Sunday, February 13, 2011

အမေ့ရဲ့အမှတ်သားလေးများ

ခုရက်ပိုင်း မဲလ်ဝဲ အကြောင်းနဲ့ကော ဘလော့ကစိတ်မချရဘူုးလို့ထင်တယ် စာတွေရေးရင် ပျောက်သွားမှာ စိုးတာနဲ့ စာရေးချင်စိတ်တွေပဲ ပျောက်နေသလိုလို လူက နည်းနည်းဂူနေတယ် ရာသီဥတုကလည်း နေ့ပိုင်းပူလို့ ညပိုင်းတွေအေးတယ် ။ အမေ့ကိုလွမ်းလို့ အမေ့အကြောင်းတွေ တွေးဖြစ်တယ် အလုပ်အကိုင်လေးကလည်း သိပ်အဆင်မပြေတော့ အမေ့ကို ငွေမပို့နိုင်တာ လတွေထပ်လာပြီး အမေ အဆင်ပြေ နေကောင်းပါ့မလားလို့ စိတ်ပူမိတယ် အမေကတော့ မဗေဒါ ပါပဲ ပန်းပန်းလျှက်ဆိုတာ သိပေမယ့် အမေ့ကို လွမ်းဆွတ်သတိရမိတယ် ။ ဆိုတော့ ကျနော် မှတ်မိတဲ့ အမေ့ရဲ့ အကျင့်စရိုက်လေးတွေ ပြန်ပြန်တွေးလို့ အမေ့အမှတ်သားလေးတွေ ချရေးမိတယ် ။

အမေက အသားညိုညို ပိန်ပိန်ပါးပါး အုန်းဆီကြိုက်တယ် အပ်ချုပ်တာ ၀ါသနာပါတယ် ။ အမေ့မျက်ခမ်းစပ်လေးမှာ မှဲ့နက်ခပ်ကြီးကြီးတစ်လုံးရှိတယ် အငယ်တုန်းကတော့ အဲ့မှဲ့နက်လေးကို ခဏခဏ ကိုင်ကြည့်တယ် ။ကွမ်းတွေစားလို့ ရဲနေတဲ့ အမေ့နှုတ်ခမ်းလေးတွေကလည်း ချစ်ဖို့ကောင်းတာပဲ ကွမ်းစားလို့ ညစ်နေတဲ့ အမေ့သွားတွေဟာလည်း မီးသွေးခဲကို အမှုန့်ထောင်းပြီး တိုက်ပြီးတဲ့ အခါကျ သီချင်းထဲကလို ပုလဲလုံးလေးတွေ သီတန်းထားသလို သိပ်လှပါတယ် ကျနော် အမေ့လို သွားလှလှလေးတွေမရှိတာ ခံပြင်းပါ့ ။ အမေက ပါစပ်က အသံထွက်လို့ အကြွေးစာရင်း ၊ ဈေးစာရင်း ၊ တွေ ရွတ်ရွတ်တတ်ပါတယ် အမေ့ပါစပ်က ကွမ်းဝါးရင် ၀ါး မ၀ါးရင်တော့ အဲ့လို အသံထွက်ပြီး တစ်ခုခု တွက်ချက်နေတတ်ပါတယ် အမေ တစ်ယောက် ငြိမ်ငြိမ်ကလေး တွေးနေတယ်ဆိုရင်တော့ သိလိုက်ပြီး အမေ့မှာ စိတ်ညစ်စရာတစ်ခုခုရှိနေပြီဆိုတာ ။

ကျနော် မှတ်မိသလောက် အမေအလုပ်နဲ့လက်ပြတ်တယ်ဆိုတဲ့ အခါကနည်းပါတယ် နှီးဖြာနေတာမျိုးဖြစ်ဖြစ် ထရံရက်နေတာမျိုးဖြစ်ဖြစ် အဘ လုံချည်အပြဲတွေကို အပ်ချုပ်နေတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် ငရုတ်ခင်းထဲသွား မြေဆွနေတာမျိုးဖြစ်ဖြစ် တစ်ခုခုလုပ်နေတာပါပဲ ။ ကျောင်းမနေဖူးတဲ့အမေက ဈေးစာရင်းဖျောင်မရ ပိုက်ဆံကို ညာတွက်လို့မရတာလည်း ဆန်းပါ့ အမေစစ်လိုက်ရင် အားလုံးပေါ်တာပါပဲ ။အမေက တစ်ခါခါ ရေချိုးမယ်လုပ်ရင်း ထမိန်ရင်လျာနဲ့ မနက်ခင်းတည်းကနေ အလုပ်လုပ်နေလိုက်တာများ ညနေလောက်မှ ရေချိုးဖြစ်တဲ့အခါတွေလည်း ရှိတတ်ပါတယ် ။ ပုလင်းလေးတွေကို ရေဆေးပြီး စစ်ထား ပြီးရင် အိမ်တန်းဘောင်လေးတွေမှာ တန်းကလေးလုပ်လို့ ပုလင်းလေးတွေစုတာလည်း ၀ါသနာပါတယ် အမေ အလုပ်နည်းတဲ့ အခါကျ အဲ့ပုလင်းလေးတွေကို ပြန်ဆေး ပြန်သုတ်နဲ့ ပြန်လုပ်နေတာမျိုးလည်းရှိတယ်။

