့
ပွဲတော်ကိုတည်ခင်း
ခုချက်ချင်း နင် လည်စင်းစေရမယ် …။




P>S=
အစ်ကိုကြီးရုပ်ဆိုး ကျနော့်အတွက်ရေးပေးတဲ့ ကဗျာလေးပါ ကျေးဇူးကမ္ဘာ အစ်ကိုကြီးရေ့ :)

Thursday, August 26, 2010

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။


မျှားပြာ

Sunday, August 8, 2010

ကြယ်ရူး

ကြယ်ရူး

ဘဝကိုဒေါင်လိုက်လဲ မစိုက်ပျိုးခဲ့ဘူးပါ
မနက်ဖြန် အတွက် ကိုယ့် စိတ်ကိုလဲ မသတ်ဖြတ်ခဲ့ဘူးပါ
အချစ်ဆိုတာလဲ ဖမ်းလို့ ကောင်းတဲ့ တိမ်တိုက်သာဖြစ်ခဲ့ပါတယ်။

ဘဏ်ကဒ်နဲ့ အကြွေးဝယ် ကဒ်မရှိပါ
မော်တော်ကားနဲ့ ကွန်ဒိုမရှိပါ
မိသားစုဆိုတာလဲ နတ်သမီး ပုံပြင်ဆန်တဲ့ အိပ်မက်တစ်ခုသာ။

ရမ္မက်သက်သက်အတွက် ဘယ်အခါမှ လဲ မနမ်းခဲ့ဘူးပါ
မိုးပျံ ဥယာဉ်တွေ အတွက်လဲ အပြာရောင်စာရွက်မရှိခဲ့ပါ
ဘဝ ကို ခပ်မျှင်းမျှင်း ကုန်လွန်စေချင်တာပဲ ရှိပါတယ်။

ဆုတောင်းပြည့်ရအောင်လည်းဘယ်လိုဆုမှ မတောင်းခဲ့ဘူးပါ
ရင်ဘတ်ကိုရပ် မရတာကလွဲလို့ ဘယ်လို နိုးဆွမှုမျိုးကိုမှလဲ မဖန်တီးတတ်ခဲ့ပါ
ကိုယ်သေရင် မျက်ရည်တစ်စက် တလေမှ မထားခဲ့ ချင်တာလဲ အတ္တတစ်ခုသာ။

ညစာစားပွဲ အတွက် ဝတ်စုံကောင်းကောင်း တစ်စုံ မရှိပါ
လက်ထပ်ပွဲ တစ်ခုကျင်းပဖို့ မဟာမိတ်လည်း မရှိပါ
ခဏလောက်တော့ အထီးကျန်ဘဝ က လွတ်မြောက်ချင်မိပါတယ်။

ကိုယ်တိုင် ထိုးကျွေးခဲရတဲ့ကျားကွက်တွေ ဆိုတာလဲ သမိုင်းမဟုတ်ပါ
တိုးတိုးတိတ်တိတ်ချောင်ပိတ် ငိုတတ်နေတာလဲ စိတ္တဇ ပန်ချီကား မဟုတ်ပါ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင် လဲပြိုစေတယ် ဆိုတာလဲ သူမ ပျော်ရွှင်မှုကို မခိုးယူရက်ခြင်းသာ။

ကိုယ်တိုင် လက်နဲ့ ထွင်းတဲ့ သဂြိုင်းကဗျည်းစာကလဲ တစိတ်တော့ နူးညံ့လွန်းပါတယ်။



မိုးထက်နေ

Thursday, July 29, 2010

အချစ်ဟာ မီးလား

သံသရာ ရှည်သလောက်
ဘ၀ ဟာတိုလွန်းတယ်

ဘုရားရှေ့ကသပြေပန်းလေးမညှိုးခင်
လက်တစ်ပစ်စာ ဘ၀လေးထဲမှာ
အချစ် အမုန်း
ခေါင်းနဲ့ ပန်း ဒင်္ဂါးပြားလို
ပန်းသစ်ကို အိုးသစ်ထဲ ရဲရဲစိုက်
အနာဂါတ်ကို လက်တစ်ဆုံး နှိုက်ကြည့်တော့
ခေတ်ကြီးထဲ စီးဆင်းနေတဲ့မြစ်လို
ဒေါင်းတစ်ကောင် ပျားရည်တစ်အိုးနဲ့
ငယ်ငယ်တုန်းက ချစ်ရေစင်
ချောင်းစပ်မှာ ခြေရာထင်ခဲ့။

အခုတော့ ဘကြီးအောင်
ပုံပြင်ထဲကလို
အမုန်းမရှိတဲ့ ကမ္ဘာမှာ
အချစ်ဟာ မီးလား....။

မင်းဆွေနှစ် (မုံရွာ)




P>S = ဟုတ်ပါ့ အချစ်ဟာမီးပဲ ပူတာ လွန်ပါရော :)

LinkWithin

Related Posts Plugin for WordPress, Blogger...