Saturday, February 18, 2012

ဦးလေး.....

ခုရက်ပိုင်း ကျနော် စာတွေ သိပ်မရေးဖြစ်ဘူး သူငယ်ချင်းရေးတဲ့စာတွေပဲ တင်ဖြစ်တယ် ။ ရေးဖို့လည်း ကုန်ကြမ်းမရှိသလို ရေးပြီးသား ကုန်ချောကလည်းမရှိ ။ အသက်ကလေးရလာတယ်လို့လည်း ကိုယ့်ကိုယ်ကိုမပြောချင်ပါဘူး ဒါပေမယ့်လည်း လူမှုရေး လုပ်ရတာတွေ ပိုပိုများလာတယ် ။ ကိုယ့်ရဲ့ အဝေးကြီးက သူစိမ်းတွေအပေါ် လူမှုရေးကြီးတွေ ကြီးကြီးကျယ်ကျယ် လုပ်မှ လူမှုရေးလုပ်ငန်းလို့ ကျနော်ကတော့ မထင်ပါဘူး ဆရာဦးဟန်ကြည် ပြောတဲ့စကားလေးကို သွားသတိရတယ် *ကိုယ့်အနားမှာရှိတဲ့သူတွေကိုတောင် မချစ်တတ်တဲ့သူက မမြင်ရတဲ့ ဘုရားသခင်ကို ချစ်တယ် ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ တဲ့ ။ ကျနော်လည်း တာဝန်တွေ များများလာတယ် ကိုယ်က ဦးလေးကိုး တစ်ခါတလေ သိပ်ကိုပင်ပန်းပါတယ် ခလေးလေးတွေလည်းမဟုတ်ကြတော့ပါပဲ ကိုယ့်မျက်စိထဲတော့ သူတို့လေးတွေ အားလုံးဟာ ခလေးလေးတွေလို့ကိုမြင်တုန်း အသေးဖွဲလေးက အစ ပြောမိနေတုန်း ဒါတွေက ချစ်ခြင်းတရားတွေဆိုတာ သူတို့တွေသိရင်ကောင်းမယ်။

ကျနော့်တုန်းက ဘယ်ဦးလေးတွေဆီကမှ မုန့်ဖိုးဆိုတာလည်းမရဖူးပါဘူး သူတို့လည်း သူတို့ဘ၀မှာ သူတို့တွေရုန်းကန်နေကြရတာ ဒါပေမယ့် တူ တူမတွေဆိုတာ မပြည့်စုံတဲ့ မိဘမှာ သူတို့ရဲ့ လိုချင်မှုလေးတွေဟာလည်း ဦးလေးတွေ အပေါ်မျှော်လင့်ချက်လေးတွေ ထားလာတတ်ကြပါတယ် ။ ကျနော့်တုန်းကတော့ ဒီလိုမျိုး ရရှိခဲ့မှုမရှိတော့ အခု ကိုယ်က ဦးလေးနေရာပြန်ရောက်တော့ တတ်နိုင်တာလေးတွေဖြည့်စည်းပေးချင်မိတယ် ။ တစ်နှစ်ကို တစ်ယောက်နှုန်းလောက်တိုးတိုးလာတယ် ။ အရင်က သေးသေးလေးတွေ ၀ယ်ပေးရတဲ့ တူတွေဟာလည်း ခုဆိုတော်တော်ကြီးကြီးမှ အဆင်ပြေတော့တာ ဒီ ဦးလေး မှာ ဖုတ်လိုက် ဖုတ်လိုက်နဲ့ ။

ခလေးတွေဟာလည်း သူတို့ ဦးလေး မဲဆောက်လိုနေရမှာ ရှိပေမယ့် သူတို့အတွက်တော့ အမေရိကားမှာ လစာ ဒေါ်လာနဲ့ချီရတဲ့ ဦးလေးပဲ ဒါကိုကတင် သူတို့အတွက်ကြွားစရာ အဖုံးမရှိတော့တဲ့ ကွမ်ဖာစုတ်လေးကိုလည်း ကြွားရတာ အမော * ဒါ ငါတို့ဦးသားလေး မဲဆောက်က ၀ယ်ပေးလိုက်တာ အကောင်းစား * တဲ့ ။ ပြီးတော့ ကိုယ်က အပေးပဲ ရှိချင်တာပဲ တကယ်ပဲ အယူပြန်ရှိရမယ့် အခြေနေကိုလည်း ကြောက်ပါတယ် ။မိဘရဲ့ ချစ်ခြင်းတရားတွေကို ရေးကြတဲ့စာမျိုးပဲဖတ်ရတာတွေများပေမယ့် ကျနော်တို့လို့ဦးလေးတွေရဲ့ ချစ်ခြင်းတရားကို ရေးမယ့်သူကတော့ ရှားမယ်ထင်ပါတယ် သွေးဟာ ရေလောက်မကျဲ သွေးက ပြန်ပြီးမွေးထားတဲ့ ရင်သွေးတွေဟာလည်း ကိုယ့်အတွက်တော့ရတနာလေးတွေပါပဲ သူတို့အားလုံးကို ကျနော်ချစ်ပါတယ် ။

