Monday, March 12, 2012

ပျောက်ဆုံးနေသော၁၃ရာစုဆီသို့

အချိန်ဆိုတာမျိုးက တိုက်စားတတ်တယ်။ တကယ်တမ်း ဘုရားဟောအရ ဖြစ်ပြီးရင်ပျက်တာပဲမဟုတ်လား။ ၁၃ရာစုဆိုတာ ကိုယ့်အတွက် အင်မတန်ဝေးကွာလှပါတယ်။ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဆက်စပ်စရာ မရှိတဲ့ အဲ့ဒီ၁၃ရာစုဟာ ဒီအတိုင်းတိုင်းတော့ ကိုယ့်ဆီလွှင့်လာမှာမဟုတ်ပါဘူး….


အလုပ်မသွားခင် လာကြိုမယ့်ကားကို အဲ့ဒီနေ့က မစောင့်ခဲ့ရင်ဆိုတဲ့ အတွေးမျိုး ခုနေ ပြန်တွေးကြည့်မိတယ်။ တစုံတရာစေ့ဆော်မှု (စိတ်ထဲက သတ်မှတ်မိတာပါ) ကြောင့်ထင်ရဲ့ ၇နာရီမထိုးခင် ဟိုတယ် ဧည့်ခန်းမကိုရောက်နေမိတဲ့အဖြစ်။ ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို လေ့လာရင်း ဟိုတယ်က ချထားပေးတဲ့ စာအုပ်ကို ကောက်ကိုင်မိတယ်။ ၁၃ရာစုဟာ ကိုယ့်လက်ထဲကို အဲ့ဒီအချိန်မှာ ထိုးထည့်လိုက်တာပါပဲ…


စိမ်းလဲ့နေတဲ့ ပတ်ဝန်းကျင်မှာ အနီရောင် အဆောက်အဦးက ကိုယ့်နှလုံးကို လှုပ်နိုးနေခဲ့တယ်။ စာရွက်တွေ တဖျတ်ဖျတ်ကျော်သွားပေမယ့် ဟဒယဆိုတဲ့ ဘဝင်မှာတော့စွဲလို့ ကျန်ခဲ့လိုက်တာ။ စပါးကြီးညှို့ ခံရတဲ့သူတယောက်လို၊ အိပ်မွေ့ချခံထားရသူတယောက်လို ၁၃ရာစုက ကိုယ့်ကို ပြုစားသွားခဲ့ပါပြီ။ အိပ်မက်မြို့တော်များနဲ့ ဆက်စပ်ကြည့်လိုက်တဲ့အခါ ကြက်သီးမွှေးညင်းထသည် အထိ။ လိုချင်တဲ့အချက်အလက်တွေကို ကွန်ယက်ထဲမှာ ရှာကြည့်မိတယ်။ အတိတ်ကိုတူးဖော်ဖို့အတွက် အဲ့ဒီနေရာကို သွားမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် တော်တော်နဲ့ မရောက်ဖြစ်ခဲ့နိုင်လိုက်ဘူး။ ကိုယ့်ဘူမိဒေသမှန်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ စိတ်ထဲမှတော့ တေးထားလိုက်တယ်။ ကိုယ်လာမှာပေါ့ မြို့တော်ရယ်.

Photo: The Poten

တောင်ပေါ်ကနေ ဘုရားကျောင်းကို မြင်ရတဲ့အခါ မကြားရတဲ့ အသံတွေကို နားထဲက ကြားယောင်နေမိတယ်။ ရွတ်ဖတ်ပူဇော်နေကြသံတွေနဲ့အတူ စတေးခံမင်းသားလေးရဲ့ အဖြစ်က ရင်ထဲမှာဆို့နစ်လာခဲ့တယ်။ ဒါဟာ ပုံပြင်တပုဒ်ပဲလို့ ကိုယ့်ကိုနားချရင်း ရပ်တန့်လုမတတ်ဖြစ်နေတဲ့ နှလုံးသားကို နာကြင်စွာ ဥပေက္ခာပြုထားခဲ့တယ်။ အဲ့ဒီနေ့က ဘယ်တော့မှ ဖျောက်ပစ်နိုင်မှာ မဟုတ်တော့ဘူး။ ဘုရားကျောင်းကို အဝေးကနေပဲ လှမ်းကြည့်ရဲတဲ့အဖြစ်လေ။ အနားကို တိုးကပ်သွားဖို့ ကိုယ့်စိတ်တွေ ဘယ်လိုမှ မဆောက်တည်နိုင်ခဲ့ဘူး။ ကြောက်ရွံ့ခြင်းဆိုတာမျိုးမဟုတ်ပဲ အမည်မတပ်နိုင်တဲ့ ခံစားမှုတွေ ခဏခဏဖြစ်စေခဲ့တာပါ။

