Saturday, July 28, 2012

ပြေးလမ်း



သူငယ်ချင်းရေ ငါတို့အရင်လိုမဟုတ်ပဲ ဒီတစ်ခါ စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကြစို့ ။ နှုတ်ခမ်းမွှေး မရိတ်ဖြစ်တဲ့အကြောင်း ဆံပင်ပုံမှန်မညှပ်ဖြစ်တော့တဲ့အကြောင်းတွေတော့ ပါချင်မှပါတော့မယ် ။ တို့တွေ ဘ၀နဲ့ရင်း အရှုံးတွေထဲက သင်ခန်းစာတွေအကြောင်း အများဆုံးပြောဖြစ်မယ်ထင်ပါ့ ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကြောင်း ဝေမျှမလှယ်ကြရင်း မင်းနဲ့ ငါ မတွေ့ဖြစ်တဲ့အတောအတွင်း တစ်ယောက် ခံစားချက် တစ်ယောက် ဖောက်သည်ချကြအုံးစို့ ။

သူငယ်ချင်းရေ မင်း သိရဲ့လား တစ်ခါတရံတော့ ငါတို့ရဲ့ နေ့စဉ်ရပ်တည်ရှင်သန်ဖို့အတွက် ငါတို့ မာနတွေနဲ့ အလဲအလှယ် လုပ်ချင်လည်း လုပ်ရမှာပဲ ဒါကို အောက်ကျို့တယ်လို့ ပတ်ဝန်းကျင်က ဆိုကြလေမလား ငါကတော့ ခဏခဏကို လဲလှယ်တတ်လာလို့ အရောင်းဝယ်နည်းစနစ်တွေတောင် နည်းနည်းတတ်လာပြီ ပြီးတော့ ၀င်ငွေလည်ပတ်စီးဆင်းမှုဆိုတဲ့ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ အီကိုဘာသာရပ်ကို ခုမှ သေသေချာချာနားလည်လာတာတော့ သိပ်နောက်ကျသွားတာပေါ့ကွာ ဒီကချေးထားတဲ့အကြွေး ဟိုက အတိုးနည်းနည်းနဲ့ပြန်ယူ ပြီးတော့ ဟိုဆပ် ဒီချေး အဲ့တာလည်း ၀င်ငွေလည်ပတ်စီးဆင်းတာပေါ့ကွ ပြောင်ပြောတယ်ထင်သလား မဟုတ်ဘူးဆို အဟုတ်တကယ်ကြီး ခုဆို ငါ အဲ့တာ တော်တော် ကျွမ်းလာပြီး ။

အရင်လိုလည်း ဆိုင်မှာ ခေါင်းမလျှော်ဖြစ်တော့ပါဘူး ခုဆို ဇိမ်ခံတယ်ဆိုတာ ဘာမှန်းတောင် သိပ်မသိတော့ဘူးရယ် ခြေစွပ်တွေလည်း ပေါက်ပြဲနေပါပေါ့ သွားတော့ မှန်မှန်တိုက်ဖြစ်ပါရဲ့ အာရုံနဲ့ လူနဲ့မကပ်တော့ ထမင်းဝါးဖို့ကို မေ့မေ့နေတာ မြိုချမိတော့နင်တာပေါ့ တော်ပါသေးရဲ့ အမေ ဘေးနားရှိနေပေလို့ ရေအေးလေးတစ်ခွက်နဲ့ အမေကတော့ ပြောသား သားရယ် ဖြေးဖြေးစားစမ်းပါတဲ့ ။ငါ အရင်လောက် မနုညံ့တော့ဘူးဆိုရင် မင်းယုံမလား ပြီးတော့ စိတ်ရိုင်းတွေကိုလည်း မြိုချပစ်တဲ့အခါကျ ထမင်းမ၀ါးပဲ မြိုချမိသလို မနင်တော့ဘူးရယ် ။ မိတ်ဆွေတစ်ချို့တော့ ပြောသား သားရည်ထူတတ်လာပြီတဲ့ ။