တစ်ခါက မလတ် သမီးလေးအတွက်ပဲ ဂါဝန်လေးတစ်ထည်ပါသွားတယ် အရင်ဆုံးတွေ့တာက မငယ် ပြီးတော့ သူ့သမီးလေးအတွက်မပါတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ပြန်သွားတာ ကျနော့်မှာ တစ်နေ့လုံး နေမထိ ထိုင်မသာ အမေက အဲ့တာကြောင့်ပြောတာပေါ့ သားရယ် နင် အဆင်မပြေရင် တစ်ယောက်မှ မ၀ယ်ပေးနဲ့ ၀ယ်ပေးရင်လည်း အယောက်စေ့ ၀ယ်ပေးလို့ အမေပြောတာပေါ့ သူစိမ်းတွေလည်းဖက်လာတော့ စိမ်ဝမ်းကွဲဖို့လွယ်လာပြီတဲ့ အဲ့ကတည်းက ကျနော်လည်းမှတ်သွားတယ် ။ တူမလေးတွေကများတယ် သူတို့အတွက် ကလစ်သေးသေးလေးတွေစု ၊ ပိုက်ဆံအိတ်သေးသေးလေးတွေစု တော်တော်ကြီးများမှ အယောက်စေ့တယ်ထင်မှ ပို့ဖြစ်တယ် တစ်ခါတလေ ခလေးတွေ ကအဝေမတည့်တော့ နပန်းလည်း လုံးကြသေးတယ်လေ အဲ့တော့ ကြွတ်ကြွတ်အိတ်ကလေးနဲ့ထည့် အဲ့ပေါ်မှာ တစ်ခါတည်း နာမည်တပ်ပေးလိုက်တယ် အေးရော ပြီးရင် စာတိုလေးလည်းထည့်ရေးလိုက်တယ် ပေးတဲ့အတိုင်း ယူနော် မလုကြနဲ့ လုရင် နောက်မ၀ယ်ပေးတော့ဘူး အဲ့တာက သက်သေခံချက် ခလေးတွေ လုကြရင် အစ်မတွေက နင်တို့ဦးသားလေး ပေးတာပဲယူ မဟုတ်ရင် လုကြတယ်လို့ပြန်တိုင်လိုက်မယ် အဲ့တာဆို နောက် နင်တို့ဘာမှမရတော့ဘူး အဲ့လိုပြောလိုက်ရင်တော့ အဲ့ဒီ လူဆိုးအသေးမွှားလေးတွေက ငြိမ်သွားကြကော ။

ကိုယ်ငယ်ငယ်ကထိန်းခဲ့ရတဲ့ တူတော်မောင် နှစ်ယောက်က ခုဆို တော်တော်ကြီး အရွယ်ရောက်နေကြပြီ ရည်းစားတွေလည်း ထားတတ်နေကြပြီ မကြီးကတော့ ခဏခဏကို တိုင်နေလို့ နားငြီးတယ်ဗျာ အဲ့တာတွေကြီးကြားရတာ စိတ်ရှုပ်လို့ လို့ပြောရတာ ။ အိမ်ပြန်တုန်းက အကြီးကောင်က ဆေးလိပ်တွေ ကွမ်းတွေပါ စားတတ်နေပြီ အစ်ကိုရယ် ကျနော်ရယ် တူနှစ်ယောက်ရယ် လက်ဖက်ရည်ဆိုင်ထိုင်တော့ အကြီးကောင် က ကောင်းကောင်းဆေးလိပ်ကိုဖွာလို့ နာရွက်ကဆွဲပြီး ခေါင်းကို ၂ဆင့်ချက်တီးထည့်ပေးလိုက်တယ် * ဦးလေးတွေရှေ့မှာ မရိုမသေနဲ့ လူကြီးကြီး လုပ်လို့ကွာ * တကယ်ဆို သူတို့တွေ အရွယ်ရောက်နေပြီဆိုတာ ကျနော် နားလည်ပေးရမှာ ဒါပေမယ့်လည်း မကောင်းတာမြင်ရင် ဆုံးမလိုက်ရမှ နေတတ်တဲ့ အကျင့်ကလည်းပြင်မရ လက်ဖက်ရည်ဆိုင်ဆိုတော့ လူကများတယ် သူရှက်သွားမှာ စိုးတော့ အစ်ကိုက * ငါ့ညီကလည်း သူတို့လည်း အရွယ်ရောက်ပြီ လွှတ်ထားပေးလိုက် တို့တွေ နေရာတိုင်းလိုက်ပြောဖို့မသင့်တော့ဘူး * တဲ့ အဲ့လိုကြီးလား ကျနော်ကတော့ အဲ့နေ့က တူတွေကိုပြောမရလို့ စိတ်ဆိုးပြီး အိမ်အစောကြီး တစ်ယောက်တည်း ထပြန်ခဲ့တယ် ။

