စကားပြောရင်လည်း ရိုင်းတာတော့မဟုတ်ဘူး ကျနော်တို့က “ အင် ” တွေ ” အေ” တွေ တော်တော်ကို သုံးဖြစ်တယ် ။ ခေါ်လို့ထူးရင်လည်း ခင်ဗျား ၊ ရှင် လို့ ထူးကြတာထပ် “ ဟမ်း ၊ ဟင်း” လို့ပဲထူးတယ် အဲ့အကျင့်က ဒီရောက်တော့ တော်တော်ပြင်ရပါတယ် ။ ရွာမှာတုန်းက တောထဲမှာကျ အမေက မှာထားတယ် မောင်နှမတွေ လူကွဲသွားရင် တစ်ယောက်နဲ့ တစ်ယောက် နာမည်မခေါ်ကြနဲ့တဲ့ သရဲတွေ မကောင်းဆိုးဝါးတွေက လူယောင်ဆောင်ပြီး ခေါ်သွားတတ်တယ်ဆိုတော့ ကျနော် တို့ရွာတွေဘက်က တောသားတွေက တောထဲ ထင်းခွေ နွားကျောင်း ကြရင် တအူအူ နဲ့ အသံတွေ အချက်ပေးလို့ တောက အဲ့အကျင့်က မြို့ရောက်တော့ ခက်တာပါပဲ ကျနော့်ကို တစ်ယောက်ယောက်က ခေါ်လိုက်ရင် ဗျာ လို့မထူးမိပဲ အူးအူး လို့ ထူးမိတာကြောင့်ပါ ။
ကျနော်က အဖေ (အဘ)ကရင် အမေ ဗမာစပ်ပါ ကိုယ့်ဆွေမျိုးအကြောင်းပြောရမယ်ဆိုရင် မွေးသဖခင်ဘက်က စရမယ် ဒါမယ့် အဘတို့ဘက်ကအမျိုးတွေက ကရင်တွေပီပီ စကားနည်းပြီး အခေါ်အပြောနည်းကြပါတယ် အမေတို့ရွာမှာပဲ ကျနော်တို့တွေ အခြေချတာဆိုတော့ ကျနော်တို့တွေက အဘအမျိုးတွေနဲ့စိမ်းတာပေါ့ အဘရဲ့ အဖွားမဆုံးခင်တုန်းကတော့ ရွာနီးနားစပ်က အမျိုးတွေက နှစ်တိုင်းလိုလို ကျနော်တို့ရဲ့ အဘွားကို သွားသွားကန်တော့ကြပါတယ် အဲ့တာဆို လှည်းတန်းကြီးက အရှည်ကြီးနဲ့ ဧည့်သည်တွေဖြစ်တဲ့ ကျနော်တို့ခလေးတွေကို အမျိုးတွေက သိပ်ဂရုစိုက်တာ မရမ်းသီးတွေတက်ခူး လူင်္ကြီးတွေကတော့ ရေဇလုံတွေထဲ တောအရက်တွေထည့်ဖျော် သီချင်းတွေဆိုကြ ကကြနဲ့ အဲ့အဘွားကို သွားကန်တော့တဲ့ရက်ရောက်တိုင်း ကျနော်တို့တွေ အရမ်းပျော်ကြပါတယ် အဘွားဆုံးတော့ အဘဘက်ကအမျိုးတွေနဲ့တောင် မဆုံတာကြာပါပြီး အဘ ဘက်က အမျိုးတွေက စကားပြောပုံကတစ်မျိုး “ လေ ” နောက်ဆုံးစကားလုံးမှာ ထည့်ပြောတတ်ပါတယ် ဥပမာ “ မဟုတ်ဘူးလေ ” ၊ “ဟုတ်တယ်လေ ” တလေလေ နဲ့ စကားက၀ဲဝဲ နားထောင်လို့ သိပ်ကောင်းပါတယ် အဘက ကရင်ဖြစ်ပေမယ့် ဗမာတောထဲမှာပဲ နေရတဲ့ ကျနော်တို့မောင်နှမတွေ ကရင်လိုတစ်လုံးမှမတတ်ကြပါး) ။ ဒါပေမယ့် ကျနော်က ကရင်သွေးတစ်ဝက် ။
