Sunday, June 18, 2017
#အဘ
Monday, March 25, 2013
လိုတာဖြည့်ပေးသော ချစ်ခြင်းတရားများ
Wednesday, November 21, 2012
နှုတ်ဆက်စရာ မလိုတဲ့နေ့....
အိမ်မှာတစ်ယောက်တည်းနေရတာ ပျင်းတယ်ပြောရမလား ဘာလားတော့မသိ အဆင်မပြေတာတော့ အမှန် အရင်ကဆို နေ့ခင်းပိုင်းလောက် အမေ့ဆီ ဖုန်းဆက်လို့ * မေ့...သားကို ပဲကြော်ထားပေးအုံးနော် ပြီးတော့ ငါးခြောက်ဖုတ်ပြီး ထုထားပေး သားပြန်လာ ဆီနဲ့လူးစားမလို့* ဆိုတာနဲ့ အမေ က ညနေစာကို ဖွယ်ဖွယ်ရာရာလေးလုပ်ထားပေးတတ်တယ် ။ အမေရှိတုန်းကတော့ ငန် ပြန်ပြီ ပေါ့ပြန်ပြီးနဲ့ ဂျေးထူမိပေမယ့် ခုဆို ညနေရုံးဆင်းပြန်တာနဲ့ ထမင်းချက်ဖို့လည်းပျင်း မောကမော နဲ့ အရည်သောက်မပါပဲ မွဲခြောက်ခြောက် ထမင်းဝိုင်းတွေ ဖြတ်သန်းနေရပါပေါ့ ။
အမေကလည်း အိမ်ပြန်ချိန်မှာ ကျနော့်ကို နှုတ်ဆက်စရာမလိုပဲ ကျနော်ကလည်း အမေ့ကို ဦးချလို့ သားသွားတော့မယ် အမေ လို့ နှုတ်ဆက်စရာ မလိုတဲ့ တစ်နေ့ဟာ ကျနော့်အတွက် ပန်းတိုင်ပေါ့ အမေ ။ ခု ...ဘ၀လမ်းကြောင်းပေါ် ကျနော် ဆက်လျှောက်နေတုန်း ပန်းတိုင်ဟာ လက်တစ်ကမ်းမှာလို့ ကိုယ့်အတွေးကို ကိုယ် အားပေးရင်း ။ ဒီနေ့ ကျနော့်ကို မနက်ဖန်အတွက် ကျနော်က အဖော်ပြုရင်း ကျနော် ပန်းတိုင်ဆီ အရောက်လှမ်းမယ် ။
Tuesday, August 28, 2012
ခိုင်မြဲတဲ့ချစ်ခြင်း (၂)
ဒီမှာ အမေ နဲ့ အဘ ရဲ့ ရိုးသားတဲ့ သံယောဇဉ်အကြောင်း ရေးဖူးသေးတယ် ။ ကျနော်ကလည်း မိဘတွေအဝေးမှာ ရှိတုန်းက မိသားစုအကြောင်း အရေးများပြီး ခုကျ မရေးဖြစ်ဘူး တကယ်က အလုပ်တွေ ရှုပ်နေလို့ပါး) စာရေးမယ် ဆိုပြီး စားပွဲမှာ ထိုင်လိုက်တာနဲ့ ခလေးနို့ဗူးဖျော်ပေးရ ငိုလို့ချော့ရ ရေချိုးပေးရနဲ့ တကယ့်ကို ခလေး အဖေကြီးကျနေတာပဲ စာလည်းမဖတ်ဖြစ်ဖူးရယ် ။
အမေ နဲ့ အဘ ဒီရောက်တာလည်း ၃ လကျော်ကျော်ဆိုတော့ အနေလေးတော့ ကျလာသား အဘ ကတော့ ပြန်မယ်ကြီး ပြောနေတော့တာ။ ပြန်ချင်တယ် ဒီမှာ ပေါက်တူးလည်း မကိုင်ရ ၊ ခြံထဲလည်းမဆင်းရ ကြာရင် သူ ရောဂါ ဖြစ်မယ်တဲ့ ပြီးတော့ မွေးရပ်မြေမှာက အဘချစ်တဲ့ သမီးတွေ ၃ ယောက်တောင် ကျန်ခဲ့တာဆိုတော့ သမီးတွေကိုလွမ်း မြေးတွေကို လွမ်းနဲ့ အိမ်လွမ်းနာ ကျပြီး ထမင်း ၃ ပန်းကန်တောင် တီးတဲ့ အဘက ထမင်းစားတွေပြတ်တော့ ကျနော့်မှာ စိတ်မကောင်းတွေဖြစ်လို့ *အမေ ...အဘက တအားပြန်ချင်နေတယ်ဖြစ်မယ် တော်ကြာ ကျန်းမာရေးမကောင်းဖြစ်လာရင် သားတစ်ယောက်တည်းလည်းမလုပ်တတ်ဘူး ဘယ်လိုလုပ်မလဲ * ဆိုတော့ အမေက နှစ်ပေါင်း ၄၀ နီးပါးလောက် ပေါင်းလာတဲ့ သူ့ချစ်ချစ်ကို အထာတွေ သိတယ်ဆိုတော့ ဒီနေရာမှာ အပျော့နည်းနဲ့ ကိုင်ရမယ်ဆိုတာ အမေက ကောင်းကောင်းနားလည်ထားတယ် * ငပေါ ရယ် ကိုယ့်သားလေးလည်း ဒီမှာတစ်ယောက်တည်း သူ့မှာ အပင်ပန်းခံပြီ မိဘကို ထားထား ပါတယ် ငပေါက ဒီလိုမျိုးဖြစ်နေတော့ သူ ဘယ်စိတ်ကောင်းမတုန်း မိုးတွင်းကြီး ပြန်ရင် ဟိုမှာက အလုပ်မရှိ အဆင်မပြေတဲ့ သမီးတွေဆီမှာ နေဖို့ဆိုတာ ဖြစ်ပါ့မလား စဉ်းစား ငါကတော့ မပြန်သေးဘူး အဲ့တာ တစ်ယောက်တည်း ပြန်ချင်ရင်သာ ကိုယ့်ပါသာပြန် * တဲ့ အမေသုံးတဲ့ ဗျူဟာက ခံစစ်ကော ထိုးစစ်ကော အပီကို ဆင်လိုက်တာပါ ။