ပြီးခဲ့တဲ့ ဆန်းဒေးပိတ်ရက်တုန်းက ဟိုဘက်ကမ်းမှာ နေနေတဲ့ အစ်ကိုကြီးရဲ့ သား ကို ဆုံးမခန်းသွားဖွင့်ရသေးတယ် စာမေးပွဲက ဖြေရတော့မယ် သူ့ရည်းစားကောင်မလေးနဲ့ ခိုးပြေးမလိုလို ဘာလိုလိုကြားနေရတော့ အစ်ကိုကဖုန်းဆက်ပြီး နည်းနည်းပါးပါး သွားဆုံးမပါအုံးတဲ့ ဟွန်း ငါတော့နော် အသက်တိုမယ် ဒါတွေနဲ့ပဲ ။ ဆုံးမရအောင်ကလည်း ကျနော့်ကိုယ် ကျနော်တောင် ငါလူကြီးဖြစ်ပြီရဲ့လားဆိုတာ ပြန်ပြန်မေးနေရတဲ့အဖြစ် ။သူ့ကိုတွေ့တော့ ပေတလူးတုန်း အငယ်တုန်းကလို ဒီ ခလေးရုပ်ပဲရှိသေးတဲ့ ကောင်လေးက ရည်းစားတွေရလို့ ခြေလှမ်းတွေတောင် ပြင်နေပြီဆိုပါလား * မင်းအဖေကတော့ ငါ့ကို သွားဆုံးမပါအုံးတဲ့ ငါလည်း စကား အများကြီးမပြောတတ်ဘူး ဆုံးလည်းမဆုံးမတတ်ဘူး မင်းကိုယ်မင်း လူကြီးဖြစ်ပြီလို့ထင်ပြီလား ကိုယ့်မုန့်ဖိုးတောင် ကိုယ်ရှာမသုံးတတ်သေးတဲ့သူက သူများသားသမီး ယူပြီး ရှာကျွေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား စဉ်းစားပါအုံး သူများတွေ တက်စ်စီမောင်းသလို မင်းမောင်းနိုင်မလား ပန်းရံလုပ်ရင်ကော လုပ်နိုင်ပြီလား အေး ကိုယ့်ကိုယ်ကို ပြန်စဉ်းစား မင်းတို့ဦးလေးဖြစ်တဲ့ ငါတောင် ဘာမှန်းမသိသေးတဲ့ ကိစ်စ မင်းတို့ ခေါင်းထဲရောက်နေတာ အံ့သြစရာပဲ * တူတော်မောင်က ဦးလေးဆူတော့ မျက်ရည်က စမ်းတမ်းတမ်း အဲ့လိုဆိုတော့ သနားလို့ မပြောတော့ဘူး ခပ်ပိန်ပိန် ကိုယ့်ပိုက်ဆံအိတ်ကလေးထဲက အသပြာလေးထုတ်လို့ * ရော့...မုန့်ဖိုး ဆံပင်လည်းသွားညှပ် ဖိနပ်လည်းတစ်ရံဝယ်စီးလိုက် ကျန်တာက မုန့်ဖိုး * မုန့်ဖိုးရလို့ ပျော်သွားတဲ့ သူ့ပုံစံက ခလေးတစ်ယောက်လိုဖြစ်နေတုန်း ။

အမေ့မှာ မောင်ဝမ်းကွဲ တစ်ယောက်ရှိပါတယ် လူပျိုကြီး တူ တူမတွေတော်တော်များတယ် အငယ်လေးကတည်းက သူထိန်းခဲ့တဲ့သူတွေကြီးပဲ သူ့ညီမ တစ်ယောက်ဆို ခလေးကြီး ၁၃ ယောက်လောက်ရှိတယ် မွေးထားတာ အဲ့ခလေးတွေက ကျနော်တို့နဲ့တော့ စိမ်းတယ် အနေဝေးတာလည်းပါတယ် အမေ့မောင်ဝမ်းကွဲကတော့ ရွာမှာ အိမ်ထောင်ကျပြီး နေနေတဲ့ သူ့တူတစ်ယောက်နဲ့ တူတူလာနေပါတယ် တစ်ခါတလေ အိမ်မှာ ထမင်းလာလာစားဖြစ်တယ် အမေကတော့ မောင်ဝမ်းကွဲဆိုပေမယ့် သနားလို့ သူ့ကိုမောင်လေးအရင်းတစ်ယောက်လို ချစ်ခင် ဂရုစိုက်တယ် သူကလည်း အမေ့ကို ချစ်ကြောက်ရိုသေပါပဲ ကျနော် သူ့ကို သတိထားမိတာ သူ့မှာ ဇရာရဲ့ အထုအထောင်းအပြင် စိတ်ဓာတ်ပိုင်းတွေပါ ကျကျလာသလိုပဲ အားကုန်ခမ်းနေတဲ့သူတစ်ယောက် လောကဟင်းလင်းပြင် လမ်းမကြီးမှာ တစ်ယောက်တည်း အဖော်မဲ့စွာလျှောက်လှမ်းရတာနဲ့ တူနေသလိုပါပဲ ။ မိုးတွင်း ဆို တူ က စပါးပေးနဲ့ငှားကျောင်းထားတဲ့ ကျွဲတွေကို သူက ကျောင်းပေးတယ် သူ့တူကတော့ အရက်တွေမူးလို့ အေးဆေးအိပ်နေတာ သူ့မှာတော့မိုးရွာကြီးထဲ ပင်ပန်းလိုက်တာ အချိန်တန်တော့ တူတွေက ကျွဲကျောင်းခ စပါးပေး အေးဆေးသွားထုတ်သုံးလိုက်တာပဲ ။