မာတာမိခင်ဘက် ရောက်ပြီး တော်တော်ရှုပ်မယ့် အမျိုးပါ အမေက နည်းနည်းကုလားသွေးပါတယ်ထင်တယ် ဟီးး ကျနော်တို့ ကုလားလိုရှင်မပြုဘူးနော်း) ။အဖိုးက ဗမာ ၊ အဖွားက ကုလားစပ် ဆိုတော့ ကျနော်တို့ အမေက ဗမာကုလားပေါ့ ဗမာကုလားနဲ့ ကရင်နဲ့ပေါင်းတော့ ကျနော်တို့က ဘာမှန်းကိုမသိတော့ပါဘူး ။ ကုလားတွေက ခလေးတော်တော်ချစ်ကြတယ်မှတ်လား မွေးလိုက်တဲ့ ခလေး အရင်တုန်းက အဖိုးတစ်ယောက်စာက သားသမီးတွေများလည်း လောက်ငှတာဆိုတော့ အဖွားကတော့ ခလေးမွေးသက်သက်ပေါ့ တကယ်ပါ အမေ တို့ မောင်နှမ ၁၅ ယောက်တောင်ရှိပါတယ် အမေပြောပြတာပဲ အငယ်လေးထဲက ဆုံးသွားတာ ၃ ယောက်ဆိုတော့ လောလောဆယ် အမေ့မောင်နှမက ၁၃ ယောက် ဘယ်လောက်တောင်များ ဆိုးလိုက်တဲ့ ကျနော့်အဖွားလည်းလို့ အမေက သားအကြီးဆုံးကိုယ်ဝန်လေးနဲ့မှာ အဖွားကလည်း အားကျမခံ ဗိုက်ကလေးနဲ့တဲ့ ဖြစ်ပုံက အမေက ဒုတိယမြောက်သမီး ကိုကြီးကိုမွေးပြီး ၃ လလောက်နေမှ အဖွားက ဦးလေး အငယ်ဆုံးကိုမွေးတယ် ၁၅ ယောက်တောင်မွေးလာတာဆိုတော့ သူလည်းနို့ဘယ်ထွက်တော့မတုန်း အဲ့တော့ အမေက သားအကြီးဆုံးကိုလည်းနို့တိုက် မောင်အငယ်ဆုံးကိုလည်း နို့တိုက်ပေါ့ ။ ကျနော့်အစ်ကိုင်္ကြီးက ဦးလေး ကို ဦးလေး လို့ နာမ်စားခေါ်ပေမယ့် စကားပြောပါများတဲ့ အခါကျ မင်းနဲ့ငါပဲဖြစ်ဖြစ်သွားကော အဲ့တာ အဖွားကြောင့် အခေါ်ဝေါ်တွေ ရှုပ်ကုန်တာ ။
နောက်ပြီး ဟာ့စ်ထိတဲ့ နေရာတစ်ခုရှိပါသေးတယ် အဖိုးက အရင်ကတော့ ကျနော်တို့မြို့မှာ နည်းနည်းနာမည်ကြီးတဲ့ထဲပါတယ်ဆိုလား အင်းး ပြောရရင်တော့ ချမ်းသာတယ်ပေါ့ ချမ်းသာတာကလည်း စိန်ကုန်သည် စက်သူဌေး ဘာညာဆိုတော်သေးတယ်တယ် ခုတော့ ကျွဲ ပါ ။ အဖိုးပိုင်တဲ့ ကျွဲက ရာချီပါတယ်တဲ့ သားသမီးတွေ အိမ်ထောင်ကျရင် အဖိုးက လက်ဖွဲ့အနေနဲ့ ကျွဲတွေ အကောင်၂၀လောက်ပေးပေးလိုက်ပါတယ် (စကားချပ် ။အမေက အဘကို ရန်ဖြစ်တိုင်း စကားနာထိုးတာ သူ့ကိုရတုန်းက အဘက ငွေ ၃၅၀ ပဲပါပြီး အမေ့ဘက်က ကျွဲအကောင် ၂၀ ပါတယ်ဆိုတာပါ ) ။ အဖိုးနာမည်က ဦးချစ် ရှေ့က သူဌေးနာမ်စား ကျွဲတပ်ခေါ်တော့ အဖိုးက ကျနော်တို့အရပ်ဖက်မှာတော့ ကျွဲငချစ် ကျွဲငချစ် နဲ့ နာမည်က မသေသေး ခုထိ ..ဟဲ့..ဒါက ဟိုဒင်းသားဆိုတော့ ကျွဲငချစ်မြေးပေါ့ အဖိုးတို့ခေတ်က လူကြီးပိုင်းတွေက ကျနော်တို့ကိုတွေ့ရင် အဲ့ အဖိုးရဲ့ ဂုဏ်ပုဒ်ကြီးထည့်ထည့်ပြောတာပါ စိတ်ညစ်ထှာ ..။