အဘ ပြန်ပြောတာက * ငါ့ကို ကားပေါ်တော့ လိုက်တင်ပေးလေ* တဲ့း) အဟုတ် အဘက တစ်ယောက်တည်း ဘယ်ခရီးမှ မသွားဖူးဘူး ပြီးတော့ ဟိုရောက်လို့ အဆင်မပြေရင် ပြန်လာမှာ ပေါ့တဲ့ အမေက ခပ်တည်တည်နဲ့ သွားလိုက်လာလိုက်နဲ့ လမ်းစရိတ်တွေကုန်တယ်ဆိုတော့ * အေးအေး ဒါဆိုလည်း သတင်းကျွတ်မှ တို့လင်မယား နှစ်ယောက်လုံး ပြန်ကြတာပေါ့ * တဲ့ အဲ့တော့မှပဲ ကျနော်လည်း စိတ်အေးရတော့တယ် ။ အမေနဲ့ အဘကို ကျွေးချင်ရင် ခလေးတွေကို အရင်သိပ် ပြီးမှ ကျွေးရပါတယ် မဟုတ်ရင် အမေနဲ့ အဘက သူတို့ဝမ်းထဲမရောက် ခလေးတွေကြီးကျွေးနေရတာကိုး လူကကြာတော့ စိတ်ကောက်ချင်လာပြီ * အဲ့မှာပဲ ကျွေးနေ သားက အမေတို့စားစေချင်လို့ ကျွေးပါတယ်ဆို ဒီခလေးတွေက တစ်မှောင့် * ဆိုတော့ အော် ... ဘယ်စားလို့ ကျပါ့မလဲကွယ် တဲ့ ။
အအေးလေးတစ်ဗူး လောက် အဘကို ၀ယ်တိုက်တဲ့အခါဆို အဘက တစ်ဝက်လောက် ချန်ထားတတ်ပါတယ် ပြီးတော့ အမေ ဟင်းချက်တဲ့နားသွားပြီး * အဖွားကြီး...ရော့ သောက်လိုက် အေးပြီး ချိုနေတာပဲ*တဲ့ အမေက ကွမ်းစားထားတယ် မသောက်တော့ဘူးဆိုရင် ရော့ပါဆိုပြီး အတင်းကို ထပ်တိုက်တတ်ပါတယ်း) ကျနော်ကတော့ ကြည့်ပြီး ရယ်ချင်သလိုလို ။
ဖုန်းပြောတဲ့ အခါတွေလည်း ရယ်စရာက ကြုံရသေး တကယ်တော့ အဘက သနားဖို့ကောင်းတာ ဖုန်း တွေ တီဗွီတွေဆိုတာ သူနဲ့မှမရင်းနှီးတာ အဲ့တော့ သားတွေ တူ/တူမတွေက အဘ နဲ့ ဖုန်းပြောချင်လို့ပါ ဆိုရင် ငါ နားယားတယ် မကြားရဘူးဆိုပြီး မပြောပါဘူး အဲ့ကျ အမေက ဟင်းးးနော် ဆိုမှ အဘမှာ မကြားတကြား နားစိုက်ပြီးပြောရတယ် ပြီးတော့ စကားကို မကြားရဘူးထင်ပြီး အကျယ်ကြီးပြောပါတယ် * အဲ့ အဘ တိုးတိုးပဲပြော ဟိုကကြားရတယ် ဘေးခန်းတွေ အားနာစရာ * ဆို မှ တိုးတိုးပြောလည်း ကြားရတယ်လားတဲ့း) ပြီးတော့ ဖုန်းရှိရင် အချိန်မရွေး ဆက်လို့ရတယ်ထင်နေပါတယ် ဖုန်းပိုက်ဆံဖြည့်ရတယ်ဆိုတာ မသိဘူး *ဟား...ဖုန်းရှိပြီး ပိုက်ဆံဖြည့်မှ ပြောလို့ရတယ်ဆိုတော့ မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးကွာ ဒါနဲ့ ဒီဖုန်းထဲကို ဘယ်လို ပိုက်ဆံထည့်တာလဲ* တဲ့ ။
အမေက တစ်နေ့တစ်နေ့ ချက်ပြုတ် လျှော်ဖွတ် အဘက ခလေးထိန်း တစ်ခါတလေ ခလေးတွေက လမ်းထွက် ရေကူးဆိုရင် အဘက လိုက်မနိုင်တော့ဘူးလေ အဲ့ကျ အမေက * ငပေါရေ..* ဆိုပြီး မဆုံးသော သံစဉ်တွေ ဆိုးကျူးတတ်ပါတယ် ကျနော်က အမေရယ် အဘလည်းမောပြီပေါ့ ဆိုမှ ငြိမ်တယ် အဘကတော့ တစ်ခါမှကို ပြန်မပြောဘူးရယ် မောတယ်ဆိုလည်းမောတယ်ပေါ့ အမေ့ကို အဲ့လောက်ထိ ချစ်တဲ့အဘ ။ တစ်နေ့ ဘဲဥ ချဉ်ရည်ဟင်း ချက်စားတယ် ကျနော်ရုံးပြန်တော့မှ ထမင်းစားတော့ ဟင်းက အရမ်းငန်နေတယ် အမေ ...ဟင်းက ငန်လိုက်တာကော ဆိုမှ ဟုတ်လားဆိုပြီး အမေက ဟင်းမြည်းကြည့်တယ် အဲ့တော့မှ အမေ သတိရတာ မေ့ပြီး ဆားကော ၊ ငံပြာရည်ပါထည့်မိသွားတယ်တဲ့ အဲ့အချိန် အဘ က ထမင်းစားပြီးပါပြီ တကယ်ဆို ဟင်းငန်ရင်လည်း ငန်တယ်ပြောပေါ့ မပြောဘူးရယ် အရင်ကလည်း အဲ့တိုင်းပဲ အမေ ချက်ထားရင် ငန်ငန်တူးတူး ဒီတိုင်းကိုစားတာ အဲ့တော့မှ အမေလည်း အဘကိုသနားပြီး * ပြောပါတော့လားဟယ် ငါ တစ်ခြားဟာ လုပ်ပေးမှာပေါ့ * ဆိုတော့ ဟင်းတွေ နှမြောလို့တဲ့ ဖြစ်ရလေ အဘရယ် ။