Photo: Madakaripura waterfall 1

စိတ်ငြိမ်ရာ ရဖို့ အေးချမ်းတဲ့အရပ်ကိုပဲ ရှောင်ပြေးခဲ့ပါတယ်။ ဒီရေတံခွန်ကို သွားခွင့်မပြုလို့ ဧည့်လမ်းညွှန်က တားမြစ်တဲ့အခါ ကိုယ်နဲ့ အတိုက်အခံအချေအတင် စကားတွေ ပြောဖြစ်တယ်။ ကြမ်းတမ်းခက်ခဲတဲ့ ခရီး ၁ကီလိုမီတာခွဲဆိုပေမယ့် တနာရီမကအောင် သွားရတဲ့ခရီးပေါ့။ ရေထဲဆင်းလိုက် ကျောက်တုံးတွေကို ဖြတ်လိုက်နဲ့ မနက်ကတည်းက ဆုတွေခြွေမိတာ မိုးမရွာဖို့ပါပဲ။ မိုးရွာရင် အသက်အန္တရာယ်ပါစိုးရိမ်ရတာမို့ လုံးဝဆက်သွားခွင့် ရမှာမဟုတ်လို့ပါ။

Photo: Madakaripura waterfall 2

ကောင်းကင်ဘုံက ကျလာတဲ့မြစ်တစင်းပေါ့။ မောပန်းလာသမျှဟာ ဒီမြစ်ရဲ့ ရေအလျဉ်နဲ့အတူ ပြေပျောက်ကုန်တယ်။ ဒီနေရာမှာ တရားလာလာအားထုတ်တဲ့ သူရဲကောင်းဝန်ကြီးချုပ်ကို အားကျဦးညွှတ်မိပါတယ်။ အေးချမ်းလိုက်တာ။ မခွာချင်ပေမယ့် ခွာရဦးမယ် ကိုယ်သွားရမယ့်နေရာတွေက အများကြီးမဟုတ်လား။

Photo: Singosari Temple

မပြီးဆုံးသေးတဲ့ ဘုရားကျောင်းတခုပေါ့။ အကြောင်းပြချက် တိတိကျကျမသိရပဲ ဆောက်လက်စတွေကို ရပ်တန့်ပြီး အချောမသပ်ပဲ ထားခဲ့တဲ့ ဘုရားကျောင်းပါ။ ပဟေဠိ ဆန်လွန်းတဲ့ အကြောင်းအရာတွေကို တွေးတောနေမိပြန်တယ်။

Photo: Candi Jago

အနုလက်ရာ မြောက်လှစွာသော ဘုရားလို့ အမည်တပ်ချင်ပါတယ်။ ဘုံအဆင့်ဆင့်တွေရဲ့ ပတ်ပတ်လည်မှာ ဇာတ်နိပါတ်တော်တွေကို ထွင်းထုပူဇော်ထားပြီး အပြည့်အစုံသာ ဖူးလိုက်ရရင်ဆိုတဲ့ အာရုံတွေ စိတ်ထဲမှာ ပေါ်လာမိစေခဲ့တာပါ။

Photo: Story from Jago

ထွင်းထုထားတဲ့ အရာတွေတိုင်းကို စိတ်နှလုံးနဲ့ပါ ရှုကြည့်မိပါတယ်။ လက်နဲ့တို့ထိရင်း အဲ့ဒီအရုပ်တွေကို တပါတည်း သယ်ဆောင်ချင်လိုက်တာလို့၊ ပန်းချီကား အဖြစ်ဖန်ဆင်းမယ်လို့ စိတ်ကရည်မိတယ်။

