Friday, April 29, 2011

စားဖွယ် ၊ သောက်ဖွယ်

ခုရက်ပိုင်းစားဖြစ်တာတွေပါ ။ ဘလော့ပေါ်မှာ ဟင်းချက်ကောင်းတဲ့သူတွေရဲ့ ဆိုဒ်ကိုရောက်ရင် သွားရည်တမြှားမြှားနဲ့ပြန်ခဲ့ရတဲ့အဖြစ် ။ ခုတော့ ကိုယ့်အလှည့် ။


မနက်ပိုင်းကျ တစ်ခါခါ ကော်ဖီမသောက်ပဲ လက်ဖက်ရည်ချိုစိမ့်လေးသောက်ဖြစ်တယ် ။ ဆိုင်ဖျော်တဲ့ လက်ဖက်ရည်အရသာအတိုင်းပါပဲ ။ ဟိုဘက်ကမ်းသွားတုန်းက ၂ တွဲဝယ်ခဲ့တာ ။ ညပိုင်းအိပ်မပျော်ရင်လည်း တီဗွီကြည့်ရင်းတစ်ခွက်လောက် သောက်လိုက်တာပဲ သူ့အနံ့လေးကိုက အကျရည်နံ့လေးသင်းပြီးနှစ်သက်စရာပါ ။
မနေ့က၀ယ်စားတဲ့ တစ်စိတ် ၅ ဘတ်တန် ပိန်နှဲသီး တော်တော်ချိုတယ် အမာသီးဆိုတော့ လည်ချောင်းလည်းမတစ်ဘူး စားလို့လည်းကောင်းတယ် ။
ချက်စားဖြစ်တဲ့ “ဖာ့ကဖေါင် မူ ” ပါ ၀က်သားကိုစင်းပြီး မဆလာရွက် ၊ပဲသီး ၊အချဉ်လေးကြိုက်တဲ့ မုန်ညှင်းချဉ်လေးပါထည့်ပြီးကြော်ထားတာလေးပါ ။
တို့စရာ ... ဇရစ်ရိုးပြုတ်နဲ့ မုန်ညှင်းရွက်ပြုတ် ဒီတိုင်းလည်းစားကောင်းတာပဲ ပြုတ်ထားတော့ နုအိနေတယ် ။
ငါးပိရည်ပါ ကြက်သွန်နီလေး လှီးထည့်ထားသေးတယ် ဖေ့ဘွတ်မှာတင်တုန်းက ငါးပိရည်က တူလည်းတူဘူးလို့ပြောကြသေးတယ် ဒါကတော့ ဓာတ်ပုံရိုက်တဲ့သူက တော်တော် စွမ်းအားကြီးလို့နေမယ် ငါးပိရည်ပုံရိုက်တာတောင် ငံပြာရည်ထင်တတ်ကြလို့ပေါ့း)
မျှစ်ချဉ်နဲ့ဝက်ကလီဇာ အချိုချက် ။ကြက်ဥလည်းဖေါက်ထည့်ချက်ထားတယ် ။
မာလကာ ပွသီး မြန်မာပြည်က မာလကာသီးလိုမချိုပေမယ့် အချိုမှုန့် ၊အကြက်မှုန့်လေးလုပ်ပြီး တို့စားတော့လည်းစားကောင်းသား ဒါ ရာသီစာပေါ့ ။
တစ်နေ့ကအိမ်မှာနတ်တင်တဲ့မုန့်ပါ ။ နတ်က အငွေ့ပဲစားတော့ ကိုယ်တွေကအတွေ့ပေါ့ မုန့်တွေတော်တော်စုံပါတယ် ။ မုန့်လုံးရေပေါ်လို အထဲက ထန်းလျှက်ခဲထည့်ထားတဲ့မုန့်လေးလည်းစားကောင်းတာပဲ ။ ဟာလ၀ါလိုမုန့် အုန်းနို့များများနဲ့ လုပ်ထားတဲ့ ထိုင်းမုန့်လေးတွေလည်း အဆင်ပြေသားစားရတာ ။

သရက်သီး တအားချိုတယ် သုံးလုံးတစ်တောင်လို့တော့မပြောတော့ပါဘူး တိုင်းပြဆို ပြသနာတက်နေမှာစိုးလို့း) ။