ကျနော် ရုံးသွားခါနီးကျ စက်ဘီးတွေ ထုတ်ပေး ၊ အိတ်တွေထုတ်ပေးနဲ့ မလုပ်နဲ့ဆိုလည်း ပျင်းလို့ဆိုပြီး လုပ်ပေးတတ်တယ် ။ * သား အဘကို အောက်စက်ဖွင့်တာပြပေးခဲ့အုံး ဖွင့်ပေးမယ့်သူမရှိတော့ နေ့နေ့ ပျင်းတယ်ကွ ဇတ်ကားလေး ဘာလေးကြည့်ရအောင်* ဆိုတော့ ကျနော်လည်း ပြပေးခဲ့တယ် ဒါမယ့် နောက်နေ့ကျ အဘက မေ့ပြန်ကော * နှိပ်တာတော့ နှိပ်တာပဲကွ ဘာမှမပေါ်လာဘူး* တဲ့း) အဲ့တော့ ဘေးအိမ်က ကျောင်းသားလေးကို ခေါ်ပြီး ဖွင့်ခိုင်းရတယ် ။ကျနော် ဈေးသွားမယ် ဘာမှာမလဲဆိုရင် ကွမ်းသီးနဲ့ ကွမ်းပဲ မှာတယ် ။ ပြီးတော့ စိုးမြတ်သူဇာ ဇတ်ကား ကောင်းကောင်းလေးတွေ့ရင် ၀ယ်ခဲ့အုံး တဲ့ အဘ ကအဲ့မင်းသမီးဆို သိပ်ကြိုက်ပါတယ် သိပ်တော်တဲ့ မင်းသမီး တဲ့ အမေကတော့ ဖြူဖြူကျော်သိန်း ကိုကြိုက်တယ် အခွေသစ်ထွက်၇င် ၀ယ်ခဲ့ဖို့မှာတယ် အမေက သူ့ကို ဘယ်နားကြိုက်တာတုန်းဆိုတော့ သူစင်ပေါ်မှာ ဟိုသွားဒီသွား လုပ်တာက ဆန်းတယ်တဲ့ သူတို့အကြိုက်တွေကတော့ တစ်မျိုးစီပေမယ့် အဘ အကြိုက်ကို အမေက ကြိုက်သလို အမေ့အကြိုက်လည်း အဘက ကြိုက်လိုက်တာပါပဲ ။
ကျနော်ကတော့ ကျနော့်မိဘနှစ်ပါးကို ယှဉ်လျှက်စီးဆင်းနေသော မြစ်နှစ်စင်းလို့ တင်စားကြည့်ချင်ပါရဲ့ ။ ဘယ်တော့မှ သွေးဖယ်ကြမှာမဟုတ်လို့ပါ အဘက အမေ ဘာပြောပြော နာခံသလို အမေက အဘရဲ့ ဆိုးမွေးကောင်မွေတွေကို မငြီးမငြူလက်ခံခဲ့တာပါပဲ တစ်ခါတလေ အမေက အဘကို လက်သည်းခြေသည်း ညှပ်ပေးတာမျိုး ၊ ဆေးလူးပေးတာမျိုးလေးတွေ မြင်ရတဲ့အခါ ၀မ်းသာပီတိ ဖြစ်လွန်းလို့ မျက်ရည်ဝဲမိပါတယ် ပြီးတော့ ကျနော်ရဲ့ ပင်ပန်းခြင်းတွေတွေကိုလည်း ဖြေသိမ့်နိုင်ခဲ့တယ် ။ ကျနော့်ရဲ့ အိမ်ပြန်ချိန်တွေကို စောင့်မျှော်နေတတ်တဲ့ မိဘနှစ်ပါး ။ ထမင်းစားချိန်တိုင်း * သား...စားတော့မလား အမေ ထည့်ပေးမယ်* ဆိုတဲ့ အမေ့ရဲ့ ဂရုစိုက်မှု အသားဟင်းတွေမဟုတ်ပေမယ့် ကျနော့် ထမင်းမြိန်တယ် ။ မနက်အိပ်ယာထချိန် အပျင်းကြီးတဲ့ ကျနော့်ကို* ကောင်လေး...ထတော့ နောက်ကျနေပြီကွ* ဆိုပြီး ခြင်ထောင်ကြိုးဖြုတ်လို့ အတင်းနှိုးတတ်တဲ့ အဘ ကျနော့်အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ဂရုစိုက်ခံရမှုတွေပါပဲ ။ ဒီအခွင့်ရေးတွေနဲ့အတူ မိဘကို ဒီ့ထပ်စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းလျှက် ..... ကျနော့်နေ့ရက်တွေ အဓိပ္ပါယ် ရှိစွာဖြတ်သန်းနေပါတယ်ဆိုတာ ။
FB က မိတ်ဆွေတွေကတော့ ဓာတ်ပုံတွေမြင်ဖူးကြတယ် ဘလော့က သူတွေတော့မမြင်ဖူးကြသေးဘူးထင်လို့အဘရဲ့ ပုံပါတင်ပေးလိုက်ပါတယ် အထူးသဖြင့် အစ်ကိုညီလင်းသစ် ၊ အစ်မမေဓာဝီ တို့ပေါ့း)
ဝါဆိုလပြည့်နေ့က ဘုန်းကြီးကျောင်းမသွားခင် ရိုက်ထားတဲ့ အမေ နဲ့ အဘ ရဲ့ပုံပါ ။ တစ်ချို့ကတော့ပြောတယ် မောင်မျိုး အဘ က မောင်မျိုးလို ပျော့တိပျော့ဖတ်မဟုတ်ဘူး တဲ့း)Monday, February 6, 2012
မိသားစု ထမင်းဝိုင်း
မိသားစုတွေ မနက်ပိုင်း ထမင်းလက်စုံမစားဖြစ်ကြပေမယ့် ညနေပိုင်းကိုတော့ စုံအောင်စားဖြစ်ကြတယ် ။ တစ်ယောက်ယောက် မစားရသေးပဲ အရင်စားဖို့ လောမိ၇င်တော့ ကိုကြီးရဲ့ မျက်ထောင့်နီနဲ့ ကြည့်ခံ၇မှာသေချာတာပေါ့ အဲ့တာကြောင့် ဘယ်လောက်ဆာဆာ သိပ်မပူဆာရဲဘူး ။ ကျနော်ကတော့ ရွာက ကျနော့်အိမ်လေးရဲ့ မိးဖိုချောင်မှာ မိုးခိုးလေးတွေထွက်နေတဲ့မြင်ကွင်းကို သိပ်သဘောကျပါတယ် ပြီးရင် မိးဖိုချောင်ထဲက ငရုပ်စုံ သံ တတောင်တောင် ကိုကြားရရင်လည်း သိပ်ရင်ခုန်ပါတယ် ဒီညနေတော့ ငါ ဟင်းကောင်း တီးရတော့မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့ ။ပြီးရင် အဘနဲ့ အမေလည်း စုံပြီး မောင်နှမတွေလည်း စုံတဲ့ ညနေခင်းမီးခွက်ထွန်းချိန်လောက်ဆို ကျနော်တို့ရဲ့ ညနေခင်း ထမင်းဝိုင်းလေးစပါပြီ ကျနော်က ထမင်းပန်းကန်သယ်ပေးတယ် ပြီးရင် ဟင်းပန်းကန်သယ်တဲ့အခါကျ ဘယ်အတုံး အသားများများ ပါလဲဆိုတာ အရင်ကြည့်ထားတယ် ပြီးရင် အမေ့နားဟင်းပန်ကန်လေးချ အမေ့နားပဲ ကပ်ထိုင်တာ ကိုကြီးမကြားအောင် တိုးတိုးလေး *မေ့...သားကို ဟိုအတုံးကြီးကြီးလေး * အမေကတော့ ပြုံးလို့ ။