Photo: Wringin Lawang

ဟောဒီ ပွင့်နေတဲ့ မြို့တံခါးကို တွေ့ရတဲ့အခါ ယိုဖိတ်စီးကျလာတဲ့ အလွမ်းကို ဘယ်လိုမှ ချည်နှောင်ခွင့်မသာခဲ့ပါ။ အုတ်မြို့ရိုးတခုလုံး ပျောက်ဆုံးသွားပေမယ့် ထီးတည်းကျန်ခဲ့တဲ့ ဒီတံခါး။ ဒီတံခါးကနေ ကျော်ခဲ့ရင် ကိုယ့်ရဲ့နေရာတခုခုကို မြင်ရမယ်လို့ မှန်းထားခဲ့တာ။ တံခါးကိုကျော်တဲ့အခါ ကြံခင်းစိမ်းစိမ်းတခုကလွဲရင် ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့။

Photo: Barhu Temple

ဘုရင်တွေရဲ့ အရိုးပြာတွေကို သိမ်းဆည်းထားတဲ့ စေတီ။ ဒီစေတီ အပေါ်တက်ခွင့်ကို ပိတ်ပင်လိုက်တဲ့နောက် အရိုးပြာတွေကို ရှာဖွေစူးစမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီဘဝအတွက်တော့ လက်လျှော့လိုက်ပေဦးတော့။

Photo: Candi Tikus

ကြွက်သိုက်တခုကနေ အစပြုပြီးတွေ့ရှိခဲ့တယ်လို့ ဆိုကြတယ်။ တော်ဝင်မိသားစု ရေချိုးတဲ့နေရာ၊ အိမ်ရာတွေကို ရေဝေတဲ့နေရာလို့ ခုထိတော့ ငြင်းခုံနေကြတုန်းပဲ။ ပူဇော်ပသတဲ့သူတွေ အတွက်တော့ ကိုးကွယ်ရာတခုအဖြစ် ယုံကြည်စေတဲ့ အထောက်အထားတွေလည်း ရှိနေပြန်သေးတယ်။ ရေမြုပ်နေတဲ့ နောက် ဘေးပတ်ပတ်လည်က ကြာကနုတ်ရေပန်း တွေကို ကြည့်ရှုဖို့ မဖြစ်နိုင်ပြန်တော့ဘူးပေါ့။ ဒီအဆောက်အအုံရဲ့ထူးခြားချက်က အုတ်အနီတွေတွင်မကပဲ အောက်ခြေမှာ ကျောက်တွေနဲ့ ပါတည်ဆောက်ထားတာမို့ ခေတ်နှစ်ခေတ်ရဲ့ သမိုင်းကို ထင်ဟပ်စေတဲ့နေရာပါ။

Photo: Bajang Ratu

ဝိဉာဉ်တံခါး။ ကိုယ့်ကို စာအုပ်ထဲကနေ ဆွဲယူသွားတာလည်း ဒီတံခါးပါပဲ။ အနီရောင်တံခါးကနေ ကိုယ်လည်း ပျောက်သွားချင်လိုက်မိခဲ့တယ်။ ပျောက်သွားခဲ့လို့ ၁၃ရာစုကိုများ ရောက်သွားခဲ့ရင် ကိုယ့်အတိတ်တွေ အကြောင်းကို ဂဎဏန သိခွင့်ရပြီပေါ့။

သမိုင်းဆိုတာမျိုးက ဘယ်တော့မှ အလွယ်တကူ ပျောက်ကွယ်သွားတတ်တာမျိုးမဟုတ်ပါဘူး။ ပုံရိပ်ဖြစ်ဖြစ် အကြွင်းအကျန် ဖြစ်ဖြစ် ကျန်ရစ်ခဲ့တာမျိုးပါ။ ကိုယ်လည်း လွန်ခဲ့တဲ့ ၁၃ရာစု အတိတ်ကို သွားရှာဖွေရင်း ကိုယ့်သမိုင်းကို တူးဖော်ကြည့်ချင်မိတဲ့စိတ်နဲ့ ရောက်ဖြစ်ခဲ့တာပါ။

အခုကိုယ်ကိုတိုင်က ၂၁ရာစုမှာ ဖြစ်ပျက်နေတာဆိုတော့ နေရစ်ခဲ့တော့ မြို့ဟောင်းရေလို့ တိုးတိုးလေးညည်းညူရင်း….