နောက်တစ်ခု အခေါ်ဝေါ်တွေက ထပ်ရှုပ်တာပြောပါတယ် ဦးလေးက သူ့အမတွေ အစ်ကိုတွေကို “မမ ” ၊“ကိုလေး” လို့ခေါ်တော့ ဦးလေးနဲ့ သိပ်မကွာကြတဲ့ အစ်ကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေကလည်း တကယ်ဆိုရင် သူတို့ရဲ့ အဒေါ်တွေ ဦးလေးတွေကို “ မမ ” ၊ ” ကိုလေး” လို့ ခေါ်ကြပြန်ကော ကျနော်တို့အငယ်တွေကလည်း အကြီးတွေ ခေါ်တဲ့အတိုင်း လိုက်ခေါ်တော့ ပြသနာတွေက ရှုပ်လို့ ကိုယ်တွေဆွေမျိုးချင်းခေါ်တာကျ ဘာမှမဖြစ်ပေမယ့် ဘေးလူတွေက သိပ်နားမလည်သလိုလို “ ဟဲ့... အဲ့တာ နင်တို့အမေ ညီမ မဟုတ်လား ဘယ့်နှဲံ့ မမခေါ်တာလဲ ” အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ် ။ ကျနော်တို့ ၀မ်းကွဲတွေက အရင်းတွေလို ချစ်ကြပါတယ် ပူးပူးကပ်ကပ်နဲ့မသိရင် အရင်းတွေအတိုင်းပဲ အမ၀မ်းကွဲတွေများတော့ မျက်နှာ ရှိပါတယ် ဟဲဟဲ ။ ကျနော်တို့မြို့က ရွာနာမည်လေးတွေက ချစ်ဖို့ကောင်းပါတယ် ကြာဖြူ ၊ ကြာနီ ၊ အောင်သပြေ ၊ ကံကော် ပန်းနာမည်လေးတွေ ။ အဒေါ်တွေ ရွာဘက် သွားလည်ရင် လတ်လတ်ဆတ်ဆတ် အသီးရွက်တွေနဲ့ ဘူးသီးနဲ့ကြက်သားဟင်း ပူပူစားရပါတယ် ရေခဲရိုက်ကြက်မဟုတ်ပါ အိမ်အောက်က ကြက်ကို လေးခွနဲ့ပစ်ပြီး ချက်ချင်းချက်တာမျိုး ။
ယောက်ဖတွေက ကိုယ်တွေရောက်သွားရင် ရှကီလေးကို ပုန်းလျှိုခွက်လျှိုနဲ့ မော့စရာမလိုတော့ပါဘူး “ ယောက်ဖ သောက်လေး ချကွ ” ဆိုပြီး သူတို့ကြီးမော့နေတော့တာ မူးရင် သွေးဆိုးတဲ့ ယောက်ဖတွေနဲ့ အစ်မတွေ နပန်းသတ်ကြရင် ကျနော့်မှာ မျက်နှာပူလိုက်တာ အမေက “ ဟဲ့ ..နင်တို့ မမ တို့ ရွာကို အလည်သွားလိုက်ပါအုံး ” ဆိုရင် ”တော်ပါပြီဗျာ ကိုယ့်ကြောင့် နပန်းသတ်ပွဲတွေမကြည့်ချင်တော့ဘူး” လို့ပြောတော့ အမေက ပြုံးစိစိ ။ ဘာပဲဖြစ်ဖြစ် ခုချိန်ပြန်စဉ်းစား ကျနော်တို့တွေကို မျက်နှာမငယ်ရလေအောင် ခလေးတွေ စီမံကိန်းနဲ့ မွေးပေးခဲ့တဲ့ အဖွားကို ကျေးဇူးအများကြီးတင်ပါတယ် မွေးရပ်မြေက ရွာတော်တော်များများမှာ ကျနော်တို့အမျိုးတွေရှိတာပေါ့ ဆွေကြီးမျိုးကြီးတော့မဟုတ်ဘူး ဆွေများမျိုးများပါး) ။ နောက်ပြီး အဖိုးလို စည်းကမ်းကြီးပြီး တော်တဲ့ သူမျိုးသာ ကျနော်တို့အရွယ်ရောက်တဲ့ အချိန်ထိ အသက်ရှည်ရှည်နဲ့ နေနိုင်ခဲ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေလည်း အဖိုးရဲ့ အရှိန်လေးတော့ ရှိအုန်းမှာ အဲ့အခါကျ ကျနော်လည်း ကျွဲသူဌေးလေး ငမျိုး ပေါ့ တနည်း ကျွဲငမျိုးပေါ့ဗျာ ။