ထမင်းဝိုင်းမှာ အသားဟင်းကောင်းကောင်းတွေ မပါ ဆီပြန်ဟင်းတစ်ခွက် ဟင်းချို ဇလုံကြီးကြီးတစ်လုံး ငါးပိရည်ပျစ်ပျစ်တစ်ခွက်နဲ့ တို့စရာစုံ ဒါဟာ ကျနော်တို့မိသားစု ထမင်းဝိုင်းအတွက်တော့ တန်ဖိုးအရှိဆုံး ဟင်းလျာတွေပါပဲ အဘက အသားလေးတစ်တစ်ဖဲ့ ဖဲ့ပေးလိုက် အမေက နည်းနည်းပေးလိုက်နဲ့ ကျနော့်ရဲ့ ထမင်းပန်းကန်လေးက ဟင်းလေးတွေ များနေတတ်တယ် ဒီကြားထဲဟင်းစားများတော့ ကုန်သွားရင် ခပ်တာတွေလည်းများပြီ ထပ်လည်းမခပ်ထည့်ရဲတော့ အမေ့ကို ထမင်းဝိုင်းအောက်ကနေ အသာလေး လက်ကလေးနဲ့ကုတ်လိုက်တယ် သေချာပြီ အဲ့လိုဆိုရင်တော့ အသားတစ်တုံးလောက် ကျနော့်ပန်းကန်ထဲရောက်တော့မယ်ဆိုတာ ...* အငယ်ကောင် မင်းက ဟင်းစားများလှကြီလားကွ အကြီးတွေတောင် နည်းနည်းပဲစားတာကို * ဒါကတော့ ထမင်းစားတိုင်း သိပ်စည်းကမ်းကြီးတဲ့ ကိုကြီးရဲ့ ဆူတာလည်းမဟုတ်တဲ့ မာန်ပါပါ အသံ အဲ့လိုဆိုရင်တော့ မျက်နှာငယ်လေးနဲ့ အမေ့ကိုစစ်ကူတောင်းတဲ့အကြည့်လေးကြည့်လို့ * နင်တို့ကလည်းဟယ် ငါ့သားလေးစားပါစေ * ဒါဆိုရင်တော့ ကိုကြီးက ကျနော့်ကိုမကြည်ကြည့်လောက်ပဲကြည့်တော့တယ် ။
အငယ်က နေမကောင်းဖြစ်ပြီဆို အမေက ကျနော်ကြိုက်တဲ့ ဆီချက်လေးတွေ လုပ်ထားပေးတတ်တယ် ပြီးတော့ ငါးခြောက်နဲ့ ကင်းပွန်းရွက်ကြော် စပ်စပ်လေး မစားချင်လည်း ထမင်းဝိုင်းမှာ နည်းနည်းလေးဖြစ်ဖြစ် စားရတာ အမေက မိသားစု ထမင်းလက်စုံမစားရတဲ့နေ့ဆို စိတ်မကောင်းဖြစ်လို့ပါ ။ မိုးမတိုင်ခင် အိမ်မိုးတဲ့နေ့ဆို လည်းပျော်စရာကောင်းတာပဲ တောင်ထန်းတွေကြားထဲမှာ အမေ မေ့ပြီးထိုးထားတဲ့ ပိုက်ဆံလိပ်လေးတွေ ပါနိုင်သလို အိမ်မိုးသမားတွေအတွက် အဲ့နေ့ဆို အမေက ဟင်းကောင်းကောင်းချက်ကျွေးတာ အိမ်မိုးတဲ့နေ့ဆို တောင်ထန်းသယ်ပေး အဘကိုနှီးကမ်းပေးနဲ့ ပေလူးပေမယ့် ပျော်တယ် ထမင်းစားခါနီးကျ * အမေ့ သားလည်း အိမ်မိုးတတ်ပြီ နောက်နှစ်ဆို ခေါင်မိုးပေါ်တက်မိုးလို့ ရပြီဗျ * ကျနော်က ဟန်ပန်နဲ့ပြောရင်တော့ အမေက နှီးပဲ လိမ်တတ်အောင်ကြိုးစားပါအုံးဟယ် တဲ့ အမေဆိုတာ သားသမီးတွေရဲ့ ရှေ့ဖြစ် နောက်ဖြစ်တွေကိုများကြိုသိနေရော့သလားမသိ ခုထိ တောသားသာ ဆိုတယ် နှီးတစ်ချောင်းတောင် ဖြောင့်အောင်မလိမ်တတ်သေးပါဘူး။
မိုးတွင်းဆို မီးဖိုချောင်ထဲမှာ အမေသိပ်ကြိုက်တဲ့ ဒညင်းသီးဆားရေစိမ်အိုးကြီးရှိတယ် အမေမရှိတဲ့နေ့ဆို ရွာထဲက အိမ်တွေကို အဲ့ဆားရေစိမ်အိုးထဲက ဇလုံကြီးကြီးတစ်လုံးလောက် ခိုးနှိုက်ပြီး မုန့်ဖိုးလည်းရှာတတ်သေးတယ် အိမ်မှာ မိသားစု အားလုံး ဒညင်းသီး တအားကြိုက်ကြပေမယ့် ကျနော်တစ်ယောက်တည်းပဲ မစားတတ်တာ စားကြည့်စမ်းပါ စိမ့်နေတာပဲ ဆိုလည်း အားးး နံတယ်ဗျာ ဆိုပြီး ထွက်ပြေးမိတဲ့အဖြစ် ။ထမင်းဝိုင်းဆိုတာ မိသားစု စုံမှစားကောင်းတယ်ဆိုရင် ကျနော်တို့ထမင်းဝိုင်းလေးတွေက အရသာပြတ်နေတာကြာပေါ့ ။ ထမင်းဝိုင်းလေးမှာ သူစိမ်းတွေ တိုးတိုးလာတယ် ပြီးတော့ သူစိမ်းတွေနဲ့အတူ အိမ်သားတွေလည်း လျှော့လျှော့သွားတယ် ။ မိသားစုထဲက မိသားစု ၀င်တွေလည်း ရေကြည်ရာ မြက်နုရာကို အစာရှာထွက်ခဲ့တဲ့ သူတွေလည်းရှိလာတယ် ။ အမေကတော့ ထမင်းဝိုင်းမှာ ဟင်းအမျိုးအမည်တိုင်းမှာ သားသမီးတစ်ယောက်ဆီရဲ့ အကြိုက်တွေကိုပြောလို့ * ဒီဟင်းက နင်တို့ကိုကြီးသိပ်ကြိုက်တဲ့ဟင်း သူရှိရင်တော့လား နောက်နေ့ ဒါမျိုးချက်ကျွေးအုံးအမေလို့ပြောအုံးမှာ* ။ * ဟဲ့ သားငယ် နင် ဟင်းနုနယ်ရွက်ကြော်လေး စားချင်တယ်ဆို အမေကြော်ပေးမယ် * ကျနော်တို့ကို ဧည့်သည်တွေလို အမေကတော့ မမောမပန်းချက်ကျွေးတတ်တာ အမေလည်း ထမင်းဝိုင်းလေးမှာ လူမစုံတော့ အရသာပြတ်နေတယ်ထင်ပါ့ ။