စာကြွင်း။ စိတ်ကူးပုံဖော်ထားတာဖြစ်လို့ သမိုင်းအချက်အလက်များနဲ့ မတိုက်ဆိုင်ခဲ့ရင် စာရေးသူရဲ့ ဖန်တီးမှု သက်သက်ပဲလို့ မြင်ပေးစေချင်ပါတယ်။



မှတ်ချက် ။ စာဖတ်သူရေးဖူးတဲ့ ဒီပို့စ်နှင့်ဆက်နွယ်သော ပို့စ်တစ်ပုဒ်က ဒီမှာ ပါ ။


Friday, March 2, 2012

ခြောက်လှန့်အိပ်မက်မှ တဖန်ပြန်လည်၍

တကယ်တော့ အိပ်မက်တခုလိုပါပဲ။ အိပ်မက်လို့ ယုံကြည်ထားတာက ကိုယ့်ကို ပိုစိတ်ချမ်းသာစေမယ် မဟုတ်လား။ အဲ့ဒီအိပ်မက်ကနေ အခုတခါ ပြန်လည်နိုးထရပြန်ပြီပေါ့။


ညကြီးဆယ်နာရီကျော်မှာ လှုပ်လှုပ်ရှားရှား အသံတွေ ဆူပွက်ညံနေခဲ့ပြီ။ အေးချမ်းတိတ်ဆိတ်နေတဲ့ ဒီဝန်ထမ်းရပ်ကွက် ဝန်းကျင်မှာ ညပိုင်းတာဝန်ကျသူတွေအတွက် ကြိုပို့ကားတွေ ဝင်ထွက်ရမယ့်အစား လူတွေရဲ့ အော်သံတွေနဲ့ အဲ့ဒီညက အိပ်မက်ရဲ့အစပါပဲ။


သပိတ် သပိတ် မှောက်မှောက် ဆန္ဒဆန္ဒပြပြ အရေးတော်ပုံ အောင်ရမည် ဆိုတဲ့ ကြွေးကြော်သံတွေက တရပ်ကွက်လုံးကို ပွက်ပွက်ညံလှုပ်နှိုးစေခဲ့တာ။ ရုံးသွားမယ့်ကားတွေ အားလုံး လမ်းမအလယ်မှာ ထီးတည်းတည်းကြီးကျန်လို့ လည်ပတ်နေတဲ့စက်ရုံကလည်း လည်ပတ်နေလျက်ပဲပေါ့။


နောက်နေ့ကျောင်းသွားဖို့ ပြင်တော့ ရုတ်ရုတ်သဲသဲဆို အိမ်ကိုပဲတန်းပြန်လာဖို့ အမေက အထပ်ထပ်မှာပါတယ်။ ရုတ်ရုတ်သဲသဲဆိုတဲ့ စကားလုံးကို ကိုယ်ကတော့ အဖြေမရှာတတ်သေးဘူး။ ဘာလို့ ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတွေက ကိုယ်ကိုချည်နှောင်ရင်း ကျောင်းကိုတော့ ရောက်ခဲ့တယ်။ တတန်းလုံးကျောင်းလာတာ မဟုတ်ခဲ့ဘူး။ ကွက်ကြားကွက်ကြား သူငယ်ချင်း ခုံနေရာလွတ်တွေကို ငေးမောရင်း ရုတ်ရုတ်သဲသဲ ဆိုတာ ကိုယ်တွေ့လိုက်ရသလိုပါ။ ကျောင်းဝန်းအပြင်ဘက်မှာ ဝန်ထမ်းတွေရယ် တချို့လူတွေရယ်ပေါ့။ လက်သီးလက်မောင်းတန်းပြီး ပါးစပ်ကလည်း ညကကြားထားတဲ့အတိုင်း ကြွေးကြော်လို့။ ဒါဟာ ရုတ်ရုတ်သဲသဲမှ မဟုတ်တာကွယ် လို့။ ကျောင်းဝန်းတံခါးကို ပိတ်ထားပေမယ့် သူတို့လည်း ကျော်မဝင်ကြသလို အထဲကလည်း ဘယ်သူမှ ထွက်မသွားကြပါဘူး။ ဒါပေမယ့် ခုံလွတ်နေရာက သူငယ်ချင်းတချို့တဝက်ကိုလည်း အဲ့ဒီအထဲမှာ မြင်လိုက်တယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းတက်ရတာ နောက်ဆုံးနေ့ပဲ။


