အချိန်တွေပေါ့…..
အပိုင်းအခြားနဲ့နေရတဲ့ကာလတွေလိုပဲ။ အရင်တုန်းက အဲ့လို ဟုတ်ခဲ့သလား မဟုတ်ခဲ့သလားပြန်စဉ်းစားဖို့တောင် မတတ်နိုင်လောက်အောင်ပဲ။ အချိန်ကတိုသွားတာလား ကိုယ်ကပဲ လုပ်ချင်တာများနေသလား ပြန်တွေးပေမယ့် အဖြေကမထွက်ဘူး။ စာရေးဖို့ဆိုတာဝေးလို့….
အရင်ကဆို တညကို ရုပ်ရှင်တကားလောက်တော့ ကြည့်ဖြစ်တယ်။ မအိပ်ချင်တဲ့အခါများ နှစ်ကားလောက်တော့ အပျော့။ အခုဆို စုဆောင်းထားတဲ့ဇာတ်ကားတွေ ကွန်ပြူတာမျက်နှာပြင်မှာ ပြည့်နှက်နေပေမယ့် မတို့ဖြစ်ပြန်ဘူး။ ကားသစ်တင်တိုင်းရုံကိုသွားကြည့်နေကြလည်း ပျက်ကွက်တာများပြီ။ မဖြစ်ညစ်ကျယ် တကားတလေ ကြည့်ရဖို့တောင် အနိုင်နိုင်.
စာအုပ်တွေ အင်း လောဘတကြီးမှာထားတဲ့စာအုပ်တွေ ဖတ်ဖို့အကြွေးတွေတင်။ ဒီလထဲမှာ ဖတ်မိတာဆိုလို့ ခင်ခင်ထူး နောက်ဆုံးထွက်တဲ့ နှစ်အုပ်ပဲပြီးတယ်။ နုနုရည် အင်းဝတော့ လမ်းသွားရင်းဖတ်လို့ ပြီးလုပါပြီလေ။ မောင်မနမ်းလည်း ဒီကမွှေးနေနှင့်ပြီ မဟုတ်လား။
အိပ်ချိန်က အချိန်လွဲနေသလိုပဲ။ ဆယ်နာရီလောက်ဆို သက်ကြီးကခေါင်းချချင်လှပြီ။ သန်းခေါင်သန်းလွဲများနေပါဦး အားတင်းပေမယ့် အလေးလံဆုံးအရာတွေက ပင့် မလို့ကိုမရတော့။ တခုတော့ရှိတယ် မနက်စောစောတိုင်း နိုးနေတတ်တယ်။ ပြန်အိပ်ဖို့ကြိုးစားရင်း မိုးလင်းပြန်တာပါပဲ။
လူမှုရေးတွေလည်း လစ်ဟင်းနေတယ်။ ကူညီပေးမယ် ပြောထားတာတွေ မလုပ်ပေးဖြစ်တာ အချိန်ပြောင်းနေမိတာ များပြီ။ အားလည်းနာတယ် ခင်လည်းခင်တယ် ဒါပေမယ့် ဒါပေမယ့် ပေါ့လေ…
လုပ်စရာတွေသိပ်များလွန်းနေပါလား။ ဒီနှစ်ပိုင်းမှာ လုပ်ချင်တာတွေတော့ အတော်များများ လုပ်ဖြစ်ခဲ့တယ် ထင်တယ်။ ငယ်ငယ်ကတည်းက သိပ်ကိုလေ့လာချင်တဲ့အရာတခုကို လေ့လာခွင့်ကြုံပေမယ့် အချိန်ပေးအားစိုက်ဖို့ လိုနေတယ်။ ကိုယ့်ကိုကိုယ်အားမရဘူး။ ပေါက်ပေါက်မြောက်မြောက်ဖြစ်ချင်တယ်။ သိပ် ဝိရီယနည်းပါလား လို့လည်း မချိတင်ကဲဖြစ်မိတယ်။ ဒါက လုပ်ချင်တဲ့အထဲက လုပ်နေဖြစ်တာ တခုပေါ့။ မလုပ်ချင်ပဲ လုပ်နေရတာတွေလား ပြောမနေပါနဲ့တော့။ လူရယ်လို့ဖြစ်လာရင် လုပ်ရမှာပေါ့ မဟုတ်ဘူးလား။