ဘယ်လောက်ပဲ မိသားစုတွေဝေးဝေး ရိုးရာနတ် တင်တဲ့နေ့ဆို မိသားစုတွေပြန်ဆုံတတ်ကြပေမယ့် ခုတော့မဆုံဖြစ်တာကြာလှပါပြီ ။ကျနော်တို့တွေ အိမ်ပြန်ရောက်ပြီဆို ညနေပိုင်းကျ အမေက အဘကို * ငပေါ ရေ ငပေါသားတွေအတွက် ဟင်းစားလေးလုပ်ပါအုံး* ဆို အဘတစ်ယောက် ရွာထဲမှာ ကြက်တစ်ကောင်လောက်ရှာခဲ့ပြီ ပြီးရင် ရေတွင်းနား ဗူးစင်က ဗူးသီးပျိုပျိုတစ်လုံး ကာလသားဟင်းချက်လို့ မိသားစုတွေ တစ်ကျော့ပြန် ထမင်းဝိုင်းလေးတော့ တစ်နှစ်တစ်ခါ နှစ်နှစ်တစ်ခါလောက် လက်စုံစားဖြစ်ကြသေးတယ် ။ခုတော့ အမေချက်ကျွေးတဲ့ ဟင်းတွေလည်း စားချင်စိတ်တွေ မြိုသိပ်ရင် ဘာအရသာမှန်းမသိတဲ့ ကျနော့် ထမင်းစားချိန်တွေဟာလည်း ဘယ်လိုပြီးလို့ပြီးသွားမှန်းမသိတာကြာပါပြီကော ။ ကျနော့်အိမ်ကလေးမှာတော့ ကျနော်တို့တွေအစား အမေ နဲ့ အဘက တော့ မြေးတစ်အုပ်နဲ့ ဆူညံ့ပွက်လောရိုက်လို့ အသားဟင်းနည်းနည်းကို ဟိုမြေးနည်းနည်းဖဲ့ ဒီမြေးနည်းနည်းဖဲ့လို့ သူတို့ ထမင်းဝိုင်းလေးကို ပီတိတွေနဲ့ ကျော်ဖြတ်နေတတ်ပြီ ။
အိမ်ပြန်တိုင်း ခလေးတစ်အုပ်နဲ့ စိတ်မရှုပ်ပဲ ထမင်းဝိုင်းမှာ လက်စုံကျနေတဲ့ အမေနဲ့ အဘကိုကြည့်ပြီး အေးအေးလူလူစားပါစေတော့ရယ်ဆိုပြီ အမေ နဲ့ အဘနား ဂျီတိုက်နေတဲ့ တူ တူမ ဒါဇင်ဝက်လောက်ကို တုတ်တစ်ချောင်းကိုင်လို့ * ဟိတ်...နင်တို့တွေ ဘယ်လိုလဲ စားပြီရင်သွားဆော့လေ ဒီခလေးတွေတော့ ငါ ဆော်ထည့်လိုက်ရ * တကယ်တော့မရိုက်ပါဘူး အမေနဲ့ အဘကို သနားလို့သာဟောက်လိုက်တယ် အမေကတော့ *နင်ကလည်းဟယ် ခလေးတွေ စားနေတာကို* တဲ့ အမေအဲ့လိုပြောတိုင်း ကျနော် အငယ်က အမေ့နား ထမင်းဝလည်း ကပ်နေတတ်တာလေး သွားပြေးသတိရမိတယ် ။တစ်ခါတလေ အရသာရှိတယ်လို့ ထင်ရတတ်တဲ့ ဈေးများများပေးရတတ်တဲ့ ဟင်းတွေစားနေရပေမယ့် မီးခိုးတစ်လူလူထွက ငရုပ်စုံ သံလေးကြားရပြီ ပုံတာကျလေးပဲ ရတတ်တဲ့ ကိုယ့်အတွက် ဟင်းဝေစုလေးလောက် မက်မောမှုမရှိတော့တာလည်း ထူးမဆန်းတဲ့ အဖြစ်ပါပဲ ။ ကျနော်တို့လိုနေတာ ဟင်းနံ့တွေ လှိုင်ထနေတဲ့ ထမင်းဝိုင်း တစ်ပွဲမဟုတ်ပါဘူး ။ မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ လက်စုံစာဖို့ လိုနေတဲ့ ထမင်းဝိုင်းတစ်ပွဲပါပဲ ။
ကျနော်တို့ ထမင်းလက်စုံတူတူစားကြအုံးစို့ အမေ အဲ့အခါကျ ကျနော်ကြိုက်တတ်တဲ့ ငါးကလေး အိုးကပ် ချက်ကျွေးပါအုံး။ စေတနာတွေ ချစ်ခြင်းတွေနဲ့ ချက်ပြုတ်ထားတဲ့ မိသားစု ထမင်းဝိုင်းလေးဟာ တန်ဖိုးဖြတ်မရတဲ့ နွေးထွေးတဲ့မိသားစု ပြယုဂ်ကလေးတစ်ခုပါပဲ ။
Monday, September 26, 2011
ငယ်ငယ်တုန်းက ...ကျနော်
ငယ်ငယ်တုန်းက အကြောင်းတွေတွေးဖြစ်တယ် ။ လူတိုင်း လူတိုင်းမှာ ပျော်ရွှင်စရာ အတိတ်နေ့ရက်တွေ အရင်တုန်းက ဟန်ဆောင်မှုကင်း တကယ့်အဖြူထည် ဘ၀လေးတွေရှိခဲ့ကြမယ်ထင်ပါတယ် ကျနော်ကတော့ မကြာမကြာပြန်တွေးတယ် ပြန်တွေးတိုင်းလည်း ပြုံးမိပါတယ် တကယ်ပဲ ငါ အဲ့တုန်းက အဲ့လိုတွေလုပ်ခဲ့ပါလားဆိုတဲ့ စိတ်မျိုးနဲ့ပေါ့ ပြီးပြည့်စုံလွန်းတဲ့ ဘ၀မျိုးလည်းမဟုတ်ခဲ့ပါဘူး လိုတရ ဘ၀မျိုးလည်းပိုလို့မဟုတ် ဒါပေမယ့် ကျနော်ကတော့ ကျနော့် ခလေးဘ၀နေ့ရက်တွေကို ထီးဆိုင်ရဲ့ သီချင်းစာသားလေးထဲကလို အပူပင်ကင်းတဲ့ နေ့ရက်တွေကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုသလိုပေါ့ ။