အိမ်ပြန်ရောက်တော့ အဖေက အိမ်မှာမရှိတော့။ ညနက်နက်လာပေမယ့် အဖေပြန်မရောက်လာဘူး။ အမေက စိတ်ပူတတ်တာမို့ အဖေ့တပည့်တယောက် လာအကြောင်းကြားတယ်။ အဖေနဲ့အတူ တချို့သောသူတွေ စက်ရုံထဲမှာပဲ ရှိမယ်တဲ့။ စက်ရုံကိုလည်း လုံခြုံရေးအတွက် ပိတ်ထားလိုက်ပြီလို့ပြောသွားသေးတယ်။ အစောပိုင်းက လူစုလူဝေးတွေက ညဖက်မှာပါ လှည့်လည် ဆန္ဒပြလာကြတယ်။ သူတို့နဲ့ မလိုက်တဲ့သူတွေကို ငကြောက်တွေလို့လည်း စွပ်စွဲကြတယ်တဲ့။ လူကြီးတွေကတော့ တိုင်းရေးပြည်ရေး အခြေအနေမကောင်းသလို ရပ်ရွာလုံခြုံရေး မကောင်းတော့ဘူးလို့ ပြောကြတယ်။ မျက်စိဖွင့်ထားပေမယ့် နားမလည်တာလည်း အခက်သားနော်။ ကိုယ်လိုကလေးတွေကတော့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ထဲက ခိုင်နဲ့မောင်တို့လို ကြွေးကြော်သံတွေကို ကဗျာလေးတွေလို လိုက်ရွတ်ဆိုနေမိတယ်။


ပတ်ဝန်းကျင် လေးငါးအိမ်စုပြီး အိမ်မှာလာနေကြပြီ။ အိမ်မှာလည်း ယောက်ျားသား ကြီးကြီးမားမားမရှိတာကြောင့်ရယ်၊ စုရပ်လို အားလုံးလုံခြုံမှုအတွက်ဆိုတာရယ် ပေါင်းမိကြတာ။ အမေတို့တွေ ထမင်းထုတ်ဆိုတာ လုပ်ဖို့ ငှက်ပျောရွက်တွေ ခူးပေးရပြန်တယ်။ ဒါနဲ့ ထမင်းထုတ်က ဘာအတွက်လဲ။ တိုက်ပွဲဝင်သူတွေအတွက်ဆိုပဲ။ အတန်းထဲက ဇော်ကြီးတို့တတွေ နောက်တခါတွေ့မှ မေးကြည့်ဦးမယ် ထမင်းထုတ်တွေက စားကောင်းတယ်ဆို ကိုယ်လည်း အဲ့ဒီ လှည့်လည်တဲ့သူထဲမှာပါချင်လို့။ သူတို့ သပိတ်တပ်ကြီးက ဈေးနားက ဘောလုံးကွင်းနားမှာ စခန်းချကြတာတဲ့။ ပျော်စရာပဲနေမှာနော်။


အမေ့ကို အဲ့လိုပျော်စရာပဲနော်လို့ ပြောမိလို့ ခေါင်းခေါက်ခံရတယ်။ ကလေး ပါးစပ်စည်းကမ်းမရှိဘူးတဲ့။ အဲ့ဒီသပိတ်တပ်ထဲမှာလိုက်သွားချင်တယ်လို့ ပြောမိရင် ဘာထပ်ဖြစ်မယ် မသိဘူး။ ဇော်ကြီးတို့တွေကို မေးဖို့နေနေသာသာ သူတို့က ဟေ့ကောင် ငကြောက်လို့ ပြောတာနဲ့တင် စကားဆက်မပြောချင်တော့ဘူး။ ကိုယ်က ငါးဟင်းမှ မကြိုက်တာ။ ထမင်းထုတ်က ငါးဟင်းပဲဆိုရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီး သပိတ်တပ်ကို မပါချင်ဘူးလေ။ ကျောင်းတွေပိတ်ထားတာ အစပိုင်းတော့ ပျော်မိတယ်။ ကြာလာတော့လည်း ပျင်းလာပြန်ရော။