တစ်ခါတလေ သူလည်း စိတ်ပျက်တယ်ထင်ပါ့ အရက်တွေမူးပြီး အမေ့ကိုလာတိုင်လို့ ငိုယိုနေတတ်တယ် သူပြောတဲ့ စကားလေးက ကျနော့်ရင်ကိုထိပါတယ် * အစ်မရာ ကျနော့် တူ တူမတွေက ကျနော်ချစ်ခဲ့ရ ပေးဆပ်ခဲ့ရတာတွေနဲ့မတန်အောင် ကျနော့်ကို ဒဏ်ရာတွေ ပြန်ပေးကြတယ်ဗျာ * တဲ့ အဲ့အရက်မူးတဲ့ တူက မူးရင် ဦးလေးကို အိမ်ပေါ်က နှင်ချတတ်ပါသေးတယ် ဒီဦးလေးမရှိရင် ထမင်းငတ်ကိန်းဆိုက်မှာ သူတို့တွေ မသိကြဘူး ။ ကျနော်တို့တွေက ဦးလေးကို သနားပေမယ့် သူတို့က တူအရင်းတွေ အမြင်မတော်ပေမယ့် ရန်များလို့ ဘာမှ ၀င်မပြောကြဘူး ကျနော် မှတ်မိသလောက် အဲ့ဦးလေးက အလုပ်နဲ့ လက်ပြတ်တယ်မရှိပဲ ရှာကျွေးခဲ့တာ သူဆုံးတော့ သူရှာကျွေးခဲ့တဲ့ တူ တွေ တူမတွေ က ရှောင်ဖယ်ဖယ် နဲ့ အမေတို့ မောင်နှမတွေကပဲ သူတို့မောင် လူပျိုကြီးကို နောက်ဆုံးခရီး လှအောင် စီစဉ်ပေးခဲ့ရတာ ကျနော် အဲ့အဖြစ်ကြီးကို ကြားရ မြင်ရတော့ စိတ်မကောင်းလိုက်တာ အမေ့ကိုပြောဖြစ်သေးတယ် * မေ.... သားအလှည့်ကျရင်လည်း အဲ့လိုဖြစ် ဒုက်ခပဲနော် * ဆိုတော့ အမေက ရယ်လို့ *သားရယ် နင်ကလည်း လိုက်တွေးပူနေတယ် အဲ့လိုမဖြစ်နိုင်ပါဘူးလေ ဒါကြောင့် အမေက နင့်တစ်ယောက်တည်းကို စိတ်မချတာပေါ့ ကိုယ့်မိသားစုလေးနဲ့ကိုယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သေပန်းတော့ လှမှာပေါ့ * တဲ့ ကျနော် ကကော ကိုယ်ပိုင်မိသားစုလေး မတည်ဆောက်နိုင်ရင် သေပန်းမလှနိုင်တော့ဘူးလား?


ဒါပေမယ့် ကိုယ်မလှရင်နေပါစေ ကိုယ့်အစွယ်အပါးလေးတွေကိုတော့ တတ်နိုင်သလောက် ဖြည့်စည်းပေးချင်သေးတယ် သူတို့ရဲ့ လိုအပ်ချက်လေးတွေ ဖြည့်ပေးချင်သေးတယ် ။ ရွာက သူတစ်ချို့က နင်ကတော့ ၀ဋ်ပဲ ဒီ တူ တူမတွေနဲ့တဲ့ ။ ကျနော်ကတော့ ၀ဋ်လို့မထင်ပါဘူး ကျနော် ပင်ပန်းပေမယ့် ပျော်ပါတယ် ဘာမှမဟုတ်တဲ့ အရာလေးပေမယ့် ကျနော့် တူ တူမလေးတွေ ဒါက ငါတို့ဦးသားလေး ၀ယ်ပေးတာဆိုတဲ့ အပြုံးမျက်နှာလေးနဲ့ ၀ံ့ကြွားသံလေးတွေက ကျနော့်ရဲ့ ဖြေသိမ့်ရာပါပဲ သူတို့လေးတွေ ပျော်ရင် ကျနော် လည်းပျော်ပါတယ် ။ ခု ဆို သင်္ကြန်နီးပြီ တောက ခလေးတွေ ရက်ကြီးခါကြီးမှ အ၀တ်စားသစ်ဆိုတာ ၀တ်ရတာ ရွာမှာဆို တစ်ယောက်အကျ နောက်အငယ်တစ်ယောက်က ထပ်ပြီးတော့ဝတ် ဒါပဲ ။ မြို့က မကြီးနဲ့ဖုန်းပြောဖြစ်တော့ ရွာရောက်တော့ ခလေးတွေက မှာတယ် ဒီနှစ်လည်း သင်္ကြန်ကျရင် ဦးသားလေး ကို အကျီ င်္လှလှလေးတွေ ၀ယ်ပို့လိုက်ဖို့ မှာလိုက်တယ်တဲ့ တစ်ယောက်က ဘွတ်ဖိနပ်တဲ့ နောက်တစ်ယောက်က နားကပ်တွဲလောင်းလောင်းလေးတဲ့ တစ်ယောက်က ရေပြွတ်တဲ့ မှာတာတွေက စုံလို့ မကြီးကတော့ ရယ်သံစွက်ပြီးပြောနေပေမယ့် ကျနော်က ဘော်ပင်လေးနဲ့ မှတ်လို့ ၀ယ်ပို့ရမယ့်စာရင်းထဲ ထည့်ထားလိုက်တယ် ဒါကို ကပဲ ဦးလေးတစ်ယောက်ရဲ့ ချစ်ခြင်းပါ ။

