Monday, March 26, 2012

အမြင့်....

ထိပ်ဆုံးရောက်ချင်ရင် ခပ်မြင့်မြင့်တော့ တက်ရမှာပေါ့ ဒါပေမယ့် ကျနော် အမြင့်ကြောက်တယ် ။ အငယ်က ရွာမှာ မာလကာသီး ခူးစားတာ သရက်သီး ခူစားတာမျိုးဆိုရင် အပင်ပေါ်တက်ခူးစားရတာ အဲ့တော့ အပင်ပေါ်တက်ရတာ အမေက အဲ့ကျ အမေက မှာတတ်တယ် အမြင့်ကြီးမတက်နဲ့နော် ပြုတ်ကျမယ်တဲ့ ပြုတ်ကျရင် ဘာဖြစ်လဲဆိုတော့ ဒဏ်ရာရတာပေါ့ သားရယ်တဲ့ အမေက ကျနော် အမြင့်ကြီးမှန်းလို့ အကျနာမှာ သိပ်စိုးရိမ်ပုံရတယ် ။ ရွာမှာ ကျွဲ နွားကျောင်းရင်း ချောင်းဘေးက အပင်မြင့်မြင့်တွေကနေ အစ်ကိုတွေက ချောင်းထဲခုံချတာ သိပ်ကြည့်ကောင်းတာပဲ ပြီးတော့ ရေပေါ်မှာ ပေါလောမျောလို့ ကျနော်လည်း အဲ့လို မျိုး အမြင့်ကြီးကနေ သိပ်ခုန်ချချင်တာပဲ ဒါပေမယ့်ကြောက်တယ် ။ အစ်ကို က ကျနော် အဲ့လို အမြင့်ပေါ်ကနေ ချောင်းထဲ ခုန်ချချင်တဲ့စိတ်ကို သိပုံရတော့ အပင်ပေါ် တူတူတက်လို့ အစ်ကိုပါ လိုက်ပေးတာ တက်တုန်းကတော့ ပျော်ပြီး ခုန်ချဖို့လုပ်တော့ လူက ကြောက်သေးတွေပါ ပန်းတယ် ဟုတ်တယ် ကျနော်က အမြင့်ဆို ကြောက်တတ်ပါတယ် ။


တိုက်မြင့်မြင့်တွေပေါ်ကနေ အောက်ကို ငုံ့ကြည့်ရင် ခြေဖ၀ါးတွေ သိပ်ယားပါတယ် ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူတူ သင်တန်းတက်တုန်းက ၂ လလောက်တူတူနေဖူးတယ် ညနေခင်းကျ လသာဆောင်ကျဉ်းကျဉ်းကလေးမှာ သူငယ်ချင်းတွေ စုစကားပြောကြရင် ကျနော်က အပေါက်ဝနားပဲနေတယ် ကိုယ့်ကို ဘယ်သူမှလည်း တွန်းချမှာမဟုတ်မှန်းသိပေမယ့် ကြောက်တာကတော့ကြောက်တာပဲ ။ ကြိုးနဲ့ဆွဲပြီး ပစ္စည်းယူတင်တာမျိုးဆိုရင်လည်း ကျန်တဲ့သူတွေကိုသာ တာဝန်ပေးပါ ကျနော့်ကိုတော့ မပေးပါနဲ့ အထုတ်ကို သေချာမကြည့်ဆွဲပဲ အပေါက်ကနေ အသားကုန်သာဆွဲတင်နေလို့ ခဏခဏ ပြုတ်ကျတာပေါ့ ။မနေ့ညက အမိုးထပ်မှာ တစ်ယောက်တည်းထိုင်လို့ အတွေးတွေ နယ်ချဲ့ပစ်လိုက်တာ နွေမှာ လေအေးတွေတိုက်လို့ အေးမှပဲ သတိဝင်တော့တယ် ဘ၀က အထီးကျန်ပြန်တော့လည်း သိပ်မကောင်းပြန်ဘူး ။