မရပ်လိုက်နဲ့ သူငယ်ချင်း မရပ်လိုက်လေနဲ့ ဘ၀ဆိုတာ ပြေးလမ်းကြောင်းတစ်ခုပေါ့ ခုချိန်ဟာ ငါတို့တွေ ပြေးလမ်းကြောင်းပေါ်မှာ အရှိန်နဲ့ပြေနေတုန်း လမ်းဘေးတစ်လျှောက်မှာတော့ ဆူးခြုံတွေ ပေါတဲ့အခါ ပေါမယ် ၊ လေပြေတိုက်တဲ့အခါတိုက်မယ် ၊ ပါးစပ်သေနပ်တွေ မင်းကိုယ်ပေါ်ကို ထွင်းဖောက်သွားတဲ့အခါ ဖောက်မယ် ၊ ခွေးတွေဟောင်ချင်ဟောင်မယ် အဲ့တာတွေ ခံနိုင်ရည်ရှိအောင်တော့ တို့တွေ ပြေးလမ်းကြောင်းပေါ်မှာ ပြေးရင် သင်ယူသွားရမှာပေါ့ အဲ့ဒီအခါ မင်းခံစားချက်တွေ အိမ်မှာ ချိတ်သိမ်းခဲ့ဖို့ မမေ့လေနဲ့ ။ မရပ်လိုက်နဲ့ သူငယ်ချင်း မရပ်လိုက်လေနဲ့ အရှိန်မထိန်းပဲ မင်းရပ်လိုက်ရင် မင်းလဲ ကျသွားလိမ့်မယ် လူတိုင်းကိုယ်စီ ပြေးလမ်းကြောင်းပေါ် ပြေးနေရတာမို့ မင်းလဲနေရင် သူတို့တွေထူချင်မှ ထူကြလိမ့်မယ် အဲ့အတွက် သူတို့ကို နားလည်ပေးနိုင်အောင်လည်း မင်းကြိုးစား ။ အေး.. မင်းလဲကျတဲ့အချိန် ထူမတ်ပေးတဲ့ လက်ကလေးများရှိခဲ့ရင် အဲ့တာတွေဟာ အစစ်မှန်တွေဆိုတာ တွက်စရာမလိုပဲ မင်းဦးနှောက်ထဲ ရိုက်သွင်းထားလိုက် သေချာတယ် အကြွင်းမရှိတဲ့ စစ်မှန်မှုပဲ ။

မမောဘူးလားလို့ မေးရက်လေသလား သူငယ်ချင်းရာ မောတာပေါ့ကွာ ဒါပေမယ့် အဲ့အမောတွေက သက်ပြင်းတွေအဖြစ် ရှူသွင်းလိုက်တော့တာပဲ ရင်ဘတ်တော့ နာတာပေါ့ ။ အချစ်လား အဲ့တာကြီးက ဘိတ်ဆုံးမှ ခဏထားအုံးမှထင်တယ် သူက ပူတယ်လေဟ အဲ့တာ့ သူ့ကို ဘိတ်ဆုံးမှာနေရာပေးထားတာ အကောင်းဆုံးပဲ ငါကအပူကြောက်တယ် ။ ဒီလိုပဲ ယိမ်းယိုင်မိသွားတဲ့အခါတော့ ဘေးနားက ဖေးကူးစရာလေးများ ရှိမလားလို့ တမ်းတမိတာပေါ့ သူငယ်ချင်းတွေ ဖြစ်ချင်ဖြစ်မယ် မိသားစုတွေဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ငါ ယိမ်းလို့မဖြစ်ဖူးဆိုတာ ငါ့ကိုယ်ငါ အသိ ငါ ယိုင်လဲသွားရင် ငါ့ကိုမှီတွယ်နေတဲ့ အရာတွေပါ ယိုင်လဲသွားကြလိမ့်မယ် ငါအဲ့လိုမဖြစ်ချင်သေးဘူး ။
အခက်ခဲဆိုတာ ငါတို့ အသက်တာ ရင့်ကျက်စေဖို့လို့ ခံယူထားလိုက်တော့လည်း ဖြေသိမ့်စရာဖြစ်သား ငါတို့က သားရည်ကွင်းကလေးတွေနဲ့များတူနေသလို ငါတို့မှာ ခံနိုင်ရည်အား တွန်းကန်အားဘယ်လောက်ရှိလဲဆိုတာ အခက်ခဲဆိုတဲ့ လူဆိုးကြီးတွေက အားကုန်းဆွဲကြည့်ကြလိမ့်မယ် ပြတ်ထွက်မသွားပဲ ခံနိုင်ရည်ရှိဖို့တော့ ကြိုးစားဖို့လိုမယ် ။