ငယ်ငယ်တုန်းက ကျနော် နေမကောင်းသိပ်ဖြစ်ချင်တာပါ ရွာမှာက အစားသောက်ရှားတယ် မုန့်သည်ကလည်းနည်းတယ် အမေ့ရဲ့ဆိုင်လေးထဲက မုန့်တွေကလည်း ငြီးငွေ့စရာ ကောင်းပြီ အဲ့တော့မစားချင်တော့ဘူး အရင်က 7 up Crusher အချိုရည်တွေကို သိပ်သောက်ချင်တာ မသောက်ရပါဘူး တစ်ခါတလေ အဲ့ပုလင်းလေးကို ရှူရတာ သိပ်အရသာရှိမှာပဲလို့လည်းတွေးမိတယ် ပြီးတော့ ပုလင်းထဲမှာ ကပ်ကျန်နေတဲ့ အရည်လေးတွေကို ပုလင်းကိုထောင်ပြီးမော့၇တာလည်း တကယ့်ကို အရသာရှိတာမျိုး ။ အဲ့တာတွေကို ကျနော်မတောင့်မတပဲ သောက်ရတဲ့ အချိန်က ကျနော် နေမကောင်းဖြစ်တဲ့အချိန်ပေါ့ ပြီးတော့ အမေက ဆီချက်လေးချက်ထားပေးမယ် ပုဇွန်ခြောက်လေးနဲ့ နယ်ပြီးစားရတာမျိုး “ အမေ့ သားက ငရုပ်သီးစိမ်းလေးကို လှီးပြီး ငါးခြောက်လေးစင်း ကင်ပွန်းရွက်လေးနဲ့ကြော်ထားတာမျိုးစားချင်တာဗျ ” ဘယ်လိုပူဆာဆာ အမေကတော့ ချက်ကျွေးတာပဲ အဲ့အချိန်ကျတော့ပြောပါတယ် ဒီပါးစပ်က စားမကောင်းတော့ဘူး ။
အငယ်တုန်းက ကျနော်က မီးဖိုချောင်ထဲမှာ ၀ိုင်းကူရတာကိုပျော်တယ် ထမင်းအိုးက ဆူတုန်းက ကိုယ်က ဗိုက်ဆာတဲ့အခါကျ သောင်းကျန်းတယ် “ အားးး ဗိုက်ဆာနေပြီးလို့ ဆာတယ် ဆာတယ် ဆာတယ် ငှဲ့လိုက်တော့ မဆူလည်းငှဲ့တော့ ” ပါးစပ်ပြဲပြဲနဲ့ အော်တော့တာ အဲ့အခါကျ မကြီးရဲ့ ယောက်မ ကကျနော့်ခေါင်းပေါ် ပျံဝဲလို့ “ နင်ဟာလေ အကောင်သေးသလောက် အစားနဲ့ပက်သက်ရင်မရဘူး မဆူသေးတာကိုဘယ်လို ငှဲ့မတုန်း ” ကျနော်ကတော့ပေတေပြီး ခြေလိမ်လို့ မီးဖိုချောင်ကြမ်းပြင်မှာ လှိမ့်နေတော့တာ ။ ပြီးရင် ဘဲဥ ၀ိုင်းခွာပေးရတာ သိပ်ပျော်ပါတယ် ဒါက အကြံနဲ့ ကျနော်က ဘဲဥခွာပြီဆိုရင် အသားကို မပါပါအောင်ခွာတာမျိုး အဲ့ဒီဥ အကာလေးတွေ အခွံမှာ ကပ်နေရင် ကျနော်က အကာလေးတွေစားရတာပေါ့ ကျနော် ဘဲဥ၀ိုင်းခွာလို့လည်းပြီးကော အထဲမှာအနှစ်ပဲကျန်တော့တယ်း) မတော်တဆပါ “ မကြီး ဒါလေးပဲကျန်တော့တယ် သားစားလိုက်တော့မယ် နော့် ” မကြီးကတော့ ငါသိပါတယ်ဆိုတဲ့ မျက်လုံးနဲ့ စားပြီးရင် မီးဖိုချောင်ထဲက မြန်မြန်သာကြွတော့တဲ့ အဲ့တာရွဲ့တာ ။
အရင်က ဖိနပ်ဆို တစ်ရံပြတ်မှ တစ်ရံ ၀ယ်စီးရတာ ယိုးဒယားဖိနပ်ဆို နှစ်နဲ့ချီ နောက်ပိုင်းလေးပြတ်တဲ့အထိကိုစီးရတာမျိုး အရမ်းကြာနေရင် မစီးချင်တော့ဘူး တောသားကမြို့စိတ်ဝင်သလိုမျိုးပေါ့ တစ်ရံမကုန်သေးပဲနဲ့တော့ နောက်ထပ်တစ်ရံရဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး အဲ့တော့ တမင် လုပ်ဖျောက်တာဖြစ်ဖြစ် ဒါမှမဟုတ်ရင်တော့ ဖိနပ်သဲကြိုးကို ဓားနဲ့ခိုးဖြတ်လိုက်တယ် အဲ့တော့ ပြတ်ကော ပြတ်တော့ နောက်ထပ် အသစ်တစ်ရံရတာပေါ့ တစ်ခါတလေ ကျနော့်ဖိနပ် ဟောင်းနေရင် အမေက ကျနော်လုပ်ဖြတ်တော့မှာသိနေတယ် “ငါ့သားဖိနပ်က ပြတ်ခါနီးနေပြီဟဲ့ ” အမေက ပြုံးပြီးပြောတတ်တယ် ကျနော်ကလည်း ပြုံးလို့ပေါ့ အဲ့တုန်းကတော့မသိဘူး အခုမှပြန်တွေးကြည့်မိတာ ငယ်ငယ်တုန်းက ငါက တကယ့်ခလေးပဲလို့း) ။