အစားကောင်းစားရလို့ ညီကိုမောင်နှမတွေကို သတိရတယ်ပြောရလောက်အောင်လည်း ကိုယ်စားတဲ့ဟာတွေက တစ်ရာကျော်တန်တောင်မပါ ပါဘူး ။ ရာသီစာမှာ ခံတွင်းတွေ့လောက်မယ်ထင်တာလေးတွေ မွေးရပ်မြေနဲ့ အဝေးရောက်သူတွေအတွက် အွန်လိုင်းပေါ်မှာ နှိပ်စက်ခြင်းပေါ့ ။ ဘယ်သူ့ကိုမှ အားကျလို့တင်တာမဟုတ်ပါဘူး ဓာတ်ပုံရိုက်ချက်တွေ သိပ်ကောင်းသွားရင်လည်း ဆောရီးပါလို့း)) ကိုယ့်ဘလော့ မှာတော့ ကိုယ်က အရှင်သခင်ပဲနော့် လုပ်ချင်တာတွေလုပ်လို့ရလို့လေ ။

Monday, April 25, 2011

အိုင်ပက်ချိန်

ရွာမှာ ချောင်းတွေပေါပါတယ် ။ ကျနော်တို့ရွာကလေးမှာက လယ်မစိုက်ကြပါဘူး ကိုင်းလို့ ခေါ်တဲ့ ( သခွား၊ ပြောင်း ၊ ခ၀ဲ ) တွေကိုတော့ မိုးရာသီမှာ စိုက်ကြပါတယ် ။ လူကြီးတွေကတော့ မိုးရောက်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေ က စိုးရိမ်ရလို့ စိတ်ညစ်တတ်ကြပေမယ့် ကျနော်တို့ ခလေးတွေကတော့ တအားပျော်ကြတာပါ မိုးတွင်းမှာ အစ်ကို့နောက်လိုက်ပြီး ကျွဲကျောင်းရတာ တအားပျော်စရာကောင်းပါတယ် ချောင်းက ရွာလေးကို ၂ ပိုင်းခွဲထားတာ အဲ့တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးရတာပေါ့ အကျယ်ကြီးတော့မဟုတ်ပါဘူး ဒါမယ့် မိုးတွင်းဘက်ဆို ကွင်းပြင်ကြီးတစ်ခုလုံးရေပြင်တွေ လွှမ်းလို့ သိပ်လှပါတယ် ။ ချောင်းကူးခါနီကျ ကျနော်က အကောင်တောင့်တောင့် ကျွဲတစ်ကောင်ပေါ်တက်စီးလိုက်တာ သူက ရေကူးတာ သိပ်မြန်တာ တစ်ခါကျ ကိုယ်စီးတဲ့ အကောင်ဆီကို တစ်ကောင်နဲ့ တစ်ကောင်တိုးဝှေ့တက်ကြတာ ရေထဲ ပလုံခနဲဆို ပြုတ်ကျသွားတာ လန့်ပြီး ၃ ရက်လောက်ဖျားသွားသေးတယ် ။ အဘကတော့ အစ်ကို့ကို ရာဇသံပေးလိုက်တာ နောက်နေ့ မင်းခလေးကို ခေါ်ရဲခေါ်သွားကြည့် တဲ့ ။

အစ်ကိုက မခေါ်ရဲတော့ပေမယ့် ကျနော်ကတော့ ခိုးလိုက်မြဲပါပဲ ကွင်းပြင်ထဲက ကျွဲလူးအိုင်လေးတွေမှာ ရေဆော့ရတာလည်း ကိုယ့်အတွက်တော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရတာထပ်ပိုပျော်ပါတယ် ။ ကျနော့်အစ်ကိုက ငါးဖမ်းသိပ်တော်တာ မိုးတွင်းဘက်ဆို သူက အမေ့ကို ကိုင်း(ဂိုင်း)ထောင်ဖို့အတွက် ငါးမျှားချိတ် တို့ ကြိုးတို့ သာရည်ပင်တို့ ၀ယ်ခိုင်းတတ်ပါတယ် အဘကတော့ သူ့အတွက် ငါးမျှားတံ သတ်ပေးရတာပေါ့ ။ အစ်ကိုက ဇွဲရှိပါတယ် ညပိုင်းတွေလည်း သူ့ပါသာသွားထောင် မနက်ကျရင် အိမ်စားအပြင် ရွာထဲမှာတောင် လိုက်ရောင်းလို့ရပါတယ် အများဆုံးရတဲ့ ငါးက ငါးရှဉ့် ။မိုးရာသီမှာ ကျနော့်အတွက် ငါးဖမ်းဖို့အခွင့်အရေးသိပ်မရှိပါဘုး လူကြီးတွေက ခလေးတွေရွာမှာ ရေနစ်သေဖူးတာကို ကြုံထားဖူးတော့ ခလေးတစ်ယောက်ကွင်းစပ်စင်းတာနဲ့ ရွာထဲက လူတွေက အတင်းလာခေါ်ဆွဲသွားတတ်ပါတယ် ။ မိုးရာသီမှာတော့ အစ်ကိုကျွဲကျောင်းကပြန်လာရင် ခူးခဲ့ပေးတဲ့ သပြေသီးမှည့်တွေကတော့ အရသာအရှိဆုံးပါပဲ ။