ငါအရင်လိုပဲ ဟန်လုပ်ပြီးလည်း ပြုံးတတ်တုန်းပဲ ၊ ခရမ်းချဉ်သီးလည်း စိတ်လိုလက်ရ မသုတ်စားဖြစ်တော့ပါဘူး စိတ်ပါတဲ့နေ့တွေတော့ လက်ဖက်သုတ်ကလေး သုတ်စားဖြစ်တယ် ။ ကဲ... ပေါ့ဆိမ့်တစ်ခွက်လောက် ထပ်မှာပေးစမ်းပါကွာ ငါ့အကြောင်းတွေကြီးကြီးကျယ်ကျယ်ပြော ဒသနတွေဖွင့်လို့ ပွားရတာလည်း များသွားပြီး ။ မင်းအကြောင်းတော့ နောက်မှ သိချင်တာတွေထပ်မေးအုံးမယ် ။ မရပ်လိုက်နဲ့နော် သူငယ်ချင်း မရပ်လိုက်နဲ့ မှန်မှန်သာ ဆက်ပြေးကြအုံးဆို ငါလည်း ပြေးတုန်း လမ်းတွေမဖြောင့်တော့တဲ့အကြောင်း အချိန်ကုန်ခံလို့ တွေးမနေတော့ဘူး ပြေးရမှာက ကိုယ့်တာဝန် ...တစ်နေ့တော့ ငါတို့ပန်းတိုင်ရောက်မှာပါ ကဲ.... သူငယ်ချင်းရေ ပြေးကြအုံးစို့လားကွာ ။







Thursday, July 12, 2012

ကျနော်နှင့် အထာမကျသေးသော....

ဒီနေ့မပျော်ဘူး ခလေးတွေကို စိတ်ကောက် အမေနဲ့ မကြည်ဖြစ်ပြီး မနက်က အိမ်ကနေရုံးကိုလာတော့ ဘယ်သူ့ကိုမှမနှုတ်ဆက်ဖြစ်ဘူး သိပ်မောတာပဲဗျား( လောကကြီးက တစ်ခါတလေ သိပ်မတရားဘူးရယ် ။ ဖြစ်ပုံက ဒီလို သံယောဇဉ်ကြီးတတ်ပေမယ့် အဘ နဲ့ အမေ့ လောက်ကလွဲပြီး ကိုယ့်မှာ တစ်ခြားဟာတွေသိပ်ပြီး တာဝန်မယူချင်ဘူး အခု အိမ်ပေါ်မှာ ခလေးက ၂ယောက် မုန်းလိုက်တာ ဒီအခြေနေကြီး အပူမရှာချင်လို့ ရည်းစားတောင်မထားတာ အိမ်ပြန်ရင် ခလေးက ထိန်းရပြန်ပြီ အမှန်ပြောတာ အကြာကြီးတစ်ယောက်တည်းနေလာပြီးမှ ခုမှ ခလေးတွေနဲ့ သေးနံ့ အီးနံ့တွေလည်း ကိုယ့်နှာခေါင်းက ဓာတ်သိပ်မတည့်ဘူး ။ တစ်ခါတလေ ထမင်းစားရင်း တူအငယ်လေးက (အင်အင်း) ဆိုရင် အမေတို့ ထမင်းစားပျက်မှာစိုးတော့ ကိုယ်က လုပ်ရပြန်ပြီ အချိန်ကိုက် ဒီအင်အင်းက ထွက်ရမလားဆိုပြီး ခလေးနှာဖူးကို တစ်ချက်တော့ လောက်စာလုံးပစ်လိုက်တယ် သဘောထားမကြီးဖုးပဲဆိုဆို ။