ရှိသေးတယ် ကျနော်က အငယ်ဆုံးဆိုတော့ တော်တော် အူပုတ် မနာလိုတာမျိုးလည်းဖြစ်တာပဲ သူများရရင် ကျနော်လည်းရရမှ မဟုတ်ရင် စိတ်ကမရဘူး တစ်နေကုန် ခေါင်းမြီးခြုံပြီးတော့ကို နေနေတာ ဘာမှလည်းထမစားဘူး လူလစ်ရင်တော့ မီးဖိုထဲလစ်လို့ ပြေးတီးလိုက်တာပေါ့ ။ အမေက အစ်မတွေ အစ်ကိုတွေကို အ၀တ်စားသစ်ဝယ်ပေးရင် ကျနော့်အတွက်မပါလို့ကတော့ သောင်းကျန်းပြီ အစ်ကိုတွေ အကျပဲ ကျနော်က၀တ်ရတာများတယ် စိတ်ကပုတ်တော့ အစ်ကို အစ်မတွ အ၀တ်စားသစ်ကို ၀ှက်ထားတာမျိုး ကြက်ခိုးစင်ပေါ် ပစ်တင်ထားတာမျိုး ကြက်ခြံထဲ ပစ်ချလိုက်တာမျိုး အိမ်ခန်းထဲက ချောင်တစ်ချောင်မှာ သွားဝှက်ထားလိုက်တာမျိုးတွေလုပ်တတ်ပါတယ် ပျောက်လို့ကတော့ ဗေဒင်မမေးနဲ့ “ အမေ့သား ကြောင်ချေးလုပ်လိုက်ပြန်ပြီ” တဲ့ အဲ့အခါဆိုရင်တော့ ကျနော့်ကိုတင်မှ မြှောက်မှ ပြန်ပေးတတ်တယ် ဈေးဆိုင်က တစ်ခုခု ဒါမှမဟုတ် ကျနော် သဘောကျလောက်မယ့် အရာတစ်ခုခု ပေးမှ “ သားက သိမ်းထားတာ ဟိုးနားမှတွေ့လို့ ၀ှက်ထားတာမဟုတ်ဘူး တကယ်ပြောတာ ” ရုပ်တည်ကြီးနဲ့ အဲ့လိုညာတာပါ အစ်ကို အစ်မတွေက တော့ “ အေးပါ အေးပါ ” တဲ့ ငါတို့သိပါတယ်ဆိုတဲ့ သဘော။
အချိန်ဆိုတာ လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ် ငယ်ငယ်တုန်းက ကျနော်ဟာ အခုကျနော် ဟုတ်ရဲ့လားလို့ ကိုယ်တိုင်တောင်ပြန်တွေးယူမိပါတယ် ဘာပဲဖြစ်ဖြစ် ဘယ်လိုတွေဆိုးခဲ့ဆိုးခဲ့ အငယ်တုန်းက အမှတ်တရတွေကတော့ တကယ့်အဖြူထည်တွေပါပဲ အချိန်က လူတစ်ယောက်ကို ၁၈၀ မဟုတ်ရင်တောင် ၉၀ ဒီဂရီလောက်ပြောင်းလဲသွားစေနိုင်ပါတယ် အခု ဒီအရွယ်ခံစားမှု ဖြတ်သန်းမှုတွေကို နောင် အနှစ် ၂၀ လောက်ပြန်တွေးမိတဲ့အခါကျ ကျနော် ဘယ်လိုခံစားချက်မျိုးတွေရှိနေနိုင်မှာလဲ သိပ်စိတ်ဝင်စားပါတယ် ကျနော် အဲ့အချိန်ထိရှိနေသေးရင်ပေါ့ ပြီးတော့ ဒီဇာတ်ခုံလေးလည်းရှိနေသေးရင် ဇာတ်ခုံလေးနဲ့ ဆက်နွယ်ခဲ့ဖူးသူတွေအားလုံးလည်း ဘယ်လိုဖြတ်သန်းမှုတွေရှိနေနိုင်မှာလည်းဆိုတာ တစ်မျိုးတော့စိတ်ဝင်စားစရာကောင်းနေပြန်ကော။လူကြီးမင်းတို့ကော ????
Sunday, August 14, 2011
ကောက်ကွေးမလေး
သူနဲ့ ကျနော်က အထပ်အောက် အထပ်အောက်တို့ရဲ့ ထုံးစံအတိုင်း နီးတကျက်ကျက်ပေါ့ ရိုက်ခံထိပေါင်းလည်းများပြီ ဒါလည်း ကျနော်တို့ မောင်နှမကတော့ ကိုက်မြဲ ကိုက်နေကြတော့တာ စိတ်အညစ်ရဆုံးကတော့ အမေပေါ့ သူနဲ့ ကျနော် ဘယ်လောက်ထိတောင် ကိုက်ကြသလဲဆိုရင် သူအိမ်ထောင်ကျလို့ ခလေးမရခင်အထိ နပန်းလုံးကြတာမျိုး အခု ပြန်စဉ်းစားတော့ တကယ့်ကိုရယ်စရာပါး) ။ ဒါပေမယ့် ကျနော်တို့ မောင်နှမ နှစ်ယောက်ကတော့ ဝေးရင်တော့ တစ်ယောက်ကိုတစ်ယောက်မေးကြသား သတိတရ ရှိတတ်ကြသား ။ အငယ်တုန်းက သူက စာသိပ်တော်တဲ့ ကျောင်းသူတစ်ယောက်ပေါ့ အဲ့လိုပဲ သူ့မောင်ကိုလည်း စာတော်စေချင်လို့ စာတွေ အတင်းသင်တိုင်း ငပျင်းကောင်က ဂျီကျတတ်တော့ သူက တအားကိုခေါက်တာပါ အငယ်တုန်းက ရန်မဖြစ်တဲ့နေ့မရှိသလောက်ပဲ တစ်ခါခါ အရွဲ့တိုက်ပြီး အစ်မငယ်ကို မချစ်ဘူး လို့ပြောရင် သူကလည်း အားကျမခံ “ နင့်ကိုလည်း ငါက မချစ်ပါဘူး” တဲ့ ။
သူက ရန်ဖြစ် သိပ်တော်တာပါ မိသားစုမှာ အဘကို ဘယ်သူကပဲ မထိတစ်ထိ ပြောလိုက်တာမျိုးဖြစ်ဖြစ် ရွာထဲက အပျိုမတွေ ကျနော့် အစ်ကိုတွေအကြောင်း မကောင်းပြောတာမျိုးဖြစ်ဖြစ် အနေအေးတဲ့ တစ်ခြား အစ်မတွေ သူများပြောလို့ မျက်ရည်ကျလာတာမျိုးဖြစ်ဖြစ် ဒီကောက်ကွေးမလေးကတော့ ဒိုင်ခံဖိုက်တာပေါ့ ။တစ်ခါက မှတ်မိသေးတယ် ကျောင်းက ပြန်လာကြတော့ သူ့ကိုမစောင့်ပဲ ကျနော်က အရင်ပြန်လာတာ လမ်းမှာ ရန်ဖြစ်လို့ အားမရှိတဲ့ ကြောင်ချိက သူများကိုတော့ သိပ်စတာမျိုးပါ ဟိုက မခံနိုင်လို့ ကိုယ့်ကိုတီးတော့ မျက်ရည်က