ကိုယ့်ဘဝအတွက် လုပ်စရာရှိတဲ့ အရာတခုကို အစပြုပြီး ဆက်လုပ်သင့်ပါလျက် မလုပ်ပဲ နေ နေတာကိုတော့ မကျေနပ်ဘူး။ အစကတည်းက ဘယ်သူကမှ တိုက်တွန်းတာမဟုတ်ဘူး။ လုပ်ချင်တယ်ဆိုပြီးတော့ လုပ်မိတာပဲ။ လုပ်လက်စကို ဆက်မလုပ်တာ ဘာကြောင့်ပါလိမ့်။ တကယ်က လုပ်သင့်တယ် မဟုတ်ဘူး လုပ်ကိုလုပ်ရမှာ။ ရှုပ်နေပါပြီ။
အလုပ်ပြောင်းဖို့ အတူတူလုပ်နေတဲ့သူငယ်ချင်းတော့ ဒီနေ့နောက်ဆုံးနေ့တဲ့။ သူက အလုပ်ပြောင်းဖို့လုပ်တော့ဆိုတာ ပြောထားတာ သုံးလလောက်ရှိပြီ။ အခုထိ ဒီကတော့ မလှုပ်သေးဘူး။ ဘယ်သူငါ့ဒိန်ခဲရွှေ့မလဲဆိုတာပဲ။ ပျင်းနေတာပဲလား ပြောင်းဖို့ဆန္ဒမရှိတာလား တခုခုတော့ တခုခုပဲ။
အပေါင်းအသင်း မိတ်ဆွေတွေနဲ့ မတွေ့တာ ပိုများလာတယ်။ အလုပ်ကမိုးချုပ်တာရယ် ပင်ပန်းတာရယ် (လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုများတယ်) ပေါင်း လိုက်တဲ့အခါ ပိုပိုပြီး ဝေးကွာလာတာမျိုးပါ။ သူတို့ပျော်ပိုက်တဲ့ နေရာမျိုးမှာ ကိုယ်က မနေနိုင်တာလည်း ပါသပေါ့။ လူမှန်ရင် အွန်လိုင်းမှာတော့ ရှိရမယ် ဆိုတဲ့ စာတမ်းမျိုး နောက်ဆို မြင်နိုင်တဲ့အရာမှာ ကပ်ထားမှ ဖြစ်မယ်။ ခက်တာက ရေလိုက်ငါးလိုက် မနေပေးတတ်တာ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောပစ်လိုက်ဖို့ ဝန်မလေးတာ။ အရှေ့မှာ တမျိုး နောက်မှာ အင်ဖနတီလုပ်ဖို့ သင်ပေးကြပါဦး။ ဒါလည်း ခင်ဗျားတို့ အဆင်ပြေမှပါလေ။
တလောလေးက အသိနှစ်ယောက်ပေါ့ တော်တော်လေးရင်းနှီးပါတယ်။ ပေါ်ပင် အရာတစ်ခုကို လူတိုင်းက ဝိုင်းဝေဖန်ကြတဲ့အခါ (အတင်းတိုက်တွန်းတာတွေလည်း ရှိတာပေါ့) ၊ သူတို့က မလုပ်ချင်ဘူးလို့ ကိုယ့်ကို (ကိုယ်ကလည်း မမေးပါပဲ) ညည်းညူပြကြတယ်။ ဒါပေမယ့်လေ သူတို့ လုပ်ဖြစ်သွားခဲ့ကြတယ်သိလား။ အဲ့ဒီအခါမျိုးဆို ကိုယ်က လောကကြီး ဆိုပြီး ခေါင်းမော့ပြီး ဟားတိုက်ရီမိတယ်။ အဲ့ဒါကြောင့်ပြောတာ ကိုယ်က လောကကြီးနဲ့ မသင့်လျော်ဘူးလို့။ ကဲ..ယုံပြီလား။
တချို့ကြလည်း အေးအေးချမ်းချမ်းနေချင်လို့ ကိုယ့်လမ်းကိုလျှောက်ပါတယ် နောက်ကနေ ဖိနပ်လိုက်နင်းဖို့ကြိုးစားနေကြတယ်။ ကိုယ်ထွက်မပြေးပါဘူး။ ရပ်ပြီးစောင့်ဆိုစောင့်ပါမယ်။ ကမ္ဘာကြီးလည်နေတဲ့အလျင်တော့ ကိုယ်နဲ့မဆိုင်ဘူးနော်။ ကိုယ်အရင်လို အတ္တကြီးတုန်းပဲ စွပ်စွဲလေ လုပ်ပါ။
ဟော…ဒီလိုနဲ့ နှစ်တနှစ်ကုန်ဦးတော့မယ်။
အချိန်တွေလေ…သိပ်ကုန်လွယ်လွန်းတာပဲ။ ကိုယ့်မှာလုပ်စရာတွေရှိသေးတယ်…