အမြင့် ကိုကြောက်တော့ ခပ်မြင့်မြင့်ကို ဘယ်ရောက်မတုန်း တစ်ချို့ကတော့ လောဘ နည်းတယ်ပြောတယ် ဆိုလိုတာက ဘ၀မှာ ရုန်းကန် လှုပ်ရှားရတာကို ကြောက်ရွံ့တယ်လို့ ဆိုလိုကြတာမျိုး ။ နယ်မြေသစ် အတွေ့ကြုံသစ်တွေနဲ့ ကျနော်တို့တွေ အမြင့်ရောက်ဖို့ကြိုးစားကြရတယ် ကျောင်းတုန်းက သူငယ်ချင်းတွေ ထိုက်သင့်သလောက် နိုင်ငံခြားမှာ အဆင်ပြေနေကြပေမယ့် ကျနော်ကတော့ နယ်စပ်မြို့လေးတစ်မြို့မှာ လခစားတစ်ယောက်အဆင့်ကနေ မတက်ခဲ့ဘူး ကျနော်က အမြင့်ကြောက်တာကိုး အမြင့်ကြီးလည်း မမှန်းဖြစ်သလို အမြင့်ကြီးလည်း ဘယ်တော့မှမရောက်လာခဲ့ဘူး ။

လူလတ်ပိုင်းရောက်လာလို့ ထိုက်သင့်တဲ့ အခက်အခဲတွေကိုရင်ဆိုင် ဘ၀တက်လမ်းအတွက် ကြိုးစားသင့်မှန်းသိပေမယ့် ကျနော်ကတော့ နေရာလေးတစ်ခုမှာ ငြိမ်ငြိမ်ကလေးနေနေရတာကို ပိုခုံမင်တတ်လာတယ် ဒါက ကျနော့်ရဲ့ ညံ့ဖျင်းခြင်းလို့လည်း ဆိုနိုင်တယ် ။ တစ်ယောက်သောသူကတော့ တစ်သက်စာ နာကျဉ်းပုံမျိုးနဲ့ ' အမြင့်ကို ဆွဲတင်တာ တက်မလာရဲတဲ့ပုံမျိုးနဲ့တော့ ဘယ်တော့မှ မကြီးပွားဘူး တဲ့ သူ့ကျိန်စာတွေများ ကျနော် ငြိလေသလားမသိ ကျနော် ခုထိ မကြီးပွားဘူးရယ် ပြတ်လပ်လိုက် ချေးငှားလိုက် ဒီလိုလေးပဲ ဘ၀ကို ဖြတ်သန်းလာလိုက်တာ အချိန်တွေတောင် တော်တော် နှောင်းခဲ့ပြီး တစ်ချို့ကမေးတယ် ဒီမှာလုပ်နေတာလည်း ကြာပြီဆိုတော့ တော်တော် စုမိပြီလားတဲ့ ကျနော် ပြုံးရုံပဲ ပြုံးဖြစ်တယ်း) ။


အမြင့်ကြီးတွေ မတွေးဖြစ်လို့ အမြင့်စားစကားတွေလည်း ကျနော် မဆိုတတ်ဘူးရယ် ။ အမြင့်ကြီးတွေတွေးပြီးမကြိုးစားခဲ့လို့လည်း ကျနော် အောင်မြင်တဲ့သူတစ်ယောက်လည်းမဖြစ်ခဲ့ပြန်ဘူး ။ ဒါပေမယ့် ကျနော် ဒီဘ၀လေးကို ကျေနပ်ပါတယ်ဆိုတော့ မိတ်ဆွေတစ်ချို့ကထောပနာပြုတယ် ဘုန်းကြီး တဲ့ ။အမြင့်ကြီးရောက်ဖို့ သက်လုံးကောင်းဖို့လိုတယ် ။ အမြင့်ကြီးရောက်ဖို့ အတွန်းအတိုက်တွေ ခံနိုင်ရမယ် သေချာတာတော့ ကျနော် အမြင့် ကိုမရောက်သေးတာပဲ ဒီစာရေးရင် ဘယ်လိုများ နိဂုံးချုပ်ရမလဲ တွေးမိတော့ ကျနော်ရေးတဲ့ အမြင့် ဆိုတာကို ကျနော် ကိုယ်တိုင် ဘယ်လိုပေတံမျိုးနဲ့ တိုင်းနေတာလည်းဆိုတာ ကျနော်ကိုယ်တိုင်လည်းမသိဘူး အဲ့တာကြောင့်ပြောတာပေါ့ အတွေးတွေက သိပ်တိမ်တာ ဘယ်တော့မှ အမြင့်မရောက်ဖူး ။ တကယ်ပြောတာပါ ကျနော် အမြင့်ကြောက်တယ်ဗျ ။