ဦးလေးတစ်ယောက်ရဲ့ မေတ္တာတရားဟာ မိခင် ဖခင်တွေလောက်မကြီးမားပေမယ့် ပေးဆပ်ခြင်း တွေနဲ့ တည်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတတ်တယ်ဆိုတာ ဦးလေးတစ်ယောက် အနေနဲ့ ပြောပြချင်မိပါရဲ့ မိတ်ဆွေတို့မှာကော ဦးလေးရှိကြပါသလား ? တစ်ခါတရံမှာ အခွင့်အခါမကြုံလို့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုမဖြည့်စည်းပေးနိုင်ခဲ့ရင်တောင် အဲ့ဒီ ဦးလေးရဲ့ရင်ထဲမှာ တူ တူမတွေအပေါ် ဖြည့်စည်းပေးချင်စိတ်လေးတွေရှိနေတတ်တယ်ဆိုတာ ယုံကြည်လက်ခံပေးပါ ပြီးတော့ သူတို့ရဲ့ ဂရုစိုက်မှုတွေကို အသိမှတ်ပြုပေးဖို့ နောက်မကျမိပါစေနဲ့လို့ အကြံပြုချင်မိပါရဲ့ ။ဦးလေး ဆိုတဲ့ နာမ်စားလေးနဲ့တင် ကျနော်တို့တွေ ဖြည့်စည်းပေးရကျိုး နပ်ပါတယ်ဗျာ ။




Wednesday, February 15, 2012

မိသားစုရယ်တိုင်းပြည်ရယ် ပြီးတော့…


လွန်ခဲ့တဲ့လ ကတည်းက ကြည့်မယ်ကြည့်မယ်နဲ့ မကြည့်ဖြစ်ဘူးဖြစ်နေတယ်။ မိတ်ဆွေတယောက်က ကြည့်သင့်တဲ့ဇာတ်ကား တကားလို့ အကြိမ်ကြိမ်ညွှန်းဆိုပါတယ်။ ဒါပေမယ့် မအားလို့မရှာနိုင် မရှာနိုင်လို့ မကြည့်ဖြစ်နဲ့ အဲ့လိုဖြစ်နေတာပါ။ တကယ်တမ်း အီရန်ကားကို ဒီတခါ ပထမဆုံးကြည့်ဖူးတာပါ။ ခံစားမိတာတော့ မိသားစုရယ် တိုင်းပြည်ရယ် ပြီးတော့ လူ့အတ္တတွေ၊ ကျင့်ဝတ်တွေအကြောင်း။

မိသားစုတစုရယ်လို့ ဖြစ်လာရင် ပြဿနာဆိုတာ အသေးအမွှားကနေ အကြီးမားဆုံးအထိပေါ့။ ကိုယ့်အတွက်တော့ အကြီးမားဆုံးဆိုတာ မိသားစုပြိုကွဲတဲ့ ကိစ္စပါပဲ။ လင်ကိုယ်မယားနှစ်ယောက်ထဲ မဟုတ်ပဲ သားသမီးတွေပါ တနွယ်ငင်တစင်ပါခဲ့ရင် မိရယ်ဖရယ် စုံစုံညီညီ မနေရမယ့် သားသမီးတွေအဖြစ်က ရင်နင့်စရာမို့ပါ။ အခုဇာတ်ကားမှာလည်း လင်မယားနှစ်ယောက် ကွာရှင်းပြတ်စဲခြင်းကနေ အစပြုထားပါတယ်။ စစခြင်းကို ဆောက်နဲ့ထွင်းသလိုမျိုးပါ။ မိန်းမဖက်ကနေ ကွာရှင်းဖို့လျှောက်ထားတာဖြစ်ပြီး ကွာရှင်း ရခြင်းအကြောင်းကို မေးမြန်းတဲ့အခါ

တရားသူကြီး ။ သူက ရိုက်နှက်လို့လား သူက မထောက်ပံ့လို့လား

မိန်းမ ။ အဲ့ဒါတွေတခုမှမဟုတ်ပါဘူး။ သူက ကျွန်မသွားမယ့် နောက်ကို မလိုက်ခဲ့လို့ပါ။

ယောင်္ကျား ။ မင်းသေသေချာချာစဉ်းစားပါ။ မင်းနောက်ကို လိုက်ရအောင် ငါ့ရဲ့ အယ်ဇိုင်းမားဖြစ်နေတဲ့ အဖေကို ငါဘယ်လိုထားခဲ့နိုင်မလဲ။