နွေရောက်ရင်တော့ ရေတွေခမ်းပြီး မိုးတွင်းမှာ ပြည့်လျှံထွက်နေတဲ့ ချောင်းတွေက သူတို့မဟုတ်သလို အရောင်အဆင်းတွေတောင်ပြောင်းလို့ ကြည်လင်တဲ့ရေတွေကနေ ဗွက်ရောင်တွေပြောင်းသွားလို့ပါ ။ ရွာမှာက အိုင်ပက်ကြရင် တစ်ရွာလုံးစုပတ်ကြတာပါ သူ့အိုင်က ငါးများလို့ တိတ်တိတ်လေးခိုးပတ်တာတို့ ငါ့အိုင်ကျမခေါ်တာတို့ အဲ့လိုမျိုးမရှိကြပါဘူး ။ အိုင်ပက်တယ်ဆိုတာကလည်း လူအုပ်များမှ ပျော်စရာကောင်းတာ ။အိုင်ပက်ဖို့အတွက် လူကြီးတွေအတွက်ဆိုရင်တော့ ပေါက်တူးကောင်းများများလိုတယ် ခလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပန်းကန်စုတ် ရေပုံးစုတ်လေးတွေပေါ့ ။ တစ်ရွာလုံး တစ်အိမ်ကို ၂-၃ ယောက်လောက်တော့ ပါကြတယ် ။ ချောင်းတွေက တစ်ခုခုနဲ့ မိုးတွင်းဆိုရင်တော့ ဆပ်စပ်နေတတ်ပေမယ့် နွေပိုင်းကျ မဆက်တော့ပါဘူး လူ ခါးတစ်ရပ်စာလောက်ကျန်တော့တဲ့ရေကို အရင်ဆုံး ဟိုဘက်က ချောင်းစပ်ကိုရေတွေခပ်ထုတ်ကြတယ် ပြီးရင် ကန်းသင် တားလို့ရရင်တော့ လူကြီးတွေက ပေါက်တူးပေါက် ကန်သင်းတားကြတာပေါ့ ။


ရေနည်းတဲ့ဘက်ကို ဒီဘက်ရေများပြီးနေရာကျယ်တဲ့ဘက်ကရေတွေကို လူအုပ်နဲ့ အိုင်ပက်ကြတာ တစ်အုပ်ကြီး ပျော်စရာကြီးပါပဲ ခလေးတွေကတော့ အချင်းချင်းပြန်ပက်လို့ ဗွက်ရေလား ဘာလား ရွံရမှန်းလည်းမသိပါဘူး ချောင်းစပ်မှာတော့ မီးဖိုကြီး ဖိုထားသေးတယ် ။ ရေက ဒူးခေါင်းလောက်ပဲကျန်တော့ရင်တော့ ဗွက်ကိုရေဖျော်ထားသလိုနဲ့ ဥပမာပေးရရင် မုန့်ကျွဲသဲနဲ့တူပါတယ် အဲ့အခါကျ အနေတော်ပဲ ငါးဖမ်းလို့ရပါပြီ ခြေတောက်နဲ့ စမ်းဖမ်းတဲ့သူ ကျွမ်းတဲ့သူတွေကတော့ လက်ကလေးတွေနဲ့ အသားလေးဖမ်း ရက်သဲ့ ( ဇကာနဲ့တူတယ် ) တွေနဲ့ဖမ်းတဲ့သူလည်းရှိပါတယ် ။ တစ်ချို့တော့ ချောင်းကမ်းပါးတွေမှာ တွင်းပေါက်လေးတွေဖြစ်နေတဲ့ထဲ လက်နှိုက်ဖမ်းတတ်ကြပါတယ် ။ ငါးတွေကတော့ အစုံပါပဲ ငါးတွေထဲမှာ အကြောက်ဆုံးငါးကတော့ ငါးဂျီး ( စာလုံးမပေါင်းတတ်ဘူး အဆူးနှစ်ချောင်းကားနေတဲ့ မျက်နှာပုတ်သိုးသိုးနဲ့ ငါး ) ပါပဲ။ သူ့အဆူး စူးရင် သိပ်ပြင်းပါတယ် အဲ့တော့ ဘာဆေးနဲ့ ကုသလဲဆိုတော့ ရွာက အဖိုးကြီးတွေပြောတာပဲ ကန်တော့နော် ရှူးနဲ့ ထိတဲ့နေရာကို ပန်းထည့်လိုက်ပါတဲ့ တိုက်ဆိုင်တာလား ဓာတ်တည့်တာလားတော့မသိ သက်သာပါတယ် ။