မောင်မျိုး .... ရေးသည် ။

Saturday, March 24, 2012

အိမ်ပြန်ကြရအောင်..



သီ..မောင်တို့ အိမ်ပြန်ကြရအောင်။


စကားတခွန်းမျှ မဆိုပဲ သုတ်ခနဲထသွားသော သီ့နောက်ကို လိုက်ကြည့်မိသည်။ သယ်ရန်ပစ္စည်းစာရင်း ဟူသော သီရေးနေတဲ့စာကို ဖတ်အပြီးမှာ သီ့ကို အားရပါးရပြုံးပြပြီး ကျေးဇူးတွေတင်လို့။

တကယ်တန်းပြန်မယ်ဆိုတော့ ဒီဖက်က လုပ်စရာရှိတာတွေကို လုပ်ရတော့မည်။ လက်ရှိအလုပ်ကနေ နှုတ်ထွက်စာတင်ခဲ့လိုက်သည်။ လုပ်ငန်းထုံးစံ အရ လုပ်လက်စအလုပ်တွေကို လွှဲပေးဖို့အတွက် အလုပ်တွေအားလုံးကို စာရင်းတခုပြုစုနေတုန်း သီအိုနဲ့လော်ရာတို့ နှစ်ယောက် မျက်နှာမကောင်းစွာနဲ့ စကားပြောလာတယ်။

မျိုး မင်း ထွက်စာတင်ထားတယ်ဆို

ကီးဘုတ်ပေါ်က လက်ကို အသာမြှောက်ပြီး

အင်းလေ


လို့ ဖြည်းဖြည်းချင်း ပြောလိုက်နိုင်သည်။ မျက်ခုံးတော့ ပင့်သွားမိသလားတော့ မဆိုနိုင်။


အလုပ်ထဲက မေးတဲ့မေးခွန်းတွေကို ဖြေရတာ လွယ်သလောက်၊ အိမ်ကိုဖုံးဆက်တော့မှ အမေ့ရဲ့မေးခွန်းတွေက နက်နက်နဲနဲတွေ။


အလုပ်အဆင်မပြေလို့လား သားရယ်တဲ့


မဟုတ်ပါဘူး အမေ


ဒါဖြင့် ဘာလို့လဲငါ့သားရယ် မင့်ဟိုမှာ အခြေတကျဖြစ်နေမင့်ကို


ဘာရယ်တော့မဟုတ်ဘူးအမေ သူများရပ်ရွာမှာ နေတာကြာတော့ အိမ်ကိုပြန်ပြီး လာနေချင်တာမျိုးထင်ပါတယ်။


တနှစ်တခေါက်တော့ပြန်လာလို့ရသားနဲ့ကိုငါ့သားရယ်၊ လက်ရှိကနေ လက်မဲ့ဖြစ်အောင်ကွယ်။


အမေနဲ့ဖုံးပြောအပြီးမှာ နည်းနည်းတော့ ငိုင်သွားတယ်။ တော်သေးတယ် ဘေးနားက သီက ကိုယ့်လက်ကို အသာလေးတွဲထားပေးပေလို့။


အားလုံးသော သူငယ်ချင်းတွေကိုတော့ အကြောင်းမကြားဖြစ်တော့ပဲ နီးစပ်ရာ၊ သိသင့်သိထိုက်တဲ့ လူတွေကိုပဲ အသိပေးလိုက်တယ်။ တယောက်ချင်းစီရဲ့ မေးခွန်းတွေကို ကိုယ် အပြန်ပြန်အလှန်လှန် သုံးသပ်မိတယ်။