အမေက မိသားစုမှာ ဒုတိယမြောက်သမီးဆိုတော့ အမျိုးတွေထဲမှာ ကြီးတော်ပေါ့ တူ တူမတွေ လာကန်တော့တဲ့ အခါ အဲ့ပစ်စည်းလေးတွေကို မသုံးပဲ သိမ်းသိမ်းထားတတ်တာဟာလည်း အမှတ်တရပါ ကျနော်တို့တွေ ၀ယ်ဝယ်ပေးတဲ့ ပိတ်စတွေဆိုရင်လည်း အမေသုံးတာနည်းပါတယ် သိမ်းရိုးရိုးနဲ့ အမေ့အထည်တွေ ခြတက်တဲ့ အခါတွေလည်း ခဏခဏပေါ့ ။အမှတ်တရ ပစ်စည်းတစ်ခုချင်းဆီကို အမေ့က မှတ်ညဏ်ကောင်းကောင်းနဲ့ မှတ်ထားနိုင်ပါတယ် အမေ မင်္ဂလာဆောင်တဲ့နေ့က ရွှေတစ်ဆုတ် ထမိန်လေးလို့ အမေခေါ်တဲ့ လက်ထဲဆုတ်လိုက်ရင် ပိတ်သားနုနုလေးက တစ်ဆုတ်စာလောက်ပဲရှိတဲ့ ထမိန်လေးတစ်ထည်လည်းရှိပါသေးတယ် ။ အမေ့အသက် ၆၀ နီးပြီး ခြံသမားမို့ အမေ့အသားရည်တွေ အသက်ကြီးလာတော့ ပိုမွဲခြောက်လာတယ် အမေ့ဆံပင်တွေ ပိုပိုဖြူလာတယ် အမေ့အကောင်လေး ပိုပိုညှပ်လာတယ် အမေ့သားသမီးတွေ အမေ့ကို ပစ်ထားမှန်းမသိ ပစ်ထားသလိုဖြစ်ဖြစ်နေတယ် ။

အမေက အရင်ကတော့ အင်မတန်စိတ်ခိုင်တဲ့သူပါ ခုတော့ အမေတစ်ယောက်ခဏခဏ မျက်ရည်လွယ်နေတယ်တဲ့ ။ပြီးခဲ့တစ်ပါတ်က လူကြုံလေးရတော့ အမေကြိုက်တဲ့ ဒီမှာပေါတဲ့ စောင်လှလှလေးတွေ ၀ယ်ပေးလိုက်တယ် အမေသုံးမှာ ခြုံမှာမဟုတ်မှန်းသိပေမယ့် အမေသုံးနော်လို့ မှာဖြစ်အောင်မှာလိုက်သေးတယ် ကျနော်ဝယ်ပေးတဲ့ စောင်လှလှလေးတွေကို ဘီရိုထဲထည့် လာသမျှလူကို အမေ ပြုံး ပြီင်္းကြွားအုံးမှာမြင်ယောင်သေး ။ကျနော်ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပိုင်းတစ်စ ကိုသွားသတိရမိတယ် “သိပ်ချစ်လွန်းလို့ အမေက ၃၉ မှတ်ပေးရင်တောင် အောင်ဖို့ ၁ မှတ်လိုနေသေးတဲ့ သားသမီးတွေပါ” ဆိုတဲ့ စာသားတိုလေးပါ ကျနော်တို့တွေ အဲ့လို သားသမီးတွေများဖြစ်သလားလို့ တွေးရင် ....အမေ့အမှတ်အသားလေးများကို အမှတ်တရ ရေးမိပါတယ် ။





12 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုး အမေအကြောင်းဖတ်ပြီး
ကိုယ့်အမေတောင် ပြန်သတိရသွားပြီ
ပိန်ပိန်ပါးပါး ဖြူဖြူ နွဲ့နွဲ့လေးပါဘဲ။
ပြီးခဲ့တဲ့ အပတ်ကမှ အမေနဲ့ သွားတွေ့ခဲ့တာ
မမျှော်လင့်ဘဲနဲ့ ရုတ်တရက်တွေ့လိုက်လို့ ပျော်သွားတဲ့ အမေရဲ့ မျက်နှာကို ခုတောင် ပြန်သတိရမိသေးတယ်
မိဘဆိုတာ သားသမီးတွေအတွက် တကယ့် အရိပ်စစ်တစ်ခု ပါဘဲနော်

ညီလင်းသစ် said...

သရုပ်ဖော်ကောင်းလို့ မောင်မျိုးအမေကို မြင်ကြည့်လို့ ရသွားပြီ၊ ရင်ဘတ်နဲ့ရေးတဲ့ ပို့စ်လေးမို့ ထိတယ်၊ ကျနော်တို့တွေကတော့ အမြဲတမ်း ၁ မှတ်လိုနေမယ် ထင်ပါရဲ့ဗျာ...။

မေဓာဝီ said...