မိန်းမ ။ သူ့ကိုတောင် သားမှန်းမသိတဲ့အဖေကို စောင့်ရှောက်ဖို့ ကျွန်မတို့ရဲ့ အညွှန့်တလူလူနဲ့ သမီးလေးရဲ့ တက်လမ်းကို ရိုက်ချိုးချင်တဲ့သူ. အသုံးမကျတဲ့သူ။

ယောင်္ကျား ။ ဒါပေမယ့် ငါ့အဖေကို ငါက အဖေမှန်းသိသိနဲ့ ဒီပုံစံမျိုး လက်လွတ်စပယ် ငါမထားခဲ့နိုင်ဘူး။ နေစမ်းပါဦး သမီးက ဒီမှာနေရင် မတိုးတက်နိုင်တော့ဘူးလို့ မင်းထင်သလား။

အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပါပဲ။ မိဘဆိုတာ သားသမီးကို တိုးတက်ကြီးပွားကောင်းစား စေချင်ကြတာပါ။ ကိုယ့်သားသမီးကို အကောင်းဆုံး လုပ်ပေးချင်တာ မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒအမှန်ပါပဲ။ မိန်းမလုပ်သူက နိုင်ငံခြား (အမေရိကန် ဖြစ်မယ်ထင်ပါတယ်) ကို ထွက်ပြီး သမီးရဲ့ ပညာရေးကို မြေတောင်မြှောက်ပေးချင်တယ်။ ယောင်္ကျားလုပ်သူကတော့ အဖေ လူမမာကြီးကိုပစ်ပြီး မထွက်သွားခဲ့နိုင်သူ၊ ဒီမှာနေလည်း သူ့သမီးဟာ ပညာတတ်တယောက် ဖြစ်မှာပဲလို့ လက်ခံထားတဲ့သူပေါ့။ နောက်ဆုံး တိုင်းပြည်ဆိုတဲ့ အရာက ပါဝင်ပတ်သက်လာခဲ့ပါပြီ။

တိုင်းပြည် တခုရဲ့ တိုးတက်မှုကို ပုံမှန်တိုင်းတာရရင် တိုင်းပြည်တွင်းမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး တွေနဲ့ စတင်တိုင်းတာရပါလိမ့်မယ်။ ပညာတတ်တွေ ထွန်းကားတဲ့တိုင်းပြည်မှာ သယံဇာတ မရှိလည်း ကြီးပွားချမ်းသာနိုင်တယ်ဆိုတာ အခုခေတ်မှာ လူတိုင်း မျက်မြင်ပါပဲ။ ကိုယ့်တိုင်းပြည်က ကျောင်းသားလူငယ်တွေ (တကယ်က တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အရင်းအမြစ်တွေပါ) တခြား တိုင်းပြည်ကို ပညာသွားရောက်သင်ယူရတယ်ဆိုတာကို ထောက်ချင့်ရင် အဲ့ဒီတိုင်းပြည်ရဲ့ ပညာရေးဝန်ဆောင်မှု (တကယ်က နောင်တချိန်မှာ ပွင့်မယ့်အသီးအပွင့်တွေ အတွက် မြေတောင်မြှောက်ပေါင်းသင်ပေးတာပါ) အတိမ်အနက်ကို ခန့်မှန်းမိနိုင်ပါလိမ့်မယ်။ အီရန်ဆိုတဲ့ တိုင်းပြည် အကြောင်းကို အခုမှ ကြားဖူးတာမှ မဟုတ်တာပဲနော်။

နိုင်ငံအတွင်းက ပညာတတ်တွေ တခြားနိုင်ငံကို ကူးပြောင်းကြတယ်ဆိုတာ တကယ်တမ်းတော့ မလွယ်ကူပါဘူး။ တချို့က မိမိဘဝရှေ့ရေးအတွက်၊ ဓနဥစ္စာအတွက်၊ သားသမီးနောင်ရေးအတွက် စတဲ့ အချက်အလက်တွေကို အခြေခံသလို၊ နိုင်ငံရေးပြစ်မှုကြောင့် မွေးရပ်နိုင်ငံကို မဖြစ်မနေစွန့်ခွာပြီး ကူးပြောင်းမှုစတဲ့အကြောင်းအရာ ပေါင်းစုံပါပဲ။ နေရင်းထိုင်းရင်းကနေမှ

နောက်ဆုံးရေကြည်ရာမြက်နုရာ ပြောင်းရွှေ့သူကနေ မွေးရပ်မြေကိုစွန့်လွှတ်နိုင်သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါက ရုပ်ရှင်ကနေ ရလာတဲ့ တိုင်းပြည်ဆိုတဲ့ အတွေးပါ. ဘာကြောင့်ပြောင်းချင်သလဲဆိုတဲ့ ခံစားချက်ကို မြန်မာတွေက ထပ်တူထပ်မျှ ခံစားနိုင်မှာပါလေ။