နေ့ခင်းနေ့လည် သပိတ်တပ်ကြီးချီလာပြီဆို အိမ်တံခါးတွေ အားလုံးကိုပိတ် လိုက်ကာတွေချပြီး အိမ်ထဲမှာပဲ ငြိမ်နေကြရတယ်။ အပြင်ဖက်ကနေ အထဲမှာလူရှိတာ သိတယ်နော် မကြောက်နဲ့ ထွက်လာခဲ့ဘာညာတို့ အော်ပေမယ့် အိမ်ထဲက အသံမပြုကြပါဘူး။ အပြင်ကလည်း ဝင်မလာကြဘူး။ အိမ်ထဲက လူတွေပါ သပိတ်တပ်ထဲ ပေါင်းသွားရင် ထမင်းထုတ်ဘယ်သူပို့မလဲ စဉ်းစားမိသေးတယ်။ အတွေးက အဲ့လိုတိမ်ခဲ့ဖူးတာပါ။


အချိန်ကြာလာတာနဲ့ သပိတ်တပ်ကြီး အင်အားက တောင့်စပြုလာပြီ။ ဘောလုံးကွင်းလည်း ပြည့်လုနီးပါးဖြစ်နေပြီ။ ကိုယ့်ရပ်ရွာမှာပဲ နေ့ပတ်လိုက် ညပတ်လိုက်က ပျင်းရိလာဟန်တူရဲ့။ စက်ရုံနားက မြို့ကိုချီတက်မယ်လို့ ကြားမိတယ်။ ချောက်ရေနံမြေသပိတ်လိုများလားလို့ သင်ထားတဲ့ သမိုင်းအတွေးကို ပုံရိပ်ဖော်ချင်မိခဲ့။


အဲ့ဒီနေ့ကတော့ အိမ်ထဲမှာ အောင်းနေရတာပျင်းတာနဲ့ ခြံထဲက ခြံစည်းရိုးတွေကို ပိတ်စွယ်တွေနဲ့ ချည်တမ်း ကစားနေမိတယ်။ အဖေ့အလုပ်ထဲက တယောက်က ညီအစ်ကိုနှစ်ယောက်စလုံး မလိုက်ရဘူးနော်လို့ သတိလာပေးတယ်။ စပ်စပ်စုစုပါနေကြမို့ ပါသွားမှာစိုးရိမ်ပုံပဲ။ ငါးဟင်းမကြိုက်လို့ ကိုယ်ကလည်း မလိုက်သေးဘူး။


ညနေလေးနာရီလောက်မှာတော့ ဖောင်းဒိုင်းဖောင်းဒိုင်းဆိုတဲ့ အသံတွေကြားရပြီ။ မြို့ထဲက စစ်တပ်က ပစ်ခတ်သံတွေတဲ့။ ဟင့်အင်းလူတွေကို မပစ်လောက်ပါဘူးလို့ ကိုယ်ကယုံကြည်ခဲ့တယ်။ သူတို့ ဒီအတိုင်းပဲ ကြွေးကြော်နေတာမဟုတ်လား။ လူတွေကြောက်အောင် မိုးပေါ်ထောင်ပစ်တာလို့။


ခဏနေတော့ အန်တီအေးမြိုင်တို့ အိမ်မှာ ငိုသံတွေကြားရတယ်။ ကိုသန်းထွေးဆုံးလို့တဲ့။ ဟော ဘယ့်နှယ် ဒီဗရုတ်ဗရက်ကာလမှာမှလို့ ကိုယ်ကတွေးလိုက်သေးတယ်။ ဒါပေမယ့် ညကတင်အစ်ကို့ကို ဂစ်တာတီးသင်ပေးနေသေးတာ ဘယ်လိုလုပ်ဆုံးပါ့မလဲပေါ့။ အလောင်းကို သပိတ်တပ်က သိမ်းထားတယ် ဆိုတော့မှ သူ ပါသွားတာကိုသိတယ်။ ဟင် ဒါဆို သူတို့က လူတွေကို ပစ်တာပေါ့။ လူလူချင်း ပစ်ရလောက်အောင် ဘာတွေများ…..