အမျိုးသမီးတွေဟာ အသက်ကြီးရင် အားငယ်တတ်ကြလားမသိဘူး။ အမေလဲ အဲဒီလိုပဲ ၀မ်းနည်းတတ် မျက်ရည်လွယ်တတ် နေတယ်။ အရင်တုန်းက အဲဒီလိုမဟုတ်ဘူး။ အမေ့ကို ဂရုစိုက်ပါ မောင်မျိုးရေ ...

မိုးခါး said...

အေးဟာ ငါ့အမေလဲ ငါ့အသံကြားရင် ၀မ်းသာ ၀မ်းနည်း ဖြစ်နေတယ်လို့ ခံစားရတယ် .. ဖေကြီး အနားရှိနေလို့ တော်ပါသေးရဲ့ .. သားက တနေရာ သမီးက တနေရာနဲ့ ..း(

အမေတိုင်း အသက်ရှည်ရှည်နဲ့ ကျန်းမာ ပျော်ရွှင်နေနိုင်ပါစေ ..

မေဇင် said...

အုန်းဆီကြိုက်တာ စက်ချုပ်တာ အလုပ်နဲ့လက်မပြတ်တာ.. ရေချိုးခါနီး ထမင်ရင်ရှားနဲ့ ဘာမှန်းမသိတာတွေ လုပ်ရင်းနဲ့ တော်တော်နဲ့မချိုးတာတွေ နောင့် တို့ အမေ နဲ့ တူတယ်။ ဖုန်း ဆက်ရင် သူ အရင်လာကိုင်ပြီး အမ နဲ့ အဖေ ပြောမယ့် အလှည့်မရောက်အောင် ဖုန်းကဒ် ကုန်တဲ့ အထိ သူ့မှာပြောစရာ စကားတွေ အများကြီးပဲ။ ဒီက ပို့သမျှ တွေ ကို မသုံးပဲ လာတဲ့သူတွေကို ကြွားတာချင်းလဲ တူတယ်း) ... အမေ တွေ တော်တော်များများ တူကြတယ်ထင်ပါရဲ့။ လွမ်းလိုက်တာ။

rose of sharon said...

ကျမလဲ အောင်ဘို့ ၁မှတ်လိုနေသေးတဲ့ သမီးတစ်ယောက်ပါ...

အင်္ဂါဟူး said...

ဘာပဲဖြစ်ဖြစ် အောင်ဖို့တော့ ကြိုးစားနေရမယ့် သားသမီးတွေ မဟုတ်လားကွယ်။

မြစ်ကျိုးအင်း said...

ဖတ်ရင်း တိုက်ဆိုင်တာလေးတွေပါလာရင် အမေ့ကို သတိရသွားမိသေးတယ်။

အပြုံးပန်း said...

အမေ့အကြောင်းလေး
ဖော်ညွှန်းသွားတာ
ရသ မြောက်လိုက်တာ၊
အနုစိပ်ပဲ၊
တစ်မှတ်လိုတဲ့ ဥပမာကို
ဒီမှာပဲ ကြားဖူးသေးတယ်၊
သဘောကျမိတယ်။

အုပ်ကြီး said...

မရိုးနိုင်တဲ့ဇာတ်လမ်း
မကုန်နိုင်တဲ့မေတ္တာ ..
မိဘဆိုတဲ့နေရာ ...
တစ်နေ့ ကိုယ်ရောက်တဲ့အခါ ....
သူတို့ လို..ကိုယ်လုပ်ပေးနိုင်ပါ့မလားဗျာ ...

ညိမ်းနိုင် said...

အင်း.....အမေ့ကိုတောင် လွမ်းသွားမိတယ်...။
ကိုယ်ကတော့ ၃၉မှတ်ပေးတောင် ၁မှတ်မဟုတ် ၂မှတ်
လောက်လိုနေဦးမှာ..၊အမေပေးတဲ့အမှတ်တောင် ဂျေး
များချင်တာကိုးးးးးးး)

လပြည့်ရိပ် said...

မောင်မျိုးရဲ့ အမေ က ကျွန်မ အဖွားနဲ့ နေပုံထိုင်ပုံတော်တော်တူတယ်။ အဖွားလည်း အလုပ်နဲ့လက်နဲ့ဘယ်တော့မှ မပြတ်ဘူး။ သူ့မှာ အုန်းလက်သတ်ပြီး တံပျက်စည်းတံ သတ်တဲ့ အလုပ် နေ့လည်တရေးနိုးရင် လုပ်ချင်လုပ်၊ ညနေဆိုရင် ကွမ်းခြံ၊ ပန်းပင်တွေ ရေလောင်းတတ်သေးတယ်။ ကွမ်းကလည်း အမြဲတမြုံ့မြုံ့နဲ့လေ။ အဖွားဆီက ကွမ်းနံ့၊ အုန်းဆီနံ့ နဲ့ သနပ်ခါးနံ့ရောထွေးနေတဲ့ အနံ့လေးက ချစ်စရာကောင်းတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...