ဇော်နိုင်နဲ့အမေးအဖြေ


ပြန်မယ်ဆိုတာက ဟုတ်ပါပြီ။ ပြန်ပြီး ဟိုမှာ မင်းက ဘာလုပ်မှာလဲ။


လောလောဆယ်တော့ မစီစဉ်ရသေးဘူးကွ။ အလုပ်တခုတော့ လုပ်မယ်လေ။


လုပ်ငန်းလုပ်ဖို့ အဆင်ပြေပါ့မလား။ ဟိုမှာက စလုံးရေစရာမှာနော်။


အင်း..ထည့်တွက်ထားပါတယ်ကွာ။


မာမာနဲ့အမေးအဖြေ


ဟဲ့..နင်တို့နှစ်ယောက်ကတော့ တကယ့်သူရဲကောင်းတွေလိုပဲနော်။ သတ္တိရှိလိုက်ကြတာ။


ဟမ် ဘာလို့လဲသူငယ်ချင်း။


ပြန်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ကြတယ်နော်။ ငါတို့ကတော့ နေရဦးမယ်ဟာ။


သြော်သူငယ်ချင်းရာ…နင်တလွဲမတွေးပါနဲ့ဟာ။ ကိုယ့်မြေကိုစွန့်ပြီး သူတပါးရပ်ရွာမှာ စွန့်စားကြတဲ့ ငါတို့တွေ အားလုံးက သူရဲကောင်းတွေပါ။ အခုက ရင်ခွင်ဟောင်းကို ပြန်ရမှာလေ ရင်ခွင်ဟောင်းက ငါတို့နဲ့ ရင်းနှီးအကျွမ်းဝင်ပြီးသား။ ပြီးတော့ ငါတို့ကို ကြိုဆိုပြီသားလေဟာ။


မာမာလက်သင့်ခံမခံတော့ မသေချာပါ။ ကိုယ်တိုင်တော့ ကိုယ့်အဖြေတွေကို ကျေနပ်နေသည်။


သုတနဲ့အမေးအဖြေ


ငါတို့တော့ ဘယ်တော့မှ မပြန်ဘူး။


ဟေ..ဘာလို့လဲသုတ။


ခြင်ကလည်းကိုက်သေး၊ မီးကလည်းမမှန်ဘူး၊ အခုတမျိုးတော်ကြာတမျိုးနဲ့ ငါတော့ အဲ့လိုနေရာမှာ မနေချင်ပါဘူး။


ဟာကွာ..သုတရာ..တလောက ဖတ်ဖူးတဲ့စာထဲကလို မင်းဦးနှောက်တံခါးတွေ အပွင့်လွန်ပြီး နှလုံးသားတံခါးပိတ်သွားတာဖြစ်မယ်။


ပြောချင်တာပြောကွာ၊ လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတဲ့ နေရာမျိုးကို ပြန်လည်း ခဏပဲငါနေနိုင်မယ်။ မင်းပြန်မယ့်နေရာမှာ ငါဟာဧည့်သည်ပဲဖြစ်နိုင်တော့မယ်။ ငါအခုလက်ရှိနေရာမှာ အိမ်ရှင်လို ကျင့်သုံးခဲ့တာကြာပြီ။


အေးပါကွာ အေးပါ.