တိုင်းပြည်ကူးပြောင်းချင်တဲ့ စိတ်နဲ့ (ကူးပြောင်းလိုတဲ့အချက်က သမီးအတွက်ဖြစ်ပေမယ့်) ကွာရှင်းခွင့် တောင်းတဲ့ မိန်းမကို တရားရုံးက လက်မခံဘူးဆိုတာ သဘာဝကျပါတယ်။ ကွာရှင်းခွင့်မရသော်လည်း မိန်းမဆိုတဲ့ ဗီဇစိတ်နဲ့ အိမ်ကဆင်းတယ်ဆိုပြီး အနိုင်ယူပါတော့တယ်။ မဆင်းခင်မှာ ယောက္ခမလူမမာ အတွက် ပြုစုစောင့်ရှောက်ဖို့ လူစားထိုးလေးတော့ ရှာပေးခဲ့ရှာပါသေးတယ်။ သူ့လက်ကိုဆွဲပြီး မဆင်းဖို့တားတဲ့ ယောက္ခမရယ်၊ သူ့နောက်ကို မလိုက်လာတဲ့ သမီးရယ်ကြောင့် နောက်ဆံက တတင်းတင်းပါပဲ။ ဒါပေမယ့် ဆင်းမယ်လို့ စကားကျွံပြီးပြီမဟုတ်လား။

လူမမာကိုပြုစုစောင့်ရှောက်မယ့်သူ ကလည်း ဘာသာရေးစိတ်ဓါတ်ပြင်းထန်သူ။ သူ့လုပ်ရပ်တွေအားလုံးဟာ အပြစ်ငြိစွန်းခြင်း အလျဉ်းမရှိစေလိုသူတယောက်။ ဒါပေမယ့် ကမ္ဘာမီးလောင် သားကောင်တောင်ချနင်းရသေးတာမို့ ဒီအလုပ်ကို လင်ယောင်္ကျားခွင့်ပြုချက် မပါပဲ လက်ခံလိုက်ပါတယ်။ အကြောင်းအရင်းကတော့ လူမှုစားဝတ်နေရေးဆိုတဲ့ ကမ္ဘာ့ကပ်ကြီးကြောင့်ပါပဲ။ အပြင်မှာ သူနဲ့ပါလာတဲ့ သမီးက တယောက် အခုလက်ရှိ ဝမ်းကြာတိုက်ထဲမှာက တယောက်ဆိုတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိရပြီပေါ့။

လူမမာအဖိုးကြီးကို သန့်စင်ဆေးကြောပေးဖို့ဆိုတဲ့ အချက်တွေ အလုပ်လက်ခံစတုန်းမှာ သူစေ့စေ့မှ မတွေးခဲ့ပါဘူး။ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ နောက်နေ့မလုပ်တော့ပါဘူးလို့ပဲ ဖြစ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီဝင်ငွေကိုလည်း သူလိုချင်ပြန်တယ်။ သူ့အစား အမျိုးသားကိုလုပ်ဖို့ စီစဉ်သော်လည်း လွဲခဲ့ပြန်ပါတယ်။ အယ်ဇိုင်းမား လူနာတယောက်ကို စောင့်ရှောက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့တော့ မဖြစ်နိုင်ပါဘူး ဆိုတာ သိလိုက်ရချိန်မှာ အတော်လေး နောက်ကျနေခဲ့ပါပြီ။ နောက်လည်း ဆုတ်လို့ မရမယ့် အတူတူ ရှေ့ကိုပဲ တိုးရုံ မှတပါး အခြားမရှိ။

ပြဿနာဆိုတာ စုပြုံပြီး ဝင်လာတတ်တာမျိုး။ အဓိကကတော့ လူမမာအဖိုးအိုကို ကုတင်တိုင်မှာ ကြိုးနဲ့ချည်ပြီး အပြင်ထွက်သွားရာက စပါတယ်။ လူဆိုတဲ့အမျိုးက အဲ့လူမကောင်းဘူးလို့ယူဆရင် သူ့ရဲ့ ပြစ်ချက်တွေကို အရင်ရှာတော့တာမျိုးပါ။ အံဆွဲထဲက ပိုက်ဆံတွေ မရှိတော့ဘူးဆိုတော့ ပြစ်မှု သိပ်ကြီးသွားပါပြီ။ အငြင်းအခုံ အပြင်းအထန် တိုက်ပွဲကြားမှာ အရာအားလုံးက ဗြောင်းဆန်။ လူမမာအဖေက ရေချိုးခန်းထဲမှာ တယောက်တည်း ရေဝင်ချိုး၊အပြင်မှာလည်း အကူမိန်းမနဲ့ စကားတွေများ စိတ်တွေထွေနေတဲ့သူနဲ့၊ ဘာသာရေးစိတ်ဓါတ်ပြင်းထန်ပြီး ပိုက်ဆံခိုးတယ်လို့ စွပ်စွဲတာကို ဘယ်လိုမှသည်းညည်းမခံနိုင်တဲ့သူ၊ သူတို့နှစ်ယောက်လုံးရဲ့ ပြိုင်တူအမှားက ဆေးရုံကိုရောက်၊ ဆေးရုံကနေမှ တရားရုံးအထိ ဖြစ်ပျက်ကုန်ပါတယ်။