လိမ်မာတယ်ဆိုတာ ပြောတော့သာလွယ်တယ် တော်တော်တော့ ခံရဆိုးတယ်ဗျ ငါ့ညီလေးက လိမ်မာတယ်ဆိုပြီး အစ်ကိုတွေ တစ်ခါတလေ အနိုင်ကျင့်တာ ခံရတယ် အစ်ကိုက ၂ယောက် သူတို့မွေးထားတဲ့ ၅ နှစ်ပြည့်ခါနီး တစ်ယောက်နဲ့ တစ်နှစ်ကျော်လေး တစ်ယောက်ကို ကိုယ်က တာဝန်ယူရတဲ့အဖြစ် အမေ့ကြောင့်သာပေါ့ အမေက ( သားရယ် နင့်အစ်ကိုတွေ အဆင်မပြေတဲ့အခိုက်လေးမို့ပါ ) ဆိုတာနဲ့တင် ကိုယ့်ဒေါသတွေ အမှိုက်ခြင်းထဲ ပစ်ပစ်ထည့်ရတာ ကြာပြီ ။ ခုဆို မနက်မိုးလင်း နှိုးစက်မလိုတော့ဘူး ခလေးငယ်လေးရဲ့ ခပ်ပြဲပြဲ အော်သံက ကျနော့် မနက်ခင်းတွေကို နှိုးလို့ ပြီးရင် စားမယ်သောက်မယ် နို့ဖျော်ပေးရင် အောက်မှာ နို့လေးတွေ ခဲနေမှ ဒင်းတို့လေးတွေကကြိုက်တာ ခဏ မုန့်လုကြပြန်ပြီ ခဏ ကော်ဖီ ခွက်မှောက်လိုက်ပြန်ပြီနဲ့ ကျနော် လူပျိုကြီးဘ၀ ဘယ်ဝဋ်တွေကြောင့် ... သြော် ဘ၀ ဘ၀ ။

မီးသွေးနဲ့ဆို မွှေးရတာ အဆင်မပြေတော့ ဂတ်စ် အိုးလေးနဲ့ ချက်စားဖြစ်တယ် ခလေးက အမေတို့ အိပ်ပျော်နေတဲ့ အချိန် ဂတ်စ်တွေဖွင့်ပြီး အချိုမှုန့်တွေ ဆီတွေလောင်းထည့်လိုက်တာ ဂတ်စ်အိုးကြီးတစ်ခုလုံးပေပွလို့တော်သေးတာပေါ့ မီးကို သူမဖွင့်တတ်လို့ အမေက ဂတ်စ်နံ့ရတယ်ဆိုပြီး ရှာမှတွေ့လို့ မဟုတ်ရင်တော့ ။ တစ်ခါတလေ အကြက်မှုန့်တွေ ခပ်စားတယ် ပြီးရင် ငိုလိုက်တာ အသံကြီးက ပြဲလို့ ချော့ရင်တော်တော်နဲ့မရ ငါးပိရည်တွေလည်း ခပ်သောက်တာပဲ အဘက ထိန်းပေမယ့် ခလေး ပြေးသမျှ မလိုက်နိုင်တော့တဲ့ အခါတွေလည်းရှိတာ တစ်ခါတလေလည်းမောတော့ နားချင်တာပေါ့ ဒီမျောက်ကလေးတွေနဲ့ နားလို့မရပါဘူး အဲ့တော့မနေတတ်တဲ့ ကိုယ်ကထိန်းရပြန်ပြီ ။

အပြင်တွေ သိပ်ထွက်ဆော့လို့ မထိန်းအားသေးတဲ့အခါ တံခါးပိတ်ထားရင် ခုံကိုခုပြီး ပြတင်းပေါက်ကနေကျော်တတ်တယ် ပြီးတော့ အိမ်ရှေ့ရေအိုင်မှာ ရေသွားကူးကြပြန်ကော ကိုယ့်တစ်ယောက်ပဲကြောက်တော့ မမာန်ချင်ပဲ ဘီလူးဆိုင်းတီးရပြန်ပြီ အဲ့တာကြောင့်ပြောတာ မင်းတို့လေးတွေရောက်မှ ငါ့မှာ လူဆိုးကြီး လုံးလုံးကိုဖြစ်လို့ ။ စာအုပ်စင်ကလေး အပြင်မှာထားတယ် ခဏခဏ ဆွဲဖြဲလို့ အိမ်ခန်းထဲထည့်ပြီး သိမ်းထားရတယ် ကိုယ်ကလည်း ကိုယ့်စာအုပ်ထိတာလောက် စိတ်တိုတာမရှိ ။ အထာမကျတာက တော်တော်ကိုမကျတာ ဒီကြားထဲ အကြီးကောင်က သူ့အမေနဲ့ ဖုန်းပြောရရင် ရိုက်တာက နည်းနည်းတိုင်တာက များများ ဦးသားလေးက တအားရိုက်တယ်တဲ့ ပြီးတော့ ဘာမှမ၀ယ်ကျွေးဘူးတဲ့ ခလေးတွေများ အဲ့တာသူတိုင်နေရင်း စားနေတာက မားမားခေါက်ဆွဲပြုတ် ခလေးစကားအမှန်ယူတော့ လူကြီးတွေက အထင်လွဲ ကိုင်းး.. ဘီလိုလုပ်ရပါ့ ။