ဒီနောက်မှာတော့ သွေးတွေ သွေးတွေ တတိုင်းပြည်လုံးအနှံ့မှာ ပြန့်ကျဲပေပွနေတဲ့သွေးတွေနဲ့အတူ ကြောက်စရာကောင်းတဲ့ အိပ်မက်ရှည်ကို ကိုယ်တို့တွေ ဖြတ်ကျော်ခဲ့ကြရတယ်။


အဲ့ဒီကာလ မတိုင်ခင်အထိရော၊ သပိတ်ပြီးလို့ ကာလအတော်ကြာသည်အထိရော သပိတ်မှောက်ရခြင်း ဆိုတဲ့ အချက်အလက်တွေက ကိုယ်နဲ့ အလှမ်းကွာခဲ့ပါတယ်။ သပိတ်ကြီး မပြီးခင်အထိ ကျောင်းတွေ ပိတ်ထားခဲ့သလို၊ သပိတ်ကြီးပြီးသွားပြီး နောက်ပိုင်း အတော်ကြာသည်အထိလည်း ပိတ်ထားခဲ့တယ်။ တက္ကသိုလ်ဝင်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့ စောင့်ခဲ့ရတဲ့နှစ်တွေကိုရော။ ကိုယ်တို့တွေရဲ့ နစ်နာမှုဆိုတာကို အခုနောက်ပိုင်းမှ ကိုယ်ပြန်တွေးမိတာ။ ကျောင်းတနှစ်နောက်ကျတဲ့ ကျောင်းသားတယောက်ရဲ့ ဘဝတက်လမ်းဆိုတာကိုပါ။ တချို့ဘာသာရပ်တွေက အသက်ကန့်သတ်ထားတဲ့အခါမျိုးပေါ့။ အချိန်ဆိုတာရယ် နုနယ်ပျိုမျစ်မှုရယ်က အဲ့ဒီမှာ စတေးလိုက်ခဲ့ရပြီ။


စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ စကားလုံးရဲ့နောက်က ဆုံးရှုံးနစ်နာမှုက အတိုင်းထက်အလွန်ပါပဲ။ အခွင့်အလမ်းဆိုတာတွေ၊ နောက်ဆုံးပေါ် နည်းပညာဆိုတာတွေ ကိုယ်တို့တိုင်းပြည်နဲ့ဝေးသည်ထက်ဝေးကွာ။ အဲ့ဒီအခွင့်အလမ်းတွေ၊ နည်းပညာတွေနောက်ကို လိုက်မိတဲ့ လူငယ်တွေဟာလည်း တိုင်းပြည်နဲ့ ဝေးသည်ထက်ဝေးကွာ။ လူတိုင်းလူတိုင်းရဲ့ နစ်နာမှု အတိုင်းအဆပမာဏတော့ တွေးတောင်မကြည့်ဝံ့စရာပါ။


အဲ့ဒီဖြစ်ရပ်တွေကနေ ကိုယ်တို့တွေရဲ့ စိတ်ထဲမှာလည်း လူလူချင်းရွံကြောက်ကြီးတွေ ဖြစ်တတ်အောင် သင်ပေးခဲ့ပြီ။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ ကမ္ဘာ့ကပ်ကြီးနဲ့လည်း မိတ်ဆက်ပေးခဲ့ပြီပေါ့။ ဟိုတယ်ရဝမ်ဒါလို၊ ဘလက်ဒိုင်းမွန်းလို၊ သည်ပိရာ့နစ်လို ကားမျိုးကို ကြည့်ရတဲ့အခါ ကိုယ့်စိတ်ထဲက အတိတ်ရုပ်ရှင်ကိုပါ လာလာထင်ဟပ်စေတယ်။


အခုလည်း သည်လေဒီဆိုတဲ့ကားကို မျက်စိက ကြည့်တာဖြစ်ပေမယ့် စိတ်ကတော့ အိပ်မက်တခုကို သွားမြင်မက်တယ်။


အိပ်မက်ဆိုတာမျိုးက ဒီအိပ်မက် မက်ပါစေတော့လို့ ဖန်တီးယူလို့ မရသလို၊ ဒီအိပ်မက် မမက်ပါနဲ့လို့လည်း မတားမြစ်သာပါဘူး။ ဒါပေမယ့် အခုလို ခြောက်လှန့်အိပ်မက် အသစ်အသစ်တွေ မဖြစ်ထွန်းပါစေနဲ့လို့တော့ စိတ်ထဲက ရည်မိတယ်….

LinkWithin

Related Posts Plugin for WordPress, Blogger...