ကလေးပျက်ကျစေတဲ့အတွက် အိမ်ရှင်အမျိုးသားကို လူသတ်မှုနဲ့ တရားစွဲဆိုခံရသလို၊ ညောင်မြစ်တူးတော့ ညောင်ဥပေါ်သလို အကူမိန်းမရဲ့ လူမမာအဖိုးအိုကို ကုတင်တိုင်ကြိုးနဲ့ချည်တဲ့အမှုပါတိုးရင်း နှစ်ဖက်စလုံး နစ်သည်ထက်နစ် နက်သည်ထက်နက် လာပါတော့တယ်။

လူ့အတ္တဆိုတာ ငါ၊ ငါ့မိသားစု၊ ငါ့သားသမီး ဆိုတဲ့ အတ္တတွေပါ။ အကူမိန်းမကိုယ်ဝန်ရှိတဲ့အကြောင်းကို သိပေမယ့် သူမရှိရင် သူ့အဖေကို၊သူ့သမီးကို ဘယ်သူကြည့်ရှုစောင့်ရှောက်မလဲဆိုတဲ့ အတ္တနဲ့ မသိဘူးလို့ ဘူးခံတာ အိမ်ရှင်အမျိုးသားရဲ့ အတ္တပါ။ အိမ်အကူအမျိုးသမီးရဲ့ အတ္တကိုတော့ ဇာတ်လမ်းမြုပ်ကွက်တခုမို့ ထည့်မရေးပေးလိုက်တော့ပါဘူး။ ကြည့်ရင်းနဲ့ တွေ့သွားကြမှာပါပဲ။

မိတ်ဆွေအပေါင်းအသင်းဆိုတော့ မနစ်နာစေလိုတဲ့ စိတ်နဲ့ ထွက်ဆိုချက်တွေ အတွက် နောက်တချိန် အကူအမျိုးသမီးရဲ့ သွေးဆိုးဆိုးယောင်္ကျား ခြိမ်းခြောက်သံတွေကြားမှာ ပြန်လည်ပြင်ဆင်ထွက်

ဆိုတာတွေဟာ ပထမ ငါ့မိတ်ဆွေအတွက်ဆိုတဲ့ အတ္တကို ငါကိုယ်တိုင်အတွက်ဆိုတဲ့အတ္တက ဖုံးလွှမ်းသွားစေတာမျိုးပါ။

နောက်တခုက အိမ်ရှင်ယောင်္ကျားနဲ့ အမျိုးသမီးရဲ့ စိတ်ခံစားမှုပါ။ ၁၄နှစ်ကြာပေါင်းသင်းဆက်ဆံမှုကိုမှ မထောက် နိုင်ငံကူးပြောင်းလိုမှုနဲ့ အိမ်ပေါ်ကနေဆင်းသွားလိုက်တာလို့ တယောက်က ထိခိုက် ခံစားနေသလို၊ အိမ်ပေါ်ကနေမဆင်းပါနဲ့ လို့မတားသလို ပြန်လာပါလို့လည်း မခေါ်တဲ့အတွက် နင့်နင့်သီးသီး စိတ်နာကျင်ခံစားနေသူက တယောက်။ ဒီနှစ်ယောက်ကြားမှာ အပျိုဖော်ဝင်စ သမီးရဲ့ ရပ်တည်မှုက ပိုပြီး ကြေကွဲဝမ်းနည်းစေပါတယ်။

နောက်ဆုံး သူတို့အိမ်ထောင်ကွဲသွားကြတယ်။ တရားသူကြီးက အမိနဲ့ အဖ ဘယ်သူ့ကိုရွေးမလဲလို့ သမီးကို ဆုံးဖြတ်စေတဲ့အခန်းနဲ့ ဇာတ်လမ်းကို သိမ်းသွားခဲ့ပါတယ်။ စိတ်ထဲမှာ ဘယ်သူ့ကိုမှ မရွေးချယ်စေချင်ခဲ့တာ အမှန်ပါပဲ။ ငယ်ငယ်တုန်းက လိပ်ပြာခွဲတဲ့ အဖြစ်အပျက်ကို မြင်ဖူးပြီးနောက်ပိုင်းမှာ စိတ်ထိခိုက်ကြေကွဲရတာမို့ နောက်တခါ အဲ့လို ဆုံးဖြတ်ကြတာမျိုး ဘယ်လိုမှ အကြောင်းကြောင့်နဲ့မှ မဆုံချင် မကြုံချင်ခဲ့ပါဘူး။

မိသားစု၊တိုင်းပြည် ပြီးတော့ လူတွေရဲ့ အတ္တ၊ ကျင့်ဝတ်တွေ ကြားမှာ လောကကြီးကတော့ အရှိန်မပျက် ဆက်လက် ဖြစ်ပျက်နေတုန်းပါပဲလေ..။

LinkWithin

Related Posts Plugin for WordPress, Blogger...