သင်္ကြန်ရေပြွတ်လို့ တစ်ပလွတ် ပလွတ် နဲ့ပေါ့ ( ပြန်တွေးကြည့်တာ ကျနော်က ရန်ဖြစ်တိုင်း တစ်ခါမှ နိုင်တာမှမရှိပဲ :P ) အနောက်က လိုက်လာတဲ့ အစ်မက ကျနော့်ကိုလည်းတွေ့ကော အပြေးတပိုင်းနဲ့ ကျနော့်စိတ်ထဲလည်း အဲ့တုန်းက မျှော်နေတာ သူ့ကိုပဲ ငါ့အစ်မလာလို့ကတော့ မင်းတို့သေပြီသာမှတ်ပေါ့ ကိုယ်မှမနိုင်တာ ။ ဘယ်သူလုပ်တာလည်းမေးတော့ ဆွေကြည့်ကြည့်နေတဲ့ ဟိုကောင်ကို လက်ညှိုးလေးထိုးပြတာတောင် မရဲတရဲနဲ့ အဲ့လောက်ကို သတ်တိကောင်းတား) ။တစ်ချက်တော့ စိတ်ပူသွားသေ သူတို့က မောင်နှမ ၂ယောက် အစ်မတစ်ယောက်တည်းနိုင်ပါ့မလားလို့ ။
ကိုယ်စိတ်ပူတာနဲ့ တစ်ခြားစီ ၂ယောက်တစ်ယောက် ချပေမယ့် ကျနော့် အစ်မက အသာကြီးရယ် ကျနော်ကတော့ သူပစ်ချထားတဲ့ လွယ်အိတ်လေးကို ကောက်ကိုင်ပြီး “ အစ်မ ချချ ဆွဲထား ဟင်း အဲ့တာ ငါ့အစ်မကွ အစ်မ ကန်ထည့် ကန်ထည့် ” မသိရင် ဘောလုံးပွဲကြည့်တဲ့သူက အားမလို အားမရနဲ့ ဘေးနားကနေ အားပေးနေသလို တော်တော်လည်းမောသွားကြတော့ ရန်ပွဲကသိမ်းလို့ အစ်မကတော့ ဂျက်မလိုလို ဘာလိုလိုနဲ့ “ နင်တို့လောက်ကို ပျင်းသေးတယ် လာ ခလေး ပြန်မယ် ” တဲ့ ကျောင်းမှာ အစ်မကို လိုက်ကြိုက်ကြလို့ အစ်မကို စောင့်ရှောက်တာမျိုးမဟုတ်ပဲ ပြောင်းပြန်တွေဖြစ်လို့ မောင် ငချိ ကို အစ်မက ဖိုက်တာကြီးလုပ်လို့ပေါ့ ။
ကျောင်း ၅ တန်းလောက်နဲ့ထွက် ခြံထဲဆင်း တစ်ခါခါ ကျွဲကျောင်းနွားကျောင်း အဖော် ပါပါသွားရတဲ့ အစ်မ အိမ်ထောင်ကျတော့လည်းစော ခလေးတွေလည်း အများကြီးနဲ့ သူ့အိမ်သွားရင် တူ /တူမတွေက ဆူညံလို့ အသက်ကလေး ငယ်ငယ်နဲ့ ပင်ပန်းတဲ့ ဘ၀ကိုဖြတ်သန်းရတော့ တကယ့် အဒေါ်ကြီးလို မနှစ်က အိမ်ပြန်တုန်း ဘာမှန်းမသိ စိတ်ညစ်နေတာနဲ့ အစ်မအိမ်သွားလည်ရင်း ယောက်ဖရဲ့ အရက်ဝိုင်းမှာ ခွက်ခလေးဆွဲလို့ အမြီးကလည်းကောင်တာနဲ့ တစ်ခွက် နှစ်ခွက် သွားကစ်ထည့်လိုက်တာ ဟင်းချက်နေရင်း တွေ့တဲ့ အစ်မက မျက်ရည်တွေ ထွက်လို့ ကိုယ်စိတ်ညစ်နေမှန်းသိလို့ မဆူရက်လေတော့ နိုင်တဲ့သူ့ယောက်ျားကိုပဲ ပြသနာရှာ “ ဒီအရည်တွေကို နင်ပဲသောက် ငါ့မောင်ကို မတိုက်နဲ့ ” တဲ့ လေသံက ခပ်ပြင်းပြင်း ငိုသံကြီးနဲ့ ဆိုတော့ ကိုယ်ပါ မူးတာတွေ ပြေချင်သွားတယ် ။ ယောက်ဖကလည်း “ ငါ့ညီ တော်တော့ဟ မင်းအစ်မ မင်းဆက်သောက်နေတာတွေ့ရင် အစ်ကို့ကို ပြသနာရှာလို့တော့ သွားပြီ မိုးလင်းပေါက် ပေါက်ပေါက်ဖောက်တော့မှာ ” ဟုတ်သား ရန်ဖြစ်တော်တဲ့ နေရာမှာတော့ သူက အငယ်လေးတုန်းကအတိုင်းပဲ ။
ကိုယ်သွားတဲ့ အခါကျ ပလဲကစဲဖြစ်နေတာတွေ အမြန်ပြေးသိမ်း ထမင်းစားပြီးပြီလား ဟင်းချက်မယ် တကဲကဲလုပ်နေတဲ့ အစ်မကလည်း အငယ်လေးတုန်းက ရန်ခဏခဏ ဖြစ်ခဲ့ကြတဲ့ မောင်နှမတွေလို့ ထင်စရာမရှိအောင်ကိုပါပဲ ။ မိသားစုမှာ သူက ဗဟုသုတ အနည်းဆုံး မာမလိုလိုနဲ့ ခဏခဏ မျက်ရည်ကျတတ်တဲ့သူ စီးပွားရေးအဆင်မပြေလို့ အလုပ်ပေါင်းစုံလုပ်ဖူးသူ သူအဆင်မပြေလို့ မောင်နှမတွေ သူ့ဆီ ဘယ်လာချင်မလဲလို့ ပတ်ဝန်းကျင်မှာ ကြားကြားတတ်ရလွန်းလို့ ရွာကိုရောက်တိုင်းတော့ သူ့ဆီ မဖြစ်မနေသွားနေရတာပေါ့ ။ သွေးဆိုတာ ရေလောက်ဘယ်ကျဲမလဲဆိုတဲ့ စကားလေးအတိုင်း အနေဝေးကြမှ ၅၂၈ ရဲ့ တန်ဖိုးတွေဟာလည်း ပိုပိုသိသာလာတာမျိုးပါပဲ ။
သူ့အိမ်ရောက်တာနဲ့ “ ခလေး နင် ထမင်းစားခဲ့ပြီးပြီလား” လို့ မေးမေးတတ်လွန်းတဲ့ ကျနော့်ရဲ့ ကောက်ကွေးမလေးကို ကျနော် ထမင်းစားမကောင်းတဲ့အကြောင်း ပြောချင်လိုက်တာ ။