ကျနော်ကတော့ ငါးဖမ်းလို့မရရင် ဗွက်တွေလည်းလူးလို့မောသွားရင် မိုးဖိုနားသွားထိုင် လစ်တဲ့သူရဲ့ ပလိုင်းထဲက ငါးတစ်ကောင်လောက် ခိုးလိုက်ပါတယ် ပြီးရင် မီးဖုတ်စားလိုက်တယ် တအားကိုအရသာရှိပါတယ် ခိုးစားရလို့လားမသိး) ။ ကျနော့်အစ်ကိုက ငါဖမ်းတအားတော်တာ သူက ကမ်းစပ်ကိုပစ်တင်ပေးလိုက်ရင် ခုန်နေတဲ့ ငါးကို လိုက်ကောက်ဖမ်းရတာလည်း ပျော်စရာ ခဏလေးနေတာနဲ့ သူ့ ခါးပေါင်စထဲ ငါးတွေအများကြီင်္း သူဖမ်းလာတဲ့ငါး ကျနော်က ပလိုင်းလေးနဲ့ ထိုင်စောင့် ။ အိမ်ပြန်ရောက်ရင် အမေ့ကို ကြွားတဲ့သူက အစ်ကိုမဟုတ်ပဲ ကျနော်ပါး) “ မေ့.... ဒါ သားဖမ်းလာတာ အကြီးကြီးပဲ ” အမေကတော့ ပြုံးစိစိနဲ့ ““တော်စမ်းပါဟယ် ””တဲ့ ကိုယ့်သားအရည်ချင်း အမေက အဲ့လောက်ကိုသိတာ ။

ညနေ ထမင်းဝိုင်းကျ ငါးကြော် အကောင်ကြီးကြီးလေးက အဘအတွက် ကျနော်တို့ သားမိတွေက ငါးဟင်းဆီပြန်လေးတွေနဲ့ ထမင်းသိပ်မြိန်ပါတယ် ။ အဘ ငါးကြော်လေးကို ဒီကြောင်ပိန်လေးက တွယ်ချင်တော့ ညဏ်ထုတ်ရတာပေါ့ “အဘ အဲ့တာ သားဖမ်းထားတာ နည်းနည်းကျွေး” အဘက ဖဲ့လည်းဖဲ့ကျွေး သတိလည်းရသွားသလိုနဲ့ အစ်ကို့ ကိုမျက်ထောက်နီကြီးနဲ့ကြည့်လို့ “ မင်း ခလေးကို ချောင်းထဲ ခေါ်သွားပြန်ပြီလား”” တဲ့ အစ်ကိုက တစ်ခါ ကျနော့်ကိုစိတ်တို ။ အစ်ကိုက အဘကိုကြောက် အဘကိုနိုင်တာ အိမ်မှာ အမေပဲရှိတော့ စစ်ကူတောင်းတဲ့မျက်လုံးလေးနဲ့ အစ်ကိုက အမေ့ကိုကြည့်ကော အဲ့တော့ အမေက “ အမလေးတော်....သူများရှာခဲ့ပေးတဲ့ ငါးလည်းစားရသေးတယ် ခလေးတွေကို ရန်ရှာလို့ တော်နဲ့ ညာလာတာကြာပြီး ဘယ်နှစ်ခါ တော်ဖမ်းခဲ့တဲ့ငါးစားရလို့တုန်း ” ဆိုတော့ အဘက ကုတ်သွားတယ် ဟုတ်ပါ့ အဘက ခြံသမား လယ်သမားသာ ဖြစ်ပေမယ့် ငါဖမ်းတော့ မစွံပါ ။


ဒီအချိန် ရွာမှာ အိုင်ပက်နေကြလောက်ရောပေါ့ ။လတ်ဆတ်သင်းပျံ့တဲ့ နွေရနံ့နဲ့အတူ တစ်ချိန်က အိုင်ပက်ရင်း ဖုတ်စားခဲ့တဲ့ ငါးမီးကင်လေးနဲ့ ဆီပြန်ငါးဟင်းတစ်ခွက်လေးနဲ့ မြိန်ရှက်ခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာလည်း အတိတ်မှာ ကျန်ခဲ့ပါပြီ ။


LinkWithin

Related Posts Plugin for WordPress, Blogger...