ဒါတောင် အနီးကပ်ဆုံး သူငယ်ချင်း သုံးယောက်ပဲအသိပေးထားလို့တော်တော့တယ်။ သူငယ်ချင်းတွေအကုန်လုံးသာ သိရင် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တရစေမလား အတပ်မပြောနိုင်။


သီ..သီကောဘယ်လိုသဘောရသလဲ။


သီကတော့ မောင့်သဘောပါမောင်။ ဆင်ဖြောင့်ကြီးသွားရာ ဆင်မယဉ်သာ လိုက်ပါရစမြဲတဲ့မောင်။ သီတို့ မြန်မာမိန်းကလေးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ထပ်ချပ်မကွာ နေရမယ်လို့ လူကြီးသူမတွေက ဆုံးမဖူးတယ်။ သြော် နောက်တခုရှိသေးတယ် သီက မောင့်ကို အကြွင်းမဲ့ ယုံတယ်။ မောင်လျှောက်မယ့် လမ်းကို မောင် ရွေးချယ်ခဲ့တာ လွယ်လွယ်ကူကူ မဟုတ်လောက်ဘူးဆိုတာ သီသိပါတယ်။ မောင့်လက်ကိုတွဲပြီး လျှောက်ရဲပါတယ် မောင်.


ကျေးဇူးတင်လိုက်တာ သီရယ်…


ဒါပေမယ့်သီ မောင်တို့တွေ ပြင်ဆင်ရမယ့် အရာတွေ ရှိနေသေးတယ်။ ကိစ္စဝိစ္စတွေထက် မောင်တို့ရဲ့ စိတ်တွေကို အရင်ဆုံး ပြင်ဆင်ရမယ်။


သီကော ရင်ဆိုင်ရမယ့် အရာတွေအတွက် အဆင်သင့်ဖြစ်ပြီလား.


မောင်တို့ အဲ့ဒါတွေကို စာရင်းပြုစုကြည့်ရအောင်.

၁။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမယ် (အရင်တုန်းက ဒီအရပ်မှာ ရှင်သန်ခဲ့ဖူးတာပဲလို့ စိတ်မျိုးပြန်ထားရင် ဒီအခက်အခဲကကျော်လွှားနိုင်မှာပါ)

၂။ အင်တာနက် တယ်လီဖုန်း ခက်ခဲမယ် (အထိုက်အလျောက်တော့ သုံးလို့ရမယ်လို့ ထားလိုက်ကြရအောင်)

၃။ စီးပွားရေး (ဒီက စုဆောင်းထားတာလေးနဲ့ မောင်တို့ လုပ်ငန်းတခုခု လုပ်ကြမယ်)

၎။ နေဖို့ထိုင်ဖို့ (နှစ်ဖက်မိဘတွေနဲ့တော့ မနေချင်ဘူး၊ သင့်တင့်လျောက်ပတ်တဲ့ တိုက်ခန်းတခန်းဖြစ်ဖြစ် နေကြမယ်လေ)

၅။ နှစ်ဖက်ဆွေမျိုးတွေနဲ့မိတ်သင်္ဂဟတွေနဲ့ ရင်ဆိုင်ဖို့ (ဒါတော့နည်းနည်းခက်မယ်၊ ပထမသူတို့မေးခွန်းတွေကို ဖြေဖို့၊ နောက် သူတို့ရဲ့ မှတ်ချက်တွေကို ခံနိုင်ရည်ရှိဖို့)

အခုတော့ ငါးခုရပြီ။ သီစဉ်းစားလို့ ရရင် ထည့်ဖြည့်ပေး မောင်စဉ်းစားလို့ ရရင်လည်း ထပ်ဖြည့်မယ်.


အင်း…


ရောင်းသင့်တာရောင်း၊ ပေးသင့်တာပေး အပြီးမှာ ကျန်တဲ့ အရာတွေကို ထုတ်ပိုးဖို့။ တချို့လွှင့်ပစ်သင့်တာကို လွှင့်ပစ်။ အချိန်အတော်အကြာ နေလာခဲ့တော့ ဒီအိမ်ကိုလည်း ငြိတွယ်သည်ပဲပေါ့။ (ဒီပင်အိုပေါ် သံယောဇဉ်ငြိတွယ်လို့ မနေနဲ့ ပြန်မှာသာ ပြန်ပါ အမြန်ပြန်ပါ)


မပြန်ခင်ညမှာတော့ သူငယ်ချင်းတွေက နှုတ်ဆက်ညစာစားပွဲ လုပ်ပေးခဲ့သည်။ အဲ့ဒီညက ကြယ်တွေကလည်း စုံလိုက်တာ။ ကာရာအိုကေ သွားဆိုကြရအောင်ဆိုပြီး အားလုံးတက်ညီလက်ညီ ချီတက်သွားကြတယ်။ သီချင်းတွေကို နေမျိုး မင်းပဲရွေးလို့ ပြောတာမို့ ကိုယ် ပထမဆုံးထည့်ပေးလိုက်တဲ့ သီချင်းက အချိန်အခါနဲ့လည်း သင့်မယ့်ထင်တဲ့ ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်..