ခြေရင်းမှာ ဈေးဆိုင်းလေးရှိတယ် သိပ်ဟန်ကျတာပေါ့ ကိုယ်ဈေးကလေးဝယ်ဖို့ တံခါးလေးဖွင့်ရုံပဲရှိသေးတယ် သူတို့က ရောက်သွားပြီး ပြီးရင် ဟိုဆွဲ ဒီဆွဲ ၀ယ်ပေးရပြန်ပြီ အမေကတော့ ညာသား နေ့လည်က ဘာမှ မ၀ယ်ပေးထားဘူး ကျွေးလိုက်ပါဟယ်တဲ့ အမေပြောလို့သာပေါ့ ခုဆို အအေးကလေး တစ်လုံးတောင် ကိုယ့်ပါသာ အေးဆေးမသောက်ရတော့ ဗူးသေးသေးလေးသောက်နေတာ ခွက်ကလေး ၂ လုံးက လာထိုးခံနေတာဆိုတော့ ငိုသံတွေမကြားနိုင်တော့တာနဲ့ ထည့်ပေးလိုက်ရပြန်ပြီး)

ပျော်စရာလေးတွေလည်း ရှိတော့ရှိသား အကြွေစေ့ကလေးက မုန့်ဝယ်လို့ရမှန်းသိတော့ ကျနော် အလုပ်က ပြန်လာလို့ အ၀တ်စားလဲပြီးရင် သူတို့က အိတ်တွေထဲ အကြွေစေ့တွေ အပြိုင်ရှာကြတာ စက်ဘီးနဲ့ အဝေးက ပြန်လာတာ သူတို့တွေ့ရင် လက်ခုပ်တွေ အပြိုင်တီးပြီး ခုန်ကနေကြတာ ကိုယ့်မျက်နှာ ခပ်ပုတ်ပုတ်နေရင် မျက်လုံးလေး လာပြူးလိုက် ကျနော့် မျက်နှာကို ဆွဲကြည့်လိုက် အနားမှာ အသာကလေး လာထိုင်လိုက်နဲ့ မနေတတ်မထိုင်တတ်ဖြစ်လို့ ။ စာရေးစာဖတ်ချိန်လည်းမရတော့ဘူး ညည သူတို့ကို သိပ်ဖို့ လူကြမ်းလုပ်ရသေးတယ်လေ မီးတွေ အားလုံးပိတ် တိတ်တိတ်ကလေးနေလိုက်ကြရင် ခလေးသေးသေးက ကိုယ်တွေကို သူရဲပြန်ခြောက်တယ် ။ သူတို့အိပ်မှပဲ စကားအေးဆေးပြောရတယ် ။


ဘေးအိမ်တွေကတော့ ဒီလူပျိုကြီးကတော့ ဒုက္ခပဲတဲ့ ဟုတ်ပါ့ ကိုယ့်မှာ သုခတွေကလည်းရှားပါးလိုက်တာဆိုတာ ။ ခလေးဆိုတာ အိမ်ရဲ့ ဆည်းလည်း လေးတွေဆိုပေမယ့် ခုတော့ ဗူပေါင်းတွေလိုဖြစ်တော့ နားတွေလည်း ဆူလို့ ။ တစ်ချို့သော အခြေနေတွေကတော့ ငြင်းပယ်ဖို့တော့ခက်သာ အခြေနေတွေက ဒီလိုဖြစ်လာတော့ ကိုယ့်မှာ သည်းခံခြင်း အသီးကိုစားလို့ ကျနော့်အိမ်ကလေးရဲ့ စပရေးနံ့က သေးနံ့ အီးနံ့ကလေးတွေ သင်းပျံလို့ .....အထာမကျသေးတာကတော့ အမှန်ပဲ ။





LinkWithin

Related Posts Plugin for WordPress, Blogger...