အရင်တုန်းကဆို လျှောက်….လိုက်ဆိုတဲ့နေရာမှာ အားလုံး တပျော်တပါး လိုက်ပါ အော်ဟစ်နေကြ။ အခုညတော့ အဲ့ဒီနေရာမှာ ဆိုမယ့်လူမရှိဖြစ်လို့။ ပြီးရင် အဆုံးသတ်တီးလုံးမြူးမြူးမှာ ကခုန်ပျော်ပါးဖို့ မေ့လျော့လို့။ သူငယ်ချင်းတွေ ဆိုနေကြသီချင်းလေးတွေကို ထည့်ရင်း အဆုံးသတ် ကိုယ် ဆိုမယ့်သီချင်းကိုတော့ ကြယ်တွေစုံတဲ့ညကိုပဲရွေးလိုက်တယ်။


သီချင်းအဆုံးမှာ ကိုယ်လည်း ငိုသံပါကြီးနဲ့ သူငယ်ချင်းတွေနဲ့ ငါ ပြန်ဆုံချင်ပါတယ် ငါတို့ကြယ်တွေစုံကြရအောင်လို့ ခပ်မြန်မြန် ပြောလိုက်ရတယ်။


အားလုံးထုတ်သိမ်းပြီး ဖြစ်တဲ့ အခန်းလေးက ပြောင်ရှင်းသပ်ရပ်လို့။ သီရေ ဒီည ကိုယ်တို့ မအိပ်ပဲ အခန်းလေးထဲမှာ ထိုင်နေကြရအောင်လို့ တိုက်တွန်းမိသွားတယ်။ သီကတော့ ရှင်းလင်းထားတဲ့ မီးဖိုချောင်မှာ ကော်ဖီတခွက်နဲ့ ကွတ်ကီးလေးတွေ ယူလာရင်း ကိုယ်တို့ နှစ်ယောက်မိုးလင်းတာကို ထိုင်ကြည့်နေလိုက်ကြတယ်။


တချို့တွေက အိမ်ပြန်ဖို့. တချို့တွေက အိမ်မပြန်ဖို့.တချို့တွေကတော့ လမ်းတဝက်မှာ. တချို့တွေက လမ်းဆုံမှာ.


အခုကတော့ အိမ်ပြန်ကြရအောင်ဆိုတာ.နောက်က ဆက်ပြီးရတဲ့ အတွေးချည်မျှင်စတွေပါ။ ရက်လုပ်မယ့် ရက်ကန်းက အလှပဆုံး ချည်ထည်တွေ ဖြစ်စေမလား၊ ချည်မျှင်စတွေ အဖြစ်နဲ့ပဲ အဆုံးသတ်စေမလားဆိုတာကိုတော့…။



P.S = ကျနော့် ဘလော့မှာ စာဖတ်သူဆိုတဲ့ Label မှ စာတွေကို ကျနော့်ညီလေး စာဖတ်သူမှ ရေးခြင်းဖြစ်ပါတယ် စာမရေးဖြစ်တော့တဲ့ ကျနော့်ဘလော့လေးမှာ နောက်ပိုင်းလည်း သူ့စာတွေ ဖတ်ရအုံးမှာပါ ကျနော့်ဘလော့က သူငယ်ချင်းတစ်ချို့က ကျနော်ရေးတယ်ထင်နေလို့ပါ ကျေးဇူးတင်ပါတယ် ။



LinkWithin

Related Posts Plugin for WordPress, Blogger...